“ဖူးစာရှင်ကိုရွေးတော့မည်”

khinmintatthuJune 12, 20101min1013

ဦးဆင်ပေါက်သည် ဆူဆူညံညံအသံများကြောင့် အိပ်ရာမှလန့်နိုးလာခဲ့ရသည်။ အသံချဲ့စက်နှင့်အော်နေသော အသံများဖြစ်၏။
“ဒီဓာတ်မှန်ကားတွေဟာ တော်တော်တရားလွန်တယ်” ဟုတ်မကျေမနပ် ရေရွတ်သည်။ ထို့နောက် သူတို့လို လူကုံထံတွေသာ အသုံးပြုနိုင်သော

မှို့စစ်စစ်ဖြင့်ပြုလုပ်ထားသည့် ခေါင်းအုံးကို နားရွက်ပေါ်မှာဖိလိုက်ပြီး ပြန်အိပ်ဖို့ကြိုးစားသည်။ သို့ရာတွင် အိပ်လို့မရတော့။ ထို့ကြောင့်အိပ်ရာမှထလိုက်ရပြီး

ရေချိုးခန်းသို့ဝင်ခဲ့သည်။
နယ်လှည့်ဓာတ်မှန်ကားများသည် သူတို့အရပ်ဒေသသို့ တစ်လနှစ်ခေါက်လောက်တော့ လာတတ်သည်။ ကြီးမားရှည်လျားသော မှန်လုံကားကြီးဖြစ်၏။

အစိမ်းရင့်ရောင်မှန်များ တပ်ဆင်ထားသည်။ ရောဂါရှာဖွေရေး ကိရိယာအပြည့်အစုံနှင့် ဓာတ်ခွဲခန်းလည်းပါဝင်သည်။ သူတို့ဆီမှာတော့ ဓာတ်မှန်ကားဟူ၍သာ

အလွယ်တကူခေါ်ကြသည်။
ဒီကားတွေဟာ ရောက်လာပြီဆိုလျှင် အသံချဲ့စက်ဖြင့် အော်ဟစ်ကြေညာတတ်သည်။ အမှန်အားဖြင့်တော့ သူတို့နေရာမှာ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်၏။ ဆူဆူညံညံမလုပ်ရ။

သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်ကို ထိခိုက်စေနိုင်သည့် ဒီဇယ်ကား၊ ဓာတ်ဆီကားတွေမဝင်ရ။ လောင်စာဆဲဓာတ်အိုး၊ နေရောင်ခြည်စွမ်းအင် စသည်တို့

အသုံးပြုသော ယာဉ်များသာ ဝင်ခွင့်ပြုသည်။ ဓာတ်မှန်ကားတွေကတော့ လျှပ်စစ်ကားဖြစ်တာက တစ်ကြောင်း၊ ကျန်းမာရေး အထောက်အကူဖြစ်စေသည်ကတစ်ကြောင်း

ဝင်ခွင့်ရနေခြင်းဖြစ်သည်။ ရှားရှားပါးပါး အသံချဲ့စက် အသုံးပြုခွင့်ရသောလုပ်ငန်းလည်းဖြစ်၏။
မျက်နှာသစ်နေစဉ်မှာလည်း သူတို့အသံကို ကြားနေရသည်။ အပြောတော့ တော်တော်ကောင်းတဲ့လူတွေဟု မှတ်ချက်ပြုလိုက်သည်။
“ဟုတ်ကဲ့ခင်ဗျ၊ အာရောဂျံ၊ ပရမံ၊ လာဘံ ဆိုတဲ့ ရှေးကဆိုရိုးစကားအတိုင်း ကျန်းမာရေးဟာ လာဘ်ကြီးတစ်ပါးပါပဲ။ လူဟာအပြင်ပန်းက

ကောင်းနေတယ်ထင်ရပေမယ့် ခန္ဓာကိုယ်အတွင်းမှာ အလစ်တိုက်ခိုက်ဖို့ ပုန်းအောင်းနေတဲ့ရောဂါတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူကြပါနဲ့။ စောစောသိရင် ကုသလို့ရပါတယ်။

ဒီအတွက် ကျွန်တော်တို့က နောက်ဆုံးပေါ် စက်သစ်ကြီးများနဲ့ စုံစမ်းဖော်ထုတ်ပေးပါမယ်။ ဆီး၊ ဝမ်း၊ သွေး၊ သလိပ် အဖြေကို စက္ကန့်ပိုင်းအတွင်း တိကျစွားသိနိုင်ပါတယ်။

ဒစ်ဂျစ်တယ် ဓာတ်မှန်များလည်း ရိုက်ကူးပေးနေပါတယ်။ ဟော…. ငြီးစီစီဖြစ်နေသလား၊ အီးစီဂျီဆွဲကြည့်လိုက်ပါ။ ကင်ဆာလို့ မသင်္ကာရင် စကင်နာလေး ရိုက်ကြည့်လိုက်ပေါ့

