အလောင်းတော် ကဿပ ၄

ဆူးApril 21, 20121min21017


တောင်ပေါ်မှာ ရှိတဲ့ လျောင်းတော်မူ ကိုယ်တော် ဖြစ်ပါတယ်။
ရွှေရောင် ကိုယ်တော် အစစ် လျောင်းတော်မူနေတာကတော့ အဲဒီကနေ အောက်ဆင်းသွားပြီး အတွင်းကို တော်တော် ဆင်းရပါတယ်။ မိုးတွင်းအခါ တောင်ကျ ချောင်းရေ ရှိတဲ့ အချိန်ဆိုရင် အဆင်းလမ်း မရှိပါဘူး။ ဆင်းလို့လည်း မရပါဘူး။ ဒါကြောင့် အချိန်အခါ မဟုတ် လာတဲ့ ပရိတ်သတ် အတွက် အပေါ်မှာ ကိုယ်စား ကိုယ်ပွားတော် တဆူ တည်ထားပြီး ကိုးကွယ်ထားကြတာပါ။

တောင်ပေါ်ရောက်တဲ့ အခါမှာတော့ ကျောင်းဆောင် အတွင်း လျောင်းတော်မူ အနေအထားဖြင့် ဉာဏ်တော် ၁ဝတောင် ရှိပြီး အနောက်မြောက် အရပ်သို့ ဦးခေါင်းတည်၍ ပရိနိဗ္ဗာန် ပြုနေပုံကို အင်္ဂဒေဖြင့် ထုလုပ်ပူဇော်ထားသည့် ဆင်းတုကို ဖူးမြင်ရပါသည်။ ထိုဆင်းတုသည်လည်း ရွှေဆိုင်း အထပ်ထပ် ချထားသဖြင့် ရွှေများဖြင့် အိနေပြီး ရွှေရောင် ဆင်းတု ကိုယ်တော်ကြီးဖြစ်နေပါသည်။ တောလမ်း ခရီး ကြမ်းကြမ်းကို ဖြတ်သန်းတဲ့ အချိန် ပင်ပန်းသမျှ ပြေလျော့သွားလေရော့သလား ထင်မိပါတယ်။ သဒ္ဒါတရား ထက်သန်လှတဲ့ မြန်မာလူမျိုးများကတော့ နေ့မွန်းမတည့်ခင် အချိန်အထိ ဆွမ်းကပ်ကြပြီး ပန်း ရေချမ်း များနှင့် ရွှေဆိုင်းများ ဝယ်ယူ လှူဒါန်းကြပါတယ်။ ဒေသခံ ပြည်သူများအတွက်ကတော့ အရောင်းအဝယ် အဆင်ပြေပြီး အလုပ်အကိုင် အခွင့်အလန်းလည်း ရစေပါတယ်။ တချို့ခရီးသွားများကတော့ ညအိပ် တည်းခိုပြီး မနက်ရောက်မှ တောင်ပေါ်မှ ဆင်းပြီး မုံရွာမြို့သို့ ပြန်ထွက်ခွာကြပါတယ်။ ဆူး တို့ အဖွဲ့ ကတော့ မုံရွာမြို့ကို နေ့ချင်းပြန် ဖြစ်သည့် အတွက် ရောက်တဲ့ အရပ်တိုင်းမှာ မဆိုင်းမတွ လျှင်မြန်စွာ ပြန်ထွက်ကြရပါတယ်။ ကျောင်းတော်မှ ထွက်ခွာပြီး အလောင်းတော် ကဿပ ကိုယ်တော်မြတ်ပြီး ပရိနိဗ္ဗာန် စံယူတော်မူနေသော ကျောက်လှိုင်ဂူရှိရာသို့ ဆင်းလာခဲ့ပါတယ်။ တောင်ကမ်းပါးယံမှ ကပ်ပြီး ပြုလုပ်ပေးထားသော ခပ်ကျဉ်းကျဉ်း လှေကားထှစ်ကလေးပေါင်းများစွာကို ပေ ၁၀ဝ ကျော် အနက် အတွင်းပိုင်းသို့ ဆင်းပြီး နောက်တွင်တော့ ကျောက်သား နံရံကြီး(ကျောက်တံခါး) တခုကို လူများ ရွှေဆိုင်းချပြီး ပိုက်ဆံများ ထိုးပြီး ပူဇော်နေကြသည်ကိုလည်း တွေ့ရပါသည်။ အမွှေးတိုင် ဖယောင်းတိုင်များ ဆီမီးမျိုးစုံဖြင့်လည်း ပူဇော်နေကြပါတယ်။ တချို့ကတော့ အဓိဌာန် ပြုပြီး ရှိခိုး ဆုတောင်းနေကြသည်များလည်း တွေ့ခဲ့ပါသည်။ ထိုကျောက်နံရံကြီး (ကျောက်တံခါး) သည် တချို့သော ပါရမီရှင်များ အဓိဌာန်ပြု ဆုတောင်းသည့်အခါ ပွင့်တတ်ကြောင်းနှင့် တခါတရံ ပွင့်သော အခါတွင် လက်တနှိုက်စာ ခန့် ပွင့်ပြီး အတွင်းဘက်တွင် ကျောက်တံခါး တထပ် ရှိသေးသည့် အတွက် အတွင်းဘက်သို့ အဆုံးထိ မမြင်နို်င်ပဲ သဒ္ဒါထက်သန်သော လူများက ရွှေငွေ လက်ဝတ် ရတနာများ ပိုက်ဆံများ အဖိုးတန် ရတနာများ အတွင်းသို့ ပစ်သွင်းပြီး လှူဒါန်းတတ်ကြပါတယ်။ ဆူး သွားသည့် အချိန်မှာတော့ ကျောက်တံခါး မပွင့်ပဲ ပိတ်နေသည်ကိုသာ မြင်တွေ့ခဲ့ရပါသည်။ ခဏတာ ရှိခိုး ကန်တော့ပြီးနောက်တွင်တော့ တောင်ပေါ်သို့ ပြန်တက်ပြီး တောင်ထိပ် စခန်းမှ တောင်ခြေ ကားရပ်နား စခန်းသို့ ပြန်ဆင်းလာခဲ့ပါတယ်။ တောင်ခြေသို့ အဆင်းသည် နေ့လည် ၁၂နာရီ ကျော် ဆင်နားချိန် ရောက်နေသဖြင့် အပြန် အဆင်း လမ်းလျှောက်ဆင်းခဲ့ပါတယ်။ တောလမ်းအတိုင်း လမ်းလျှောက်ဆင်းသည့်အခါ ကြာချိန် မိနစ် ၅ဝ လောက် ပေးရပြီး တောသဘာဝ ရှုခင်းများ အေးဆေးစွာ ခံစားပြီး လေကောင်းလေသန့် ရှူပြီး လမ်းလျှောက်ရသည်မှာလည်း အလွန် ကောင်းလှပါသည်။ တောလမ်း အတိုင်း သွားသည့်အခါ ဆင်နားချိန်ဖြစ်တဲ့ အတွက် လူများသာ သွားလာနေသည့် အတွက် တောင်ခြေ ကားရပ်နားစခန်းဆီကို ရောက်မှန်း မသိရောက်သွားခဲ့ပါသည်။

