ကျွန်တော့်ရဲ့ တက္ကသိုလ် ကျောင်းသားဘဝ

ကျွန်တော် ၁ဝတန်းအောင်ပြီးလို့ တက္ကသိုလ် စတက်တဲ့အခါ အခက်အခဲတွေ ဆုံးရှုံးမှုတွေက အများကြီးပါပဲဗျာ ကျွန်တော်တက်ရတဲ့ တက္ကသိုလ်က အစိုးရနည်းပညာကောလိပ်တဲ့ဗျ ကျောင်းတွေကို မြို့ပြင်ထုတ်လိုက်တဲ့ စနစ်အရ မြို့ရဲ့တောင်ဘက်အစွန်အဖျားနားက ဆင်ခြေဖုန်းရပ်ကွက်လေးတစ်ခုမှာ နေတဲ့ ကျွန်တော်ဟာ မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ အိုးဘိုဆိုတဲ့ ရွာကလေးအတွင်းတည်ရှိတဲ့ ကျွန်တော့်ရဲ့ကျောင်းကို နေ့စဉ်အသွားအပြန်လုပ်ရတာကိုက သိပ်တော့ မလွယ်လှပါဘူး မနက်ခင်း ၆နာရီလောက်ထ ဖြီးလိမ်းပြင်ဆင်ပြီး ၆နာရီခွဲလောက်မှာ ထမင်းချိုင့်လေးကို လက်မှာဆွဲကာ နုံချာချာစက်ဘီးစုတ်လေးတစ်စီးနဲ့ ကျောင်းကိုသွားတဲ့ဖယ်ရီကားဂိတ်ရှိရာကို ခပ်သုတ်သုတ် ခရီးနှင်ရပါတော့တယ် ကျွန်တော့်ရဲ့ ထမင်းချိုင့်လေးအတွက် ကျွန်တော့်အမေခင်ဗျာမှာတော့ နေ့စဉ် ၅ နာရီလောက်ထပြီး ချက်ပြုတ်ပေးရရှာတာပေါ့ဗျာ

ရ နာရီ ၁၅ မိနစ်လောက် ဖယ်ရီကားဂိတ်ကိုရောက်တဲ့အခါမှာတော့ ခပ်စုတ်စုတ် ချက်ပလက်ကားကြီးတွေရဲ့ နောက်မှီးစွန်းမှာ ခြေတစ်ချောင်းချစာနေရာလေးတစ်ကွက်၊ လက်တစ်ဆွဲစာ သံတိုင်တစ်နေရာလေးက ကျွန်တော့်ကို ကျောင်းအရောက် ပို့ဆောင်ပေးတဲ့နေရာလေးပေါ့ ဖွတ်ချက်ဖွတ်ချက်ကားကြီးတွေရဲ့ သံတိုင်လေးတွေမှာ နာရီဝက်ကျော်ကျော်လောက် နေ့စဉ်အသွားအပြန် ဟန်ချက်ထိန်းခဲ့ရလေတော့ နဂိုက သေးသေးကွေးကွေး လက်မောင်းနဲ့ လက်ဖျန်လေးတွေဟာ တဖြည်းဖြည်းလူစဉ်မှီလာခဲ့ပါတယ် ယိုင်နဲ့နဲ့ ခြေသလုံးလေးတွေက တစ်နေရာတည်းမှာ တည်ငြိမ်စွာကျောက်ချနိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ် အဲဒီလိုမဖြစ်ပဲ နေမလားဗျာ တက်ခဲ့ရတာက ၅ နှစ်တောင် ကြာညောင်းခဲ့တာကိုးဗျ ညနေခင်း အိမ်ပြန်ရောက်ချိန် ၅ နာရီ ၁၅ မိနစ်လောက်ဆို လွယ်အိတ်လေး ပစ်ချပြီး မလှုပ်နိုင်မရှားနိုင်နဲ့ အမောဖြေရပါသေးတယ်