ခင်ဗျာ” ဟုကာရန်တွေ နဘေတွေနဲ့ ပြောနေသေးသည်။
ညတုန်းက “ဟိုကိစ္စ” ကိုစဉ်းစားရင်း တော်တော်နှင့် အိပ်မပျော်ခဲ့။ ခုလည်း မနက်အစောကြီးမှာ ဓာတ်မှန်ကားတွေကြောင့် လန့်နိုးလာခဲ့ရ၏။ အိပ်ရေးမဝသဖြင့်

လူကမလန်းဆန်း။ မျက်လုံးတွေတောင်ဝေချင်နေသည်။ သို့ရာတွင် စာပွဲပေါ်မှာ ပြင်ဆင်ထားသော နံနက်စာကို မြင်လိုက်ရသောအခါမှာတော့ ဗိုက်ထဲက ဆာလာသည်။
အုန်းသီးဖတ် နုနုလေးတွေဖြူးထားသော ကောက်ညှင်းငချိန်ပေါင်း၊ စားတော်ပဲပြုတ်ဆီဆမ်း။ မတ်ပဲဘယာကြော်၊ ငါးရံ့ခြောက်ဖုတ်၊ ကြားရိုးဟင်းခါး၊

ရွှေငှက်ပြောသီး၊ ဆိတ်နို့။ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာမှ ရနိုင်သော နံနက်စာမျိုးဖြစ်၏။ ဒါတောင် ကြာရိုးဟင်းလို ဟင်းခါးမျိုးက ကြိုတင်အော်ဒါမှာထားမှရမည်။ ခုချိန်မှာ

သူတို့လို ငွေကြေးအလွန်ကြွယ်ဝ ချမ်းသာသူတို့သာ ဒီလိုအစားအစာမျိုးကို သုံးဆောင်နိုင်သည်။
သနပ်ခါးပန်းနံ့ သင်းထားသော လက်ဖက်ရည်ကြမ်းတစ်ခွက်ငှဲ့သောက်လိုက်ပြီးသောအခါ ခေါင်းထဲက ကြည်လင်လန်းဆန်းလာသည်။
ငါးရံ့ခြောက်ဖုတ် တစ်ဖက်ကိုယူပြီးမြုံ့လိုက်သည်။ နှမ်းဦးဆီဆမ်းထားသဖြင့် မွှေးပြီးချိုမြနေသည်။ ဒီငါးရံ့ခြောက်မှာ နှယ်နှယ်ရရမဟုတ်။ အင်းထဲမှာ အလိုအလျောက်

ရှားရှားပါးပါး ပေါက်ဖွားနေသော ငါးရံ့ကို သဘာဝနေရောက်ခြည်ဖြင့် အခြောက်လှမ်းထားတာ။ သူတို့နှင့် စီးပွားဖက်ဖြစ်သော “ပျဉ်ပုံကြီး ထရေးဒင်းကုမ္ပဏီ”

မှအမြတ်တနိုးထားပြီး လက်ဆောင်ပေးခဲ့ခြင်းဖြစ်၏။
စားကောင်းသောက်ဖွယ်တွေကို အရသာခံ စားနေရင်းက သမီး အလတ်မကို သွားသတိရလိုက်မ၏။ ဒီကောင်မလေးက အစားကောင်းကြိုက်တတ်သည်။ သို့ရာတွင်

ခုချိန်လောက်ဆို မြို့ပေါ်ရှိမွန်းကြပ်နေသော တိုက်ခန်းကျဉ်းကလေးထဲမှာ ဂျနက်တစ်ပေါင်မုန့်၊ ဓာတုဗေဒထောပတ်နှင့် အသားတုတို့ကို ကြိတ်မှိတ်မျိုချနေရရှာပေလိမ့်မည်။
သိပ်မိုက်တဲ့ ကလေးမပဲဟု စိတ်မကောင်းစွာတွေးရင်း သက်ပြင်းတစ်ချက်ချမိသည်။

မြေနေရာတွေရှားပါးလာသည်။ မြေဈေးတွေက ခေါင်ခိုက်နေသည်။ အလွန်အမင်းချမ်းသာကြွယ်ဝသူတွေသာ ခြံနှင့်ဝန်းနှင့်နေနိုင်သည်။ အထူးသဖြင့်

ကျေးလက်ဒေသရှိရွာတွေမှာ နေခွင့်ရဖို့ဆိုတာ သာမန်လူများအတွက် အိပ်မက်တောင်မမက်နိုင်။
လူလတ်တန်းစားများ၊ ဝန်ထမ်းများ၊ အခြေခံလူတန်းစားများသည် မြို့ပေါ်ရှိ အထပ်ပေါင်းများစွာရှိသော တိုက်ခန်းများမှာ နေကြသည်။ လက်လုပ်လက်စား

