ချို ပေါ့ ကျ (၁၀)

black chawApril 27, 20123min53787

Marketing သိတ်အရေးကြီးပါတယ် ကျောင်းဒကာ။
နားလည်ထား၊ သိထားရင် မမှားဘူးပေါ့ဗျာ။ ကုန်ပစ္စည်းလိုက်ဖြန့်နေမှ Marketing သိဖို့လိုတာမဟုတ်ပါဘူး။
ဆိုက်ကားသမားတွေလည်း Marketing အကြောင်း အကြမ်းဖျင်းတော့သိထားရင် ကောင်းတာပါပဲဗျာ။
ဥပမာ။

ဘလက်ချော ဆိုတဲ့ကောင် နင်းတဲ့ဆိုက်ကားများ တော့ ဘယ်တော့မှ မစီးနဲ့ဟေ့။ ဘယ့်နှယ့်ရှင် ဈေးခြင်းတောင်းလေး ကူသယ်ခိုင်းတာ စောင့်ကြီးအောင့်ကြီးနဲ့။ ဆိုက်ကားနင်းနေတာကို လေယဉ်မောင်းနေရတယ်များ မှတ်နေလားမသိဘူး။
မနက်မိုးမလင်းသေးဘူး အရက်ကလည်း သောက်ထားပြီ။
ပေါက်ဖေါ်လေးတို့ဆို ခိုင်းစရာတောင်မလိုဘူး။ အန်တီ ဘာကူသယ်ပေးရမလဲ ဆိုတာချည်းပဲ။ နောက်ကို ပေါက်ဖေါ်နင်းတဲ့ ဆိုက်ကားပဲ စီးတော့မယ် ဒါဗျဲ။

ဆိုက်ကားနင်းတာတောင် အလိုက်သိ ဖင်ပေါ့တဲ့လူနင်းတဲ့ ဆိုက်ကားမျိုးကို လူတွေက ရွေးစီးချင်ကြပါတယ်။
ဒီနေရာကနေ ဟိုနေရာကို နင်းပို့ပြီး ပေးဆိုက်ကားခ ဆိုရုံလောက်နဲ့တော့ အောင်မြင်တဲ့ ဆိုက်ကားသမား တစ်ယောက်မဖြစ်နိုင်ပါဘူး ကျောင်းဒကာ။
သွား ၃၂ ချောင်းပေါ်အောင် ဖြဲပြထားတဲ့ အပြုံးရယ်၊
အန်တီ ဘာကူသယ်ပေးရမလဲဆိုတဲ့ အပို ဝန်ဆောင်မှုရယ်၊
ဆိုက်ကားစီးတဲ့သူ ကျေနပ်ပီတိဖြစ်စေမယ့် မြှောက်ပင့်ပြောဆိုမှုလေးတွေရယ်၊

(ဥပမာ – အရမ်းဝနေတဲ့ မိန်းမကြီးတစ်ယောက်ကို
“ ဟာ အစ်မကြီး မတွေ့တာသိတ်မကြာသေးဘူး ပိန်သွားတယ်နော် “
ဆိုတဲ့ သည်းခြေကြိုက်စကားမျိုး။ အာဟိ )။ :mrgreen:
ပါနိုင်ရင် ပို အဆင်ပြေမယ်ပေါ့ဗျာ။
ဆိုက်ကားနင်းတဲ့လူခြင်းအတူတူ ဆိုက်ကားသမား ဘလက်ချော ရဲ့ image က တစ်မျိုး၊
ဆိုက်ကားသမားပေါက်ဖေါ်ရဲ့ image က တစ်မျိုး၊
ဆိုက်ကားသမား ကရင်စည် ရဲ့ image ကတစ်မျိုးပါ။
တစ်ယောက်ခြင်းစီရဲ့ လူချစ်လူခင်ပေါပုံခြင်း မတူညီနိုင်ပါဘူး။
အဲဒီတော့ ဆိုက်ကားနင်းတဲ့လူတောင် Brand Building ပိုင်းနားလည်ရင် ပို အောင်မြင်မယ်ပေါ့ဗျာ။
မရယ်ပါနဲ့ ကျောင်းဒကာ။ အတည်ပြောနေတာပါ။
ဘလက်ချောကလည်း ဘလက်ချော Brand ကို ကိုယ့်အပြုအမူ အပြောအဆိုတွေနဲ့ တည်ဆောက်ရပါတယ်။
ဆိုက်ကားနင်းရင်း အရက်သောက်ထားရင် ပိုဆိုးသေး။
ဘလက်ချော ဆိုက်ကားစီးရင်း ခေါင်းတောင်မူးတယ်၊ အရက်နံ့ကို ဟောင်နေတာပဲ :mrgreen:
ဆိုတဲ့ မှတ်ချက်မျိုး အချခံရပြီဆိုရင် ဘယ်လာ ကောင်းတော့မလဲ ကျောင်းဒကာရယ်။
ပေါက်ဖေါ်ကလည်း ပေါက်ဖေါ်ဆိုတဲ့ Brand ကို သူ့အပြုအမူ အပြောအဆိုတွေနဲ့ တည်ဆောက်ရပါတယ်။
ဆိုက်ကားနင်းရင်း စီးလာတဲ့ မိန်းမပျိုလေးတွေကို ဖွန်ကြောင်တတ်ရင် သေပြီဆရာပဲ။
ပေါက်ဖေါ် နင်းတဲ့ ဆိုက်ကားများတော့ ဘယ်တော့မှ မစီးနဲ့ သမီးရေ။ ရှောင်သာရှောင်။ ဟိုတစ်နေ့က ဝတ်မှုန်ရွှေရည်လေးကို လက်ဆွဲပြီး ရည်းစားစကားပြောလို့တဲ့။
:mrgreen:
ဆိုတဲ့ မှတ်ချက်မျိုး အချခံရပြီဆိုရင်လည်း ဘယ်ကောင်းပါတော့မလဲ ဗျာ။
နည်းနည်းလေး ပြန်စဉ်းစားကြည့်လိုက်ရင်
ဆိုက်ကားသမားမှာတောင် ကိုယ်စီးလို့ အဆင်ပြေတဲ့ ဆိုက်ကားနဲ့ ကိုယ်သိတ်မစီးချင်တဲ့ ဆိုက်ကားဆိုတာ ရှိသေးတယ်ဗျ။
အော် တော်တော် မြင့်တဲ့ ဘိဇနက် အကြောင်းဆွေးနွေးမိနေတာကိုး ဟိုးဟိုး…။
ပြောချင်တာက…ဗျာ…၊
ဘယ်လိုကိစ္စမျိုးမှာမဆို Marketing အကြောင်းနားလည်ထားဖို့ ဆိုတာလေး… ဟေးဟေး။
ထားလိုက်ပါဗျာ။ ဆိုက်ကားနင်းတဲ့ ကိစ္စကြီးက ကျွန်တော်တို့နဲ့ ဝေးလွန်းပါတယ်။
မန်းလေး ဂဇက်မှာ စာရေးတဲ့ ကိစ္စဘက်လှည့်ရအောင်ပါ။
မန်းဂဇက်မှာ ကျွန်တော် စာရေးချင်လို့ စာရေးပါတယ်။
ကလောင်နာမည်ပေးရပါတယ်။ ဘလက်ချော ပေ့ါဗျာ။ ကုမ္ပဏီနာမည်သဘောပေါ့။
ကျွန်တော်တို့ ရေးတဲ့ ပို့စ်တွေ က ကျွန်တော်တို့ BRAND တွေပေါ့။
အဲဒီ ဘလက်ချော ကုမ္ပဏီထုတ် BRAND မျိုးစုံပေ့ါဗျာ။ ရွာသူရွာသားတွေ ကြားထဲမှာ Launching လုပ်ရပါတယ်။ သူတို့အတွေးထဲမှာ impression လေး ရှိလာစေဖို့ ကျွန်တော် တည်ဆောက်ရပါတယ်။ ဘယ်လမ်းကြောင်းလေးနဲ့ သွားမလဲ ဆိုတာကိုလည်း ရွေးရပါတယ်။ ဥပမာ – ဆူး စိတ်ကူး ဆိုတဲ့ BRAND မျိုးပေ့ါ။ ကိုပေါက် လက်ဆောင် အတွေးပါးပါးလေး ဆိုတဲ့ BRAND မျိုးပေါ့။
ကျွန်တော်ပထမဆုံး ဂဇက်တံခါးစောင့်ကြီး ဆိုတဲ့ BRAND လေးတစ်ခုကို ရွာထဲမှာ ချပြပါတယ်။ မဆိုးဘူးပေါ့ဗျာ။ လူနည်းနည်း သိတယ်ပေါ့။ နောက် အခု ချိုပေါ့ကျ ဆိုတဲ့ BRAND လေးကို ထပ်ကြိုးစားကြည့်တဲ့အခါ နည်းနည်း လက်ခံကြတယ်ပေါ့။ ကုန်ပစ္စည်းတွေမှာ ကိုယ်ပိုင် image ရှိကြသလို ကလောင်နာမည်တွေမှာလည်း ကိုယ်ပိုင် image လေးတွေ ရှိကြပါတယ်။
ဥပမာ – ဘလက်လေဘယ် အရက်ကို သောက်ရင်ခေါင်းမကိုက်ဘူး ဆိုတာမျိုးပေါ့။ (ဥပမာပေးတာကိုက အရက်နာမည်နဲ့)
ဟိုတစ်နေ့က ဂီဂီပြောတဲ့ BRANDING is PROMISING ဆိုတာမျိုးပေါ့ဗျာ။
ဟုတ်ပါပြီ။
လူတွေလက်ခံပြီး ဈေးကွက်ဝင်နေတယ်ဆိုတာလေးနဲ့ ဖရီးရိုက်နေလို့လည်း မဖြစ်သေးပါဘူး။
ဈေးကွက်မှာ ကိုယ့် ကုန်ပစ္စည်းရဲ့ အလားအလာကိုလည်း ခန့်မှန်းတွက်ချက်ရပါသေးတယ်။ ပြိုင်ဘက်တွေက အများကြီးကိုး နော်။ ရောင်းအားကျလာရင်လည်း ဘာကြောင့်ရောင်းအားကျလာသလဲဆိုတာကို တွက်ချက်ပြီးတော့ ရောင်းအားပြန်တက်အောင် ကြိုးစားရပြန်တယ်ပေါ့။ အဲဒီမှာ ဆာဗေး အရေးကြီးပြန်တယ်။
အဲဒီတော့ ဆာဗေးလေးတွေနဲ့ ကိုယ့် BRAND ကို ဈေးကွက်မှာ ဘယ်လောက် ရာခိုင်နှုန်းချုပ်ကိုင်ထားနိုင်သလဲ၊ ပြိုင်ဘက် Brand တွေက ဘယ်လို ပရိုမိုးရှင်းတွေနဲ့ ဈေးကွက်ကို ထိုးဖေါက်နေသလဲ ဆိုတာမျိုးတွေကို အမြဲတမ်း လေ့လာနေဖို့လိုပါတယ်။
ရေရှည်အတွက်ကို ပြောတာပါ ကျောင်းဒကာ။
ကဲ ပြောရင်းနဲ့ ဝေ့နေပြီဗျာ။
အဓိကအကြောင်းအရာက Marketing နေရာတိုင်းမှာ အရေးကြီးတယ်ဆိုတာလေးပါ။
မာကက်တာ ဂီဂီ ပြန်လည်ရောက်ရှိလာလို့ မားကက်တင်း အရေးကြီးကြောင်း ဂုဏ်ပြု ရေးသားလိုက်ပါတယ်။
ဗရမ်းဗတာ မာကက်တာ ဘလက်။
:mrgreen:

နေအောင် ရဲ့ သင်္ကြန်တွင်း သမ္မတအိမ်တော်သွားတောလား (နံနက်ခင်း)

ရုပ်ရှင်မင်းသားကြီးနေအောင်ဟာ နေပြည်တော်သင်္ကြန်မှာ သီချင်းဆိုခဲ့ပြီး အနုပညာရှင်များကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ချီးမြှင့်ခဲ့သောဆုငွေအား လူမှုအသင်းအဖွဲ့များသို့ ပြန်လည်လှူဒါန်းပွဲကို တက်ရောက်လာပါတယ်တဲ့ ဦးလေးရေ။ အဲဒီမှာပဲ နေပြည်တော် သင်္ကြန်အကြောင်းကို နေအောင် ကြီးက ဒီလိုပြောပြပါတယ်တဲ့။

