ချို ပေါ့ ကျ (၁၀)

black chawApril 27, 20123min46187

Marketing သိတ်အရေးကြီးပါတယ် ကျောင်းဒကာ။
နားလည်ထား၊ သိထားရင် မမှားဘူးပေါ့ဗျာ။ ကုန်ပစ္စည်းလိုက်ဖြန့်နေမှ Marketing သိဖို့လိုတာမဟုတ်ပါဘူး။
ဆိုက်ကားသမားတွေလည်း Marketing အကြောင်း အကြမ်းဖျင်းတော့သိထားရင် ကောင်းတာပါပဲဗျာ။
ဥပမာ။

ဘလက်ချော ဆိုတဲ့ကောင် နင်းတဲ့ဆိုက်ကားများ တော့ ဘယ်တော့မှ မစီးနဲ့ဟေ့။ ဘယ့်နှယ့်ရှင် ဈေးခြင်းတောင်းလေး ကူသယ်ခိုင်းတာ စောင့်ကြီးအောင့်ကြီးနဲ့။ ဆိုက်ကားနင်းနေတာကို လေယဉ်မောင်းနေရတယ်များ မှတ်နေလားမသိဘူး။
မနက်မိုးမလင်းသေးဘူး အရက်ကလည်း သောက်ထားပြီ။
ပေါက်ဖေါ်လေးတို့ဆို ခိုင်းစရာတောင်မလိုဘူး။ အန်တီ ဘာကူသယ်ပေးရမလဲ ဆိုတာချည်းပဲ။ နောက်ကို ပေါက်ဖေါ်နင်းတဲ့ ဆိုက်ကားပဲ စီးတော့မယ် ဒါဗျဲ။

ဆိုက်ကားနင်းတာတောင် အလိုက်သိ ဖင်ပေါ့တဲ့လူနင်းတဲ့ ဆိုက်ကားမျိုးကို လူတွေက ရွေးစီးချင်ကြပါတယ်။
ဒီနေရာကနေ ဟိုနေရာကို နင်းပို့ပြီး ပေးဆိုက်ကားခ ဆိုရုံလောက်နဲ့တော့ အောင်မြင်တဲ့ ဆိုက်ကားသမား တစ်ယောက်မဖြစ်နိုင်ပါဘူး ကျောင်းဒကာ။
သွား ၃၂ ချောင်းပေါ်အောင် ဖြဲပြထားတဲ့ အပြုံးရယ်၊
အန်တီ ဘာကူသယ်ပေးရမလဲဆိုတဲ့ အပို ဝန်ဆောင်မှုရယ်၊
ဆိုက်ကားစီးတဲ့သူ ကျေနပ်ပီတိဖြစ်စေမယ့် မြှောက်ပင့်ပြောဆိုမှုလေးတွေရယ်၊