နောက်အပိုင်းမှပဲ.. ပုံတွေကို အားရပါးရ ပြတော့မယ်။
အခုတော့ ရေးထားတဲ့ စာတွေကို ဖတ်စေချင်လို့ ပုံကို လျော့တင်ထားတယ်။ ဟိဟိ..
ပင်ပန်းခံ ရေးထားတာမို့.. စိတ်ပုတ်တယ် သဘောမထားပဲ အားပေးကြနော်။

17 comments

  • Diamond Key

    April 21, 2012 at 3:37 pm

    ဆက်လက်အားပေးစောင့်မျှော်လျှက်ပါဗျ 😀

  • ဆူး

    April 21, 2012 at 3:43 pm

    တနေ့ တပုဒ် နှုန်းနဲ့ တိုင်ပင်လုပ်ပြီး ထား ထားပါတယ်။ အပိုင်း ၈ အထိ ရှိပါတယ်။

  • sugar sugar

    April 21, 2012 at 3:49 pm

    ကိုရီးယားကားလိုပေါ့နော်

  • Gipsy

    April 21, 2012 at 4:47 pm

    ဓါတ်ပုံက တပုံထဲမို့ အားမရဘူး ဖြစ်နေတယ်…
    စိတ်ရှည်ရှည်ထားပြီး စောင့်မျှော်နေပါ့မယ်…
    ပေ ၁၀ဝ အနက်ကို လှေခါးထစ်လေးတွေနဲ့ ဆင်းရတယ်ပြောလို့
    စဉ်းစားကြည့်တော့ ခြောက်ချား စရာ ….။

