ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလ

anyartharJune 13, 20101min913

ကျွန်တော်တို့နိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ လိုအပ်ကြောင်းကို ၁၉၄၈ခုနှစ် မတိုင်မီ ကနေ ဒီနေ့အထိ လူတော်တော်များများက ရေးခဲ့ကြပြောခဲ့ကြသည်။ ကျွန်တော်လည်းရေးခဲ့ဘူး ပြောဆိုဆွေးနွေးခဲ့ ဘူးတယ်။

ဒါပေမယ့် ဒီနေ့အထိဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဆန့်ကျင်နေသူ၊ လက်မခံနိုင်သူတွေ တော်တော်များများ ရှိနေသေးတယ်။ ဒီလိုလူတွေအထဲမှာ အခြေအနေမှန်ကိုမသိတဲ့၊ ရိုးသားတဲ့မျိုးချစ်ပုဂ္ဂိုလ်တွေ လူငယ်တွေ တော်တော်များများ ပါဝင်နေတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် မဆက်ဆံဘူးတဲ့ ဗမာလူငယ်တွေထဲမှာ ဒီလိုအမြင်သဘောထားတွေရှိနေကြတယ်။

ဒီနေ့လိုနိုင်ငံရေးအခြေအနေ ဆိုးတွေနဲ့ရင်ဆို်င်ကြုံတွေ့နေရတဲ့ ကာလမှာတောင် ဒီလိုအမြင်မျိုးတွေရှိနေသေးတာဟာ အခြေအနေဆိုးကို သက်တမ်းရှည်အောင် အားပေးထောက်ကူနေသလိုဖြစ်နေလို့ ဒီအကြောင်းအရာကို ကျွန်တော်ထပ်ပြီးရေးရတာ ဖြစ်တယ်။ နားလည်ကျေညက်ပြီးသူအနေနဲ့ ခွင့်လွှတ်သီးခံ စေချင်တယ်။

ဖက်ဒရယ်ပြည်ထောင်စုဆိုတာ စစ်မှန်တဲ့ပြည်ထောင်စု (ဒါမှမဟုတ်) ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုကို ခေါ်တာဖြစ်ပါတယ်။ ဖက်ဒရယ်(ဖက်ဒရေးရှင်း)ဆိုတာ ခွဲထွက်ရေး၊ ပြိုကွဲရေးမဟုတ်ဘူး။ ပူးပေါင်းခြင်း၊ စုပေါင်း ဖွဲ့စည်းခြင်းသာဖြစ်တယ်။ ဖက်ဒရယ်ကိုခွဲထွက်ရေး၊ ပြိုကွဲရေးလို့ လူတွေထင်မြင်သွားအောင်လုပ်ခဲ့တာက (၁၉၆၂)ခု မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့စစ်ခေါင်းဆောင်တွေဖြစ်တယ်။ ဗိုလ်ချုပ်နေဝင်းနဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ် တွေဟာ ၎င်းတို့အာဏာသိမ်းတာကို အပြစ်မမြင်အကောင်းထင်လာအောင်နဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက် ရေးကို တောင်းဆိုခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေအဖွဲ့ဝင်တွေအပေါ် အဆိုးမြင်အပြစ်တင်လာအောင် ထွင်လိုက်တဲ့သဘောတရားတစ်ခုပါ။ ဒါကိုနားလည် ကြဖို့လိုပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်တောင်းဆို ရတာလဲ။ ဒါကိုရိုးသားတဲ့မျိုးချစ်ဗမာလူငယ်တွေ သုံးသပ်နို်င်ဖို့ ကျွန်တော်အကျဉ်းချုပ်တင်ပြလိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံစုစည်းနေထိုင်တဲ့နိုင်ငံ၊ လူမျိုးပေါင်းစုံပိုင်ဆိုင်တဲ့နို်င်ငံဖြစ်တယ်။ လူမျိုး ပေါင်းစုံဆိုပေမယ့် စစ်ခေါင်းဆောင်တွေပြေကြသလို လူမျိုး(၁၃၅)မျိုးဆိုတာတော့မဟုတ်ဘူး။ ပြည်နယ် (၁ဝဝ)ကျော် တည်ဆောက်ဖို့ ဘယ်သူတွေ ဘယ်တုန်းက ပြောဆိုတာမရှိခဲ့ဘူး။ (၈)ပြည်နယ်ကိုတည် ဆောက်ဖို့တောင်းဆိုခဲ့တာ ရှိတယ်။ ဘာ့ကြောင့်ဒီလိုတောင်းဆိုကြရတာလဲ။ (၁၉၄ရခု) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာြပြည်နယ်(၃)ခု ၊ဝိဒေသတိုင်း(၁)ခုနဲ့ ပြည်မဆိုပြီးဖွဲ့စည်းခဲ့တယ်။ ဗမာတွေက ပြည်မကိုရယူထားပြီး ပြည်နယ်တွေ၊ ဝိဒေသတိုင်းတွေ ကိုပြည်မအာဏာနဲ့ လွှမ်းမိုးထားလိုက်တယ်။ ၁၉၇၄ခု ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ပြည်နယ်(၇)ခု၊ တိုင်း(၇)ခုနဲ့ ခွဲခြားထားတယ်။ ဒါပေမယ့်ပြည်နယ်တွေ၊ တိုင်းတွေကို စီမံခန့်ခွဲ့ရေးအာဏာပေးထားခြင်းမရှိဘူး။ နာမည်ခံလောက်ပဲ ရှိပြီး အာဏာအားလုံးကို ဗဟိုအစိုးရကချုပ်ကိုင်ထားပြန်တယ်။ ဒီလိုအတုအယောင်ပြည်ထောင်စုတွေနဲ့ တွေ့ကြုံခဲ့ ရတာများလို့ ပြည်ထောင်စုအစစ်အမှန်ကို ဖော်ဆောင်ပေးလာအောင် ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုရတာ ဖြစ်တယ်။