(ဥပမာ – အရမ်းဝနေတဲ့ မိန်းမကြီးတစ်ယောက်ကို
“ ဟာ အစ်မကြီး မတွေ့တာသိတ်မကြာသေးဘူး ပိန်သွားတယ်နော် “
ဆိုတဲ့ သည်းခြေကြိုက်စကားမျိုး။ အာဟိ )။ :mrgreen:
ပါနိုင်ရင် ပို အဆင်ပြေမယ်ပေါ့ဗျာ။
ဆိုက်ကားနင်းတဲ့လူခြင်းအတူတူ ဆိုက်ကားသမား ဘလက်ချော ရဲ့ image က တစ်မျိုး၊
ဆိုက်ကားသမားပေါက်ဖေါ်ရဲ့ image က တစ်မျိုး၊
ဆိုက်ကားသမား ကရင်စည် ရဲ့ image ကတစ်မျိုးပါ။
တစ်ယောက်ခြင်းစီရဲ့ လူချစ်လူခင်ပေါပုံခြင်း မတူညီနိုင်ပါဘူး။
အဲဒီတော့ ဆိုက်ကားနင်းတဲ့လူတောင် Brand Building ပိုင်းနားလည်ရင် ပို အောင်မြင်မယ်ပေါ့ဗျာ။
မရယ်ပါနဲ့ ကျောင်းဒကာ။ အတည်ပြောနေတာပါ။
ဘလက်ချောကလည်း ဘလက်ချော Brand ကို ကိုယ့်အပြုအမူ အပြောအဆိုတွေနဲ့ တည်ဆောက်ရပါတယ်။
ဆိုက်ကားနင်းရင်း အရက်သောက်ထားရင် ပိုဆိုးသေး။
ဘလက်ချော ဆိုက်ကားစီးရင်း ခေါင်းတောင်မူးတယ်၊ အရက်နံ့ကို ဟောင်နေတာပဲ :mrgreen:
ဆိုတဲ့ မှတ်ချက်မျိုး အချခံရပြီဆိုရင် ဘယ်လာ ကောင်းတော့မလဲ ကျောင်းဒကာရယ်။
ပေါက်ဖေါ်ကလည်း ပေါက်ဖေါ်ဆိုတဲ့ Brand ကို သူ့အပြုအမူ အပြောအဆိုတွေနဲ့ တည်ဆောက်ရပါတယ်။
ဆိုက်ကားနင်းရင်း စီးလာတဲ့ မိန်းမပျိုလေးတွေကို ဖွန်ကြောင်တတ်ရင် သေပြီဆရာပဲ။
ပေါက်ဖေါ် နင်းတဲ့ ဆိုက်ကားများတော့ ဘယ်တော့မှ မစီးနဲ့ သမီးရေ။ ရှောင်သာရှောင်။ ဟိုတစ်နေ့က ဝတ်မှုန်ရွှေရည်လေးကို လက်ဆွဲပြီး ရည်းစားစကားပြောလို့တဲ့။
:mrgreen:
ဆိုတဲ့ မှတ်ချက်မျိုး အချခံရပြီဆိုရင်လည်း ဘယ်ကောင်းပါတော့မလဲ ဗျာ။
နည်းနည်းလေး ပြန်စဉ်းစားကြည့်လိုက်ရင်
ဆိုက်ကားသမားမှာတောင် ကိုယ်စီးလို့ အဆင်ပြေတဲ့ ဆိုက်ကားနဲ့ ကိုယ်သိတ်မစီးချင်တဲ့ ဆိုက်ကားဆိုတာ ရှိသေးတယ်ဗျ။
အော် တော်တော် မြင့်တဲ့ ဘိဇနက် အကြောင်းဆွေးနွေးမိနေတာကိုး ဟိုးဟိုး…။
ပြောချင်တာက…ဗျာ…၊
ဘယ်လိုကိစ္စမျိုးမှာမဆို Marketing အကြောင်းနားလည်ထားဖို့ ဆိုတာလေး… ဟေးဟေး။
ထားလိုက်ပါဗျာ။ ဆိုက်ကားနင်းတဲ့ ကိစ္စကြီးက ကျွန်တော်တို့နဲ့ ဝေးလွန်းပါတယ်။
မန်းလေး ဂဇက်မှာ စာရေးတဲ့ ကိစ္စဘက်လှည့်ရအောင်ပါ။
မန်းဂဇက်မှာ ကျွန်တော် စာရေးချင်လို့ စာရေးပါတယ်။
ကလောင်နာမည်ပေးရပါတယ်။ ဘလက်ချော ပေ့ါဗျာ။ ကုမ္ပဏီနာမည်သဘောပေါ့။