ကျောင်းက မနက် ၈နာရီမှာ စတက်ရပါတယ် ကျောင်းဆင်းချိန်ကတော့ ညနေ ၄ နာရီမှပါတကယ်ပါပဲဗျာ တက္ကသိုလ်တက်ရတယ်ဆိုပေမယ့် တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ လွတ်လပ်ခြင်း အရသာကို တစ်စက်လေးတောင် မခံစားခဲ့ရပါဘူး အုတ်တံတိုင်း မခတ်ထားပေမယ့် ကျောင်းဝန်းထဲကနေ ထွက်လို့ရတဲ့ အပေါက်နေရာတွေမှာ ဆရာတွေကို အချိန်ပြည့် အလှည့်ကျ ကင်းစောင့်စေပါတယ် အဲဒီတော့ ကျွန်တော်တို့မှာ ကျောင်းဝန်းထဲ ဝင်လိုက်ပြီဆိုရင်ပဲ ပြန်ထွက်ခွင့် မရှိတော့တဲ့ အဖြစ်မျိုးပေါ့ ဆရာတွေ ဆရာမတွေက စာကို ကောင်းကောင်းသင်ပေးနိုင်ကြသလား ဆိုတော့ အများစုက ကိုယ်သင်ရတဲ့ ဘာသာရပ်လေးမှာတောင် ကျွမ်းကျင်ပိုင်နိုင်ထားခြင်း မရှိကြပါဘူး လက်တွေ့တွေ လုပ်ရသလားဆိုတော့ ကျောင်းတက်ခဲ့ရတဲ့ ၅နှစ်တာ စလုံးမှာ တစ်ခါမှတောင် ဟုတ်တိပတ်တိ လက်တွေ့မလုပ်ဖူးခဲ့ပါဘူး ကျွန်တော်တို့ရဲ့ Lab ချိန်တွေဟာ Lab ဆရာရေးပေးတဲ့ စာတွေကို လိုက်ကူးနေရတဲ့ အချိန်တွေပေါ့ ကျွန်တော်တို့ ဌာနမှာ ရှိတဲ့ ကွန်ပျူတာတွေဆိုရင်လဲ တစ်ကြိမ်မှတောင် ထိတွေ့ကိုင်တွယ်ခွင့်မရှိခဲ့တဲ့အတွက် ဆရာတွေ အပျင်းပြေ ဂိမ်းဆော့ဖို့ ထားပေးထားသလိုပါပဲ အဲဒီအချိန်က ကျောင်းက ကွန်ပျူတာတွေမှာ Internet လိုင်း မရသေးပါဘူး အဲဒါကြောင့် သူတို့တွေခင်ဗျာ ဂိမ်းလေးတွေ ဆော့ရင်းပဲ အပျင်းဖြေနေကြရရှာတာပါ ခုတော့ Internet လိုင်း ရသွားပြီလား မသိပါဘူး ဆရာတွေရဲ့ သင်ကြားပြသပေးမှုတွေက ထိရောက်ခြင်းမရှိလေတော့ ကျွန်တော်တို့ GTC ကျောင်းသားတွေဟာ သင်ရိုးစာအုပ်တွေရဲ့ Solution ရှိအောင်ပဲ ကြိုးစားကြရပါတယ် စာမေးပွဲနားနီးပြီဆို အဲဒီ Solution တွေကို ကြည့်ပြီးတော့ပဲ ကိုယ့်ဖာသာ နားလည်အောင် ကြိုးစားကြရပါတယ် တကယ့်ကိုယ်ထူကိုယ်ထ စနစ်နဲ့ပေါ့ဗျာ စာမေးပွဲမှာတော့ ကျွန်တော်တို့ ကျောင်းတွေက ခိုးချလို့ လုံးဝမရဘူးဗျ တစ်ဦးနဲ့ တစ်ဦးလဲ မေးလို့မရဘူး အဲဒါတစ်ခုတော့ တကယ်ကောင်းပါတယ်

အဲဒီလို ကျွန်တော်တို့ GTC ကျောင်းသားတွေဟာ State ကျောင်းသားလေးများသဖွယ် ထိန်းကျောင်းခံခဲ့ရပေမယ့် ကျောင်းစာပိုင်းမှာတော့ ကိုယ်ထူကိုယ်ထ ပုံစံနဲ့ ကြိုးစားခဲ့ရပါတယ် လက်တွေ့ပိုင်းမှာတော့ ဘာမှ ထိထိရောက်ရောက် နားမလည်ခဲ့ဘူးပေါ့ဗျာ တစ်ခုကောင်းတဲ့ အကျင့်လေးရရှိခဲ့တာကတော့ မြင်ရုံနဲ့ နားလည်နိုင်တဲ့အကျင့် အဖြေကို တွေ့တာနဲ့ ဘယ်လို တွက်ချက်လိုက်တယ်ဆိုတာကို ရှာဖွေနိုင်တဲ့ အကျင့်လေးတွေကိုတော့ ကျွန်တော်တို့ GTC ကျောင်းသားတွေ ရရှိခဲ့ကြပါတယ်