(၈)ပြည်နယ်နဲ့ ဖွဲ့စည်းဖို့ဆို်တာက လူမျိုးကြီး(၈)မျိုးကို အခြေခံတာဖြစ်တယ်။ ကျန်တဲ့လူမျိုးစုတွေကို လျစ်လျူရှုထားတာမဟုတ်ဘူး။ သူတို့အတွက်သင့်တော်သလို အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လူမျိုးစုဒေသ ဆိုပြီးသတ်မှတ်ကာ သင့်တော်တဲ့အာဏာတွေ အခွင့်အရေးတွေပေးထားရမှာဖြစ်ပါတယ်။ အထူးသဖြင့်လူမျိုးစု တစ်စုက ဝါးမျိုတာမျိုးမဖြစ်ရအောင် အာဏာတွေ အခွင့်အရေးတွေ ခွဲဝေပေးထားရမှာ ဖြစ်ပါတယ်။

ဒီလိုပုံစံမျိုးနဲ့ဖွဲ့စည်းဖို့ ဘာကြောင့်လိုအပ်သလဲဆိုရင်

၁။ မတူညီတဲ့ လက္ခဏာရပ်တွေနဲ့ သမိုင်းနောက်ခံ
၂။ သီးခြားစီရပ်တည်နေထိုင်နိုင်တဲ့အခြေအနေ
၃။ တန်းတူညီမျှရေးမှ စုပေါင်းညီညွတ်မရြှိစေရန်
ဒီအခြေခံ(၃)ခုကြောင့် ဖက်ိရယ်ပြည်ထောင်စုမျိုး ဖွဲ့စည်းဖို့လိုအပ်တာ ဖြစ်တယ်။ ဒီအခြေခံ(၃)ရပ်ကို ထပ်မံပြီး ရှင်းလင်းအောင်ပြောရမယ်ဆိုရင် ၊
၁။ မတူညီတဲ့လက္ခဏာရပ်များနှင့် သမိုင်းနောက်ခံ
လူမျိုးစုကြီး(၈)မျိုးဆိုတဲ့ကြချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ ရခိုင်၊ ရှမ်းလူမျိုးစုတွေဟာ တစ်မျိုးနဲ့ တစ်မျိုးမတူညီတဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမြတွေနဲ့ သမိုင်းကြောင်းနောက်ခံတွေရှိနေကြတယ်။ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမြတွေ မတူညီတာကိုရှင်းဖို့လိုမယ်မထင်လို့ မရှင်းတော့ပါဘူး။ ဒီလူမျိုးစုတွေဟာ ဒီနိုင်ငံရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဒီနေ့သူတို့အခြေပြုနေထိုင်နေကြတဲ့ နေရာဒေသတွေကို လွန်ခဲ့သော နှစ်ပေါင်း ထောင်ကျော်က ရောက်ရှိနေထိုင်ခဲ့ကြတာဖြစ်တယ်။ (၁၁)ရာစုမတိုင်မီ ကဆိုရင် အနောက်ဘက်မှာ ရခိုင်ပြည်၊ တောင်ဘက်မှာ မွန်ပြည်နယ်၊ အလယ်ပို်င်းအညာဒေသမှာ ဗမာပြည် ဆိုပြီးထင်ထင်ရှားရှားရှိနေခဲ့ကြတယ်။

အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဗမာဘုရင်တွေ စစ်အင်အားကောင်းချိန်မှာ အခြားလူမျိုးတွေရဲ့ နိုင်ငံတွေက်ို တိုက်ခိုက်သိမ်ပိုက်ခဲ့တယ်။ ဒါပေမယ့် အမြဲတမ်း သိမ်းပိုက်ထား နိုင်တာမဟုတ်ဘူး။ နှစ်ဆယ်ရာအချို့မှာ သူ့ပြည်သူ့နိုင်ငံနဲ့သူ ဖြစ်ခဲ့ကြတာ သမိုင်းကို လေ့လာသူတိုင်းသိကြပါတယ်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း တွေဟာ သီးခြားသူ့နိုင်ငံသူဘုရင်တွေနဲ့ မဟုတ်ပေမယ့်၊ ဒူးဝါး၊ စော်ကဲ၊ စောဖြာ၊ စော်ဘွား၊ တောင်ပိုင်၊ တောင်အုပ် တွေနဲ့ ၎င်းတို့လူမျိုးကို ၎င်းတို့ရဲ့အကြီးအကဲတွေက အုပ်ချုပ်ခဲ့ကြတယ်။ ပဒေသရာဇ်ဘုရင်ခေတ်တွေမှာ လက်အောက်ခံဘဝ ရောက်ခဲ့ရင်တောင် ဘဏ္ဍာဆက်နိုင်၊ လိုအပ်လာရင်စစ်သား ပို့ပေးနိုင်ရင်ပြီးတာပဲ၊ လက်တွေ့အရသူ့လူမျိုး နဲ့သူအုပ်ချုပ်ခဲ့ကြတာ ခေတ်အဆက်ဆက်ကပါ။

ရှမ်းတွေက တစ်ခါတစ်ရံမှာ ဘုရင်တွေနဲ့သီးခြားနိုင်ငံဖြစ်ခဲ့ဘူတယ်။ ကရင်နီတွေ ကတော့ (၁၈၇၅)ခုနှစ်မှာ မင်းတုန်းမင်းရဲ့ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနဲ့ အင်္ဂလိပ်အ စိုးရရဲ့ကိုယ်စားလှယ် ဆာဒေါက်ကလပ်ဖေါဆစ်တို့ သဘောတူလက်မှတ်ရေးထိုးပြီး သီးခြားနိုင်ငံတစ်ခုအဖြစ်နဲ့ ရှိလာခဲ့တာ (၁၉၄၇)ခုနှစ်အထိဖြစ်တယ်။ ဒီလိုသမိုင်း နောက်ခံ အခိုင်အမာရှိလာခဲ့တာကို ပစ်ပယ်မေ့ပျောက်ထားလို့မရပါဘူး။ အင်္ဂလိပ်တွေအုပ်စိုးခဲ့တဲ့ကာလမှာ တောင်တန်းဒေသနဲ့မြန်မာပြည်မဆိုပြီး သီးခြားစီဖြစ်နေကြတယ်။