ဆင်းရဲသားတွေကတော့ မြေအောက်ထပ်အခန်းများမှာနေကြရ၏။
မြေနေရာအခက်အခဲကြောင့် မြို့ပေါ်မှာ အဆောက်အအုံဆောက်လျှင် အနည်းဆုံးအထပ်ငါးဆယ်ရှိရသည်။ တိုက်ကြီးတွေက မိုးထိုးနေသဖြင့် လမ်းပေါ်မှာ

သွားလာနေသောသူတို့မှာ မွန်းတည့်ချိန်ဝန်းကျင်လောက်မှာသာ နေရောင်ကိုမြင်ရသည်။
လူတွေနေဖို့ သစ်ပင်တွေတောင် နေရာမရှိတော့။ လူတွေက ပြွတ်သိပ်ကျပ်ညပ်နေသည်။ အသက်ရှူထုတ်လိုက်သော ကာဘွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့တွေကို

စုပ်ယူပြီး အောက်စီဂျင်နှင့် ဖလှယ်ပေးမည့် သစ်ပင်တွေမရှိတော့။ လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုက်ဒ် ပါဝင်နှုန်း အလွန်မြင့်မားလာသည်။
ထို့ကြောင့် အောက်စီဂျင် ထုတ်လွှတ်ပေးသော စက်တွေကို နေရာအနှံ့အပြားမှာ တပ်ဆင်ထားရသည်။ ဒါတောင် လုံလောက်မှုမရှိ။ လူတို့သည် ထိုစက်တွေနားရောက်မှ

အသက်ဝအောင် အလုအယက်ရှူနေကြရသည်။ မြေအောက်ထပ်တွေမှာ နေကြရသော ဆင်းရဲသားတွေဆိုလျှင် အောက်စီဂျင်ချို့တဲ့သော ရောဂါကြောင့် အသားအရေ

ပြာနှမ်းနှမ်းဖြစ်နေကြရှာသည်။ တတ်နိုင်သူတွေကတော့ ကိုယ်ပိုင် အောက်စီဂျင်ဘူး ဆောင်ထားကြသည်။ အားလပ်ရက်တွေကျမှ မြို့ပြင်ထွက်ပြီး လေကို တဝကြီးရှူကြရ၏။
ငွေကြေး ကြွယ်ဝသူတွေကတော့ မြို့နှင့်ဝေးရာမှာ သွားနေကြသည်။ မြို့ကြီးနှင့်ဝေးလေ မြေဈေးက ကြီးလေပင်ဖြစ်၏။
ဦးဆင်ပေါက်တို့နေသောရွာသည် မြို့နှင့် ကီလိုမီတာငါးဆယ်လောက်ဝေးသည်။ ဒီနေရာမျိုးမှာ နေခွင့်ရဖို့မလွယ်။ ငွေရှိရုံနှင့်လည်း မရ။ ဂုဏ်သရေရှိ

လူကြီးလူကောင်းဖြစ်ဖို့လည်းလိုသေးသည်။
ဒီရွာမှာက အိမ်တိုင်းလိုလို ခြံနှင့်ဝန်းနှင့်ဖြစ်၏။ သစ်ပင်တွေက အုံ့အုံ့ဆိုင်းဆိုင်း၊ ကြည်လင်သော ကောင်းကင်ပြာကို မြင်နိုင်သည်။ နေရောင်ခြည်ကို ကောင်းစွာရသည်။

လေထုက အနံ့အသက်ကင်းစင်ပြီး သန့်ရှင်းလတ်ဆတ်နေသည်။
ဒီထဲကမှ ဦးဆင်ပေါက်တို့အိမ်သည် ထိပ်တန်းအဆင့်ထဲမှာပါသည်။ သဘာဝ ကျွန်းတိုင်ကြီးလုံးကြီးများနှင့် ဆောက်ထားခြင်းဖြစ်၏။ အကာက ပေပျဉ်ကြီးတွေ၊

အမိုးကလည်း ပျဉ်အုတ်ကြွပ်တွေကိုသာ အသုံးပြုထားသည်။ ရေနံဝနေအောင် သုတ်ထားသဖြင့် မည်းနက်ညိုမှိုင်းနေသည်။ တကယ့်သဘာဝပစ္စည်းတွေချည်း

အသုံးပြုထားခြင်းဖြစ်၏။ ကျွန်းတိုင်တစ်လုံးတစ်လုံး၏ တန်ဖိုးကပဲ ကာလပေါက်ဈေး “ဂလိုဘယ်ငွေ” တစ်သောင်းလောက်တန်သည်။
တော်ရုံလူမဆိုထားနဲ့၊ သူတို့ လူကုံထံ အချင်းချင်းတောင် အားကျမက်မောရသော အိမ်ကြီးဖြစ်၏။ နိုင်ငံခြားကလာသော ကမာ္ဘလှည့်ခရီးသည်တွေကလည်း

