တက္ကစီ မောင်းသူ တဦး ဓားဒဏ်ရာ များဖြင့် သေဆုံး

guestktyJune 13, 20101min702

ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဒဂုံမြို့သစ် တောင်မြောက် လမ်းဆုံ အနီးတွင် ပြီးခဲ့သည့် ဇွန် (၆) ရက်ည၌ တက္ကစီ မောင်းသူ တဦးကို ကြေးစား လူသတ် သမားများက သတ်ဖြတ် မှု တခု ဖြစ်ပွားခဲ့သည်။ သေဆုံးသူသည် အသက် (၃၇) နှစ်အရွယ် ကိုလှဝင်း ဆိုသူ ဖြစ်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၇၁) ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး မွတ်စလင် လူမျိုးဖြစ်ကာ ဇနီးနှင့်အတူ သားသမီး (၅) ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ သေမှုသေခင်းဖြစ်စဉ်ကို သွားရောက် စစ်ဆေးခဲ့သည့် နယ်မြေရဲတဦးက “လှဝင်းကားကို ကားတစီးက လာပြီးတော့ ပွတ်ဆွဲတယ်။ သူက စက်ရပ် ပြီးတော့ ကားပေါ်က ဆင်းလိုက်တယ်၊ ကားပေါ်မှာ ခရီးသည် (၂) ယောက်ပါတယ်၊ အဲဒီ ခရီးသည်တွေလည်း ကြောက်လန့်ပြီးတော့ နောက် ကား ငှားပြီးတော့ ပြေးရော၊ ဖိနပ်တောင် ကျန်ခဲ့သေးတယ်။ လူသတ်သမား တွေက သူ့ကို ဓားနဲ့ထိုးတော့ သူကားပေါ်ကို အော်ဟစ်ပြီး ပြန်ပြေးတယ်။ လူသတ်သမားတွေက သေသူ ရဲ့ခြေထောက်ကို ဓားနဲ့ လိုက်ပြီးတော့ ခုတ်တယ်။ သူက ကားပေါ်ကို ပြေးတက်ပြီးတော့ ကားမှန် တွေကို ပိတ်ပြီးတော့ ပြေးမလို့ လုပ်ပေမယ့် အောက်မှာ ရုန်းရင်း ဆန်ခတ် ဖြစ်တုန်းမှာ ခါးမှာ ချိတ်ထားတဲ့ ကားသော့က ကျကျန်ခဲ့တယ်။ သူ့ကို လူသတ်သမားတွေက ကားမှန်ကို ခွဲပြီးတော့ မသေမချင်း သတ်တာလို့ ယူဆရတယ်။ ဘာလို့လဲ ဆိုတော့ သူ့မှာ ရထားတဲ့ ဒဏ်ရာ တွေကိုရော အခြေအနေ ကိုရော တွက်ဆ ကြည့်မိလို့ပါ။ ကားသော့က ကားနဲ့ မလှမ်းမကမ်းမှာ တွေ့ရတယ်။ ညာဘက် လက်မှာလည်း ဓားနဲ့ အချက်ပေါင်း များစွာ ခုတ်ထား တာ တွေ့ရ တယ်” ဟု ပြောသည်။ သေဆုံးသူ နှင့်တက္ကစီ မောင်းဘက် တဦးက “အဲဒီနေ့က လှဝင်း မောင်းတဲ့ကားက တောင်မြောက် လမ်းဆုံ မရောက်ခင် တံတားဖြူ အနီးမှာ ဖြစ်တာ။ သူ့အလောင်း ကို ကျနော်တို့ သွားကြည့်တော့ လက်တွေမှာ ဓားနဲ့ ခုတ်ထား တာတွေက အများကြီး၊ ကြေမွနေတယ်။ ပြီးတော့ လက်မလည်း ပြတ်နေတယ်။ ဗိုက်ကိုလည်း ဓားနှင့် ခွဲသွားတော့ အူတွေပါ ထွက်နေတယ်” ဟု ပြောသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲစခန်းက စုံစမ်းကာ လူသတ်တရားခံများကို ဇွန်လ (၈) ရက်နေ့၌ ဖမ်းဆီးမိပြီ ဖြစ်ကြောင်း တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။ “တရားခံတွေကို မိထားပါပြီ၊ အမှုကိုတော့ စစ်ဆေး နေတုန်းပါပဲ” ဟု ၎င်းက ပြောသည်။ လူသတ်သမားများသည် တောင်းအေ့ (စ်) ကားဖြင့် လိုက်သတ်ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ကိုလှဝင်း ထံမှ ငွေကြေး တစ်စုံတရာ ယူဆောင်သွားခြင်းမရှိကြောင်း၊ ယင်းအတွက် သေစေလိုသော စိတ်သက် သက်ဖြင့် သတ်ဖြတ်သည်မှာ ထင်ရှား ကြောင်း ဒေသခံ ရပ်ကွက် အာဏာပိုင် တဦးက ပြောသည်။ ၎င်းက “အခု သတ်တဲ့ သူတွေကို ဖမ်းထားတာ၊ ယာဉ်မောင်း အပါအဝင် လူ (၄) ဦး ဖြစ်တယ်။ အဲဒီလူတွေက ကြည့်မြင်တိုင်မြို့နယ်အတွင်းက ကြေးစား လူသတ်သမားတွေပဲ” ဟု ပြောသည်။ အဆိုပါ လူသတ်မှုဖြစ်ပွားမှုသည့်အချိန်မှာ ဇွန် (၆) ရက် ည (၇) နာရီခွဲ ကျော်ခန့်က ဖြစ်ပွားခဲ့သော်လည်း သက်ဆိုင် ရာတို့မှ လာရောက်စစ်ဆေးမှု ပြုလုပ်ကြသည်မှာ ည (၉) နာရီခန့်တွင် ဖြစ်ကြောင်း အခင်းဖြစ်ပွားရာအနီးမှ မျက်မြင်များက ပြောသည်။ မျက်မြင်များ၏ ပြောပြချက်အရ ထိုသို့ အခငး ်ဖြစ်ပွားစဉ်တွင် ကိုလှဝင်းက အော်ဟစ်အကူ အညီတောင်း သော်လည်း မိမိတို့ကိုပါ သတ်သွားမည် စိုးရိမ်သည့်အတွက် သွားရောက် မကူညီနိုင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သေသူကို မွတ်စလင် ဘာသာအရ ချက်ချင်း သင်္ဂြိုဟ် လိုက်ကြောင်း သိရသည်။ ( ခေတ်ပြိုင် )

2 comments

  • etone

    June 14, 2010 at 2:07 am

    စိုးရွားလိုက်တာနော် ။ အခုကော အဲ့ဒီလူသတ်သမားတွေကို ဖမ်းထားလား ။
    etone လည်း 8 ရက်နေ့က ကြည့်မြင်တိုင်မှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ရမ်းကားခံရတဲ့အကြောင်းကို နောက်မှpost တင်ပေးဦးမယ် ။ အရမ်းကို စိတ်ကုန်တယ် ။ လူတွေဘာဖြစ်နေပြီလဲမသိတော့ဘူး ။ တချို့ လူတွေက လူစိတ်တောင်ပျောက်နေပြီထင်ပါရဲ့ ။

  • zarny

    September 16, 2010 at 11:59 am

    အိတုန် လူသတ်သမားကို ရှာတုန်း အိတုန် ရဲ. အတွေ. အကြ ုံ လဲ တင်ပေး အုန်းနော် စိတ်ဝင်စား လို ့ပါ

Leave a Reply