မင်္ဂလာစုံတွဲ၊ စုံတွဲထီအတွဲများ ထိုးရာတွင် သတိထားရန်လို

guestktyJune 12, 20101min650

ရခိုင်ပြည်နယ်အတွင်း မြို့နယ်များတွင် ရန်ကုန် ထီဆိုင်ကြဲီးများမှ မင်္ဂလာစုံတွဲ ထီလက်မှတ်များ၊ နှစ်စောင်တွဲ၊ ငါးစောင်တွဲ စသည်ဖြင့် အတွဲလိုက် သတ်မှတ်ထားသည့်ထီများကို ဝယ်ချင်စဖွယ် ဖြစ်အောင် ထီလက်မှတ်များသာ ဖော်ပြပြီး ရောင်းချပေးလျက် ရှိသည်။ သေသပ်စွာထပ်၍ စီထားသည့် ထီ လက်မှတ်များတွင် ထီလက်မှတ်များနှင့် အက္ခရာကိုသာ မြင်သာရုံ ဖော်ပြထားကြပြီး ထုပ်ပိုးရာတွင် ထီအကြိမ်ကို မမြင်ရဘဲ ရှိသော်လည်း ထီထိုးသူများမှာ အက္ခရာနှင့် ဂဏန်းနံပါတ်ကိုသာ ကြည့်ပြီး ထိထိုးလေ့ ရှိတတ်ကြကြောင်း တွေ့ရသည်။ “ ထီထိုးတဲ့အခါမှာ သေချာစွာ ဖွင့်ကြည့်ပြီးမှ ဝယ်ဖို့လိုတယ်။ တစ်လောက ကျွန်တော့်အိမ်က ညီမတစ်ယောက် ထီထိုးတာ မင်္ဂလာစုံတွဲပဲ။ ထီဖွင့်လို့ ထီတိုက်မယ်ဆိုပြီး ထီကပ်ကို ဖြေလိုက်တော့ ဖွင့်ပြီးခဲ့တဲ့ အပတ်က ထီလက်မှတ် အဟောင်းကြီး ဖြစ်နေတယ်။ ဒါနဲ့ရောင်းတဲ့ဆိုင်ရော၊ သက်ဆိုင်တဲ့ ပင်ရင်းထီဆိုင်ကိုရော ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ သူတို့ မသိလိုက်လို့ ဖြစ်ရတာပါ။ ဆိုင်ကခန့်ထားတဲ့ ဝန်ထမ်းတွေရဲ့ အမှား ဖြစ်ပါလိမ့်မယ် ဆိုပြီး တောင်းပန်တယ်။ စစ်တွေက ကျွန်တော့်ညီမ ထိုးတဲ့ ဆိုင်မှာလည်း တစ်ခြားမြို့နယ်တွေက ပြန်ပို့လိုက်တဲ့ ဒီလိုထီလက်မှတ်တွေ ရှိတယ်လို့ ပြလိုက်တယ် ” ဟု ပြောသည်။ ရခိုင်ပြည်နယ်မှ ထီဆိုင်အများစုမှာ ရန်ကုန်မှ နာမည်ကြီး ထီဆိုင်များမှ ထီလက်မှတ်များကို မှာယူပြီး တစ်ဆင့်ခံ ရောင်းချမှု များပြားသည်။ ထီလက်မှတ်များကို ရန်ကုန်မှ ပို့သည့် အတွဲလိုက် ပြန်လည် ဖြန့်ဝေ ရောင်းချပေးခြင်း ဖြစ်ရာ ၎င်းတို့အနေဖြင့်လည်း ထီကပ်အတွင်း၌ ယခုကဲ့သို့ ဖွင့်ပြီးအကြိမ်မှ လက်မှတ် အဟောင်းများ ပါလာသည်ကို မသိရကြောင်းဖြင့် ဆိုသည်။ ကျွန်တော် အပါအဝင် ထီထိုးတဲ့သူတွေက ထီလက်မှတ် နံပါတ်ရယ်၊ အက္ခရာရယ်ပဲ ကြည့်ပြီးဝယ်ကြတာ။ သူတို့စီစဉ်ထားတာကလဲ ဖွင့်ကြည့်လို့ မလွယ်ဘူး။ ထီလက်မှတ်ကို စတပ်ပလာ(ချုပ်စက်) နဲ့ ညှပ်ပိတ်ထားတော့လည်း ဖွင့်ပြီး မကြည့်အားတော့ဘူး။ အခုအတိုင်းဆိုရင် ထီထိုးတဲ့အခါမှာ ပိုပြီး သတိထားရတော့မှာ ဖြစ်တယ်။ အခု ကျွန်တော့် ညီမဝယ်တဲ့ ထီလက်မှတ်က ထီမပေါက်လို့သာ တော်တော့တယ်။ တကယ်လို့များ ထီပေါက်ရင် သူတို့ ဘယ်လိုရှင်းကြမလဲ မသိဘူး။ အကြိမ်က မတူဘူးလေ ” ဟု ၎င်းကဆိုကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ထုတ် New Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။