သူတို့အိမ်ကို တကူးတကလာကြည့်ပြီး လေ့လာကြသည်။ ကျွန်းတိုင်လုံးကြီးများကို တအံ့တဩ ပွတ်သပ်ကြည့်ကြပြီးနောက် “ဒါဟာ အိမ်မဟုတ်ဘူး နန်းတော်ကြီးပဲ”ဟု

ဆိုကြသည်။ ရုပ်မြင်သံကြားမှ နေရှင်နယ် ဂျော်ဂရပ်ဖစ်ချယ်နယ်ကတောင် ဒီအိမ်ကြီးအကြောင်း ထုတ်လွှင့်ပြသခဲ့သေးသည်။
ခုလို ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိ လူကြီးလူကောင်းဖြစ်နေခြင်းကပင် ဦးဆင်ပေါက်တို့အတွက် စိုးရိမ်ပူပန်စရာကိစ္စတွေ ပေါ်ပေါက်လာခြင်းဖြစ်၏။

သူခိုးဓားပြရန်ကို ကြောက်၍မဟုတ်၊ သားသမီးများ၏ အိမ်ထောင်ရေးကိစ္စပင်ဖြစ်လေ၏။

သူ့မှာ သားသမီးသုံးယောက်ရှိ၏။ သားကြီးကတော့ သိတတ်လိမ္မာသည်ဟုဆိုရမည်။ စာလည်းတော်သည်။ ဆယ်တန်းကို ဂုဏ်ထူးဆယ်ဘာသာဖြင့်အောင်သည်။

(စုစုပေါင်း ဆယ့်နှစ်ဘာသာရှိ၏)။ အမှတ်တွေကလည်း အလွန်ကောင်းသည်။
ထို့ကြောင့် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်၊ အဏ္ဏဝါတက္ကသိုလ် စသော ထိပ်တန်းအဆင့် တက္ကသိုလ်ကြီးတွေ တက်ခွင့်ရဖို့ အဆင့်မှီသည်။

အမှန်နည်းနည်းလေးဖြင့် အောင်ရုံလောက်သာ အောင်တဲ့သူတွေကတော့ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် စသော သာမန်အဆင့်

တက္ကသိုလ်တွေကိုသာ တက်ခွင့်ရကြသည်။ (ထိုတက္ကသိုလ်များမှာ သိပ်အသုံးမဝင်တော့သော ဘာသာရပ်များဖြစ်သဖြင့် ကောလိပ်အဆင့်သို့လျှော့ချလိမ့်မည်ဟု

သတင်းကြားသည်။)
သားကြီးက မိဘလုပ်ငန်းနှင့်သက်ဆိုင်သော အဏ္ဏဝါတက္ကသိုလ်တက်သည်။ မစ္ဆဗေဒအထူးပြု ဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက်

မိဘလက်ငုတ်ဖြစ်သော ငါးဖမ်းလုပ်ငန်းကို ဝင်လုပ်သည်။ သူ၏ကြိုးစားမှုကြောင့် လုပ်ငန်းမှာ ဆထက်ထမ်းပိုး အောင် မြင်ကြီးထွားလာခဲ့ခြင်းဖြစ်၏။
အိမ်ထောင်ပြုတော့လည်း ဂုဏ်သရေရှိ လယ်သမားကြီး တစ်ဦး၏သမီးနှင့်လက်ထပ်ခဲ့သည်။ မင်္ဂလာဆောင်တွင် ယောက္ခမများက သစ်ဆိမ့်ပင် ဧကငါးဆယ်နှင့်

မက္ကဒေးမီးယား ဧကငါးဆယ် လက်ဖွဲ့ခဲ့သည်။ ဒီအချိန်မှာ ဒီအမြေတွေအများကြီးလက်ဖွဲ့နိုင်တယ် ဆိုကတည်းက ချမ်းသာကြွယ်ဝမှု အတိုင်းအတာကို ခန့်မှန်းလို့ရနေပြီ။

သားကြီးအတွက် ကျေနပ်အားရဆဲမှာပင် သမီးအလတ်မက မိဘရင်ကျိုးအောင် စုံကန်ပြီးထွက်သွားလေသည်။ မဖြစ်သင့်တာကမဖြစ်ရလေအောင် ကြပ်ကြပ်မတ်မတ်

ထိန်းသိမ်းနေတဲ့ကြားက သူ့သဘောနှင့်သူ အမိုက်ဇာတ်ခင်းသွားခြင်းဖြစ်၏။
ကန်စွန်းခင်း အမြောက်အမြားပိုင်ဆိုင်သော သူ့မိတ်ဆွေလူကုံထံတစ်ယောက်၏သားနှင့် လပ်ထပ်ပေးရန် စီစဉ်နေဆဲ အချိန်မှာပင် အလတ်မသည် ကွန်ပျူတာ

ပရိုဂရမ်မာလေးတစ်ယောက်နှင့် ခိုးရာလိုက်ပြေးသွားသည်။
မိဘတွေရဲ့ အထက်တန်းလွှာ တံငါသည်မျိုးရိုး ဂုဏ်သိက္ခာကိုမှ မထောက်ပဲ ဘာမဟုတ်တဲ့ကွန်ပျူတာစာရေးကလေးကိုမှယူရကောင်းလားဆိုပြိး အမေလုပ်တဲ့လူက