ဒီလိုတစ်သီးတစ်ခြားစီ နှစ်ပေါင်းကြာရှည်စွာရှိခဲ့တာကို ပေါင်းစပ်စုစည်းဖို့ ရှေးလူကြီးတွေရဲ့ သဘောထား တွေနဲ့ ကတိစကားတွေကိုလည်း ပြန်လည်လေ့လာဖို့လိုပါတယ်။ ၁၉၄၆ခု၊ဇန်နဝါရီလ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံမှာကျင်းပတဲ့ (ဖဆပလ)ရဲ့ ပထမအကြိမ်ပြည်လုံးကျွတ်ညီလာခံမှာ “လွတ်လပ်တဲ့ ဗမာပြည်သစ်ကို တည်ထောင်ရာမှာ မည်သည့်တိုင်းရင်းသားလူမျိုးစုကိုမဆို ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး ခွင့်ပေးမယ်၊ ခွဲထွက်လိုတဲ့ အခါခွဲထွက်ခွင့်ပေးမယ်”လို့ချမှတ်ထားတာရှိပါတယ်။ ၁၉၄၆ခု မတ်လပထမ ပင်လုံအစည်းအဝေးမှာ (ဖဆပလ)ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တဲ့ ဦးနုနဲ့ဦးဘဂျမ်းတို့က ဒီစကားကို ထပ်မံထုတ်ဖေါ်ပြောဆိုပြီး တိုင်းရင်းသားအားလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ကြတယ်။ ၁၉၄ရခု၊ ဖေဖေါ်ဝါရီလ(၁ဝ)ရက်နေ့ ပင်လုံညီလာခံ မှာ ဗိုလ်ချုပ်အောင်ဆန်းက “ဗမာတွေဗြိတိသျှကျွန်မဖြစ်ချင်သလို တောင်တန်းသားတွေကိုလည်း ဗြိတိ်သျှကျွန်မဖြစ် စေလိုကြောင်း၊ ထို့အတူတောင်တန်းသားတွေကို ဗမာကျွန်မဖြစ်စေရဘူး၊”ဆိုပြီးပဋိညာဉ်အဖြစ်နဲ့ ကတိ ကဝတ်ပြုပြောဆိုခဲ့တာရှိပါတယ်။ ဒီလိုကတိကဝတ်တွေ နားလည် မှုတွေနဲ့ ပင်လုံစာချုပ်ဆိုတဲ့ သဘောတူ ညီမှုရှိခဲ့တာကို ဒီနေ့ဗမာတွေ မေ့ပျောက်မထားကြဖို့လိုပါတယ်။

ပင်လုံစာချုပ်အခြေခံသဘောထားကတော့၊

၁။ ပြည်ထောင်စုအရပူးပေါင်းခြင်း။
၂။ အခွင့်အရေးနဲ့အဆင့်အတန်းတူညီရေး။
၃။ ပြည်နယ်တွေမှာကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး။
၄။ ခွဲထွက်လိုပါကခွဲထွက်ခွင့်ရှိရေးဆိုတဲ့ အခြေခံသဘောထား(၄)ရပ်ရှိပါတယ်။ ဒီအခြေခံမူတွေနဲ့စုစည်းပြီး လွတ်လပ်ရေးကိုအတူတကွရယူဖို့ တောင်းဆိုခဲ့ကြတာဖြစ်တယ်။ ဟိုတုန်းကဒီလိုသာသဘောထားမရှိခဲ့ရင် မြန်မာပြည်လို့ခေါ်တဲ့ ကျွန်တော်တို့ပြည်ထောင်စုရဲ့နယ်နိမိတ်ဟာ ဒီနေ့လိုအနေအထားမျိုး ဖြစ်လာလိမ့်မှာ မဟုတ်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရပြီးတဲ့နောက်မှာ လက်တွေ့ အကောင်အထည်ဖော်တဲ့ (၁၉၄၇)ခု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အထက်ပါသဘောထားတွေ ပျောက်ကွယ်နေတာတွေ့ရတယ်။

ပုံသဏ္ဍာန်အရ ပြည်ထောင်စုအသွင်ပေါက်ပေမယ့် ပြည်မဖြစ်တဲ့ဗမာတွေက ပြည်နယ်တွေဖြစ်တဲ့ တိုင်းရင်းသား လူူမျိုးတွေအပေါ်မှာ လွမ်းမိုးချုပ်ကိုင်ထားလို့ အနှစ်သာရအရ တပြည်ထောင် စနစ်ဖြစ်နေတယ်။ ဒီဖွဲ့စည်းပုံကို ဒိုင်ခံရေးသားခဲ့သူ ဦးချန်ထွန်းကို်ယ်တိုင် ဝန်ခံခဲ့ပြီးဖြစ်သည်။ ဒီဖွဲ့စည်းပုံကို အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် ပြည်ထောင်စုက နေခွဲထွက်ဖို့ ဘယ်ပြန်နယ်ကမျ တောင်းဆိုခဲ့ခြင်းမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံငယ်လေးနဲ့ရပ်တည်ဖို့ဆိုတာ အန္တရယ်ကြီးမား ကြောင်း အားလုံးကနားလည်ကြ ပါတယ်။