    • ဆူး

      April 21, 2012 at 4:52 pm

      ပေ ၁၀ဝ နက်တဲ့ ချောက်ထဲကို လှေကား သေးသေးလေး တယောက် သာ ဆင်းတက်လုပ်လို့ ရတဲ့ နေရာကို မြန်မာပီပီ တွယ်ကပ်တိုးကြိတ်ပြီး တယောက် ဆင်း တယောက် တက် လုပ်လာခဲ့တယ်။ ဆင်းတက်ရင်း ကင်မရာနဲ့ အမိ အရ ရိုက်ခဲ့တယ် လူတွေကို.. ဟိဟိ

  • weiwei

    April 21, 2012 at 4:59 pm

    ကိုရီးယားဇာတ်လမ်းတွဲကျနေတာပဲ …
    မြန်မြန်တင်ပါ .. 😛 😛

    • ဆူး

      April 21, 2012 at 5:31 pm

      အတွေ့အကြုံ လောက်ပဲ ရေးထားတာပါ.. သမိုင်းတွေ ပြန်မလှန် ချင်တော့လို့ ချန်ထားပါတယ်။
      သမိုင်းတွေ အစဆွဲ ထုတ်ပြီး ကိုယ်မြင်ခဲ့တာလည်း မဟုတ် ကို်ယ်တိုင်လည်း မဟုတ်ပဲ အရည်မရ အဖတ်မရ မငြင်းချင်တော့လို့ သမိုင်းတွေ ခဏ ဘေးထားပြီး လည်ပတ်စရာ နေရာ တခု အနေနဲ့ တင်ပြထားတာပါ။

  • TTNU

    April 21, 2012 at 8:12 pm

    ဆူးရေ..
    ကျောက်လှိုဏ်ဂူထဲမှာ အသက်ရှု
    လို့ဝ ရဲ ့လားဟင်။ အနံ့အသက်တွေကောင်းအောင်
    လုပ်ပေးနိုင်ရင်ကောင်းမှာနော်။ ဒါပေမဲ့ အပြန်လမ်းမှာ
    လေကောင်းလေသန့်ရှုရလို့ တော်ပါသေးတယ်။
    သစ္စာတွင်းရေဆိုတာလည်း သောက်နေကြတယ်နော်။
    တီချာတွေးမိခဲ့သေးတယ်၊ လူတွေ တရားသိပ်မရှိမှတော့
    ဒီတွင်းရေတွေလည်း Miracle ဖြစ်နိုင်ပါတော့မလားနော။
    တွေးမိတာပါလေ။

    • ဆူး

      April 22, 2012 at 12:05 pm

      လှိုင်ဂူထဲမှာ အသက်ရှုကောင်းပါတယ်။ လူတွေလည်း များပြားစွာ ရှိနေပါတယ်။ အနံ အသက်တွေ ကောင်းတဲ့အပြင် အမွေးတိုင် အနံ့တွေ ပြင်းထန်စွာ ခံစားရခြင်း မရှိတာကိုတော့ အခု ပြန်တွေးကြည့်တော့ ထူးဆန်း သလိုတောင် ခံစားရတယ်။

      သဘာဝလွန် ကိစ္စ တွေ ရှိခဲ့ဖူးတယ် ဆိုတာကိုတော့ ကိုယ်တိုင် မတွေ့ခဲ့ပေမဲ့ မှတ်တမ်းတွေမှာတော့ နာမည် နေ့ရက်နဲ့ အချိန်တွေကိုပါ မှတ်တမ်းတွေ ဖတ်ခဲ့ရတယ်။
      မှတ်ထားတာလည်း ရှိတယ် အငြင်းပွားဖွယ်ရာ မဖြစ်ရလေအောင် မရေးတင်တော့တာပါ။

  • ရဲစည်

    April 22, 2012 at 10:31 am

    အားပေးသွားပါတယ်။ဗဟုသုတလဲရ သမို့ ဆက်လက် စောင့်မျှော်နေပါကြောင်း 🙂

    • ဆူး

      April 22, 2012 at 12:07 pm

      မြန်မာ စံတော်ချိန် နေ့လည် ၃နာရီ ဝန်းကျင်မှာ ဆက်တိုက် တက်လာပါလိမ့်မယ်။ တနေ့ တပုဒ်နှုန်း တိုင်ပင် ထားပါတယ်။