အမွေပြတ်ကြေညာ စွန့်လွှတ်ထားခဲ့သည်။
ဦးဆင်ပေါက်ကတော့ နည်းနည်းပျော့ပျောင်းချင်သည်။ စားကောင်းသောက်ဖွယ်များ စားရသောအခါ သမီးလတ်ကို သတိရမိ၏။ တစ်ခါတစ်ရံကျလျှင် သူတို့ရွာဖက်သို့

မြို့ကတက်လာသော ပျံကျကွန်ပျူတာသမား တစ်ယောက်တစ်လေ ရောက်ရှိလာတတ်သည်။ ပစ္စည်းကိရိယာတွေထည့်ထားသော အိတ်ကြီးကို လက်ကဆွဲ၊ နေပူကျဲကျဲမှာ

ချွေးသံတရွှဲရွှဲ လျှောက်သွားရင်း..
“ကျွန်ပျူတာတွေပြင်တယ်၊ ဟတ်ဝဲတွေ အပ်ဂရိတ်လုပ်ပေးတယ်၊ နောက်ဆုံးပေါ်ဆော့ဖ်ဝဲတွေတင်ပေးတယ်” ဟုအော်သွားသော အသံကို ကြားရတဲ့အခါတိုင်း

မြို့ပေါ်မှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နေရရှာသော သမီးလတ်ကို မြင်ယောင်ပြီး စိတ်မကောင်းဖြစ်ရ၏။
သူ့ဆန္ဒအရဆိုလျှင်တော့ အမေလုပ်တဲ့လူကို ဖျောင်းဖျပြောဆိုပြီး ပြန်ခေါ်ထားချင်သည်။ သို့ရာတွင် အဖွားကြီးက အတော်စိတ်နာနေသည်။ တလောက

လာကန်တော့ကြတာတောင် ထွက်အတွေ့မခံပဲနေသည်။
ကောင်လေးကိုလည်း ကြီးပွားတိုးတက်စရာ လမ်းမမြင်သော ကွန်ပျူတာအလုပ်ကထွက်ပြီး သူတို့ငါးလုပ်ငန်းထဲက သင့်တော်ရာ နေရာမှာ အလုပ်ပေးထားရကောင်း

မလား စဉ်းစားခဲ့ဖူးသည်။ သို့ရာတွင် ဖြစ်နိုင်မှာမဟုတ်။
ကောင်လေးရဲ့ပုံက မြို့ကျလွန်းသည်။ နေရောင်ခြည်ဓာတ်ချို့တဲ့သဖြင့် အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ ကွန်ပျူတာရှေ့မှာပဲ နာရီပေါင်းများစွာ

ထိုင်လုပ်နေရသောကြောင့်လည်း အညောင်းမိပြီး ပိန်ညောင်ညောင် ကုပ်ချိချိ ဖြစ်နေ၏။ မျက်စိအမြင်အာရုံထိခိုက်ခဲ့သောကြောင့် မျက်ကြည့်လွှာအတု တပ်ထားရတာကလည်း

သိသာသည်။ ဘယ်နေရာမှာမှ သုံးစားရမည့်ပုံမပေါ်။
သင်းတို့ထိုက်နဲ့ သင်းတို့ကံပဲ၊ ကလေးရလာတဲ့အခါကျလျှင်တော့ အိမ်ကအဖွားကြီး စိတ်ပြေသွားပါစေဟု မျှော်လင့်ဆုတောင်းဖို့သာ ရှိတော့သည်။

လောလောဆယ်မှာ စိုးရိမ်ပူပန်နေရတာကတော့ သမီးအငယ်ဆုံးလေး အတွက်ဖြစ်၏။ အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်ထားကြသည်။ အမေလုပ်သူရဲ့

အသည်းကျော်လည်းဖြစ်၏။ နွဲ့ဆိုးဆိုးတတ်သလို ခေါင်းကျောလည်းမာသည်။ သူ့အစ်မကိစ္စတုန်းကလည်း “ကိုယ့်ချစ်တဲ့လူနဲ့ လက်ထပ်ခွင့်ရဖို့က အရေးအကြီးဆုံးပဲ” ဟု ပြောပြီး

ဟိုဘက်ကို ထောက်ခံချင်ခဲ့သူဖြစ်၏။
ဆယ်တန်းအောင်တော့ သူတို့လုပ်ငန်းနှင့် ဘယ်လိုမှမပတ်သက်သော ဘာသာဗေဒတက္ကသိုလ် သွားတက်သည်။ ပျူဘာသာအထူးပြုယူသည်။ ပျူစကားတတ်တော့