(၁၉၄၇)ခုဖွဲ့စည်းပုံအခြေခံဥပေိအရ ကရင်၊ မွန်နှင့်ရခိုင်တွေ ဘာအခွင့်အရေးမှ မရခဲ့ကြပါဘူး။ ဒါကို မကျေနပ်ပြီးတောင်းဆိုကြရာက အကြမ်းနည်းနဲ့ဖြေရှင်းလို့ တိုင်းရင်းသားတွေရဲ့ တော်လှန်ပုန်ကန်မှု စတင်ဖြစ် လာခဲ့ရတယ်။ ဒီလိုပွဲကြမ်းပြီးမှ (၁၉၅၁)ခုနှစ်မှာ ကရင်ပြည်နယ်ကိုဖော်ထုတ်ပေးခဲ့တယ်။ ဒါပေမယ့်မြေပြန့်နဲ့ ကမ်းရိုးတန်းမှာရှိတဲ့ မွန်နဲ့ရခိုင်တွေကိုတော့ အခွင့်အရေးမပေးပဲ ဗမာစာရင်းသွပ်သွင်းပြီး ဖုံးကွယ်ဝါးမျိုခဲ့ကြတယ်။

3 comments

  • yannaingech

    June 13, 2010 at 10:57 am

    တည်ဆောက်ချင်တာနဲ့ တည်ဆောက်ဖို့လိုအပ်တာ မတူဘူးထင်ပါတယ်။

  • rain

    June 27, 2010 at 5:32 pm

    အခုထက်ထိ မြန်မာနိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ ဆိုင်းဘိုးထောင် တဲ့ အဆင့်ထက် မတက်သေးပါဘူး။ မဟာဗမာလူမျိုးကြီးဝါဒကို လက်ကိုင်ထားသမျှ ဘယ်တော့မှလည်း ညီညွတ်မှာ မဟုတ်ပါဘူး။ ။ ဗမာနိုင်ငံ ဗမာပြည်နဲ့ သောက်ရှက်မရှိတပ်ခေါ်နေတာက အမှန်တိုင်းစဉ်းစားရင် ရှက်စရာကောင်းပါတယ်။ လွတ်လပ်ရေးရတာ ဗမာတစ်မျိုးနဲ့ဘဲ ဆိုင်ပါသလား။ တိုင်းခုနစ်ခု ပြည်နယ်ခုနစ်ခု လုပ်ထားတာက လူပါးဝတာပါ။ ဥပမာ . လူကြီးတစ်ယောက် လူငယ် ခုနစ်ယောက် အရက်သောက်ကြတယ်။ လူကြီးက ဝေပေးတယ်။ မောင်ဖြူ တစ်ခွက်၊ ငါ တစ်ခွက်၊ မောင်နီ တစ်ခွက်၊ ငါတစ်ခွက်နဲ့ လူငယ်ခုနစ်ယောက်တစ်ယောက်တစ်ခွက် သောက်ပြီးချိန်မှာ သူကတော့ ခုနစ်ခွက်သောက်ပြီးပါပြီ။ ဖဒရယ်ဆိုတာ အဲလို ဝေပုံလား။ အားမနာတမ်း အမှန်အတိုင်းပြော မယ်ဆိုရင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အခုထက်မရနိုင်တာ ဗမာတွေ လူပါးဝလွန်းလို့ပါ။ သမိုင်းသင်တာ မအ ရအောင်တဲ့။ သမိုင်းကိုပြန်ကြည့်ရင် ဗမာတွေ လူပါးဝခဲ့တာတွေ ထင်းထင်းကြီးမြင်ရမှာပါ။ ပုဒ်ကိုယ်ရေးအရ ဘယ်ဗမာမှ ကျွန်တော်မမုန်းပါဘူး။ ဒါပေမယ့် လူမျိုးရေးအရတော့ ခံရဖန်များလို့ ဗမာဆိုရင် မယုံပါဘူး။ ကျွန်တော်မှ မဟုတ်ပါဘူး။ တခြားတိုင်းရင်းသားတွေ ရင်ထဲမှာလဲ ဒီလိုဘဲ ရှိမှာပါ။ တကယ်တမ်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လိုချင်တယ်ဆိုရင် ဗမာပြည်သည်ငါတို့ပြည် လို့ ဆက်ပြီး မအော်ပါနဲ့တော့။ သေချာစဉ်းစားရင် ရှက်စရာကောင်းလို့ပါ။

  • Winn

    June 28, 2010 at 2:56 am

    Rain ရေ…

    အခုဒီနေ.ခေတ်မှာ ဒီလိုကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်ကို ရှေ့တန်းတင်နေသမျှ လူမျိုးရေးပဋိပက္ခ တွေဘယ်တော့မှအဆုံးမသတ်ဘူးဗျ။

Leave a Reply