မန္တလေး သင်္ကြန် နှင့် လမ်းစည်းကမ်း၊ အမှိုက် စည်းကမ်း

pyiminluApril 15, 20122min1057

ဒီနှစ် မန္တလေးသင်္ကြန်မှာ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးကို အထူးဂရုပြု လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ လမ်းများကို တစ်လမ်းမောင်းအဖြစ်သတ်မှတ်၊ ယာဉ်ထိန်းရဲ အင်အားကို လမ်းဆုံ၊ လမ်းခွများမှာ တာဝန်ချထား၊ လမ်းပိတ်ဆို့မှု ကြာမြင့်စေတဲ့ ကားကို ကရိန်းနဲ့ မရွှေ့ စတဲ့ လုပ်ဆောင်ချက်တွေကတော့ ကျွန်တော့် အမြင်အရ ကောင်းတဲ့ ပြောင်းလဲခြင်းများပါ။

ဒါပေမယ့် ရေကစားမဏ္ဍပ် အများဆုံးရှိတဲ့ ၂၆ လမ်းမှာတော့ ယာဉ်ကြောပိတ်ဆို့မှုကတော့ ရှိဆဲပါ။ ၂၆ လမ်းတခုလုံးကို တစ်လမ်းမောင်းလုပ်ထားလို့ လမ်းလယ်ကျွန်းရဲ့ တဖက်စီမှာ ယာဉ်သွားလမ်း ၂ခုစီနဲ့ စုစုပေါင်း ၄ခု ရှိတာတောင် ကား၊ဆိုင်ကယ်၊လူ များနဲ့ ပြည့်နေပါတယ်။ ဒီလို ယာဉ်ကြောပိတ်မှုရဲ့ အဓိက အချက်ကတော့ ကား၊ ဆိုင်ကယ်များကို မဏ္ဍပ်များရှေ့မှာ ကျောက်ချ ရပ်ထားပြီး စင်ပေါ်မှ ဖျော်ဖြေရေးများကို ကြည့်ရှုခြင်း၊ မဏ္ဍပ်ရှေ့ ကနေတဲ့ လူများက ယာဉ်အသွားအလာကို ပိတ်ဆို့စေခြင်း၊ မဏ္ဍပ်မှ တာဝန်ရှိသူများရဲ့ ယာဉ်ကြော ပိတ်ဆို့မှု နည်းစေရေးအတွက် တာဝန်ယူမှု အားနည်းခြင်း စတဲ့ အချက်များကြောင့်လို့ ထင်ပါတယ်။

တီဗွီကနေ ကြည့်ရတဲ့ နေပြည်တော်သင်္ကြန်၊ ရန်ကုန် မြို့တော်ဝန် သင်္ကြန်များမှာ ဖျော်ဖြေရေးကို အားပေးလိုသူတွေ၊ ကခုန်ချင်သူတွေအတွက် နေရာကို သတ်သတ်မှတ်မှတ် လုပ်ပေးထားပြီး မဏ္ဍပ်နဲ့ အနီးဆုံး ယာဉ်သွားလမ်းကို ပိတ်ဆို့မှု မရှိအောင် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်တာကို တွေ့ရပါတယ်။ မန္တလေးမှ မဏ္ဍပ်များမှာတော့ ဒီလိုမျိုးလုပ်မပေးတဲ့ အားနည်းချက်များကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်၊ နေပြည်တော် မြို့များကဲ့သို့ မန္တလေးမှာ မဏ္ဍပ်ဘက်ခြမ်းက ယာဉ်သွားလမ်း ၂ခုကို ရေပက်ခံ ကားများကို မရပ်တန့်စေဘဲ တောက်လျှောက်မောင်းခိုင်းလျှင်ဖြင့် ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းတဲ့ ရေပက်ခံအတွေ့ အကြုံကို ရမယ်လို့ ယုံကြည်ပါတယ်။

နောက်တစ်ချက်ကတော့ မဏ္ဍပ်များရဲ့ အမှိုက်၊ စက်ဆီ များ စနစ်တကျ စွန့်ပစ်မှုများပါ။ မဏ္ဍပ်များကို ယာယီသုံး အိမ်သာများ ထားရှိဖို့ ညွှန်ကြားတယ်လို့ သတင်းတစ်ခုမှာ ဖတ်မှတ်ခဲ့ရပါတယ်။  ဖြစ်သင့်တဲ့ ညွှန်ကြားမှုပါ။ ဒါပေမယ့် စက်ဆီတွေ ကျုံးရေထဲ ဖိတ်စင်မှု မရှိစေရေးနဲ့ အမှိုက်များကို ကျုံးထဲ မကျစေရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုများ ပြုလုပ်ရန် ညွှန်ကြားမှု ရှိမရှိကိုတော့ မသိပါ။ မရှိခဲ့လျှင် နောင်နှစ်များမှာ ဒီအချက်ကို ထည့်သွင်း ညွှန်ကြားသင့်တယ်လို့ထင်ပါတယ်။ နှစ်သစ်ကူးမှာ အများပျော်ဖို့အတွက် လုပ်ရာက မန္တလေး တစ်မြို့လုံးသုံးတဲ့ ကျုံးရေကို ညစ်နွမ်းသွားစေမယ် ဆိုရင်ဖြင့် ဒါဟာ နောင်နှစ်များအတွက် စည်းကမ်းတကျ စွန့်ပစ်ရေးဟာ လုပ်ကို လုပ်ရမယ့် အချက်တစ်ခု ဖြစ်ပါကြောင်း သတိမူမိစေရန် ရေးလိုက်ရပါသည်။