ဘယ်နေရာမှာသွားသုံးမလဲ။ စကားပြန်လုပ်ရအောင် ပျူလုပ်ငန်းရှင်တို့၊ ပျူတိုးရစ်တို့ဆိုတာမျိုး ရှိတာလည်းမဟုတ်။ ခုခေတ်ကလေးတွေဟာ စိတ်ကူတည့်ရာ

လုပ်နေကြတာပဲလားမသိ။ ဘာပဲဖြစ်ဖြစ် အလိုလိုက်လက်စနဲ့ သူလုပ်ချင်တာ လုပ်ခွင့်ပေးထားသည်။
ထားတော့၊ ဒါတွေက သိပ်အရေးမကြီး။ သမီးငယ်ကို အလုပ်ထဲမှာခိုင်းဖို့ ရည်ရွယ်ချက်လည်းမရှိ။ စိတ်ပူရတာက သမီးလတ်၏လမ်းစဉ်လိုက်သွားမှာကိုသာဖြစ်၏။

ယုံရတာမဟုတ်။ မတော်တဆ အင်ဂျင်နီယာတို့၊ ဆရာဝန်တို့လိုလူမျိုးနဲ့ ဖြစ်သွားခဲ့လျှင် သူ့အမေရင်ကျိုးရလိမ့်မည်။
ခုချိန်မျာ အင်ဂျင်နီယာဆိုတာ သိပ်အရေးမပါလှတော့။ အဆောက်အအုံတစ်ခု ဆောက်ချင်လျှင် ကိုယ်ကြိုက်တဲ့ ပုံစံပြော၊ ဒါမှမဟုတ် ကတ်တလောက်ထဲက လိုချင်တဲ့ပုံ

ကိုရွေးလိုက်ရုံသာဖြစ်၏။ ဆောက်လုပ်ရေးကုမ္ပဏီက အသင့်ပြုလုပ်ထားသော အစိတ်အပိုင်းများကို သယ်ယူလာပြီး ဆယ့်ငါးရက်အတွင်း အပြီးတည်ဆောက်ပေးနိုင်သည်။

အင်ဂျင်နီယာဆိုတာက အစိတ်အပိုင်းတွေကို သူ့နေရာနှင့်သူ အမှတ်စဉ်အတိုင်း တပ်ဆင်ပေးရုံသာဖြစ်၏။ တချို့ကုမ္ပဏီတွေဆိုလျှင် အင်ဂျင်နီယာတောင်မငှားတော့။

ရိုဘော့စက်ရုပ်တွေနဲ့သာ လုပ်ကိုင်ကြတော့သည်။ ထို့ကြောင့် အင်ဂျင်နီယာတွေအတွက်အလုပ်အကိုင် ရှားပါးလာသည်။ သူတို့ထက်စာလျှင် လက်သမားပညာ ဒီပလိုမာဘွဲ့

ရသူတွေကမှာ အလုပ်ဖြစ်သေးသည်။
ဆရာဝန်ဆိုတာလည်း ဒီလိုပဲ။ ခုချိန်မှာ သိပ်မစားသာတော့။ ကျန်းမာရေးကိစ္စအတွက် ဆရာဝန်ကို အားကိုးနေစရာမလို။ ဓာတ်မှန်ကားတွေလာတဲ့အခါ

စစ်ဆေးကြည့်နိုင်သည်။ ဒါမှမဟုတ် ကျန်းမာရေးစင်တာတွေကို သွားလို့ရသည်။ ခေတ်မီစက်ကိရိယာများဖြင့် အလိုအလျောက် စမ်းသပ်ကုသပေးနိုင်သည်။ ဆေးဝါးတွေကလည်း

အလွန်အစွမ်းထက်လာသဖြင့် တော်ရုံရောဂါဆိုလျှင် ဆေးတစ်လုံးသောက်ရုံနှင့်ပျောက်သည်။
ငွေကြေး သိပ်မတတ်နိုင်သော ဆင်းရဲသားတွေလောက်သာ ဆရာဝန်ဆီသွားပြိး ကုသကြသည်။ ထို့ကြောင့် ဆရာဝန်အလုပ်မှာ ဝင်ငွေသိပ်မကောင်းလှပဲ

ရရစားစားဖြစ်နေ၏။ ဆရာဝန်ပေါက်စလေးတွေဆိုလျှင် ဆေးအိတ်ကိုဆွဲပြီး ခြေတိုအောင် လူနာလိုက်ရှာရသည်။ အိမ်ပေါက်စေ့ တံခါးခေါက်ရင်း
“အန်တီ၊ သွေးပေါင်ချိန်ဦးမလားခင်ဗျာ၊ ဟိုအန်ကယ်ကြီးကြည့်ရတာ အားနည်းနေတယ်ထင်တယ်။ အိုင်ဗီလေးတစ်ချောင်းလောက်သွင်းလိုက်ပါလား။ ပုလင်းကြီး