နေပြည်တော်သင်္ကြန်ရဲ့ ထူးခြားချက်ဆိုရင် တစ်ရက် ကျွန်တော်တို့ဖျော်ဖြေနေတုန်း ကားတစ်စီးရောက်လာတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့အိမ်တော်ဝင်းမှာ သွားရောက်ဖျော်ဖြေရမယ်လို့သိရတယ်။ ကျွန်တော်က အရင် သမ္မတအိမ်တော်တွေတော့ ရောက်ဖူးတယ်။ နေပြည်တော်က သမ္မတအိမ်တော်ကိုတော့ မရောက်ဖူးသေးဘူးလေ။ ကိုယ့်နိုင်ငံကို အုပ်ချုပ်နေတဲ့မင်း။ သမ္မတရဲ့အိမ်တော်ကိုသွားရမယ်ဆိုတော့ ပျော်တာပေါ့ဗျာ။ ကောင်းလိုက် ခမ်းနားလိုက်တာဗျာ။ သမ္မတကြီးကိုယ်တိုင် ကျွန်တော်တို့ အနုပညာရှင်တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်တယ်။ ပြီးလည်းပြီးရော တောင်းကြတယ်။ နိုင်ငံတော်သမ္မတဆိုတာ အများကြီးချီးမြှင့်နိုင်တယ်။ တောင်း ဆိုတာကို ကလေးတွေက ကြောက်နေကြတယ်။ ကျွန်တော်ကလည်း အခြားလူကြီးတွေနဲ့ စကားပြောနေတော့ မပြောလိုက်ရဘူး။ မဟုတ်ရင် ဒီထက်အများကြီးတောင်းလို့ရတာပေါ့။ အဲဒါဆို ကျွန်တော်တို့လည်း ဒီထက်ပိုပြီး လှူနိုင်တယ်လေ။ ကလေးတွေက မတောင်းလိုက်တော့ ခုလောက်ပဲလှူနိုင်တာပေါ့ဗျာ။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဆုတွေပေးပြီး ကျွန်တော်တို့ကို ရေလောင်းတယ်။ ကျွန်တော်တို့ကလည်း သမ္မတကြီးကျန်းမာပါစေလို့ ပြန်ဆုတောင်းပေးလိုက်တယ်။ ကိုယ့်တိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်း ကျန်းမာချမ်းသာမှ တိုင်းသူပြည်သားတွေ စီးပွားရေးတွေတိုးတက်ကောင်းမွန်မှာ။ ဟိုဟာကောင်းတယ်။ ဒီဟာမကောင်းဘူး မပြောကြပါနဲ့တော့။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ လူတစ်ဦးချင်းစီမှာတာဝန်ရှိတယ်။ အုပ်ချုပ်သူကိုချည်းမပြောနဲ့

အဲလိုကြီးကို ပြောသွားတာဗျာ။ မှတ်သားလောက်စရာတွေပါဗျာ။ ပြောရင်းဆိုရင်း နည်းနည်းများအရှိန်လွန်သွားသလားလို့။
ချက်ခြင်းကြီးကို အုပ်ချုပ်သူကိုချည်း မပြောနဲ့တွေဘာတွေ ဖြစ်သွားတော့တာပဲ…လူဆိုး။ အနုပညာရှင်မျိုးဆက်သစ်ကလေးတွေအနေနဲ့လည်း နောက်တစ်ခါ သမ္မတကြီးနဲ့တွေ့တဲ့အခါ ဒီထက်အများကြီး တောင်းကြဖို့ ပြင်ဆင်ထားကြပါ လို့။
အော်များများတောင်းနိုင်ရင် များများလှူလို့ ရတာပေါ့ ကျောင်းဒကာရယ် ဟုတ်ဘူးလား။ :mrgreen:

ဆွိဝတ်ရည်သောင်းပြောတဲ့ Sexy Pose ဆိုတာ (Oasis ဂျာနယ်)

နှင်းဝတ်ရည်သောင်းတို့ အေးဝတ်ရည်သောင်းတို့ရဲ့ ညီမငယ်လေး ဆွိဝတ်ရည်သောင်းက Sexy Pose အကြောင်းပြောထားတာပါ ကျောင်းဒကာ။
Sexy Pose ဆိုတာ သာမန်လူတွေအတွက် မရှိလည်းဖြစ်ပေမယ့် Celebrity တွေအတွက်တော့ မရှိမဖြစ်ကို လိုအပ်ပါတယ်တဲ့။
အော် မှန်တာပေါ့ ခေးရယ်။ မြန်မာ Celebrity မလေးတွေ ရဲ့ Sexy Pose တွေ အမှန်တကယ်ကို လိုအပ်နေတာပါကွယ်။ အာဟိ။
:mrgreen:
ဆွိဝတ်ရည်သောင်းလေးရဲ့ Sexy Man က ဒီလိုတဲ့ဗျ။
ယောက်ျားလေးဆိုရင် ရုပ်ချောစရာမလိုဘူး။ (ဒါကတော့ ရွှေတိုက်စိုးနဲ့ ကွက်တိ)
အသားလည်း ဖြူစရာမလိုဘူး။ (အင်းဒါကတော့ ဘလက်ချောနဲ့ ကွက်တိ။ အသားမည်းကိုဗျ နော်)
အရမ်းကြီး Sexy ကျ စရာလည်းမလိုဘူး။ (ဒါကတော့ ကိုနိုဇိုးမိကြီးနဲ့ ကွက်တိ။ ဆက်စီကိုမဖြစ်တာပါ။ အာဟိ)
ယောက်ျားဆန်ဆန်နဲ့ ယောက်ျားပီသတဲ့ ပုံမျိုးဆိုရင် ကြိုက်တယ်။ (RGa လေး ရဲ့ ဘော်ဒီနဲ့ စတိုင်မျိုးပေါ့ဗျာ။)
ပြောရရင် သဘာဝပုံစံနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံမျိုးကို သဘောကျတယ်။
(သဘာဝပုံစံဆိုလို့ ဟိုနေ့က ရွှေလီမှာသောက်ကြတုန်းက ကြောင်ဝတုတ်တစ်ယောက် ဘရာတောင် မဝတ်ခဲ့ဘူး။
ဒီထက်သဘာဝကျဦးမလား နော့။)
အော် ဆွိဝတ်ရည်သောင်းလေးတစ်ယောက် မန္တလေးဂဇက်က အစ်ကိုကြီးတွေ ဦးလေးကြီးတွေရဲ့ Sexy Pose တွေကို မြင်ရင်
ထိန်းမနိုင်သိမ်းမရ ဖြစ်မှာ မြင်ယောင်မိသေး ဟေးဟေး။ :mrgreen:

မြန်မာရုပ်မြင်ဇာတ်လမ်းတွဲ အချစ်သင်္ကေတ လာပြီ (8 Days)

ရှောင်လို့ကို မလွတ်နိုင်တဲ့အရာတွေထဲမှာ ကိုးရီးယားဇာတ်လမ်းတွဲတွေက ထိပ်ဆုံးမှာနေရာယူနေတာ အတော်ကြာခဲ့ပါပြီ။
မြဝတီကြည့်လည်း ကိုးရီးယား၊ MRTV ကြည့်လည်း ကိုးရီးယား၊ MRTV-4 ကြည့်လည်း ကိုးရီးယား၊ ဖမ်မလီ ကြည့်လည်း ကိုးရီးယား၊ စကိုင်းနက်ကြည့်လည်း ကိုးရီးယား။
ဘယ်တီဗီ စတေရှင် ကြည့်ကြည့် ကိုးရီးယားနဲ့ကို မလွတ်နိုင်ဘူး။
ပါဝါအပျော့နဲ့ နယ်ချဲ့ခြင်းကို မြန်မာတီဗီစတေရှင်တွေက ကျေကျေနပ်နပ်ကြီးကို ကျေနပ်လို့။
ဒီလောက်တောင်ဖြစ်လှတာ ရွှေတိုက်စိုး ရေ ကြုံရင် ကိုးရီးယားမ တစ်ယောက်လောက်ကောက်ယူပြီး ကလေးတန်းလန်းနဲ့ ထားခဲ့ပစ်လိုက်စမ်းကွာ။ ဒါမှ ရွှေမြန်မာတွေအကြောင်းကောင်းကောင်းသိသွားမှာ ဘာမှတ်နေလဲ။ ဒါလည်း ဖြစ်မယ်မထင်သေးဘူးဗျို့။ တော်ကြာ သူတို့ ဇာတ်လမ်းတွဲတွေလို ကလေးက အရွယ်ရောက်လာပြီး မြန်မာပြည်လာ၊ ကွဲနေတဲ့အဖေကိုရှာနေမှ အုပ်ထိန်းသူနဲ့ ပြသနာတက်နေဦးမယ်။ တကယ်သွားမလုပ်လိုက်နဲ့ဦးဗျ။
သတင်းအတည့်က ဒီလိုဗျ။ မြန်မာရုပ်သံဇာတ်လမ်းတွဲ အချစ်သင်္ကေတ ကို MRTV-4 ကနေ ပြသပေးတော့မယ်တဲ့။ ရိုက်ကူးသူ ဒါရိုက်တာက ကောင်းဇံ (MRTV-4)၊ ဇာတ်ဝင်တေးနဲ့ စာသားကို မြင့်မိုးအောင်က ရေးပေးထားပါတယ်တဲ့။ သရုပ်ဆောင်တွေကတော့ မျက်နှာသစ်တွေဖြစ်တဲ့ ဘုန်းထက်ရှိန်၊ ကောင်းမြတ်စံ၊ စိုးနန္ဒာကျော်၊ ဝင့်ယမုံလှိုင်တို့က အဓိက ပါဝင်ပါတယ်တဲ့။ ရန်ကျော်တို့ သန်းသန်းစိုးတို့ ဦးဇော်မှိုင်းတို့ ဦးဝင်းမြိုင်တို့ကလည်း ဝိုင်းဝန်းပံ့ပိုးထားကြတယ်ပေါ့ဗျာ။ ကဲ ကိုးရီးယား ဇာတ်လမ်းတွဲတွေကို ခုခံဖို့အတွက် မြန်မာဇာတ်လမ်းတွဲတွေ ဘယ်လောက် ထိုးဖေါက်နိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ကျောင်းအစ်မရေ။ ဧပြီလ ၃ဝ ရက်နေ့က စလွှင့်မယ်ဆိုတော့ သိတ်မဝေးတော့ပါဘူး။ မြန်မာရုပ်သံဇာတ်လမ်း ကမ္ဘာကိုလွှမ်းစေရမည်ပေါ့…။ ကမ္ဘာ့အဆင့်က နည်းနည်းမှ လျှော့မပေးနဲ့ ကျောင်းဒကာ။
:mrgreen:

သင်္ကြန်တွင်း ဝတ်စားဆင်ယင်မှုကြောင့် သင်ဇာဝင့်ကျော်ကို ရုပ်ရှင်အစည်းအရုံးက ခေါ်ယူတွေ့ဆုံမည် (7 Days)

ကဲကြည့်။ ဥက္ကဌမှ မဖြစ်သေးဘူး ဦးဇင်ဝိုင်းကြီးတို့ကတော့ လုပ်ပြီ။
သင်္ကြန်တွင်းမှာ မိန်းကလေးတော်တော်များများ Sexy ဖြစ်စေမယ့် ဝတ်စားဆင်ယင်မှုတွေနဲ့ ဘီယာလေး အရက်လေး နည်းနည်းပါးပါး သောက်ကြစားကြ၊
ပြီးတော့ ကားခေါင်မိုးပေါ်တက်ပြီး ကနေလိုက်ကြတာ ကြည့်လို့တောင်ကောင်းသေး ဟေးဟေး။ အခုတော့ သင်ဇာဝင့်ကျော်လေးကျကာမှ ခေါ်ပြီး သတိပေးမယ်ဆိုတာတော့ နည်းနည်းလေးများလွဲနေသလားလို့။ သင်ဇာဝင့်ကျော် နောက်ကို ခေတ်ကလိုက်နေတာမဟုတ်ပါဘူး။ ခေတ်နောက်ကို သင်ဇာဝင့်ကျော်ကလိုက်နေတာပါ။ သင်ဇာဝင့်ကျော်တစ်ယောက်တည်းကို ခေါ်သတိပေးယုံနဲ့တော့ ယနေ့ခေတ်မိန်းမငယ်တွေရဲ့ ဝတ်စားဆင်ယင်မှု ရေစီးကြောင်းကြီးကို ပြောင်းပစ်နိုင်မှာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်က ဘာများပါလိမ့်။ အို ဦးနှောက်စားပါတယ်ဗျာ။ ကောင်မလေးတွေကို ဒီလိုသာ ဆုံးမလိုက်ပါ။
ကဲချင်သလိုကဲကြ။ တစ်နေ့ ယူမယ့်ယောက်ျားပေါ်လာလိမ့်မည်။
:mrgreen:

မောင့်ချစ်သူ နွယ်နွယ်ထွန်း (8 Days)

တစ်မျိုးမထင်ပါနဲ့ ကျောင်းဒကာရယ်။ ဟိုတုန်းက ကျော်ဟိန်းနဲ့ ခင်သီတာထွန်းတို့ရဲ့ ရုပ်ရှင်ဇာတ်ကားနာမည်ပါ။
ပြောချင်တာက နွယ်နွယ်ထွန်း ဆိုတဲ့ Photo Model မလေးတစ်ယောက် အကြောင်းပါ။
အင်မတန် Sexy ဖြစ်သော ဓါတ်ပုံလေးတွေနဲ့ နာမည်ကြီးတဲ့ ကလေးမလေးပေါ့။ ကမ်းကြီးခေါ်သလို ခေးလို့သာ ခေါ်လိုက်ချင်တော့တယ် ဟေးဟေး။
အဲဒီကလေးမလေးက ဒီတစ်ပတ်ထုတ် 8 Days ဂျာနယ်ရဲ့ မျက်နှာဖုံးရှင်ပါဗျာ။ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ စပါးကြီးမြွေတစ်ကောင်နဲ့ တွဲရိုက်ထားတာပါ။ ခင်ဗျားသဝန်တိုမယ်ဆိုလည်း တိုစရာပါ ကျောင်းဒကာ။ စပါးကြီးမြွေကြီးရဲ့ ခေါင်းက နွယ်နွယ်ထွန်းလေးရဲ့ နှလုံးသားတည်ရှိရာ ဘယ်ဘက်ရင်အုံပေါ်မှာ မှေးစက်လို့။ စပါးကြီးမြွေကြီးရဲ့ တစ်ကိုယ်လုံးကိုလည်း နွယ်နွယ်ထွန်းလေးက ပေါင်လုံးကြီး နှစ်ခုကြားမှာ ညှပ်လို့။
အော် မြွေဖြစ်ရတဲ့ဘဝ ကိုနိုဇိုးမိကြီးဘဝထက်တောင် ဇိမ်ကျနေသေး။ :mrgreen:
ဓါတ်ပုံဆရာကလည်း အေးဇော်မိုး (စက်မှု) ဆိုတော့ Sexy ဖြစ်ရဲ့လားလို့ မေးစရာကို မလိုတော့တာပေါ့ဗျာ။ လက်ခုတ်တီးပြီးအားပေးပါတယ် အေးဇော်မိုးရေ။