 

ခင်မင်မှုဖြင့်

pml

မဏ္ဍပ်များ၏ နောက်မှ ထွက်လာသော အမှိုက်များ ရေပေါ်တွင် တွေ့ရပုံ
ရေပေါ်တွင် တွေ့ရသော စက်ဆီများ
စက်ဆီများအောက်မှ ရေပေါ် အသက်တက်ရှူပြီး ပြန်ငုပ်သွားသော ငါးရံ့ကြီး

(ကျုံးဘေး လမ်းလျှောက်တာ ကြာပါပြီ။ ကျုံးထဲမှာ ဒီလောက်ကြီးတဲ့ ငါးရံ့ကို အခုမှ မြင်တွေ့ရတာပါ။)

ကျုံးထဲ ပြစ်ထားသော အချိုရည်ဘူး
ပြစ်ထားသော အရက်ပုလင်း

7 comments

  • Kaung Thant

    April 16, 2012 at 2:28 pm

    ဟုတ်ပါတယ် ကျုံးထဲကိုအ ပြစ်တာက နှစ်တိုင်းပြသနာတစ်ခုလိုဖြစ်နေပါတယ်။ အာဏာပိုင်တွေနောက်နှစ်ခါတွေမှာသတိထားသင့်ပါတယ်။

  • ဦးဦးပါလေရာ

    April 16, 2012 at 11:09 pm

    မန္တလေးသားတွေကို ပြောချင်တာက အမှိုက်ပစ်တဲ့ စည်းကမ်းမဲ့တဲ့နေရာမှာ ရန်ကုန်သားတွေနဲ့ ပြိုင်ဘို့ မကြိုးစားကြပါနဲ့…. 🙁

    ရန်ကုန်မှာ မဏ္ဍပ် အဝင်အထွက်နေရာတွေသာမက ရေပက်ခံကားသွားတဲ့လမ်းတလျှောက် အမှိုက်မျိုးစုံ ဖွေးဖွေးလှုပ်ကျန်ခဲ့တာ..။

    တီဗွီမှာ ကောင်းတဲ့နေရာလေးတွေ ရွေးပြတာ မယုံပါနဲ့။ ရေပက်လို့အရှိန်ရတာနဲ့ မဏ္ဍပ်တဝိုက်ကလမ်းတွေ အကုန်ပိတ်ဆို့ကုန်တာ။ အဲဒီမှာ ဂငယ်ကွေ့လိုကွေ့ လမ်းပြောင်းပြန်မောင်းလိုမောင်းနဲ့ ဖြစ်ပျက်နေတာနော..။

    • pooch

      April 18, 2012 at 1:32 pm

      အတူတူပါပဲ ဦးပါ ကျုံးဘေး မဏ္ဍပ်ပတ်ပတ်လည်လည်မှာ အမှိုက်တွေဖွေးကျန်နေခဲ့တာပါ။ စည်ပင်တွေ သိမ်းမနိုင်ပါ။ မဏ္ဍပ်မရှိတဲ့ ကျုံး ဘက်မှာတော့ နည်းနည်းသက်သာပါတယ်။

      အဲ့ဒီ ရက်ပိုင်းကျုံးရေလည်း ထင်တာထက်ကို အတော် ညစ်ပတ်ပြီးကျန်ခဲ့တာပါ။ 🙁

  • Gipsy

    April 16, 2012 at 11:16 pm

    ဒါလဲ လက်တော့ခြင်းတမျုးိပဲလေ.။
    စံနစ်တကျကို ပျက်စီးနေကြတာ ( သဂျီးစတိုင်) …။

  • kai

    April 17, 2012 at 4:45 am

    တန်ဖိုးရှိတဲ့.. စီဂျေအမြင်ပါ..
    ဒီဓါတ်ပုံတွေက. .နောင်နှစ် အမှားတွေ ပြင်ဆင်ဖို့အတွက်.. အထောက်အထားနဲ့.. သမိုင်းကျန်ရစ်ပါစေ…

Leave a Reply