  • ဗိုက်ကလေး

    April 22, 2012 at 12:10 pm

    ဘုရားဖူးသွားပါတယ် ဂျီးဒေါ်ရေ

  • တညင်သား

    April 22, 2012 at 12:32 pm

    ကျွန်တော်တို့သွားတဲ့အချိန်က ခုလို ကားလမ်းရော ကားပါ သိပ်အစဉ်မပြေသေးဘူး ..ဖိုးဝင်းတောင် ဆရာတော်က စီစဉ်ပေးပါတယ် …ကိုယ်ပိုင်ကားနဲ့ သွားရင် အန္တရယ် များလို့ ပေးမသွားဘူး…တောလမ်းခရီး မှာ သာသာယာယာရှိလှတယ်..
    အကြိုက်ဆုံးကတော့ သစ်ပင် အမြင့်ကြီးတွေမှာ တွယ်ကပ်ပေါက်နေတဲ့ ရှားပါး သစ်ခွ ပန်းတွေပဲ…..

    • ဆူး

      April 22, 2012 at 12:39 pm

      ဆူး သွားတုန်းက တောလမ်းမှာ ကားပျက်လို့ လမ်းမှာ ၁နာရီကျော် ငုတ်တုတ်မေ့သွားတယ်။

      စီစဉ်ထားတာတွေ တိုင်ပင် မကိုက်တော့ဘူး ဆိုတော့ အမြန်သွား အမြန်ပြန် လုပ်ခဲ့ ရတယ်။

  • Moe Z

    April 22, 2012 at 12:47 pm

    မမဆူးရေ မိုးစက်တို့သွားတုန်းက မှန်လုံတစ်စီး (ခန့်မှန်း ၄၅ယောက်စီး)
    မတက်နိုင်လို့ပြန်လိမ့်ကျလာတာနဲ့ ကြုံခဲ့ရတယ်
    ကံကောင်းလို့ ခရီးသည်တွေတော့ဘာမှမဖြစ်ဘူး
    စပယ်ယာတစ်ယောက်ကအပြေးဆင်းပြီး ဂျမ်းတုံးခုလိုက်နိုင်တယ်
    သူ့လက်ကိုတော့ကြိတ်မိသွားတယ် သွေးတွေရဲလို့ပဲ 🙁
    အဲဒီလမ်းကို ကားကြီးတွေနဲ့သွားတာ စိတ်မချရဘူးနော် …

    • ဆူး

      April 22, 2012 at 1:00 pm

      စိတ်မကောင်းစရာ ကောင်းလိုက်တာ.. အဲလိုကြီးဖြစ်တော့ သူ့ လက် သုံးမရ ဖြစ်သွားရင် ဒုက္ခပဲနော်..

      တောလမ်းက နွေရာသီ လမ်းဆိုတော့ ဖုန်ကလည်း ထ ပါတယ်။
      လမ်းကလည်း ကျဉ်းပါတယ် တစီးနဲ့ တစီး မနည်း ရှောင်တိမ်းရပါတယ်။ တဖက်မှာလည်း ချောက်တွေ ရှိတတ်တော့ သိပ်မလွယ်လှဘူး။

      ပိုဆိုးတာက ကားပျက်လို့ လမ်းမှာ ရပ်နေတော့ ကားပေါ်က လူတွေ ကို လွတ်တဲ့ ကားက တယောက်စ နှစ်ယောက်စ ခေါ်တင်သွားပါတယ်။ ကား တွေက လူပြည့်နေတော့ ကားကြုံ အတွက် ဖုန်ထ တဲ့ လမ်းမှာ စောင့်ခဲ့ရတယ်။

      ကားသမားတွေ ပြောနေတာကြားနေရတယ်.. သူတို့ လမ်းမှာ ကားပျက်ပြီး တောထဲမှာ ၃ည လောက် အိပ်ရတယ် ဆိုတဲ့ အကြောင်းတွေနဲ့ ဆန်ရှိပြီး ရေမရှိလို့ မချက်ရဘူး ဆိုတာတွေပေါ့..

      • Moe Z

        April 22, 2012 at 1:33 pm

        လက်ဖျားလေးကိုကြိတ်မိသွားတာ မမဆူးရဲ့
        မိုးစက်တို့ကားနဲ့နည်းနည်းလှမ်းတော့ သေချာတော့မမြင်ရဘူး
        ကျော်အတက်မှာတွေ့တာ သနားစရာကောင်းသလို လေးစားစရာကောင်းတယ်
        သူကအရဲစွန့်ပြီးကားပေါ်ကလူတွေကို ကယ်လိုက်တာ ..

Leave a Reply