အေးဇော်မိုး(စက်မှု) ရဲ့ ဓါတ်ပုံရိုက်ချက် (8 Days ဂျာနယ် မျက်နှာဖုံး)

အဲဒီ နွယ်နွယ်ထွန်းလေးနဲ့ အင်တာဗျူးထဲက နည်းနည်းလောက် ဆွဲထုတ်တင်ပြချင်ပါသေးတယ်ဗျာ။

နွယ်နွယ်ထွန်းအနေနဲ့ ထူးထူးခြားခြား အနုပညာ လှုပ်ရှားမှုမျိုး မတွေ့ရဘဲနဲ့ ဘာကြောင့်နာမည်ကြီးနေရပါသလဲ။

(ရိုက်။ ဟုတ်တယ်။ မေးသင့်တယ်။ ခေး က အလကားနေရင်းကို နာမည်ကြီးနေတာ။ ကိုလင်းဝေကြီး ဆို
နွယ်နွယ်ထွန်းဓါတ်ပုံလေးတွေက မိုက်တယ် လို့ ခဏခဏပြောဖူးတယ်။ ဘာမိုက်တာလဲလို့ ဒီတစ်ခါတွေ့မှ မေးကြည့်ရဦးမယ်) :mrgreen:

သမီးလည်း အဲဒါကို ကိုယ်ကိုယ်တိုင် မသိဘူးဖြစ်နေတယ်။ ကိုယ်က ဇာတ်ကားလည်း မရိုက်ဖူးဘူး။ သူများတွေလိုလည်း ပြိုင်ပွဲတွေဝင်မပြိုင်ဖူးဘူးလေ။ ကိုယ့်ဖာသာကိုယ် သီးသန့် Photo Model တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တာပါ။ ထူးထူးခြားခြားအနေနဲ့ လူတွေက ပိုပြီး သတိထားမိတာက ကိုယ့်ရဲ့အရပ်အမောင်းနဲ့ Style တစ်ခုကြောင့်လို့ထင်တယ်။ အခုခေတ်က ကိုးရီးယား စတိုင်လေးတွေ ရိုက်တာများတယ်လေ။ အဲဒီထဲကမှ သမီးစတိုင်က ကွဲထွက်နေတာကြောင့် လို့ ထင်မိတယ်။ အဓိကကတော့ လူတွေပိုသိတာက Photo Model ကြောင့်လို့ ထင်မိပါတယ်။

အော် ခေးရယ်။ အဲဒါကျတော့ ကိုပါလေရာကြီးတို့ ကိုထက်ဝေးတို့ သူရဇော် တို့က သမီးဘာလို့နာမည်ကြီးနေသလဲဆိုတာ ပိုပြောနိုင်မှာပေါ့ကွယ်။
ကဲ ဆရာတို့…။ နွယ်နွယ်ထွန်းလေးက သူ့ကိုယ်သူ ဘာကြောင့်နာမည်ကြီးနေသလဲဆိုတာ မသိရှာဘူးတဲ့။ ပြောပြလိုက်ကြစမ်းပါဗျာ..။ ခေးကို။ :mrgreen:

အေးဇော်မိုး (စက်မှု) ရဲ့ လက်ရာ နွယ်နွယ်ထွန်း ရဲ့ အလှ ဘလက်ချောက ပြန်တင်ပြပေးတာပါ။

နောက်မေးခွန်းလေးတစ်ခုက ကိုကြီးမိုက်ကြီးတို့အကြိုက်ပဲဗျာ။ ကဲ ဖတ်ကြည့်။

နွယ်နွယ်ထွန်းရဲ့ ခန္ဓာကိုယ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာက ဘယ်နေရာလို့ ထင်ပါသလဲ။

သမီးရဲ့ နှုတ်ခမ်းလေးပါပဲ။ နှုတ်ခမ်းလေးက ထူပြီး ထော်တဲ့ အတွက် Sexy ကျတယ်လို့ ထင်တယ်။ သဘောကျပါတယ်။
နှုတ်ခမ်းလေးတွေ၊ နှာခေါင်းလေးတွေ ကို သဘောကျပါတယ်။

အော်ခေးရယ်။ ထူထူလေးနဲ့ ထော်တဲ့ နှုတ်ခမ်းကလေးက Sexy ဖြစ်သတဲ့လား။
ကိုကြီးမိုက်ကြီးကတော့ တစ်ကိုယ်လုံးမှာ ဆွဲဆောင်မှုတွေ ရှိနေတာပါတဲ့။ ဘယ်နေရာမှ ပစ်ရက်စရာ မရှိလောက်အောင် Sexy ဖြစ်နေတာပါတဲ့။
စိတ်ထိန်းပါ ကိုကို။ မမြဲတဲ့အရာတွေပါ…။ အပုတ်ကောင် ရုပ်ဆောင်နေတာပါ။
အဲဒါကြောင့်ပြောတာပေါ့..။
မောင့်ချစ်သူနွယ်နွယ်ထွန်း ပါဆို။ :mrgreen:

တီဗီမှာ နာမည်ကြီးနေတဲ့ အနာဂတ်မြန်မာပြည် သီချင်းအကြောင်း (ပေါ်ပြူလာ)

အခုတလော တီဗီမှာ နာမည်ကြီးနေတဲ့ ပေါ်လစီသီချင်းလို့ခေါ်ကြတဲ့ သီချင်းလေးတစ်ပုဒ်အကြောင်းပြောချင်ပါတယ်။
သမ္မတကြီးဦးသိန်းစိန် သမ္မတတာဝန်ထမ်းဆောင်တဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းလေးပါ။ နာမည်က အနာဂတ် မြန်မာပြည် တဲ့။
ထူးဆန်းတာက အဲဒီသီချင်းကိုရိုက်ပေးဖို့ ဒါရိုက်တာဝိုင်းကို ကမ်းလှမ်းခဲ့တာပါပဲ။
အဲဒီလိုကမ်းလှမ်းတာနဲ့ ပတ်သက်ပြီး ဒါရိုက်တာဝိုင်းရဲ့ ဖီလင်လေးက ဒီလိုပါ။

သမ္မတကြီးဦးသိန်းစိန် တစ်နှစ်ပြည့် ဂုဏ်ပြုသီချင်းရိုက်ချင်တယ်လို့ လာပြောတယ်။ ကိုယ်တိုင်လည်း အံ့ဩသွားတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီအခန်းဖြတ် ဇာတ်ကား၊ ဒီလိုလေးခြစ်တတ်ရင်ရပြီ ရိုက်တဲ့ ဒါရိုက်တာကို ဒီလိုမျိုးကမ်းလှမ်းတယ်။ အဲဒီအချိန်မှာ သမ္မတကြီးရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ဖတ်ကြည့်ဖြစ်တယ်။ တစ်နှစ်တာအတွင်းကို လုပ်ဆောင်ချက်တွေက အရင်ကနဲ့ မတူသလို ခံစားမိတယ်။ ပထမဦးဆုံး ဇာတ်ညွှန်းရေးပြီးတင်ပြခဲ့တယ်။ ပြချင်တာက သမ္မတကြီးရဲ့ လုပ်ဆောင်ချက်တွေကို အဓိကပြချင်တဲ့အတွက် တကယ်တွေ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အရုပ်တွေ၊ တကယ် ဧရာဝတီမြစ်ဆုံရပ်ဆိုင်းဖို့ အတိအလင်းကြေညာခဲ့တဲ့ရုပ်တွေ၊ ပြီးတော့ အကျဉ်းသားတွေလွှတ်ပေးဖို့ ပြောတာတွေ၊ KIA တပ်တွေကို တပ်မတော်က အပစ်အခတ်ရပ်ဆိုင်းတဲ့ အမိန့်စာတွေပြချင်တယ်လို့ ပြောပါတယ်။ ပြောပြီးတဲ့အချိန်မှာ ဟိုဘက်ကလည်း ဝမ်းသာစွာလက်ခံတယ်။ ဒီပြောင်းလဲလာတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ သရုပ်ကို သီချင်းတစ်ပုဒ်ထဲမှာ ပေါ်လွင်စေချင်တယ်။ ပါးစပ်ကနေပြောနေလို့ မပြီးနိုင်ဘူး။ တကယ်လက်တွေ့လုပ်နိုင်မှ ဖြစ်မှာလေ။ ဥပမာ-အရင်တုန်းက အကျိုးပြုတေးက တစ်ဖက်စောင်းပြီးရိုက်တာများတယ်။ အဲဒီလိုမျိုးကို မပြချင်ဘူး။ ဒီသီချင်းပုံဖေါ်တဲ့အခါ တံခါးတွေဖွင့်ထားတာရှိသလို တံခါးတွေပိတ်ထားတာမျိုးတွေလည်းပါတယ်။ ဒါက အနုပညာအရေး တွေးကြည့်လို့ရတယ်။ တိုင်းပြည်ကို တံခါးဖွင့်ဖို့ ကြိုးစားနေကြတယ် ဆိုတာမျိုး မြင်တွေ့ရမယ်။ ပြောင်းလဲလာတဲ့ဖီလင်ကို နည်းနည်းတော့ခံစားရပြီ။ အများကြီးတော့ မဟုတ်သေးဘူး။ ဒီထဲမှာ ထူးထူးခြားခြား ကိုမင်းကိုနိုင် ပုံရိပ်တွေကို တွေ့ရမယ်။ ဒါက ပြောင်းလဲလာမှုပဲလေ။ တစ်ဖက်ကတော်တော်များများ ခွင့်ပြုတယ်။ ဒီအရုပ်တွေက အရင်တုန်းက တီဗီဖန်သားပြင်ပေါ်မှာ မြင်ရတာမဟုတ်ဘူး။ အခုစဖေါ်ပြခွင့် ရလာတယ်။ အရင်အခြေအနေထက်စာရင် တော်တော် ပြောင်းလဲလာပါပြီ။ အနုပညာရှင်တွေကလည်း သူညီပေးကြတယ်။ ရိုက်ကူးတာသိတ်မကြာပေမယ့် သမ္မတဦးသိန်းစိန် အကြောင်းကို ပြန်လေ့လာတာ တော်တော်ကြာတယ်။ ခရီးတွေကအစ သေချာလေ့လာခဲ့ရတယ်။ အနုပညာရှင်တချို့ဆို နိုင်ငံတော်သီချင်းရိုက်တဲ့အခါ နိုင်ငံခြားမှာကျင်းပတဲ့ ရှိုးပွဲတွေ မခေါ်တာမျိုးလည်း ရှိတယ်။ အခု ဒီသီချင်းနဲ့ ပတ်သက်ပြီး စိတ်မပူဖို့ပြောရတယ်။ ဒါကလည်း အမှန်တရားတစ်ခုကို တင်ပြတဲ့သဘောပါ။ ကိုယ်တတ်တဲ့အနုပညာနဲ့ သူတစ်ပါးကို စော်ကားချင်စိတ်လုံးဝမရှိပါဘူး။ အခုချိန်မှာ အနုပညာရှင်တွေရဲ့ စိတ်မှာလည်း ဖီလင်တစ်ခုတော့ ရှိကြမှာပါ။ ဒီသီချင်းအတွက် ပရိသတ်ကို နားလည်စေချင်တယ်။ လူတစ်ယောက်ကို နားလည်မှုရှိရမယ်။ ဒါအရေးကြီးဆုံးပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ။
ပေါ်လစီသီချင်းတစ်ပုဒ်ကို ဖန်တီးဖို့ ဒီမိုကရေစီ ဘက်တော်သားလို့ ပြောလို့ရတဲ့ ဒါရိုက်တာ ဝိုင်း လက်ထဲထည့်တယ်ဆိုတာကိုက အပြောင်းအလဲတစ်ခုဖြစ်နေပါပြီဗျာ။
သံစဉ်ပိုင်းမှာတော့ Chorus ပိုဒ်လေးက ဒွေး ရဲ့ အဖြူရောင်သစ္စာ ဗီဒီယိုဇာတ်ကားထဲက ဒွေးဆိုထားတဲ့ ဇာတ်ဝင်တေးနဲ့ တစ်ထပ်တည်းတူညီနေသလားလို့ပါ။ သမ္မတ ကို ဂုဏ်ပြုတဲ့သီချင်းတစ်ပုဒ်ဆိုတော့ အပြစ်အနာအဆာ ကင်းစေချင်တဲ့သဘောပါဗျာ။

NLD မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းကို ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ငွေ၁ဝ သိန်းတင် တရားစွဲ (Venus)

အထူအပါးနားမလည်တာလား။
ပြည်သူလူထုရဲ့ သဘောထားဆန္ဒအမှန်ကို လက်မခံနိုင်တာလား။
ဖွဲမီးလို တောက်လောင်နေတဲ့ အာဃာတတွေကြောင့်လား။
တစ်ခုခုတော့ တစ်ခုခုပဲဗျို့။
မင်္ဂလာတောင်ညွန့်မြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရထားတဲ့ NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေးက ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်သည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင်
ငွေကျပ် ၁ဝ သိန်း တင် တရားစွဲဆိုလိုက်ပါတယ်တဲ့ ကျောင်းဒကာရေ။
နည်းနည်းမှကို မလျှော့ဘူးဗျို့။ စောင့်ကြည့်ကြတာပေါ့ဗျာ… နော။