ကျွန်တော်တို့ ရေးတဲ့ ပို့စ်တွေ က ကျွန်တော်တို့ BRAND တွေပေါ့။
အဲဒီ ဘလက်ချော ကုမ္ပဏီထုတ် BRAND မျိုးစုံပေ့ါဗျာ။ ရွာသူရွာသားတွေ ကြားထဲမှာ Launching လုပ်ရပါတယ်။ သူတို့အတွေးထဲမှာ impression လေး ရှိလာစေဖို့ ကျွန်တော် တည်ဆောက်ရပါတယ်။ ဘယ်လမ်းကြောင်းလေးနဲ့ သွားမလဲ ဆိုတာကိုလည်း ရွေးရပါတယ်။ ဥပမာ – ဆူး စိတ်ကူး ဆိုတဲ့ BRAND မျိုးပေ့ါ။ ကိုပေါက် လက်ဆောင် အတွေးပါးပါးလေး ဆိုတဲ့ BRAND မျိုးပေါ့။
ကျွန်တော်ပထမဆုံး ဂဇက်တံခါးစောင့်ကြီး ဆိုတဲ့ BRAND လေးတစ်ခုကို ရွာထဲမှာ ချပြပါတယ်။ မဆိုးဘူးပေါ့ဗျာ။ လူနည်းနည်း သိတယ်ပေါ့။ နောက် အခု ချိုပေါ့ကျ ဆိုတဲ့ BRAND လေးကို ထပ်ကြိုးစားကြည့်တဲ့အခါ နည်းနည်း လက်ခံကြတယ်ပေါ့။ ကုန်ပစ္စည်းတွေမှာ ကိုယ်ပိုင် image ရှိကြသလို ကလောင်နာမည်တွေမှာလည်း ကိုယ်ပိုင် image လေးတွေ ရှိကြပါတယ်။
ဥပမာ – ဘလက်လေဘယ် အရက်ကို သောက်ရင်ခေါင်းမကိုက်ဘူး ဆိုတာမျိုးပေါ့။ (ဥပမာပေးတာကိုက အရက်နာမည်နဲ့)
ဟိုတစ်နေ့က ဂီဂီပြောတဲ့ BRANDING is PROMISING ဆိုတာမျိုးပေါ့ဗျာ။
ဟုတ်ပါပြီ။
လူတွေလက်ခံပြီး ဈေးကွက်ဝင်နေတယ်ဆိုတာလေးနဲ့ ဖရီးရိုက်နေလို့လည်း မဖြစ်သေးပါဘူး။
ဈေးကွက်မှာ ကိုယ့် ကုန်ပစ္စည်းရဲ့ အလားအလာကိုလည်း ခန့်မှန်းတွက်ချက်ရပါသေးတယ်။ ပြိုင်ဘက်တွေက အများကြီးကိုး နော်။ ရောင်းအားကျလာရင်လည်း ဘာကြောင့်ရောင်းအားကျလာသလဲဆိုတာကို တွက်ချက်ပြီးတော့ ရောင်းအားပြန်တက်အောင် ကြိုးစားရပြန်တယ်ပေါ့။ အဲဒီမှာ ဆာဗေး အရေးကြီးပြန်တယ်။
အဲဒီတော့ ဆာဗေးလေးတွေနဲ့ ကိုယ့် BRAND ကို ဈေးကွက်မှာ ဘယ်လောက် ရာခိုင်နှုန်းချုပ်ကိုင်ထားနိုင်သလဲ၊ ပြိုင်ဘက် Brand တွေက ဘယ်လို ပရိုမိုးရှင်းတွေနဲ့ ဈေးကွက်ကို ထိုးဖေါက်နေသလဲ ဆိုတာမျိုးတွေကို အမြဲတမ်း လေ့လာနေဖို့လိုပါတယ်။
ရေရှည်အတွက်ကို ပြောတာပါ ကျောင်းဒကာ။
ကဲ ပြောရင်းနဲ့ ဝေ့နေပြီဗျာ။
အဓိကအကြောင်းအရာက Marketing နေရာတိုင်းမှာ အရေးကြီးတယ်ဆိုတာလေးပါ။
မာကက်တာ ဂီဂီ ပြန်လည်ရောက်ရှိလာလို့ မားကက်တင်း အရေးကြီးကြောင်း ဂုဏ်ပြု ရေးသားလိုက်ပါတယ်။
ဗရမ်းဗတာ မာကက်တာ ဘလက်။
:mrgreen:

