စိတ်တို့ရဲ့ဖြစ်စဉ်(အပိုင်းတစ်)

Pye Kun ZawApril 23, 20121min900

စိတ်တွေဘယ်လိုဖြစ်ပျက်တယ် ဆိုတာနှင့်ပတ်သတ်ပြီး အဘိဓမ္မာသင်ခဲ့စဉ်အခါက သိခဲ့ရပါတယ်။ သုတမယ, စိန္တာမယ, ဘာဝနာမယ ဆိုတဲ့အသိသုံးမျိုးမှ

သုတမယသာဖြစ်ခဲ့ပေမယ့် အင်မတန်အကျိုးရှိလှပါတယ်။ သင်ခဲ့တဲ့အဘိဓမ္မာဆရာကြီး ဆရာဟန်က ဝီထိလို့ခေါ်တဲ့(စိတ်ဖြစ်စဉ်အစဉ်အတန်း)

အကြောင်းမသင်ခင်မှာ ဆရာတော်ကြီးတွေအဘိဓမ္မာဆရာတွေ နိုင်ငံခြားသားတွေကို အဘိဓမ္မာဟောပြောပြီဆိုရင် ဝီထိအပိုင်းကိုဦးစားပေး ဟောပြောကြပြီး

သူတို့ကလည်း အလွန်စိတ်ဝင်စားကြပါတယ်။

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်းအတွက်လည်း သိထားသင့်တဲ့အကြောင်းအရာလို့ထင်မိပါတယ်…
ဆရာကြီးမင်းတင်မွန်ရဲ့ အဘိဓမ္မာပို့ချချက်ကို ကိုးကားပြီးတင်ပြပေးသွားမှာပါ..

ကျွန်တော်တိုု့မှာ ဖြစ်နေတဲ့အာရုံတွေကို ပိုင်းခြားကြည့်ပါက ခြောက်ပါးတွေ့ရမှာဖြစ်ပါတယ်
အမြင်အာရုံ အကြားအာရုံ အနံ့အာရုံ အရသာအာရုံ အတွေ့အထိအာရုံ စိတ်ကူးမှာပေါ်လာတဲ့အာရုံ တို့ဖြစ်ကြပါတယ်..
အဲ့ဒီအာရုံတွေကို ကျွန်တော်တို့သိဖို့အတွက် ဘာလိုအပ်သလဲ
အမြင်ကိုသိဖို့..
၁။ မျက်စိကောင်းရပါမယ် (အဲဒီမှာမျက်စိအတွင်းထဲက အကြည်ဓါတ် သိပ္ပံအခေါ် မျက်ကြည်လွာကိုပြောပါတယ်)
၂။ အမြင်အာရုံဆိုတဲ့ မြင်နိုင်တဲ့အဆင်းရှိရပါမယ်
၃။ လုံလောက်တဲ့အလင်းရှိရပါမယ်
၄။ နှလုံးသွင်းဆင်ခြင်မှုရှိရပါမယ်
လို့ဆိုထားပါတယ်..
သတိမမူဂူမမြင်ဆိုတဲ့အတိုင်း မိမိစိတ်ထဲမှာ အခြားကိစ္စတွေစဉ်းစားတွေးတောနေစဉ် မိမိအရှေ့မှာလာရပ်တဲ့သူကိုပင် မမြင်မိတတ်သလိုဘဲ

နှလုံးသွင်းဆင်ခြင်မိလိုအပ်ပါတယ်..

ကြားသိမှုအတွက်လည်း ဒီ၄ချက်မှာ နံပါတ်တစ်နေရာမှာ နားကောင်းရမယ်(နားထဲကအကြည်ဓါတ် တနည်း နားစည်), နှစ်နေရာမှာ ကြားနိုင်သောအသံရှိရမယ်,

သုံးနေရာမှာ အသံသယ်ဆောင်သွားတဲ့ လေဖြတ်သန်းသွားဖို့ ဟင်းလင်းနယ်ရှိရပါမယ် နံပါတ်လေးကတော့ အတူတူပါဘဲ…
အနံ့သိမှုအတွက် နှခေါင်းထဲကအနံ့သိမှုအကြည်ဓါတ် (အနံ့ခံနိုင်တဲ့အာရုံကြောနာဗ်), အနံ့, အနံ့ဆောင်နိုင်တဲ့လေ(လေညာရပ်ကအီးအီးပေါက်ပါကပိုနံခြင်း),

နှလုံးသွင်းမှု..
အရသာသိမှုအတွက် လျာပေါ်ကအရသာခံစားနိုင်တဲ့အကြည်ဓါတ်, အရသာ, အရသာခံစားနိုင်ဖို့လျာရည်အကြည်ဓါတ်(အဲဒီနေရာမှာ ထမင်းဟင်းခြောက်အခြမ်းတွေ

စားစမှာဖွယ်တယ်တယ်နှင့် အရသာမရှိသလိုခံစားရပေမယ့် လျာရည်ထွက်လာတဲ့နောက်ပိုင်းမှာ အရသာသိလာပုံ), နှလုံးသွင်းမှု
အတွေ့အထိသိမှုမှာတော့ အတွေ့အထိခံစားနိုင်တဲ့အကြည်ဓါတ်(အာရုံကြောနာဗ်), အတွေ့အထိ, မာကြောခြင်းဓါတ်(ပျော့တဲ့အရာတွေလည်းသိနိုင်တာဘဲလို့ ဆိုနိုင်ပါတယ်.. ဒါပေမယ့်အဲ့ဒီပျော့တဲ့အရာတွေမှာလည်း မာကြောခြင်းဓါတ်ပထဝီဓါတ်ပါပါတယ် အနည်းအများပေါ်မူတည်ပြီး ကျွန်တော်တို့ ဒီဟာကတော့မာတယ် ပျော့တယ်ပြောကြတာဖြစ်ပါတယ်.. မာတဲ့အရာကိုဆိုရင်တော့ ပိုသိလွယ်ပါတယ်..), နှလုံးသွင်းခြင်း
စိတ်ထဲမှာပေါ်တဲ့အာရုံသိမှုအတွက် ဘဝင်စိတ်(မိမိဘဝရဲ့ပထမဆုံးဖြစ်သော ပဋိသန္ဓေစိတ်ကို အာရုံပြုတဲ့စိတ်, ဤစိတ်သည် အိပ်ပျော်နေစဉ် အာရုံယူစရာမရှိတဲ့အချိန် တို့တွင်စိတ်အစဉ်မပျက်အောင် ဖြစ်ပေးရသောစိတ်), အတိတ်ကဖြစ်ခဲ့သောအာရုံငါးပါး(အတိ်တ်ကဖြစ်သောအမြင်အာရုံ, အကြားအာရုံစတာတွေကို ပြန်စဉ်းစား) ဒါမှမဟုတ် စိတ်ကူးအာရုံ, စိတ်မှီတွယ်ဖြစ်သော ဟဒဟ(နှလုံးထဲကအကြည်ဓါတ်), နှလုံးသွင်းမှု
စတာတွေလိုအပ်ပါတယ်

နောက်တစ်ပိုင်းမှစိတ်ဖြစ်စဉ်အစဉ်အတန်းကို တင်ပြပေးပါတော့မယ်