“ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်…..”

zaylayJune 13, 20101min471

ငယ်စဉ်ကတည်းက အစပြုခဲ့တဲ့ နင်နဲ့ငါရဲ့ သံယောဇဉ်က ခိုင်မြဲလွန်းခဲ့တယ်.
ကျောင်းသွား ကျောင်းပြန် အတူမခွဲပဲ ငါတို့ နှစ်ယောက် အမြဲ တစ်တွဲတွဲ ရှိနေခဲ့ကြတယ်လေ.
ရိုးစင်းလွန်းတဲ့ နင့်မျက်နှာက သိ်ပ်ကို အပြစ်ကင်းလွန်းပါတယ်။

ငါ့တို့ခြံထဲမှာ အတူကစားရင် ကြီးပြင်းလာခဲ့တဲ့
နင်နဲ့ငါ ကျောင်းဖွင့်ရက်တွေမှာ အမြဲအတူ ကျောင်းသွား၊စာကျက်ကြသလိုပဲ.
ကျောင်းပိတ်ရက်တွေမှာလည်း တောင်ပေါ်တတ်ပြီး စွန်လွှတ်ခဲ့ကြတယ်လေ.
ညနေခင်းတိုင်းမှာ ဆရာခေါ်တမ်း Chess ထိုးကျတာတွေ၊
အိုးမဲသုတ်တမ်း Poker ဆော့ရင် ဖဲခိုးတတ်တဲ့ ငါ့အကျင့်ကြောင့်
ဒေါသထွက်တဲ့ နင့်မျက်နှာ… အိုးမဲတွေနဲ့ ညစ်ပေကုန်မှ ရေချိုးတတ်ကြတဲ့
နင်နဲ့ငါအကြောင်းတွေ ပြန်တွေးမိလိုက်တိုင်း အလွမ်းတွေနဲ့ ပြုံးမိနေဆဲပါပဲ။

ကြာခဲ့ပြီဆိုပေမယ့် နင်ဆိုပြတဲ့ သီချင်းတွေကို မှတ်မိနေသေးတယ်.
ညဘက်တွေမှာ နင်တို့ အိမ်နောက်က ခုံတန်းကြီးပေါ်မှာ ဂီတာတတ်တဲ့နင့်ဝါသနာနဲ့
အသံဗြဲကြီးနဲ့ သီချင်းလိုက်ဆိုတတ်တဲ့ ငါ့အကျင့်ကြောင့် မရိုးတဲ့ရန်ပွဲမှာ နင်ပြောနေကျစကားက
” အသံဗြဲကြိးနဲ့လိုက်မဆိုနဲ့ နင်ဆိုရင် Key ကြောင်တယ် ” တဲ့

ဘာပဲပြောပြောပါ
နင်ငါ့အပေါ်ထားတဲ့ သံယောဇဉ်က သိပ်ဖြူစင်ပြီး ခိုင်မြဲလွန်းတာ ငါအသိဆုံးပါ. သီတင်းကျွတ်ပေါင်းများစွာကို ငါတို့ နှစ်ယောက်အတူ မီးထွန်းခဲ့ ဗျောက်အိုးဖောက်ခဲ့ကြဖူးတယ်နော်.
နှစ်စဉ်မရိုးတဲ့ သင်္ကြန်ရက်တွေတိုင်းမှာ
ငါတို့နှစ်ယောက်အတူ ရေကစားခဲ့ကြတာတွေကလည်း အမှတ်တရတွေထဲက အမှတ်တရတွေပါပဲလေ.
ငယ်စဉ်ကတည်းက နှစ်စဉ် သင်္ကြန်နောက်ဆုံးရက်မှာ အမြဲတမ်းနောက်ဆုံးမှ ရေလာလောင်းတတ်တဲ့
နင့်အကျင့်က 2003ခုနှစ် April 16 သင်္ကြန်အထိ ပျက်ကွက်မှုမရှိခဲ့ပါဘူး.
” နောက်နှစ်ဆို ရေလောင်းရမှာ မဟုတ်တော့ဘူး ” တဲ့ .
နင်ပြောခဲ့တဲ့စကား… အဲဒီအချိန်ထိ ခွဲရမယ်လို့ လက်မခံနိုင်သေးဘူး ။

ဒီလိုနဲ့ April 19….
ကြားရတဲ့ သတင်း မဖြစ်ပါနဲ့ဦး လို့ ဆုတောင်းပေမယ့် အဲဒီဆုတောင်း မပြည့်ခဲ့ပါဘူး.
ရန်ကုန်မှာကျောင်းသွားတတ်ရမယ် တဲ့ .
ပြောင်းလဲမှုက မြန်ဆန်လွန်းလိုက်တာ April 20…..
ရန်ကုန်သွားဖို့ ကားဂိတ်မှာ လူစုံနေပြီ. မခွဲအတူ အမြဲရှိခဲ့ကြတဲ့ နင်နဲ့ငါ
အခုတော့ ငါကကားပေါ်မှာ… နင်ကကားဘေးမှာ ငေးလို့………
ဒါပေမယ့် တူညီတာလေးတစ်ခုက နင်ရော ငါရော နှုတ်ဆိတ်နေကြတယ်လေ.