နေအောင် ရဲ့ သင်္ကြန်တွင်း သမ္မတအိမ်တော်သွားတောလား (နံနက်ခင်း)

ရုပ်ရှင်မင်းသားကြီးနေအောင်ဟာ နေပြည်တော်သင်္ကြန်မှာ သီချင်းဆိုခဲ့ပြီး အနုပညာရှင်များကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ချီးမြှင့်ခဲ့သောဆုငွေအား လူမှုအသင်းအဖွဲ့များသို့ ပြန်လည်လှူဒါန်းပွဲကို တက်ရောက်လာပါတယ်တဲ့ ဦးလေးရေ။ အဲဒီမှာပဲ နေပြည်တော် သင်္ကြန်အကြောင်းကို နေအောင် ကြီးက ဒီလိုပြောပြပါတယ်တဲ့။

နေပြည်တော်သင်္ကြန်ရဲ့ ထူးခြားချက်ဆိုရင် တစ်ရက် ကျွန်တော်တို့ဖျော်ဖြေနေတုန်း ကားတစ်စီးရောက်လာတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့အိမ်တော်ဝင်းမှာ သွားရောက်ဖျော်ဖြေရမယ်လို့သိရတယ်။ ကျွန်တော်က အရင် သမ္မတအိမ်တော်တွေတော့ ရောက်ဖူးတယ်။ နေပြည်တော်က သမ္မတအိမ်တော်ကိုတော့ မရောက်ဖူးသေးဘူးလေ။ ကိုယ့်နိုင်ငံကို အုပ်ချုပ်နေတဲ့မင်း။ သမ္မတရဲ့အိမ်တော်ကိုသွားရမယ်ဆိုတော့ ပျော်တာပေါ့ဗျာ။ ကောင်းလိုက် ခမ်းနားလိုက်တာဗျာ။ သမ္မတကြီးကိုယ်တိုင် ကျွန်တော်တို့ အနုပညာရှင်တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်တယ်။ ပြီးလည်းပြီးရော တောင်းကြတယ်။ နိုင်ငံတော်သမ္မတဆိုတာ အများကြီးချီးမြှင့်နိုင်တယ်။ တောင်း ဆိုတာကို ကလေးတွေက ကြောက်နေကြတယ်။ ကျွန်တော်ကလည်း အခြားလူကြီးတွေနဲ့ စကားပြောနေတော့ မပြောလိုက်ရဘူး။ မဟုတ်ရင် ဒီထက်အများကြီးတောင်းလို့ရတာပေါ့။ အဲဒါဆို ကျွန်တော်တို့လည်း ဒီထက်ပိုပြီး လှူနိုင်တယ်လေ။ ကလေးတွေက မတောင်းလိုက်တော့ ခုလောက်ပဲလှူနိုင်တာပေါ့ဗျာ။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဆုတွေပေးပြီး ကျွန်တော်တို့ကို ရေလောင်းတယ်။ ကျွန်တော်တို့ကလည်း သမ္မတကြီးကျန်းမာပါစေလို့ ပြန်ဆုတောင်းပေးလိုက်တယ်။ ကိုယ့်တိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်း ကျန်းမာချမ်းသာမှ တိုင်းသူပြည်သားတွေ စီးပွားရေးတွေတိုးတက်ကောင်းမွန်မှာ။ ဟိုဟာကောင်းတယ်။ ဒီဟာမကောင်းဘူး မပြောကြပါနဲ့တော့။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ လူတစ်ဦးချင်းစီမှာတာဝန်ရှိတယ်။ အုပ်ချုပ်သူကိုချည်းမပြောနဲ့

အဲလိုကြီးကို ပြောသွားတာဗျာ။ မှတ်သားလောက်စရာတွေပါဗျာ။ ပြောရင်းဆိုရင်း နည်းနည်းများအရှိန်လွန်သွားသလားလို့။
ချက်ခြင်းကြီးကို အုပ်ချုပ်သူကိုချည်း မပြောနဲ့တွေဘာတွေ ဖြစ်သွားတော့တာပဲ…လူဆိုး။ အနုပညာရှင်မျိုးဆက်သစ်ကလေးတွေအနေနဲ့လည်း နောက်တစ်ခါ သမ္မတကြီးနဲ့တွေ့တဲ့အခါ ဒီထက်အများကြီး တောင်းကြဖို့ ပြင်ဆင်ထားကြပါ လို့။
အော်များများတောင်းနိုင်ရင် များများလှူလို့ ရတာပေါ့ ကျောင်းဒကာရယ် ဟုတ်ဘူးလား။ :mrgreen:

ဆွိဝတ်ရည်သောင်းပြောတဲ့ Sexy Pose ဆိုတာ (Oasis ဂျာနယ်)