ဒီမိုကရေစီရမှာကိုတောင် ကြောက်မိတယ် တဲ့ (Sunday)

သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်က လက်ရှိနိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ပြောသွားတဲ့စကားလေးပါ။

ကျွန်တော်က ဒီမိုကရေစီရမှာကိုတောင် ကြောက်မိတယ်။ ဘာလို့လဲဆိုတော့ လုပ်ချင်တာကိုလုပ်၊ စည်းမရှိ ကမ်းမရှိ ဖြစ်နေတဲ့
လူတန်းစားက အရမ်းများတယ် လို့ ထင်တယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တိုးတက်အောင်လုပ်ပေးမယ့်သူ ဆိုရင်တော့ ဘယ်သူ့ကိုမဆိုကြိုဆိုပါတယ်။
ဒါပေမယ့် ဒီမိုကရေစီမရသေးတဲ့အခြေအနေမှာတောင် ပြောချင်တာတွေပြော၊ လုပ်ချင်တာတွေလုပ်လာတာကိုက စိတ်ပျက်စရာဖြစ်နေတယ်။
ဒါကြောင့် ကျွန်တော် ဒီမိုကရေစီရမှာကိုတောင် စိုးရိမ်နေမိတယ်။

ကဲ။ စည်းမဲ့ကမ်းမဲ့ ဒီမိုကရေစီတွေကို စိတ်ကုန်နေပုံရပါတယ်။ အသာလုပ်ပါဗျာ။
တော်ကြာ မလိုချင် ပြန်ပေးဆိုပြီး ပြန်ယူသွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ်… လူဆိုး။

စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့ နိုင်ငံရေးသမား – လူထုစိန်ဝင်း

ဆရာလူထုစိန်ဝင်းရဲ့ စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့နိုင်ငံရေးသမား ဆိုတဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်လေးထွက်လာပါတယ်။
အမြည်းအဖြစ်နည်းနည်းလေး ရေးပြချင်ပါတယ်။

ဘယ်မျက်နှာကိုမှ မကြည့်ရသူ
စာနယ်ဇင်းသမားဆိုတာ နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးသမားများလိုပဲ နိုင်ငံအရေး၊ နိုင်ငံသူနိုင်ငံသားများအရေးကို တစ်နည်းတစ်ဖုံ
ဆောင်ရွက်သူတွေဖြစ်တယ်။ နိုင်ငံရေးသမားကမှ သူ့ပါတီအဖွဲ့အစည်းရဲ့ အကျိုးကို ဆောင်ရွက်ရပါသေးတယ်။ စာနယ်ဇင်းသမားကတော့ စာဖတ်ပရိသတ်
ပြည်သူလူထုရဲ့ အကျိုးတစ်ခုတည်းကိုသာ ကြည့်ပြီးလုပ်ဆောင်ရပါတယ်။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အစိုးရအဖွဲ့အစည်းရဲ့ အသုံးချခံ လက်ကိုင်တုတ်လည်း
အဖြစ်မခံရပါဘူး။ စာနယ်ဇင်းသမားလည်း လူသားတစ်ဦးဖြစ်လို့ ကိုယ်ပိုင်ယုံကြည်မှု၊ ကိုယ်ပိုင်တိမ်းညွတ်မှုတို့ရှိမှာ အမှန်ဖြစ်တယ်။ ဒါပေမယ့်
သတင်းလုပ်ငန်း လုပ်ရာမှာတော့ ကိုယ့်အတ္တနောမတိကို ထိန်းချုပ်ပြီး အဖြစ်မှန်၊ သတင်းမှန်ကိုသာ ရေးသားဖေါ်ပြရမှာ ဖြစ်ပါတယ်။

ယုံကြည်ကိုးစားခံရမှု
တည်ကြည်ဖြောင့်မတ်ပြီး အမှန်တရားကိုသာ ဖေါ်ထုတ်တင်ပြတဲ့ စာနယ်ဇင်းမျိုးကိုမှ “စတုတ္ထမဏ္ဍိုင်” လို့ သတ်မှတ်နိုင်တာပါ။ စာနယ်ဇင်းတစ်စောင်ရဲ့
နေရာ ကို သတ်မှတ်တာက စောင်ရေဘယ်လောက်အများကြီး ရိုက်ရသလဲ၊ ဘယ်လောက်လူကြိုက်များသလဲ ဆိုတဲ့အချက် မဟုတ်ပါဘူး။ စာဖတ်ပရိသတ်
ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ဘယ်လောက်ခံရသလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီခေတ် လူငယ်စာနယ်ဇင်းသမားများ ဒီအချက်ကို အထူးသတိပြုသင့်ပါတယ်။
စာနယ်ဇင်းသမားဆိုတာ ဘယ်အနှောင်အဖွဲ့မျိုးမှ မခံတဲ့ “နှောင်ကြိုးမဲ့ နိုင်ငံရေးသမား” ဖြစ်တယ်။ နိုင်ငံ့အရေး၊ နိုင်ငံသူ နိုင်ငံသားများရဲ့ အရေးကို တည်ကြည်ဖြောင့်မတ်စွာ
ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုလူမျိုးကိုမှ စာနယ်ဇင်းသမားကောင်း လို့ ခေါ်နိုင်တာဖြစ်ကြောင်း လူငယ်တွေ သိစေချင်ပါတယ်။

ပုဂံလက်ကျန် ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်ဗျာ။

၂။ ပုဂံ

87 comments

  • Moe Z

    April 27, 2012 at 12:19 pm

    အားပေးသွားပါတယ် ဘဘ ဘလက်ရေ
    ပိုစတာတွေနဲ့ဆိုတော့ ဒီတစ်ခါပိုစည်ကားမလားမသိ :mrgreen:
    လက်ဖက်ရည်ဆိုင်မှာ အက်စ်ပရက်ဆို သောက်ရင်းနဲ့ကြည့်တာဆိုတော့
    ရင်တော့တုန်သွားတယ် ကော်ဖီကြောင့်ပဲဖြစ်မယ် 😀

    • Inz@ghi

      April 28, 2012 at 11:27 am

      ရန်စသလားကွယ်…

      အို ဘယ့် … အက်ပရက်စို …

      🙁

  • windtalker

    April 27, 2012 at 12:20 pm

    ဒီတစ်ခါ ချိုပေါ့ကျ ကို ဝင်သောက်တော့ သွားရည်တမြားမြား နဲ ့သီးရတယ် ဗျာ ။ နွယ်နွယ်ထွန်း လေး ကို မြွေကြီးက ရုတ်တရက် ထပေါက်လိုက်မှဖြင့် ရယ်ဆိုပြီး ၊ အရမ်းစိုးရိမ်ပူပန်မိသွားပါကြောင်း ၊ လေးလေးစားစား ကွန်မင့်ခဲ့ပါသည် ။

  • marblecommet

    April 27, 2012 at 12:25 pm

    အစ်ကိုရေ့
    မနေ့က အစ်ကိုပြောတဲ့ ကိစ္စကိုတော့ ကျနော့်ပို့(စ်)မှာလည်း
    တောင်းပန်ထားပါတယ် လူချင်းတွေ့ဖြစ်ရင်လည်း ရှင်းပြပါ့မယ်ဗျာ
    အခုတော့ အချိန်ဆင်းရဲတာနဲ့ ခုန်ပေါက်ပြေးလွှားပြီးဖတ်သွားတယ်
    ဒါပေမဲ့ မျှစ်စို့ပေါက်ကြီး တစ်ခိုင်ကို တွေ့တာနဲ့
    ကအင်ဂီတို့ ဂိုးဏ်သားပီပီ တစ်ထောက်နားခိုလိုက်တာ
    လားလား အနော့်ခေး လေးကို ဆွဲထည့်ထားပါလားလို့ ….
    လူကြီးနောက်ရဘူးနော်…
    ကျနော့်ခေးက အုံးကျွတ်ခင်ဗျ
    ခင်မင်လေးစားနေတဲ့
    ငကမ်း….

  • ထုံးဘဲဥ

    April 27, 2012 at 12:29 pm

    အားပေးသွားပါတယ် အူးဘလက်ရေ့

  • ဗိုက်ကလေး

    April 27, 2012 at 12:37 pm

    အူးလေးရေ
    မာကတ်တာကြီးဆီက ပညာ ကောင်းကောင်းလေးရခဲ့တဲ့အတွက် ဝမ်းသာ ဂုဏ်ပြုအပ်ပါတယ်နော့..
    နောင်များအခါ အူးလေးရခဲ့တဲ့ ပညာထဲက တစ်ချို ့တစ်ဝက်ကို ပြန်လည်သင်ယူပါရစေခင်ဂျ.
    ခုတော့ ပွင့်က ရှုတင်ကို ဆိုက်ကားနေ ့ပြတ်ငှားပြီး လိုက်ပို ့ခိုင်းလို ့ ဆွဲလိုက်ပါဦးအူးလေးရဲ့..
    ဂျလောက်.ဂျလောက်.ဂျလောက်….(ဒူူးချောင်သံ)

    အူးနေအောင်ကြီး သမဒ အိမ်ရောက်ခဲ့တာ ဝမ်းသာတယ်ဗျာ..
    ကျနော်လဲ တစ်နေ ့တော့ ခိုးဝင် အဲလေ..ရောက်အောင် သွားချင်ပါသေးတယ်..
    ကျနော့်ဘော်ဒါက ဆံပင်သန်ဆေးရောင်းတဲ့ မာကတ်တာဆိုတော့ ကွက်လပ်ဖြည့်ပါ ဆံပင်ပေါက်ဆေး သွားရောင်းမလို ့ပါဗျာ..

    ဆွိဝတ်ရည်သောင်းလေးရဲ့ စက်ဆီ ပို ့စ်ကို ခိုက်တယ်ဗျာ.
    သူပြောတဲ့ အရည်အချင်းတွေ တားဆီမှာ အကုန်ရှိတာကိုးဗျ 😆

    ဘာပဲ ပေါပေါ
    မြန်မာ့ရုပ်ရှင်ဇာတ်လမ်းတွဲကိုတော့ စိုးရိမ်မိတယ် ကျောင်းဒဂါ….ဘာကိုစိုးရိမ်လဲတော့ မေးနဲ ့ ဖြေဘူး..သတ်ပလိုက်ဗျာ.

    သင်္ကြန်မှာ ဆက်စီဖြစ်တဲ့သင်္ချာဝင့်ကျော်ကို အူးလေးတို ့ ဂေဇက် အဖွဲ ့သားများအနေနဲ ့လဲ
    ခေါ်ယူတွေ ့ဆုံမေးမြန်းပြီး ဗူး..အဲလေ ဗျူးသင့်ပါတယ်ဗျာ..အဲတာဆို သဂျီးက တစ်ပုဒ် တစ်သိန်းပေးမယ်ပြောတယ်ဗျ

    နွယ်နွယ်ထွန်က သူ ့ကိုသူ ဘာကြောင့်နာမည် ကြီးမှန်း မသိဆို အူးလေးလဲ ကိုယ့်ကိုယ်ကို ဘာကြောင့် နာမည်ကြီးမှန်း မသိဘူး မလားဗျာ..အဲသလိုပေါ့..ဒါပေမဲ့ နွယ်နွယ်ထွန်းက တင်ပြရဲတယ်နော်..
    အူးလေးလဲ တင်ပြဦးဂျ

    ဒါရိုက်တာဝိုင်းကို တော်တော်ခိုက်တယ်ဗျာ..ရုပ်ရှင်ပြိုင်ပွဲကစပြီးပေါ့ဗျာ..
    ပေါ်လစီ သီချင်းအတွက် သူ ့ကို ကမ်းလှမ်းတာကို ဝမ်းသာပါတယ်ဗျို ့..

    ဒေါ်ဖြူဖြူသင်းကို တရားဆွဲတဲ့ကိစ္စ စိတ်ဝင်စားတယ်ဗျို ့..ဒါပမထမဆုံး ကြားမိတာပဲ.
    အူးလေးပြောသလို စောင့်ကြည့်တာပေါ့ဗျာ..

    သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ပြောသလိုပဲ ကျုပ်တို ့လဲ ဒီမိုကရေစီကို ကြောက်မိတယ်ဗျို ့
    ဘာမှတောင် မဖြစ်သေးဘူး ဖာထောင်ချင်တာနဲ ့ ဘိန်းခန်းဖွင့်ချင်တာနဲ ့ လုပ်ချင်နေကြပြီဆိုတော့..လွယ်ဘူးဗျာ..

