ရှင်ဘုရင်ရဲ့လျှို့ဝှက်ချက်လေး

zaylayJune 12, 20101min590

ရှင်ဘုရင်ရဲ့လျှို့ဝှက်ချက်
>
>
> တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။
>
> နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
> “အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”
>
> “မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”
>
> “ဘာကျေးဇူးများလဲ”
>
> “မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ”
>
> “အင်း…နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တဝါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစာ္ဆန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး”
>
> “ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်”
>
> နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။
>
> ပိုးဖလံတစ်ကောင်က “တော်… ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား” လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က “စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား”
>
> “ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နို်င်တော့ဘူးလား”
>
> “အစားပဲရှိပြီ အလှုပ်မရှိလို့ ဝနေတာပေါ့။ ဝိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား”
>
> ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။
>
> ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။
>
> “ဘေးဖယ် ရှင်မရေ..”
>
> “ဒီလောက်ညဉ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား”
>
> “ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့”
>
> “အော်… ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ”
>
> “ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ”
>
> “မဖယ်နိုင်ဘူး ရှင်ရေ… အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား”
>
> အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ “တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ” ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။
>
> အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက “ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး” ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။
>
> ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ “ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်” ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။
>
> “ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ”
> “လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ”
> “ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်”
> “ရော်… ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း”
>
> “ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား…? မချစ်ဘူးလားလို့ စမ်းကြည့်တာ”
>
> “ဟား…ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမာ္ဘပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တဝါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တဝါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တဝါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့”
>
> ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး “ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဉာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဉာဏ်လောက် တောင် မရှိပါလား” လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။
>
> မိဖုရားကိုတွေ့တော့ ဘုရင်က”နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်”
>
> “ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ”
>
> “စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်”
>
> ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ဝမ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။
>
> “လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ”
> “ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး”
> ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။
>
>
> “နှစ်သက်တယ်”ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
> “ချစ်တယ်”ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။
>
> အချစ်တွေ အများကြီးရလိုက်လို့ ဘဝဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
> အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘဝဟာ ပိုတန်ဖိုးရှိသွားတာ။
>
> လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?
>
> စကြဝဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?
>
> လူ့ဘဝထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
> လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
> သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
> စကားလေး တစ်ခွန်းပါပဲ ….
> “တန်ဖိုးထား မြတ်နိုးပါ”
>
> တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
> “ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး” တဲ့…..
>
> နိုင်းနိုင်းစနေ
>
>
>
>
>
> —
>


I wish you to be happy throughout your life. Take care and you can
tell me your problems frankly.


ချစ်တဲ့သူငယ်ချင်းအားလုုံးအတွက်,Zay Lay