ဟုတ်ကဲ့ နောက်များမှ ဆက်ပါဦးမယ် မြန်မာနိုင်ငံရဲ့ အင်ဂျင်နီယာတွေ မွေးထုတ်ရာ တက္ကသိုလ်ကြီးရဲ့ အကြောင်းကို နိုင်ငံခြားရောက်နေသူများကို သိရှိသွားနိုင်စေဖို့ ကျွန်တော့်ဘဝပုံရိပ်လေးတွေနဲ့ ယှဉ်တွဲပြီး ရေးသားသွားပါဦးမယ်
အားလုံးကို လေးစားလျက်
အရှုံးတွေနဲ့ ကျွန်တော်

9 comments

  • ကိုရင်မောင်

    April 15, 2012 at 9:11 pm

    စောင့်မျှော်အားပေးနေပါတယ်
    ကိုရှုံးရေ…

    • အိုဘယ့် ကိုရင်ကောင်ရေ..
      ခဗျားဂျီး ကျုပ်ကိုလဲ အဲ့ဂလို ခေါ်သလားလို့
      ပြောင်းခေါ်ပါ.. ဂျူနီယာရှူံးဖြစ်ဖြစ် တစ်ခုခုပေါ့

      😛

      • သမိန်ဂီ့

        April 16, 2012 at 6:44 am

        ကျုပ်လည်း ဖတ်နေလိုက်တာ…
        အာ်ရီဂျင်ဒယ် ကိုရင်ရှုံးမှတ်လို့…

        ခုမှ သိတယ်ဗျို့ …..

        ဘာပဲဖြစ်ဖြစ် အားပေးသွားဘာသည်…
        ကိုရှုံး ထူးပွိုင့်ဇီးဒိုးရေ..

  • ကိုရင်မောင်

    April 16, 2012 at 9:12 am

    ဟာ မှားကုန်ပါပေါ့လား…
    ကျုပ်ကရှုံးနိမ့်မှုများနဲ့..လူ မှတ်လို့
    နံမည်ပြောင်းထားတယ်ထင်တာကို
    ရွာထဲမှာက နံမည်ပြောင်းလိုက် ပုံပြောင်းလိုက်တွေ
    ခဏခဏလုပ်နေကြတော့ မှားကုန်တာပေါ့..
    သဂျီကို တိုင်ဗျာ( ရှုံးနိမ့်မှုများနဲ့ လူ)…(အရှုံးတွေနဲ့ကျွန်တော်) ဆိုတော့
    ခင်ဗျားရဲ့မူပိုင်နံမည်ကိုထင်ယောင်ထင်မှားလုပ်နေတာ…ဟီး…ဆိတ်မဆိုးနဲ့နောက်တာ
    (ဒုတိယ ကိုလူရှုံး)လို့ပြောင်းခေါ်လိုက်ပါ့မယ်…
    ကိုလူရှုံးသမဂ္ဂဖွဲ့လို့ရသွားပြီနော့…..

      • ဆူး

        April 16, 2012 at 9:32 am

        မနေ့က တွေ့လိုက်တယ်။ နာမည် က ဆင်နေပေမဲ့ အရုပ်က မတူဘူး။ နာမည် အနေအထား မတူဘူး ပိုစ် အရေ အတွက် မတူဘူးဆိုတော့ သေချာတယ် မဟုတ်ဘူးမှန်း သိလို့.. တိတ်နေတာ.. ကိုစိုင်းရေ ပြောင်းတော့ကွယ်.. မဖြစ်မနေ ပြောင်းသင့်နေပြီ။ ပုံလဲ နည်းနည်း လှတ ပါ့တ လဲ လိုက်တော့။