    လူထုစိန်ဝင်းရဲ့ စာအုပ်လေး ..
    အူးလေးဖတ်ပြီးရင် ခဏငှားပါဦးဗျာ..လေ့လာရအောင် 😀

    • Moe Z

      April 27, 2012 at 12:42 pm

      ဟေ့လူ ဆိုက်ကားအားလား ကမာ္ဘအေးဘုရားသွားမလို့ :mrgreen:

      • ဗိုက်ကလေး

        April 27, 2012 at 12:47 pm

        အပင်အောက်မှာ ပုဆိုးခြုံပြီး ယူနေတဲ့ အမူးသမား အူးဘလက်ကို ခဲနဲထုပြီး နှိုးလိုက်ဗျို ု့
        ကျနာ့်ဆိုက်ကားက ပွင့်နဲ့တင် ဂွေလိမ်နေပြီ 😀

  • Onyx

    April 27, 2012 at 1:05 pm

    အားပါး တယ်ကောင်းဗျာ လက်ဖက်ရည်လေးက …….နောက်တစ်ခွက်ကို ဆက်လက်စောင့်မျှော်နေမည်…

  • သူရဇော်

    April 27, 2012 at 1:26 pm

    နွယ်နွယ်ထွန်း……. တူလေးနာမည်ကြီးနေရတာဘာကြောင့်ဆိုတာ ပုံလေးတွေကသက်သေပြနေပါတယ်……အစွမ်းကုန် ဖြစ်ညှစ်ထားရတဲ့ကိစ္စလွယ်တာမှတ်ရို့……. သူ့ခင်ညာအီးကျစ်နေသလိုကို အစွမ်းပြ ညှစ်ထားရတာပါ….. ဒီကိစ္စကို ဦးကြီးမိုက်ကြီးတို့ ဦးထက်ဝေးတို့ မေးလဲ တူလေးရဲ့ အလှကို တစ်ညီတစ်ညွတ် အဖြေပေးကြမယ်ထင်မိပါတယ်ည…. နောက်တစ်ခု ပေါက်စိန်မက ဆိုက္ကားနင်းရင်း ဝတ်မှုံရွှေရည်လက်ကိုဆွဲပီး ရည်ဇားဇဂါးပြောတယ်ဆိုတာပါ….. ပေါက်စိန်မကို ပြောပေးပါလေးလေး…… ဝတ်မှုံရွှေရည်ရဲ့ ပိုင်ရှင်က မကျေမနပ်ဖစ်နေပါဒယ်ရို့…….ခွိခွိ ဘလက်လေဘယ်တစ်လုံးနဲ့လာတောင်းပန်မှကျေနပ်ပါမယ်လို့…….
    ချိုပေါ့ကျ (၁၀)လေးကို ဖတ်လိုက်ရတဲ့အချိန်မှာ အားသစ်အင်သစ် တစ်ဖန်ဖြစ်ခဲ့ရလို့ လက်ဖက်ရည်လေးအတွက် ကျေးကျေးပါ

  • သူရဇော်

    April 27, 2012 at 1:34 pm

    ဪ ဒါနဲ့မေ့သွားလို့……လက်မကြီးကြီးထောင်ပီးအားပေးသွားပါတယ်ခင်ည…..(ဦးဘလက်လေသံဖြင့်)

  • Ma Ei

    April 27, 2012 at 1:48 pm

    ချိုပေါ့ကျတွေ တစ်ဖြည်းဖြည်းပိုကျလာတာနဲ့
    ဖတ်ရင်း ရင်တုန်ခဲ့သမျှ လက်ကျန်ပုဂံကိုမြင်ရမှဘဲ
    စိတ်အေးနိုင်တော့တယ်..

  • ahnyartamar

    April 27, 2012 at 1:50 pm

    ကိုဘလက်ရေ..ချို ပေါ့ ကျ သောက်ရင်း နွှယ်နွှယ်ထွန်း လေးကိုလည်း ခံစားသွားပါတယ် ဒါတောင်မှ တော်တော် နောက်ကျသွားပြီဗျို ့ ကျေးဇူးတင်ပါတယ် ဆက်လက်အားပေးနေပါတယ်။

  • FattyCat

    April 27, 2012 at 3:17 pm

    အရင်ဆုံး ဦဘလက်ရဲ့ BRAND ဖြစ်တဲ့ ချိုပေါ့ကျကို ဒီထက်ပိုပြီး ရေးနိုင်ပါစေလို့ဆန္ဒပြုရင်း
    လက်မလေးတစ်ချောင်းထောင်သွားပါတယ်…
    ဂီဂီပြောခဲ့တဲ့အတိုင်း BRANDING is PROMISING ဆိုတာ… ဦးဘလက်ရဲ့ ချိုပေါ့ကျဖတ်ရင် ဘယ်လိုရသတွေကို ရမယ်ဆိုတာသိပြီးသားဖြစ်တဲ့အတွက် ဒီ BRAND လေးကိုဖြင့် ဆက်လက်ထိန်းသိမ်းထားစေလိုပါတယ်…

    သဘာဝအတိုင်းဆိုတဲ့နေရာမှာ စွပ်ကျယ်နဲ့ ဘောင်းဘီတိုဝတ်ပြီး ရုံးတက်တဲ့ကြောင်ဝတုတ်ကို ဦးဘလက်ကျိတ်ခိုက်သွားတယ်ဆိုတာတော့ ဝန်ခံလိုက်ပါနော်… အဝတ်အစားထက်အလုပ်ဖြစ်ဖို့အရေးကြီးပါတယ်ဆိုတဲ့ ဒီမိုကရေစီဆန်ဆန် ကျွန်တော်တို့အလုပ်နဲ့၊ အိုင်တီသမားတွေက Suit အပြည့်ဝတ်ပြီး ရုံးတက်စရာမလိုဘူးဆိုတဲ့ သီအိုရီကို အကောင်အထည်ဖော်ခဲ့တဲ့ Microsoft ကိုလဲ မမေ့စေချင်ဘူးနော်…

    Sexy Pose အတွက်တော့ဗျာ…မြန်မာမလေးတွေ လှသင့်သလိုလှစေချင်ပါတယ်…
    အရပ်မြင့်မြင့်အသားဖြူဖြူကောင်မလေးတစ်ယောက် စကဒ်အတိုလေးဝတ်ပြီ ခေတ်ဆန်ဆန်ဖက်ရှင်ကျကျနေတာဟာ
    အမြင်မရိုင်းသလိုဖြစ်ပေမယ့်…. အသားညိုညို ပေါင်လုံးကြီးကြီး ခြေသလုံးတုတ်တုတ်နဲ့ မိန်းခလေးကျပြန်တော့ စကဒ်တိုကိုဝတ်ပြီး စက်စီဖြစ်ဖို့ကျ… ဝက်သားဟင်းနဲ့ပုန်းရည်ကြီးမစားချင်တော့လောက်အောင် အဆင်မပြေဖြစ်ရပြန်ရောပေါ့…

    အမြင်အတိုင်းထပ်ပြောရရင် ကျွန်တော်တို့ မြန်မာအမျိုးသမီးလေးတွေကို စကဒ်အတိုဝတ်နည်းသင်တန်းတောင် ဖွင့်ချင်သေးသဗျ
    အရင်ဆုံး ထိုင်ပုံထိုင်နည်းကိုသင်ရမှာဖြစ်တယ်… အရင်တုန်းကလို ထမီ၊ စကဒ်အရှည်တွေနဲ့ အသားကျပြီးသားမြန်မာမိန်းခလေး အများစုက စကဒ်အတိုကို ဝတ်လိုက်ရင် ဗြဲလျမ်းကြီးဖြစ်တတ်လွန်းသကိုး…
    နောက်ပြီး ဝတ်စားဆင်ယင်မှုမှာ နေရာဒေသံကိုလိုက်ပြီး ဝတ်ဆင်ရတယ်ဆိုတာတော့ သင်ပေးသင့်ကောင်း သင်ပေးသင့်တယ်လို့ မြင်တယ်…
    ကျွန်တော်တို့ ငယ်ငယ်တုန်းက ရန်ကုန်မြို့မှာ သားရေဂျာကင်ကြီးနဲ့ ကန်းထရီးဘုဒ်တွေစီးတဲ့ခေတ်ဆိုတော့ မြန်မာနိုင်ငံရာသီဥတု နဲ့စဉ်းစားကြည့်ရယ် ဘယ်လိုမှမအပ်စပ်တာကိုးဗျ… ဒါပေမယ့်လဲ လှချင်တော့ ဒီဒုက္ခလေး ရင်စည်းခံရတာပေါ့ဗျာ…
    အခုခေတ် ရက်ပ်ပါတွေဆိုလဲဒီအတိုင်းပါပဲလေ… အကျီ င်္အထူကြီးမှာ ဦးထုပ်လဲဆောင်း ဂျာကင်နဲ့ မိသားစုဘောင်းဘီကြီးနဲ့ လှချင် တော့လဲ အပူခံရပေကိုး…ကျောင်းဒကာရေ-
    မိန်းခလေးတွေလဲ အဲလိုပဲထင်ပါတယ်လေ…
    သူများက စကဒ်တိုတိုလေးနဲ့ လှပြန်တော့လဲ သူလဲ လှချင်ရှာမှာပေါ့… အဲဒီတော့ ဝတ်လေ့ဝတ်ထကလဲမရှိဆိုပြန်တော့ အထက်က ပြောခဲ့သလို ဗြဲလျမ်းဖြစ်ကုန်တာပေါ့ဗျာ… ခွင့်လွှတ်လိုက်ပါ ကျောင်းဒကာရယ်…

    အလျဉ်းသင့်လို့ စကားရှည်ခံပြောလိုက်ပါဦးမယ်… ကျောင်းဒကာပိုစ့်မှာ လျာဝင်ရှည်တယ်တော့ မထင်နဲ့ဗျို့
    လွန်ခဲ့တဲ့ (၃)နှစ်လောက်က ရွှေတိဂုံဘုရားပေါ်မှာ တော်တော်လေးလှတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့တယ်…
    အဝတ်အစားဝတ်ထားတာလေးက ရိုးရိုး တီရှပ်အဖြူလေးနဲ့ ထမီလေး…
    ကျွန်တော်တောင် ဘုရားပေါ်မှာ အဲဒီလို ကျက်သရေဆောင်တစ်ယောက်လောက်တွေ့တော့ ကြည်နူးမိသေးဗျ…
    အဲဒါနဲ့ သတိထားကြည့်မိလိုက်တော့… သူ့ရဲ့တီရှပ်အဖြူလွလွလေးပေါ်မှာရေးထားတဲ့စာကို သတိပြုမိသွားတယ်….
    စာလေးတစ်ကြောင်းထဲရေးထားတာပါ… Suck Me ! တဲ့…
    ကျောင်းဒကာရေ… ကျုပ်တို့လူမျိုးတော့ အင်္ဂလိပ်စာတတ်ဖို့လိုနေပြီနော်…
    ကောင်မလေးရင်ဘတ်ပေါ်က Suck Me ! ဆိုတာ ဘယ်သူ့ကို စိန်ခေါ်နေတာလဲဆိုတာပဲ…
    သူ့ခမျာသိတောင်သိရှာမှာမဟုတ်ဘူး… အမြင်မတော်တာလေးတွေပါ ကျောင်းဒကာရေ…
    အော်ဒါနဲ့… သင်ဇာကို ဦးဇင်ဝိုင်းက ခေါ်တွေ့ပြီး ဘာများပြောမလဲလို့သိချင်ပါသေးတယ်…
    သင်ဇာကတော့ ပြောမှာပေါ့နော်… သမီးဝတ်ထားတဲ့အကျီ င်္ရေစိုသွားလို့ ချွတ်လဲနေတုန်းရိုက်သွားတာပါဆိုရင်…
    ဦးဇင်ဝိုင်းကြီး…ဟိုက်…ဆို နှဖူးရိုက်ပြီး ကျန်နေခဲ့ပါဦးမယ်…

    ဒီတစ်ခါချိုပေါ့ကျမှာတော့ မုန့်လေးပါတွဲထည့်ပေးထားတဲ့ နွယ်နွယ်ထွန်းလေးကိုဖြင့် သဘောကျမိပါတယ်…
    ကိုင်ထားတဲ့မြွေက ပေါက်တတ်တဲ့မြွေမျိုးတော့မဟုတ်ဘူး မြိုချမယ့်မြွေမျိုးပါကွယ်…
    အဲလိုလေးယုယထားမယ်ဆိုရင်ဖြင့် ကြောင်ကနေ ထရန်စဖောင်းလုပ်လို့ မြွေတောင်ဖြစ်ချင်ပါဘိ…
    ကျုပ်ကတော့ နှာခေါင်းလေးနဲ့ လက်ချောင်းလေးတွေကို သဘောကျသဗျို့… (မိန်းမမရှိတုန်းပြောရတာ)

    ကိုရီးယားကားအကြောင်းပြောရရင်ဖြင့် မြန်မာတွေ ၂၁လက်မအောက်မှာ ငေးငေါင်နေခဲ့တာနှစ်မနည်းတော့ပါဘူး….
    ဆရာဇော်ဂျီစကားယူသုံးရရင်ဖြင့် ထလော့မြန်မာ…အိုမြန်မာတို့ပေါ့…
    နိုင်ငံတကာအဆင့်မီ စီးရီးတစ်ခုကို ရိုက်မယ်ဆိုရင်ဖြင့် ဇာတ်လမ်းဇာတ်အိမ်ကလဲခိုင်မာဦးမှ…
    သရုပ်ဆောင်တွေကလဲ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်ဦးမှ…
    သူငယ်ချင်းတစ်ယောက်ပြောတာ စပါတာဂတ်ထဲက တချို့ဇာတ်ဝင်ခန်းတွေဆို တကယ်ဖြစ်နေလားတောင်ထင်ရတယ်လို့
    ခံစားရတဲ့သူတစ်ယောက်က ပြောပါတယ်… အဲဒီလိုဖြစ်စေချင်တာ…
    ဘယ်အခန်းတွေလဲဆိုတာတော့ ပြောခဲ့တဲ့လူကိုယ်တိုင်ပဲသိမှာပါ…
    တကယ်လို့များ ဇာတ်လမ်းတွဲရိုက်ဖို့ ဇာတ်လမ်းနဲ့ ဇာတ်ကောင်အခက်အခဲရှိရင်ဖြင့် ဂေဇက်က စုံထောက်အောင်တိုက်နှင့်ကြောင်ဝတုတ်ဂိုဏ်းဝတ္တုအပြင် ဇတ်ကောင်တွေကိုပါ အချိန်မရွေးငှားရမ်းရိုက်ကူးနိုင်ကြောင်း သတင်းကောင်းပေးလိုက်ချင်တယ်နော်…