အဲဒီနေ့က ငါနင့်ကို လုံးဝမကြည့်ခဲ့ဘူး. ငိုမိမှာ စိုးလို့ပါ. ငါနင့်ရှေ့မှာ မငိုချင်ဘူးဟာ.. နင်ပြောဖူးတယ်လေ “အသံဗြဲကြီးနဲ့ အော်ငိုမနေနဲ့ … နင်ငိုရင် ရုပ်ဆိုးလွန်းလို့ပါ ” တဲ့လေ
သူငယ်ချင်းရယ်.. ငါနင့်ရှေ့မှာ မငိုချင်ဘူးဟာ.. နင်ရှေ့မှာ ငါ အမြဲ ပြုံးရယ်နေချင်တယ်။

ငါတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်မှုကို ဘေးမှာရှိနေတဲ့ ငါ့အမေကတောင် သတိထားမိခဲ့တယ်.
“သမီး သူငယ်ချင်းကို နှတ်ဆက်လိုက်ဦးလေ.. ဟိုမှာ သမီးသူငယ်ချင်းက ငို်တော့မယ် ” တဲ့. ဟုတ်ပါရဲ့…….နင်မျက်ရည်တွေ ဝဲနေတယ်.
ဒါပေမယ့် နင်ငါ့ကို ပြုံးပြပြီးပြောလိုက်တဲ့ စကားကတော့
“ငါ့ကို လာမနှုတ်ဆက်နဲ့.. နင်ပြန်လာမယ်ဆိုတာ ငါယုံတယ်. ပြန်လာခဲ့နော် ” တဲ့
” အေးပါဟာ ” လို့
ငါပြောတော့ ကျေနပ်သွားတဲ့ နင့်မျက်နှာက ယုံကြည်မှုတွေ အပြည့်နဲ့ပေါ့။

ကားထွက်တော့ နင်မျက်ရည်တွေဝဲလို့ပေါ့…
ကားပေါ်ကနေ
“အခြောက်ကြီး.. ငိုမနေနဲ့ ငါပြန်လာမှာ ” လို့လှမ်းစတော့
နင်ကပြန်ပြောတယ်လေ ” အမယ်.. ဘာအခြောက်လဲ… နင်ပြန်လာမှ တွေ့မယ် ” တဲ့.

တကယ်တော့ သူငယ်ချင်းရယ် ငါပြန်လာဖို့က မသေချာတော့ပါဘူး.
ပြန်လာခွင့်ရခဲ့မယ် ဆိုရင်တောင် ဧည့်သည်သဘောမျိုးနဲ့ ခဏပဲ ပြန်လာရတော့မှာ.
အရင်ကလို နင်နဲ့အတူ စွန်လွတ်လို့ မရတော့ဘူး.
သီချင်းဆိုလို့မရတော့ဘူး. ရန်ဖြစ်လို့လည်းမရတော့ပါဘူး. ပြီးတော့
ငါတို့အတူတူ တက္ကသိုလ်တတ်ကြမယ်ဆိုတဲ့ အိပ်မက်လေးလည်း ပျက်ဆီးသွားခဲ့ပါပြီ.
အဲဒါတွေ နင်မသိသေးဘူးမဟုတ်လား ?

ကားထွက်လာတော့မှ ငါတို့ တကယ်ခွဲရပြီဆိုတဲ့အသိက ဘယ်လိုမှ မခံစားနိုင်ဘူးဟာ…
ငါနင့်ကို ပြန်လှည့်ကြည့်တော့ နင်က ဟိုး…အဝေးကြီးမှာ ကျန်ခဲ့ပြီ.
ငါမငိုဘူးလို့ အားတင်းထားပေမယ့် မျက်ရည်တွေက တားဆီးမရခဲ့ပါဘူး.
ဒါပေမယ့် ငါကျေနပ်တယ်.

ငါ…နင့်ကိုအပြုံးမပျက် နှုတ်ဆက်နိုင်ခဲ့တယ်လေ။

ငယ်စဉ်ကတည်းက ဖြစ်တည်လာတဲ့ ငါတို့နှစ်ယောက်ရဲ့ သံယောဇဉ်က ငါ့အတွက်တော့ ထာဝရပါပဲ.
နင့်အတွက်တော့ ငါက ပြန်လာမယ်လို့ ပုံပြောသွားတဲ့
ကောင်မလေးတစ်ယောက်များ ဖြစ်နေမလား?
ငါတို့ရဲ့အတိတ်က ပျော်စရာနေ့တွေကို အမြဲထာဝရ အမှတ်ရနေမှာပါ.
တကယ်တော့ နင်ကျန်နေခဲ့တဲ့ လားရှိုးမြို့လေးကို ငါလည်းပြန်လာချင်တာပေါ့…
ဒါပေမယ့် လားရှိုးမြို့ရဲ့ ထာဝရဧည့်သည်ဖြစ်သွားပြီဆိုတဲ့ အသိက
ငါ့ရင်ကို နာကျင်စေလွန်းပါတယ်ဟာ.

” ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်…..(ဒါမှမဟုတ်) နောင်ဘဝသာရှိမယ်ဆိုရင်…..
လားရှိုးမှာမွေး… လားရှိုးမှာကြီးပြီး… လားရှိုးမှာနေရတဲ့
နင်ရဲ့ထာဝရသူငယ်ချင်း လားရှိုးသူသာဖြစ်ပါရစေ ”
လို့
အခုချိန်ထိ ငါဆုတောင်းမိနေဆဲပါပဲ.

ပြိုင်ပွဲဝင်ခဲ့တဲ့ ဝတ္တုတိုလေးပါ
ရလဒ်ကိုတော့မမေးပါနဲ့ ရှုံးပါတယ်
ဟဲဟဲ

One comment

  • kopauk mandalay

    June 13, 2010 at 3:13 pm

    ထာဝရသူငယ်ချင်းတော့မဖြစ်ချင်ဘူး ဖြစ်ချင်းဖြစ်ရင် တစ်သက်လုံးမခွဲရမယ့်သူဘဲဖြစ်ချင်တယ်
    :http://kopaukmdy.myanmarsarpay.info/

Leave a Reply