  • အရှုံးတွေနဲ့ ကျွန်တော်

    April 16, 2012 at 4:18 pm

    ဟုတ်ကဲ့ ကျွန်တော့်အနေနဲ့ ကို ရှုံးနိမ့်မှုများနဲ့လူရဲ့ နာမည်နဲ့ တမင်တကာ ဆင်တဲ့နာမည်မျိုးကို ယူခဲ့တာမဟုတ်ပါဘူး ကျွန်တော့်ရဲ့ ဘဝမှာလဲ ရှုံးနိမ့်ခဲ့ရမှုတွေ များခဲ့တာကြောင့် ဒီနာမည်လေးကို ပေးဖြစ်ခဲ့တာပါ ကျွန်တော့်ရဲ့ ပထမဆုံးပို့စ်မှာလဲ ကိုယ့်ကိုကိုယ် သေသေချာချာ မိတ်ဆက်ခဲ့ပါတယ် ကျွန်တော် မန်းဂေးဇက်ရဲ့ အသင်းဝင်တစ်ယောက်မဖြစ်ခင်က ကို ရှုံးနိမ့်မှုများနဲ့လူ ရဲ့ ပို့စ်တွေကို ဖတ်ခဲ့ဖူးပါတယ် အရေးအသားနဲ့ စိတ်နေစိတ်ထားကို လေးစားခဲ့ပါတယ် အများက ကျွန်တော့်ကို ဒီနာမည်နဲ့ ရှိမနေစေချင်ဘူးဆိုရင်တော့ ကျွန်တော် နာမည်ပြောင်းလိုက်ပါမယ် ဝမ်းနည်းစွာနဲ့ပေါ့ ဖြစ်နိုင်မယ်ဆိုရင်တော့ မပြောင်းချင်ဘူးဗျာ ကျွန်တော်ဒီနာမည်လေးကို နှစ်သက်လို့ပါ အဲဒါကြောင့် ကျွန်တော့်ကို comment လေးတွေ ပေးပေးကြပါဦး ကျွန်တော်နာမည် ပြောင်းသင့်မပြောင်းသင့်ပေါ့
    အားလုံးကို လေးစားလျက်
    အရှုံးတွေနဲ့ ကျွန်တော်

  • ကိုရင်မောင်

    April 16, 2012 at 5:19 pm

    အင်မတန်နှစ်သက်တဲ့နံမည်ဆိုတော့လဲမပြောင်းပါနဲ့ဗျာ
    နောက်တော့လဲခွဲခြားတတ်သွားမှာပါ..
    အရှုံးလေးရေ…..
    ရှုံးနိမ့်တယ်ဆိုတာအောင်မြင်ခြင်းရဲ့လမ်းစဘဲမဟုတ်လား
    စာတွေဆက်ရေးပါစောင့်မျှော်အားပေးနေပါတယ်….

  • FattyCat

    April 16, 2012 at 6:04 pm

    ကျုပ်က ဘွဲ့ယူဖို့ Form သွားတင်ရတော့ အဝေးရောက်နဲ့ယူမယ်လို့ ဖြည့်တယ်…
    ဆရာမတွေကလဲ သိနေတော့ ယူနိုင်တဲ့အခြေအနေနဲ့ အခွင့်အရေးရှိနေသားနဲ့ ဘာလို့မယူတာလဲလို့မေးတယ်…
    ကျုပ်တစ်ခွန်းပဲပြန်ဖြေခဲ့တယ်… ကျောင်းသားဘဝတစ်လျှောက်လုံး မြို့ပြင်မှာထုတ်ထားပြီး ဘွဲ့ပေးတော့မှ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ နှစ်သိမ့်သလိုလိုနဲ့ ခေါ်ပြီး ပေးတဲ့ဘွဲ့ကို မယူဘူးဆိုပြီး နေလာလိုက်တာ…
    အခွင့်အရေး (၃)ခါလုံး အိမ်ကနေပဲစောင့်ယူခဲ့ကြောင်း…
    ကျုပ်တို့နောက်ထပ်မျိုးဆက်သစ်တွေ တက္ကသိုလ်ကို ချစ်တတ်သော၊ လွမ်းတတ်သော၊ တက္ကသိုလ်ရဲ့အရသာအမှန်ကို သိတတ်သော သူများဖြစ်ပါစေလို့ နှစ်သစ်မှာဆုတောင်းတယ်ဗျာ…

Leave a Reply