    ကိုပေါက်ကို ပြောလိုက်ချင်ပါတယ်… (ရွာထဲကကိုပေါက်မဟုတ်ပါ….)
    ဒီမိုကရေစီကိုမကြောက်ပါနဲ့လို့…
    ဒီမိုကရေစီရလို့ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလန်းတွေတိုးတက်လာရင်ဖြင့်
    အခုတွေ့ကြုံနေရတဲ့ ဗြဲလျမ်းတွေဟာဖြင့် သူ့ဟာသူရပ်သွားပါလိမ့်မယ်လို့…

    စာနယ်ဇင်းသမားဆိုတာ နိုင်ငံရေးသမားမဟုတ်သလို…
    ကျွန်တော်တို့ ဂေဇက်က စာရေးဆရာတွေဟာလဲ နိုင်ငံရေသမားတွေမဟုတ်ပါဘူး…
    ဒါပေမယ့် ဂေဇက်ရွာကြီးကောင်းဖို့အတွက် ဦးလည်မသုံထမ်းရွက်နေကြသူတွေဆိုတာတော့ ငြင်းကြမယ်အထင်ဘူးလေ….
    အဲဒီတော့ စာဖတ်နေသူတွေယုံကြည်ကိုးစားမှုရှိနိုင်အောင် သဂျီးမှားရင် သဂျီးကိုဆဲ… ကျုပ်တို့မှားရင်လဲ ကျုပ်တို့အဆဲခံဖို့
    အသင့်ရှိကြောင်းပြောကြားလိုသည်ပေါ့ဗျာ…

    နောက်ဆုံးတော့ မရောက်တာကြာပြီဖြစ်တဲ့ ပုဂံမြေကဓာတ်ပုံတွေအတွက်ကျေးဇူးပါ…
    ကဲ…
    ဦးဘလက်ရဲ့ ချိုပေါ့ကျကိုဖြင့် တစ်စိမ့်စိမ့်သောက်ရင်… အတွေးအမြင်များစွာဖြင့် ခံစားသွားပါတယ်ဗျာ…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • mocho

    April 27, 2012 at 3:27 pm

    ဦးဘလက်ရဲ့ချိုပေါ့ ကျ BRAND ကတော့ မန်းဂေဇတ်ရဲ့ မပျက်မကွက် စောင့်ဖတ်ရတဲ့တော့ပစ် တခုပါပဲ။
    နွယ်နွယ်ထွန်း နှယ်သူ့ ကိုယ် သူ ဘာကြောင့် နာမည်ကြီးမှန်းတောင် မသိဘူးဆိုတော့ သူ့ ဓါတ်ပုံတွေ ဘယ်နား သွားထားမတုံး။
    ပုဂံပုံလေးတွက ပန်းချီကားလေးတွေ ကြနေတာပဲ။ နောက်ပြီးနွေ ရာသီတောင် စိမ်းစိုနေတာပဲ။

  • htet way

    April 27, 2012 at 3:45 pm

    ဝတ်စားဆင်ယဉ်မှုကိုတော့ ခေတ်နောက်လိုက်တာပဲဖြစ်ဖြစ်
    ခေတ်မီ တာပဲဆိုဆို ဆရာဘလက်ရေ အရှက် အကြောက်တော့ ရှိစေချင်ပါတယ်

    သင်ဇာဝင့်ကျော် နောက်ကို ခေတ်ကလိုက်နေတာမဟုတ်ပါဘူး။ ခေတ်နောက်ကို သင်ဇာဝင့်ကျော်ကလိုက်နေတာပါ။
    ဒါပါပဲဆရာရေ့ ကြိုက်နှစ်သက်စွာ အားပေးဖတ်ရှု့ ခဲ့ပါကြောင်း။

  • kai

    April 27, 2012 at 3:51 pm

    – ရုပ်ရှင်မင်းသားကြီးနေအောင်ပြောတာ.. အထူး… မှတ်ချက်ပေးရန်မရှိကြောင်း..။ ယူအက်စ်မှာတော့.. Long live Obama လို့ပြောသံမကြားဖူးကြောင်း..

    – ( )ဝတ်ရည်သောင်းတို့ညီအမတွေ.. မျက်နှာလေးတွေလှသလောက် အောက်ပိုင်း ကြီးကြောင်း..

    – မြန်မာရုပ်မြင်ဇာတ်လမ်းတွဲကို.. ချစ်ပြီးရင်းချစ်.. ချစ်ချစ်ချစ်ချစ်.. တွေချည်းမလုပ်ကြပဲ.. သိပံ္ပံ၊ သရဲ..ဂမ္ဘီရလေးများလည်း လုပ်စေချင်ကြောင်း..

    – ဆယ်ရီဘရိတ်တီတွေဝတ်တာစားတာ.. အစည်းရုံးဖွဲ့ပြီး ခေါ်ခေါ်တွေ့ပေါမယ်လုပ်နေရင်.. အာဏာရှင်လမ်းကြောင်းရောက်လာမှာဖြစ်ကြောင်း..။ ပေးတာကြွေးတာတွေ.. နောက်ပိုင်းလိုက်လာမှာဖြစ်ကြောင်း..

    – နွယ်နွယ်ထွန်းကိုင်ထားတာကြီးက.. ယူအက်စ်ဖလော်ရီဒါမှာ.. သတ္တဝါတွေကို.. မျိုပြုတ်မတတ်လုပ်သွားတဲ့.. မြန်မာ့ဂုဏ်ဆောင်.. အကောင်ကြီးဖြစ်ကြောင်း..

    Burmese Pythons Picking Florida’s Everglades Clean | Fox News …
    latino.foxnews.com/…/burmese-pythons-picking-floridas-everglades-…
    Jan 31, 2012 – A large number of deadly Burmese pythons have invaded the Florida Everglades and wrecked havoc on the region’s raccoons, opossums, …

    – ဒါရိုက်တာဝိုင်းတယောက်ကို.. ဒီနှစ်ယူအက်စ်က မြန်မာရုပ်ရှင်ပွဲတော်တက်ဖို့ဖိတ်ဖို့..စီစဉ်ထားပါတယ်… ဆိုတဲ့အကြောင်း…။

    – ဒီခေတ်ရဲ့.. ယူအက်စ်စာနယ်ဇင်းတွေကတော့.. ပါတီအစွဲနဲ့..ပေါ်ပေါ်တင်တင်ဘက်လိုက်ကြကြောင်း..
    ခေတ်ပြောင်းနေပြီဖြစ်ပါကြောင်း..။ :mrgreen:

    Bias much…. MSNBC vs Fox News? – Yahoo! Answers
    answers.yahoo.com › … › All Categories › Politics & Government › Politics
    Nov 4, 2010 – MSNBC vs Fox News? 1. Which is more biased? – personally I think MSNBC is but both are VERY biased 2. Which do you watch if either?

  • kyeemite

    April 27, 2012 at 4:12 pm

    ကိုဘလက်ရဲ့ ချိုပေါ့ကျသောက်မိမှ ကိုယ်ကိုကိုယ် ပြန်သုံးသပ်မိပါရဲ့..
    ကြီးမိုက်ဆိုတဲ့ ကုမ္ပဏီ ကတော့ ဘာBRAND မှ မထုတ်လုပ်နိုင်သေးပါလားလို့…
    ဂေဇက်မှာ စာများများရေးချင်ပါတယ် ရေးမဲ့အကြောင်းအရာတွေလည်း ရှိပါရဲ့..
    စိတ်နောက်ကိုယ်မပါနိုင်လို့ ကွန်မန့်လေးတွေ အပြေးအလွှားပေးရင်း ကျေနပ်နေရ
    ပါသဗျာ…ခင်ဗျားတို့လို (ဂျာနယ်လက်ပွေ့ရောင်းရင်းမတ်တတ်) ဂေဇက်မှာ
    အချိန်ပေး ကြိုးစားရေးနေတာကို လေးစားပါသဗျာ..

  • မဟာရာဇာ အံစာတုံး

    April 27, 2012 at 4:28 pm

    ဘဘ ဘလက်ကြီး ပြောမှပဲ
    မားကတ်တင်းအကြောင်း ပိုနားလည်သွားတယ် ..
    ဥပမာက ကောင်းတာကိုး .. 😀
    ဘာတဲ့ .. ကောင်မလေးဒွေက ဖွန်ကြောင်တတ်တဲ့ ပေါက်ဖော် ဆိုက်ကား ရှောင်တယ် ဆိုလား၊ ဘာလားပဲ ..
    😀

    ပီးဒေါ့ ..
    ဦးနေအောင်ကြီးလို သမ္မတကြီးနဲ့ တွေ့ရင် တောင်းရဦးမယ် ..
    သမ္မတကြီးရယ် .. ရှာပေးကွယ် .. မိန်းမ လိုချင်တယ် .. 😀

    အင်း .. ကျုပ်မလည်း သူလေးနဲ့မှ အကြိုက်ချင်း သွားတူနေရဲ့ …
    ကျုပ်ကလည်း အထူ၊ သူကလည်း အထူ ..
    လက်ဖွဲ့တော့ ကူကြဦးဗျာ .. မတော်တဆ သူလေးနဲ့ ရခဲ့လို့ချိရင် … 😀

    ဘလက်ရေ ..
    ဘလက်ကြီးရဲ့ ၁ဝ ခွက်မြောက် လဖက်ရည်ကို ပျော်ပျော်ပါးပါး သောက်သုံးသွားပါဂျောင်း …

  • Tin Tin

    April 27, 2012 at 5:42 pm

    ကိုဘလက်ရေ… ချိုပေါ့ကျ BRAND ကိုအမြဲစောင့်ပြီးအားပေးနေပါတယ်နော်
    အကို့ရဲ့လဘက်ရည်က အရသာစုံ၊ ရသစုံကို ခံစားရပါတယ်။
    ဆက်ပြီး အားပေးနေမယ်နော်…

  • အလင်းဆက်

    April 27, 2012 at 6:03 pm

    စာတွေ လည်း ဖတ်ရင်…ပုဂံဘုရားတွေ.လည်း…ဖူးသွားပါတယ်..ကိုဘလက်ရေ..

  • ဦးဦးပါလေရာ

    April 27, 2012 at 8:44 pm

    ကိုဘလက်ရေ-
    ဒီတပါတ်ချိုပေါ့ကျလေးသောက်ရတာ
    (ကိုဖေါရင်းကြီးရဲ့စကားငှားပြောရရင်-)
    မျက်စိလဲအေးပြီး၊ အသက်လဲရှည်သွားသလိုပါပဲ 😀

    အေးဗျာ.. ဘယ်သူ့ကိုမှ မနောက်ရတာ ကြာလို့ပါ… 😀

    အော်.. ကိုနေအောင်နှယ်-
    တခါလောက်အလည်သွားရုံနဲ့ အဲလိုပြောရသလား…
    ဟုတ်ရင်တောင် အောင့်ထားမှပေါ့ … 😀

    ကျုပ်ကတော့ ဒီမိုကရေစီရမှာ မစိုးရိမ်ပေမယ့်
    ဒီမိုကရေစီ နာမည်တပ် မျက်နှာဖုံးတပ်ပြီး အလွဲသုံးစားလုပ်ကြမှာတော့……..

    ကိုင်း… ကိုင်း…. ပုဂံဘုရားတွေဖူးပြီး စိတ်အရှိန်သတ်လိုက်ဦးမယ် ကိုဘလက်ရေ..။

  • Khin Latt

    April 27, 2012 at 9:16 pm

    ကိုဘချော

    အသစ်ဖျော် ချိုပေါ့ကျ လေးကို ဇိမ်လေးနဲ့ ဆွဲသောက်သွားပါတယ်။
    အခုတော့ ဖျော်သူကိုပါ တွေ့ဘူးခဲ့ပြီမို့ ပိုပြီး အရသာ ရှိနေပါတယ်။

    ကဲ ဘေ့ဇနက် စကြရအောင်လား။

    (၁)
    ~~~
    ဥပမာ – အရမ်းဝနေတဲ့ မိန်းမကြီးတစ်ယောက်ကို “ ဟာ အစ်မကြီး မတွေ့တာသိတ်မကြာသေးဘူး ပိန်သွားတယ်နော် “ ဆိုတဲ့ သည်းခြေကြိုက်စကားမျိုး။ အာဟိ ။
    ~~~
    ဆိုတော့ကာ
    ကဘချော စကား တွေကို ယုံရမှာလား ငင်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င် 😉 😀

