Morekha Art Gallery (သို့) ကျော်သူ၏ ခြေတစ်လှမ်း

guestktyJune 12, 20101min640

Morekha Art Gallery ဖွင့်ပွဲအခမ်းအနားကို ပုလဲကွန်ဒို၊ တိုက် (C)၊ Gr.07,09၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇွန်လ ၁၂ ရက်နေ့ နံနက် (၉းဝ၀) နာရီအချိန်တွင် ပန်းချီပညာရှင် (၅၅) ဦးတို့၏ ခံစားချက်လက်ရာများနှင့် ဖွင့်လှစ်ခဲ့ပါသည်။ ယင်းပြပွဲသို့ ပန်းချီအနုပညာရှင်များ၊ စာပေအနုပညာရှင်များ၊ ပြည်တွင်း ပြည်ပ ဝါသနာရှင်များ လာရောက် အားပေးခဲ့ကြသည်။ ယင်းအနုပညာ ပန်းချီပြပွဲသည် မတွေ့ဆုံခဲ့ပြီဖြစ်သော အနုပညာ မောင်နှမများ၊ အနုပညာ သွေးသောက်များ တွေ့ဆုံခွင့်ရသည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။

မကြာမီကမှ ပြင်ပလောကသို့ ရောက်ရှိလာသော ကဗျာဆရာ ကိုစောဝေနှင့် အနုပညာ လောကသို့ ခြေတစ်လှမ်း လှမ်းလိုက်သော ကျော်သူတို့ တွေ့ဆုံခွင့် ရရှိခဲ့သည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။

ယင်းပွဲတွင် “ အနုပညာကို စတေးပြီး ငြိမ်းချမ်းရေးကိုရအောင် လုပ်ယူရမည် ” … ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသည့် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ၏ ပန်းချီကား (၃) ကားကိုလည်း ပြသထားရှိပါသည်။ ၂၀၀ရ ခုနှစ်၊ စက်တင်ဘာလမှစပြီး အနုပညာလုပ်ငန်းများ ( ရုပ်ရှင်၊ စာပေ … ) စသဖြင့် ထုတ်ဖော်ပြသခွင့်ကို ပိတ်ပင်ထားခြင်း ခံခဲ့ရသော ကျော်သူ၏ ပရိတ်သတ်များအပေါ် ပန်းချီအနုပညာကို ချပြခွင့်ရရှိသော ထူးခြားသည့် ပွဲတစ်ပွဲလည်း ဖြစ်ပေသည်။ အနုပညာသမားတစ်ယောက်ကို အနုပညာလုပ်ငန်းများ ပိတ်ပင် တားဆီးထားမှုမှ ပထမဦးဆုံး ပြင်ပလောကမှ အနုပညာနယ်ပယ်ထဲသို့ ခြေလှမ်းတစ်လှမ်း လှမ်းခွင့် ရရှိမှုဖြစ်သည်။
ဒေါင်းမာန်ဟိန်း