ချိတ်မယ်ဆိုရင်တော့ ဗိုက်ယာဂရာအားဆေးတစ်လုံး လက်ဆောင်ပေးပါတယ်”
ဆိုပြီး စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရရှာသည်။ ဒီကြားထဲမှာ တချို့အိမ်တွေက အနှောက်အယှက်ဖြစ်တယ်ဆိုပြီး

အော်ငေါက်လွှတ်တတ်ကြသေးသည်။ တချို့တိုက်ခန်းတွေကတော့ “ဆရာဝန်နှင့်အလှူခံ မဝင်ရ”ဆိုသော ဆိုင်းဘုတ်ကို လှေခါးရင်းမှာ ချိတ်ဆွဲထားကြသည်။
ထိုကိစ္စကို သိနေ၊ ကြားနေရသောကြောင့်လည်း ဦးဆင်ပေါက်တို့ ဇနီးမောင်နှံမှာ သမီးအတွက် စိုးရိမ်ပူပန်ပြီး ညအိပ်မပျော်နိုင်ဖြစ်နေရဖြင်းပါပဲ။

သမီးငယ်က ဖုန်းဆက်အကြောင်းကြားထားသည်။ အိမ်ကို ဧည့်သည်တစ်ယောက်ခေါ်လာမည်။ အဖေတို့ အမေတို့နှင့် တွေ့ဆုံမိတ်ဆက်ပေးခင်လို့ဟုဆိုသည်။

သူ့ချစ်သူကို မိဘတွေဆိလာပြခြင်းဖြစ်ကြောင်း ခန့်မှန်းလို့ရသည်။
ထို့ကြောင့်လူကြီးနှစ်ယောက်မှာ စိတ်လှုပ်ရှားနေကြသည်။ အမေကြီးဆိုလျှင် အငြိမ်မနေနိုင်ဘဲ အိမ်ရှေ့ထွက်မျှော်လိုက်၊ အိပ်ခန်းထဲဝင်လိုက်၊ ဧည့်ခန်းမှာ

ခေါက်တုံ့ခေါက်ပြန်လျှောက်လိုက် ဖြစ်နေ၏။ ဦးဆင်ပေါက်ပင်လျှင် နာရီကို မကြာခဏလှမ်းကြည့်မိ၏။ နောက်ဆုံးတော့ အမေကြီးလည်း မောလာပြီး ဧည့်ခန်းက

ကြိမ်ပက်လက်ကုလားထိုက်ကြီးပေါ် ထိုင်နားလိုက်ရသည်။
ထိုစဉ်မှာပင် ကြိုးကြာငှက်မြည်သံကဲ့သို့ ကြားလိုက်ရသည်။ လျှပ်စစ်ကားဟွန်းသံပင်ဖြစ်၏။
“ဟော”
အမေကြီး ထရပ်မည်ပြုသည်။ ဦးဆင်ပေါက်က လက်ကာပြပြီး တားလိုက်၏။ ဧည့်သည်က ဘယ်လိုလူမှန်းမသိသေးဘဲနဲ့ ကိုယ့်ဘက်က သိပ်ပျူငှာပြဖို့မသင့်ဟု

သတိပေးလိုက်ခြင်းဖြစ်သည်။
“အဖေ၊ အမေ”
သမီးငယ်က အော်ခေါ်ရင်း ဝင်လာသည်။ ဧည့်ခန်းဝမှာ ခဏရပ်ပြီးနောက်သို့လှည့်ကြည့်ရင်း
“လာလေ”ဟုပြောသည်။
လူငယ်တစ်ယောက် နောက်မှ လိုက်ဝင်လာသည်။ အသားညိုညို၊ အရပ်အမောင်းကောင်းကောင်း၊ တောင့်တင်းသန်မာသောကိုယ်ခန္ဓာရှိသည်။ ဥပဓိရုပ်ကတော့

မဆိုးဘူးဟု ဦးဆင်ပေါက်စိတ်ထဲမှာ မှတ်ချက်ချလိုက်သည်။
ကုလားထိုက်များမှာ ထိုင်မိကြပြီးနောက် ထပ်ပြီးအကဲခတ်ကြည့်လိုက်ပြန်သည်။ ကောင်လေးရဲ့ မျက်နှာကို ရင်းရင်းနှီးနှီးသိနေသည်ဟု ထင်မိ၏။ တစ်နေရာရာမှာ