    (၂)
    မင်းသားကြီး (နေအောင်) ရဲ့စကား “အုပ်ချုပ်သူမင်း” ဆိုတဲ့ စကားလုံး ကတော့ ဒီနေ့ ကို ခေတ်ကြီးထဲမှာ သုံးသင့်/မသင့် စဉ်းစားနေမိပါ၏။
    ရာဇဝင်ထဲမှာ ထားခဲ့သင့်ပါပြီ။
    အဲဒီ “အုပ်ချုပ်သူမင်း” စကားလုံးမှာ “အာဏာရှင် တစ်သွေး တစ်သံ တစ်မိန့်” အနံ့ တွေဖုံးနေသလားလို့။
    ဒီနေ့ ခေတ် ဘုရင်စနစ် ရှိနေဆဲ နိုင်ငံတွေ အများစု မှာတောင် ဘုရင်/ဘုရင်မ ဆိုတာ တိုင်းပြည်အုပ်ချုပ်ရေး မှာ မစွက်ဖက်တော့ပါဘူး။
    စကားလုံး ဟာ စကားလုံး ဘဲ ဆိုပေမဲ့ အဲဒီ စကားလုံး ပေါ်လိုက်ပြီး အခွင့်အရေး တွေယူနေတတ်ဆဲမို့ တစ်ချို့ စကားလုံး များ ကို ဂရုပြု ပြီး ပြင်ရမှာ အသေအချာပါဘဲ။
    နောက်သူက ပြောသေးတယ်။
    ~~~ သမ္မတကြီးကိုယ်တိုင် ကျွန်တော်တို့ အနုပညာရှင်တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်တယ်။ ပြီးလည်းပြီးရော တောင်းကြတယ်။
    နိုင်ငံတော်သမ္မတဆိုတာ အများကြီးချီးမြှင့်နိုင်တယ်။ တောင်း ဆိုတာကို ကလေးတွေက ကြောက်နေကြတယ်။
    ကျွန်တော်ကလည်း အခြားလူကြီးတွေနဲ့ စကားပြောနေတော့ မပြောလိုက်ရဘူး။ မဟုတ်ရင် ဒီထက်အများကြီးတောင်းလို့ရတာပေါ့။ အဲဒါဆို ကျွန်တော်တို့လည်း ဒီထက်ပိုပြီး လှူနိုင်တယ်လေ။ ကလေးတွေက မတောင်းလိုက်တော့ ခုလောက်ပဲလှူနိုင်တာပေါ့ဗျာ။ ~~~
    ” နိုင်ငံတော်သမ္မတဆိုတာ အများကြီးချီးမြှင့်နိုင်တယ်။” ဆိုတဲ့ စကား ကလဲ မဟုတ်သေးပါဘူး။
    နိုင်ငံတော်သမ္မတဆိုတာ မီလျံနာ မှ မဟုတ်တာ။ တောင်းတိုင်း ပေးရအောင် လဲ သူက ဘယ်က ပိုက်ဆံ နဲ့ ပေးမှာလဲ။
    ပြည်သူတွေ ဆီက ပိုက်ဆံတွေကို သူ့နာမည် သုံးပေးမှာလား။
    အဲဒီ လို ခေတ်လဲ ကုန်သင့်ပါပြီ။

    ~~~ စီးပွားရေးတွေတိုးတက်ကောင်းမွန်မှာ။ ဟိုဟာကောင်းတယ်။ ဒီဟာမကောင်းဘူး မပြောကြပါနဲ့တော့။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ လူတစ်ဦးချင်းစီမှာတာဝန်ရှိတယ်။ အုပ်ချုပ်သူကိုချည်းမပြောနဲ့ ~~~
    ဒီမိုကရေစီ စနစ်မှာ အပြုသဘော ဆောင် တဲ့ ကောင်းတယ်၊ မကောင်း ဘူး ဆိုတဲ့ ဝေဖန်ရေးတွေ ပိုပြီး လိုလာပြီ ဆိုတာ ကို သိသင့်ပါတယ်။
    “တိုင်းပြည်တိုးတက်ဖို့ဆိုတာ လူတစ်ဦးချင်းစီမှာတာဝန်ရှိတယ်။ အုပ်ချုပ်သူကိုချည်းမပြောနဲ့” ဆိုတာ ကိုလက်ခံပါတယ်။
    ဒါကြောင့် အလှူများများ ပို လှူချင်ရင် သမ္မတကြီး ဆီ က တောင်းဖို့ ထက် ကိုယ့်ဟာကိုယ် ခွန်အားပိုစိုက်ပြီး ကြိုးစားဖို့ ကိုလဲ မမေ့စေဖို့။
    မဟုတ်ရင် ပြည်သူ့ ပိုက်ဆံ နဲ့ ပြည်သူ ကို ပြန်လှူသလို ဖြစ်နေမှာစိုးလို့။ 😀

    (၃)
    ဝိုင်း ရဲ့ သီချင်း ကိုနားမထောင်ရသေးဘူး။
    ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဟာ လဲ မင်္ဂလာတစ်ပါး ပါဘဲ။
    အားပေးပါတယ် ဝိုင်း ရေ။ 🙂

    (၄)
    မဲမသမာမှု ကို တရားစွဲ တဲ့ ဒေါ်လဲ့လဲ့အေး ဟာ တကယ်ဘဲ တရားမျှတမှု ကို လိုလားရင် ဘက်ဂီရာ လေး ထိုးပြီး ၂၀၁ဝ ရွေးကောက်ပွဲ ကို ပြန်သွားကြည့်ပါစေလိုပါတယ်။
    အဲဒီမှာ “ပြည်ခိုင်ဖြိုးပါတီ” က တကယ်ဘဲ မဲမသာမှု တွေ နဲ့ ကင်းရှင်း ခဲ့သလားလို့။
    လူဆိုတာ ကိုယ် တစ်ခုခု ကျူးလွန်ထားခဲ့ ရင် အဲဒါကို သူများတွေ လဲ လုပ်လေသလား သံသယ ပွါးတတ်ပါတယ်။
    ဒီအမှုကတော့ ကိုယ့်သေတွင်းကိုယ်တူး နေတာပါဘဲ။
    “ငွေကျပ် ၁ဝ သိန်း” ရေ အမျှ၊ အမျှ၊ အမျှ။ 😉

    (၅)
    သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက် ပြောတာ မှန်သင့်သလောက် မှန်ပေမဲ့ အဲဒီ အဆင့်ကို ကျွန်မတို့ ကျော်လွှားနိုင်အောင် ကြိုးကိုကြိုးစားရမှာပါ။
    မဟုတ်ရင်တော့ ဒုံရင်းက ဘယ်လို မှ ပြောင်းမှာမဟုတ်ပါဘူး။
    အနာပျောက်ဖို့ အစိမ်းခွဲ ခံ ရ မယ် ဆိုလဲ အနာခံ ခွဲရမလားဘဲ။
    စည်းစည်းလုံးလုံး နဲ့ အချင်းချင်း တွဲခေါ် ပေးနိုင်ရင်တော့ ထင်သလောက် မဆိုး နိုင်ဘူး ထင်ပါရဲ့။
    ကျွန်မတို့ စွမ်းအားရှိသလောက် ကြိုးစားကြတာပေါ့။ 😉

    (၆)
    ပုဂံ အလှကတော့ စာမဖွဲ့နိုင်အောင်ကို ခန့်ညားပါရဲ့ ကိုဘချောရေ။
    ဒီလို ပုံလေးတွေ အတွက် ရော၊ ဒီလို ဆွေးနွေး နိုင်တဲ့ သတင်း လေးတွေ စုစည်းပေးလို့ရော ကျေးဇူး တင်ပါတယ်။
    လက်မထောင် ရင်း နောက် တစ်ခွက်ကို တစ်ဝကြီး သောက်ဖို့ စောင့်နေပါပြီ။ 🙂

    • kai

      April 28, 2012 at 1:29 am

      အရီးလတ်တယောက်.. ဇာတိရွာကနေ.. မြို့ပြန်သွားပြီပေါ့..
      လုပ်လိုက်ဦးဟဲ့.. အလုပ်များ..။ :mrgreen:

      “ငွေကျပ် ၁ဝ သိန်း” ရေ အမျှ၊ အမျှ၊ အမျှ။ 😉

      နောက်ဆို.. အဲလိုသုံးမဲ့ငွေ.. မန္တလေးဂေဇက်လှူလိုက်ရင်.. လူထုအကျိုးရှိတာတွေလုပ်ပေးပါမယ်လို့.. အသိပေးလိုပါတယ်လို့.. စကားလက်ဆင့်ကမ်းပေးကြပါနော.. 😆

      • Khin Latt

        April 28, 2012 at 3:00 am

        သူကြီး ရေ – အမေ့အိမ် ပြန်တုန်းက အတွေးလေးတွေ ကို ရေးဖို့ ပြင်ထားပါတယ်။
        အခု လွမ်းနာကျ နေတာ။
        ရွာ့ မောင်နှစ်မ တစ်ချို့ နဲ့ တွေ့လိုက်တော့ လွမ်းရမဲ့သူ တွေပိုတိုး လာပါလေရော။ 🙁

        သူကြီး ပြောတဲ့ “လုပ်လိုက်ဦးဟဲ့.. အလုပ်များ” ထဲ မှာ ဂေဇက် ရွာပို စည်ပင် အောင်လုပ်ဖို့လဲ ပါပါ့ရှင်။ 😀

        • Inz@ghi

          April 28, 2012 at 11:40 am

          အရီးလတ်ရေ ..ကျုပ်တော့….အလုပ်ကို လွမ်းတယ်ဗျို့ …
          မုန်းလောက်အောင် စားခဲ့တဲ့ ဂယူးဒွန်း ကိုလည်း လွမ်းတယ်..
          နိဟွန်း မိုင်းနဲ့ ရှိုချူး ကိုလည်း လွမ်းတယ်…
          ဘော်ဒါဘော်ဂျွတ်တွေကိုလည်း လွမ်းတယ်…

          အဲ့ …. အဲ့ပြန်ရောက်ရင်လည်း ခု စားနေတဲ့
          မချစ်စုနဲ့ ငပိရည် ကို ပြန်လွမ်းရဦးမှာ …

          လူဆိုတဲ့ သတ္တဝါ ဟာလည်း ခက်သားလားဗျ….

          တော်သေးဘီ
          ခင်တဲ့
          ဂီ

  • နေဝန်းနီ

    April 27, 2012 at 9:37 pm

    ကိုဘလက်ရေ… နောက်ဆိုရင် မြွေပုံတွေဘာတွေ မထည့်ပါနဲ့ဗျာ…။ မြင်ရတာရင်တုန်လွန်းလို့ပါ…။ ခုတောင် ကောင်မလေးပုံကိုရင်တုန်ပန်းတုန်ကြည့်သွားရပါကြောင်း

  • kotun winlatt

    April 27, 2012 at 11:38 pm

    အယ်…..ကိုနေကြည့်ဇမ်းးးးကြည့်ဇမ်းးးးး
    လူဇိုးးးးးး ရင်တုန်တာတော့ဟုတ်ပါပီ…
    ပန်းးးတုန်တာက ဘာကြီးးးးဒုန်းးးး
    အတော်လည်းးလုပ်ပါ…..ကိုနေရာ….
    အာ..ဟိ…..

  • blackchaw

    April 28, 2012 at 9:31 am

    @ Moe Z ;
    စောစောစီးစီး ပေးသွားတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ မိုးစက်ရေ။
    ဆိုက်ကားကတော့ ဗိုက်ကလေး ဆိုက်ကားသာ ငှားစီးပါဗျာ။
    သူက ခိုင်းလို့လည်းကောင်းတယ် ဖင်လည်းပေါ့တယ်။
    :mrgreen:

  • Foreign Resident

    April 28, 2012 at 9:31 am

    အဘ အထင်တော့ သင်ဇာဝင့်ကျော်
    မပေါ့်တပေါ်ဝတ်ပေမယ့် ၊ သာမာန်ပြုံးနေတဲ့ပုံထက် ၊
    အခု နွယ်နွယ်ထွန်း ဆိုတဲ့ ကလေးမ ရဲ့
    မြွေကြီးကို ပွတ်ပြနေတဲ့ ဟန် နှင့် မျက်နှာပေး ရယ် ၊
    ပေါင် နှင့် တင်ပါးကို ထိုးကျွေးနေတဲ့ ပုံ ရယ်က ၊
    ပိုဆိုးသလားလို့။

    ဪ ၊ အနိစ္စ ၊ အနိစ္စ ၊
    ပြောရင်း ပြောရင်း နှင့်ပဲ ။
    အဲဒီ အနိတ်လေးတွေကို သွားသွားစချင်စိတ်က ပေါက်လာပြန်ပြီ ။ 😛

  • blackchaw

    April 28, 2012 at 9:36 am

    @ Windtalker ;
    ကွန်မန့်လေးအတွက် ကျေးဇူးပါဗျာ။
    နွယ်နွယ်ထွန်းအတွက် စိုးရိမ်မိသတဲ့လား…။
    အော် ဖြစ်ရလေ…။
    :mrgreen:

  • blackchaw

    April 28, 2012 at 9:39 am

    @ marblecommet ;
    Happy Birthday ပါ ကမ်းကြီးရေ။
    ဆရာကြီးမင်းသုဝဏ်ကဗျာကို ရွတ်တဲ့ ကမ်းကြီးရဲ့အသံကို
    စီဒီနဲ့ ထုတ်ရောင်းရင် ပေါက်သွားနိုင်တယ်နော်…။
    ကျန်းမာပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေဗျာ။
    :mrgreen:

  • blackchaw

    April 28, 2012 at 9:41 am

    @ ထုံးဘဲဥ ;
    အားပေးသွားတဲ့အတွက် ကျေးဇူးပါ ထုံးဘဲဥရေ။
    :mrgreen:

  • blackchaw

    April 28, 2012 at 9:44 am

    @ ဗိုက်ကလေး ;
    ဆိုက်ကားသမားဘဝပို့လိုက်မိတာ စိတ်မဆိုးပါနဲ့ဗျာ။
    ဝတ်မှုန်ရွှေရည်လေး လက်ကိုဆွဲပြီး ရည်းဇားစကားပြောရတာလေးနဲ့
    ခြေလိုက်ရင် ကြေပြီပေါ့…။
    သေချာဖတ်ပြီး ပေးသွားတဲ့ ကွန်းမန့်လေးအတွက်
    ကျေးဇူးပါဗျို့။
    :mrgreen:

  • blackchaw

    April 28, 2012 at 9:45 am

    @ Onyx ;
    အားပေးသွားတာကျေးဇူးပါခင်ဗျာ…။
    :mrgreen:

