မြန်မာနို်င်ငံ၏ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်

guestktyJune 12, 20101min520

ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ကိုရီုးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် နှစ်ပေါင်း (၂၀)ကျော်ကြာ သံတမန် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီးနောက် မြန်မာနိုင်ငံဖြင့် ကမာ္ဘ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး မူဝါဒအရ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၆.၄.၂၀၀ရ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေး ဖြစ်ထွန်းလျက် ရှိရာတွင် မြောက်ကိုရီးယား သင်္ဘောများ မြန်မာနိုင်ငံ ဆိပ်ကမ်းသို့ လာရောက်ခဲ့ခြင်းအပေါ် အခြေခံ၍ ၂၀၀၉ ခုနှစ် ဇွန်လအတွင်းတွင် Kang Nam 1 အမည်ရှိ မြောက်ကိုရီးယား သင်္ဘောသည် လက်နက်များ တင်ဆောင်၍ မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ထိုသတင်းများမှာ အခြေအမြစ် မရှိပဲ ထင်မြင်ယူဆချက်များ အပေါ် အခြေခံ၍ လည်းကောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေး လို၍လည်းကောင်း ပေါ်ပေါက်လာသည့် သတင်းများသာ ဖြစ်ခဲ့ပါသည်။ ယခုနှစ် ဧပြီလတွင် မြောက်ကိုရီးယား သင်္ဘော Chong Gen မြန်မာနိုင်ငံဆိပ်ကမ်းသို့ ဆိုက်ကပ်၍ ပုံမှန် ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်ခဲ့ခြင်း အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၈၇၄) ကို ချိုးဖောက်ခဲ့ကြောင်း၊ ကန့်သတ် ပိတ်ပင်ထားသည့် ပစ္စည်းများ တင်ဆောင် လာခဲ့ကြောင်းဖြင့် စွပ်စွဲပြောဆိုမှုများ ပေါ်ထွက်ခဲ့ပါသည်။ ဖြစ်ရပ်မှန်မှာ ကန့်သတ်မှု မရှိသည့် ဘိလပ်မြေများ တင်သွင်းပြီး ဆန်တန်ချိန် ၁ သောင်း တင်ပို့ ရောင်းဝယ် ခဲ့ခြင်းသာ ဖြစ်ပါသည်။ အမှန်စင်စစ် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှ ကုန်တင်သင်္ဘောများ မြောက်ကိုရီးယား ဆိပ်ကမ်းများမှ ထွက်ခွာလာသည့်အခါ လမ်းတလျှောက် စစ်ဆေးရန် အခွင့်အရေးများ ရှိသော်လည်း စစ်ဆေးခဲ့ခြင်းများ မရှိပဲ မည်သည့်နိုင်ငံသို့ ဦးတည် သွားရောက်သည်ကိုပင် မသိရှိရသေးမီ ထိုသင်္ဘောမှာ လက်နက်များတင်ဆောင်၍ မြန်မာနိုင်ငံသို့ ဦးတည်နေကြောင်းဖြင့် တာဝန်မဲ့ ကြိုတင်၍ စွပ်စွဲ ပြောဆိုမှုများ မပြုလုပ်သင့်ဟု ယူဆပါသည်။ မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မဆို မိတ်ဆွေနိုင်ငံကဲ့သို့ ခင်မင်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည့် နည်းတူ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့်လည်း ကူးသန်း ဆက်သွယ်မှုများ ပြုလုပ်လျက် ရှိပါသည်။ အချို့နိုင်ငံများက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၈၇၄) အရ လိုက်နာ ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ကုန်စည် ရောင်းဝယ်မှု အပေါ် မြန်မာနိုင်ငံအား စွပ်စွဲမှုများ ပြုလုပ်လေ့ရှိသော်လည်း အခြေအမြစ် မရှိပါ။ မြန်မာ ဆိပ်ကမ်းသို့ မြောက်ကိုရီးယားသင်္ဘော ဆိုက်ကပ်ခဲ့ရာတွင်လည်း သက်ဆိုင်ရာ ဆိပ်ကမ်း အာဏာပိုင်များမှ လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေး၍ ဆိုက်ကပ်/ ထွက်ခွာခွင့် ပြုခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျှောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။