တွေ့ဖူးခဲ့တာလား။ အသိမိတ်ဆွေတစ်ယောက်ယောက်နဲ့ တူနေတာလား။ မအောင့်နိုင်တော့သဖြင့် ဖွင့်မေးလိုက်ရသည်။
“နေစမ်းပါဦးကွ၊ မင်းကို ငါ ရင်းရင်းနှီးနှီးသိနေသလိုပဲ။ ဘယ်မှာမြင်ဖူးတာလဲမသိဘူး”
သမီးငယ်က ရယ်လိုက်ပြိး
“ရုပ်မြင်သံကြားထဲမှာ ခဏခဏ မြင်ဖူးနေတာလေ”
“ဟေ… ဘယ်လိုကွယ့်”
“သူက နာမည်ကျော် ဘောလုံးသမားလေ”
ကောင်လေးကပါ ဝင်၍ သူ့ကိုယ်သူ မိတ်ဆက်သည်။
“ကျွန်တော် တိုးလှိုင်ဝင်းပါ ခင်ဗျာ”
ဒီတော့မှ ဦးဆင်ပေါက်သည် သူ့ပေါင်ကို ဖြန်းခနဲရိုက်လိုက်ပြီး
“ဟာ… ဟုတ်တာပေါ့၊ ကြည့်စမ်း၊ ငါ့တူက အပြင်မှာ ပိုပြိးတော့တောင် ကြည့်လို့ကောင်းသေးတယ်”
တိုးလှိုင်ဝင်းက ရှက်ပြုံးပြုံးသည်။ ဦးဆင်ပေါက်က အားတက်သရောဟန်ဖြင့်ဆက်ပြောနေသည်။
“အေးကွာ.. ပြီးခဲ့တဲ့ စနေနေ့ကပွဲမှာ မင်ကန်သွင်းလိုက်တဲ့ ဖရီးကစ်ကတော့ မျက်စိထဲကကို မထွက်နိုင်အောင်ပါဘဲ။ ဒါနဲ့မင်း ကလပ်အသင်းက စာချုပ်သက်တမ်းတိုးဖို့

ကိစ္စကကော ဘယ်လိုအခြေအနေရှိလဲ”
“ဟုတ်ကဲ့ ကျွန်တော်က လစာတိုးတောင်းထားတာကို အုပ်ချုပ်ရေးမှူးအဖွဲ့က သဘောတူတယ်ဆိုရင်တော့ အဆင်ပြေမှာပါ”
“သဘောတူမှာပါကွာ၊ သူတို့ မင်းကို လက်မလွှတ်နိုင်ပါဘူး”
အမေကြိးက ဘုမသိ ဘမသိ ဝင်ပြီးခေါင်းညိတ်သည်။
“အေးကွာ.. ဦးတို့ကိုလည်း ဆွေမျိုးရင်းချာလိုသဘောထားပြီး ဆက်ဆံဝင်ထွက်နိုင်ပါတယ်”
ဦးဆင်ပေါက်က အမေကြီးဘက်လှည့်ကြည့်ပြီး တစ်စုံတစ်ခုဝင်ပြောဖို့ အရိပ်အကဲပြသည်။ အမေကြီးက
“အေးကွယ် ရောက်တုန်းရောက်ခိုက် ညနေစာ ထမင်းစားပြီး မှပြန်ပေါ့။ အတော်ပဲဟေ့၊ မနက်ကပဲ မင်းတို့အစ်ကိုကြီးက အိတ်စပို့ကွာလတီ

ငါးပိရည်စစ်စစ်တစ်အိုးပို့လိုက်သေးတယ်။ ငါ့တူတော့ စားရကံကြုံတာပဲ”
သမီးငယ်၏မျက်နှာသည် ဝမ်းသာမှုအရှိန်ကြောင့် ဝင်းလက်တောက်ပသွားသည်။ အခုလို ငါးပိရည်စစ်စစ်ဖြင့် ကျွေးမွေးဧည့်ခံတယ်ဆိုကတည်းက တိုးလှိုင်ဝင်းကို

ဂုဏ်သရေရှိ အထူးဧည့်သည်တော်အဖြစ် လက်ခံအသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ထင်ရှားနေပြီမဟုတ်ပါလား။

……………………………………………

3 comments

  • Diana

    June 12, 2010 at 4:33 pm

    ဒီဝတ္ထုတိုက စာရေးဆရာမင်းလူ ရဲ ့ဝတ္ထုပါ….တင်တဲ့သူကဘယ်သူရေးလဲရေးမထားတော့ တစ်နေရာမှာဖတ်ဖူးသလိုပဲလို ့ပြောကုန်ပြီ….အမှန်ကဘယ်စာကိုပဲတင်တင် ကိုယ်ရေးတာမပာုတ်ရင် ဘယ်သူရေးသလဲဆိုတာကိုဖော်ပြပေးသင့်ပါတယ်….
    http://wntbookshelf.com/minlu/ ဆရာမင်းလူရဲ ့ဝတ္ထုတွေပါ…. မင်းလူရဲ ့ပရိသတ်အနေနဲ ့comment ဝင်ပေးပါတယ်….

  • khinmintatthu

    June 12, 2010 at 6:19 pm

    sorry ပါ…. မှတ်ချက်ပေးဖို့ မေ့သွားလို့ပါခင်ဗျာ….။ ဆရာမင်းလူရဲ့ဝတ္ထုပါ….ကျွန်တော့်မေးလ်ထဲရောက်နေတာနဲ့ ပြန်လည်ဝေမျှပေးလိုက်တာပါ…မှတ်ချက်ပေးဖို့ မေ့သွားတာပါ…..

Leave a Reply