  • blackchaw

    April 28, 2012 at 9:47 am

    @ သူရဇော် ;
    အားသစ်အင်သစ်တွေ ဖြစ်ရတယ်ဆိုလို့
    ကျေးဇူးတင်ပါတယ် သူရဇော်ရေ။
    :mrgreen:

  • blackchaw

    April 28, 2012 at 9:49 am

    @ Ma Ei ;
    ဒီတစ်ခါ ချိုပေါ့ကျ မှာ အကျရည်နဲ့တူတဲ့
    နိုင်ငံရေး သတင်းက ပါတယ်ဆိုရုံလောက်လေးပါ မအိရေ။
    အားပေးသွားတာ ကျေးဇူးပါဗျာ…။
    :mrgreen:

  • akswe

    April 28, 2012 at 9:49 am

    ကိုနက်ချောကြီးရေ…
    တာဝန်မဲ့စွာ နဲ့ သောက်ထားပြီးမှ ကျေးဇူးတင်ကြောင်းမပြောဖြစ်ခဲ့တဲ့ ရှေ့က ခွက်တွေအတွက်ပါတောင်းပန်ရင်း….
    စာရေးအားနည်းတာ နှေးတာရော ပျင်းတတ်တာရော ဘာမှဝင်ပြီးမဆွေးနွေးတတ်တာရော
    ပြည့်စုံပြီး အပ်ို အလိုမရှိတဲ့ လဘက်ရည် တစ်ခွက်ဖြစ်နေတာရော စတာတွေ ကြောင့်…
    တစ်ငုံချင်းအရသာခံသောက်ပြီး ဘာမှမမန်းပဲ တိတ်တစ်ဆိတ်နဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ပြန်ပြန် သွားနေခဲ့တာကြာပါပြီ။
    ရှေ့က တစ်ခွက်အရောက်မှာ တော့ ကိုချောရဲ့ ကော်မန့်ပေးသူ တစ်ဦးချင်းစီကို လေးလေးစားစား ပြန်ထားတာတွေအပြင်
    အဘဆွေရဲ့ကော်မန့်မရဘူးတာ အခုမှရလို့ ဝမ်းသာတယ်လို့ပြန်လိုက်တော့ အသိအမှတ်ပြု ခံရတဲ့ အတွက်
    ဝမ်းသာပီတီဖြစ်ရပြီး တစ်ချိန်တည်းမှာပဲ သူတစ်ဖက်သားရေးတဲ့ ပိုစ်တွေ ကိုဖတ် အသိ ပညာတိုး ဗဟုသုတ တွေ ရခဲ့တာ ကို မှ
    မထောက် မသိသားဆိုးရွားစွာ ကော်မန့်တောင်မှ မပေး တတ်တဲ့ မိမိရဲ့ ညံ့ဖျင်းတဲ့ လုပ်ရပ်နဲ့ တာဝန်မဲ့မှုကို တွေးမိပြီး
    အရမ်းလည်း သိမ်ငယ်မိပါတယ်။
    အခြားစာရေးသူတွေ ရဲ့ (ပေါက်ဖော် ၊pooch၊အလင်းစက်၊ဂီ၊ကိုပေါက်)စတဲ့ အားလုံးသော စာရေးသူတွေ ရဲ့စာတွေ ပိုစ့်တွေဖတ် ဓါတ်ပုံတွေကိုခံစားပြီးမှ တာဝန်မကြေစွာ ကော်မန့်လေးတစ်ကြောင်းတောင်မှ မရေး မိခဲ့ရတာတွေလည်း ပြန်ပေါ်လာပြီး
    ကိုယ်ရေးတဲ့စာ အပေါ် ကော်မန့် ရချင်တဲ့ ကိုယ်ချင်းစာတရား ကို ဂရု မပြု လစ်လျူ ရှု မိတဲ့ မိမိအဖြစ်ကို ရှက်ရွံမိပါတယ်။
    ်ဘာမဟုတ်တဲ့ သူတစ်ယောက် ကို တန်ဖိုးထားပြီး မိမိကိုယ် ကို နှိမ့်ချ တတ်တဲ့ ကိုချောရဲ့စိတ်ဓါတ်ကိုလည်း လေးစားမိပါတယ်..
    ကိုချောက ကျွန်တော့ ကို ရိုးသားစွာ ကော်မန့် တစ်ခုနဲ့ ဆုံးမလိုက်တာပါ…လေးစားစွာ ခံယူလိုက်ပါတယ်။
    နောက်နောင် ရင်ထဲကိုရောက်သွားတဲ့ စာရေးသူတွေရဲ့ ပိုစ့်တွေ ကို ဖတ်မှတ်ရတိုင်း ကြိုးစားပြီး မန့်ပါမယ်ဆိုတာ ကတိပေးရင်း
    အရင်သောက်ထားပြီး မှ ကျေးဇူးမတင်ရသေးသော ပေါ့ကျများအတွက် တောင်းပန်ရင်း ခွင့်လွတ်မှု ကို တောင်းခံရင်း…
    ကိုနက်ချော..ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ….
    မေတ္တာဖြင်.

    Dear Ko Black Chaw,
    I wrote above comment in your last post CHO POT KYA (9) but it was last comment and thought you missed it.
    Sorry to post it here again as I kindly wanted you to see it as my apology.
    kind regards,
    ba swe

  • blackchaw

    April 28, 2012 at 9:51 am

    @ ahnyartamar ;
    ပုံမှန်အားပေးနေတဲ့အတွက် ကျေးဇူး အထူးတင်ရပါတယ်ဗျာ။
    :mrgreen:

  • blackchaw

    April 28, 2012 at 9:55 am

    @ Fatty Cat ;
    ညီငယ် ဝတုတ်ရေ။
    ဘယ်လိုအရာမျိုးမှ အမြဲတမ်းမဟုတ်ဘူးဆိုတာကသာ
    အမှန်တရားပါဗျာ။
    တတ်နိုင်သလောက် ခရီးဆက်နိုင်အောင် ကြိုးစားပါမယ်။
    ညီလေးရဲ့ အားပေးသွားတဲ့ စကားလေးတစ်ခွန်းအတွက်လည်း
    ကျေးဇူးတင်ပါတယ်။
    သေချာဖတ်ပြီး သေချာရေးသွားတယ်လို့ ယူဆပါတယ်။
    အဲဒီအတွက် ကျေးဇူးပါဗျာ။
    :mrgreen:

  • blackchaw

    April 28, 2012 at 9:57 am

    @ mocho ;
    ယောက်ျားမိန်းမ ဘယ်သူဘယ်ဝါ
    ခွဲခြားမသိပေမယ့်
    အားပေးသွားတယ်ဆိုရုံနဲ့တင် ကျေးဇူးတင်နေပါတယ်ခင်ဗျာ။
    :mrgreen:

  • blackchaw

    April 28, 2012 at 10:17 am

    @ akswe ;
    အဘဆွေရေ။
    အဘဆွေရဲ့
    သူတို့ပြောတဲ့အင်္ဂလိပ် စကား
    http://myanmargazette.net/72786/creative-writing
    ဆိုတဲ့ ပို့စ်လေးကို
    အခုထိ သတိရနေဆဲပါ။
    ကျွန်တော် စရေးခဲ့တဲ့ ဂဇက်တံခါးစောင့် ပို့စ်တွေရဲ့ အစောဆုံးပို့စ်
    ဘလက်ချောဖေါက်တဲ့ သီတင်းကျွတ် ဗျောက်အိုး ဆိုတဲ့ပို့စ်မှာ
    အဘဆွေရေးတဲ့
    သူတို့ပြောတဲ့ အင်္ဂလိပ်စကား http://myanmargazette.net/72786/creative-writing
    ဆိုတဲ့ ပို့စ်လေးကို သူကြီးက စတစ်ကီပေးထားလို့
    မုဒိတာစကားလေး ရေးခဲ့တာ ပြန်အမှတ်ရပါတယ်။

    ဒီနေ့ ဖတ်ခဲ့တဲ့ ပို့စ်တွေထဲမှာ ဆရာ akswe ရဲ့ သူတို့ပြောတဲ့ အင်္ဂလိပ်စကား ပို့စ်လေးကို သူကြီးက ရွေးထားတာတွေ့လို့ ဆရာ့ ကို မုဒိတာပွား အားကျမိရပါတယ်။ တစ်ပုဒ်ဆို ဆိုသလောက် ခရီးရောက်တဲ့ ဆရာပါပဲ။ အင်္ဂလိပ်စာက လူတစ်ယောက်ရဲ့ အဆင့်အတန်း ကို အဆုံးအဖြတ်ပေးနေတာတွေတွေ့နေရပေမယ့် မလုပ်ဖြစ်သော ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ကွန်းမန့်ပေး ဖြစ်ပါသည်။

    ဘာပဲဖြစ်ဖြစ် အဘဆွေ နောက်ပိုင်းပို့စ်တွေ မတင် ကွန်းမန့်တွေ သိတ်မရေးတော့ပေမယ့်
    ရွာသားတစ်ယောက်အနေနဲ့ လှမ်းလွမ်းနေမိပါသေးတယ်။
    ထူးထူးခြားခြား ကျွန်တော့ ချိုပေါ့ကျ ပို့စ်မှာ ကွန်းမန့်လာပေးတော့မှ
    ဝမ်းသာအားရ ပြန်ပြီး ကွန်းမန့်ရေးလိုက်မိတာပါ။
    ကြုံလို့ ဖတ်မိပြီး အချိန်လေးများရရင်
    ကွန်းမန့်လေးတွေ ချီးမြှင့်စေချင်ပါသေးတယ် အဘဆွေရေ။
    :mrgreen:

  • blackchaw

    April 28, 2012 at 10:24 am

    @ htetway ;
    အားပေးသွားတာ ကျေးဇူးပါ ဆရာထက်ရေ။
    ရန်ကုန်ရောက်ရင် ဖုန်းဆက်ပါဦးဗျာ။
    သင်ဇာဝင့်ကျော် ကိစ္စက ကျွန်တော်က သင်ဇာဝင့်ကျော် ဝတ်တာစားတာကို
    ကာကွယ်ရေးထားတာ မဟုတ်ပါဘူး ဗျာ။
    မင်းသမီးတွေ မော်ဒယ်တွေ ဆက်စီဖြစ်အောင်ဆိုပြီး
    ရိုက်နေကြတဲ့ ဓါတ်ပုံတွေ အများကြီးပါဗျာ။
    ဒီပို့စ်ထဲတောင် ပါလိုက်သေး ဟေးဟေး။
    ကျွန်တော်တို့နိုင်ငံက ဆေးမြီးတိုနဲ့ ကုတဲ့ အလုပ်ကို အတော်ဝါသနာပါတယ်လို့ ထင်မိပါတယ်။
    ဘတ်စ်ကားပေါ်က ထောက်လှမ်းရေး ပြသနာကိုလည်း ဖြေရှင်းပုံက
    ဝစီမှုတ်ရမတဲ့။ အမျိုးသမီး သီးသန့် စီးယဉ်တဲ့။ လုပ်ပုံတွေပြောပါတယ်။
    မပေါ့်တပေါ်တွေ ဝတ်နေစားနေကြတာ အများကြီးထဲကမှ
    သင်ဇာဝင့်ကျော် ကိုခေါ်ပြီး သတိပေးလိုက်ရုံနဲ့တော့
    ဒီပြသနာကြီး ဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ ကျွန်တော်မထင်ပါဘူးဗျာ။
    အဲဒါလေးပါ ဆရာထက်ရေ။
    :mrgreen:

  • blackchaw

    April 28, 2012 at 10:29 am

    @ kai ;
    ကွန်းမန့်လေးချီးမြှင့်တာ ကျေးဇူးပါ သူကြီးရေ။
    လူထုစိန်ဝင်း စာလေး ဆွဲထုတ်ပြကတည်းကိုက
    ကျွန်တော်တို့ တွေ ရေးနေတာ NLD ဘက်လိုက်နေမိပြီလားဆိုတဲ့
    စိတ်လေး ဖြစ်မိလို့ ဆွဲထုတ်လိုက်တာပါ။ ဒါပေမယ့်

    ဒီခေတ်ရဲ့.. ယူအက်စ်စာနယ်ဇင်းတွေကတော့.. ပါတီအစွဲနဲ့..ပေါ်ပေါ်တင်တင်ဘက်လိုက်ကြကြောင်း..
    ခေတ်ပြောင်းနေပြီဖြစ်ပါကြောင်း..။

    ဆိုတာ သိရတော့ အဲဒီလို ဘက်လိုက်တာကောင်းသလား ၊ မကောင်းဘူးလားဆိုတဲ့
    ရွာသားတွေရဲ့ အမြင်လေးလည်း သိချင်စိတ်ဖြစ်မိပါကြောင်း…။
    :mrgreen:

  • blackchaw

    April 28, 2012 at 10:35 am

    @ kyeemite ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုကြီးမိုက်ရေ။
    အမှန်တော့ ပေါ့ပေါ့ပါးပါး ဟာသအနေနဲ့ ရေးလိုက်တာပါ။
    ဘယ်လိုမှ သဘောမထားပါနဲ့ဗျာ။
    ကျွန်တော့် ဂျာနယ်ဆိုင်ဘက် ရောက်ရင်လည်း
    ဝင်အားပေးဦးနော့။
    :mrgreen:

  • blackchaw

    April 28, 2012 at 10:37 am

    @ အံစာတုံး ;
    ပျော်ပျော်ပါးပါး ဝင်သောက်သွားတာကျေးဇူးပါ ညီလေးရေ။
    နောက်လည်း လာသောက်ပါဦးနော့…။
    :mrgreen:

Leave a Reply