နှင်းဝတ်ရည်သောင်းတို့ အေးဝတ်ရည်သောင်းတို့ရဲ့ ညီမငယ်လေး ဆွိဝတ်ရည်သောင်းက Sexy Pose အကြောင်းပြောထားတာပါ ကျောင်းဒကာ။
Sexy Pose ဆိုတာ သာမန်လူတွေအတွက် မရှိလည်းဖြစ်ပေမယ့် Celebrity တွေအတွက်တော့ မရှိမဖြစ်ကို လိုအပ်ပါတယ်တဲ့။
အော် မှန်တာပေါ့ ခေးရယ်။ မြန်မာ Celebrity မလေးတွေ ရဲ့ Sexy Pose တွေ အမှန်တကယ်ကို လိုအပ်နေတာပါကွယ်။ အာဟိ။
:mrgreen:
ဆွိဝတ်ရည်သောင်းလေးရဲ့ Sexy Man က ဒီလိုတဲ့ဗျ။
ယောက်ျားလေးဆိုရင် ရုပ်ချောစရာမလိုဘူး။ (ဒါကတော့ ရွှေတိုက်စိုးနဲ့ ကွက်တိ)
အသားလည်း ဖြူစရာမလိုဘူး။ (အင်းဒါကတော့ ဘလက်ချောနဲ့ ကွက်တိ။ အသားမည်းကိုဗျ နော်)
အရမ်းကြီး Sexy ကျ စရာလည်းမလိုဘူး။ (ဒါကတော့ ကိုနိုဇိုးမိကြီးနဲ့ ကွက်တိ။ ဆက်စီကိုမဖြစ်တာပါ။ အာဟိ)
ယောက်ျားဆန်ဆန်နဲ့ ယောက်ျားပီသတဲ့ ပုံမျိုးဆိုရင် ကြိုက်တယ်။ (RGa လေး ရဲ့ ဘော်ဒီနဲ့ စတိုင်မျိုးပေါ့ဗျာ။)
ပြောရရင် သဘာဝပုံစံနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံမျိုးကို သဘောကျတယ်။
(သဘာဝပုံစံဆိုလို့ ဟိုနေ့က ရွှေလီမှာသောက်ကြတုန်းက ကြောင်ဝတုတ်တစ်ယောက် ဘရာတောင် မဝတ်ခဲ့ဘူး။
ဒီထက်သဘာဝကျဦးမလား နော့။)
အော် ဆွိဝတ်ရည်သောင်းလေးတစ်ယောက် မန္တလေးဂဇက်က အစ်ကိုကြီးတွေ ဦးလေးကြီးတွေရဲ့ Sexy Pose တွေကို မြင်ရင်
ထိန်းမနိုင်သိမ်းမရ ဖြစ်မှာ မြင်ယောင်မိသေး ဟေးဟေး။ :mrgreen:

မြန်မာရုပ်မြင်ဇာတ်လမ်းတွဲ အချစ်သင်္ကေတ လာပြီ (8 Days)

ရှောင်လို့ကို မလွတ်နိုင်တဲ့အရာတွေထဲမှာ ကိုးရီးယားဇာတ်လမ်းတွဲတွေက ထိပ်ဆုံးမှာနေရာယူနေတာ အတော်ကြာခဲ့ပါပြီ။
မြဝတီကြည့်လည်း ကိုးရီးယား၊ MRTV ကြည့်လည်း ကိုးရီးယား၊ MRTV-4 ကြည့်လည်း ကိုးရီးယား၊ ဖမ်မလီ ကြည့်လည်း ကိုးရီးယား၊ စကိုင်းနက်ကြည့်လည်း ကိုးရီးယား။
ဘယ်တီဗီ စတေရှင် ကြည့်ကြည့် ကိုးရီးယားနဲ့ကို မလွတ်နိုင်ဘူး။
ပါဝါအပျော့နဲ့ နယ်ချဲ့ခြင်းကို မြန်မာတီဗီစတေရှင်တွေက ကျေကျေနပ်နပ်ကြီးကို ကျေနပ်လို့။
ဒီလောက်တောင်ဖြစ်လှတာ ရွှေတိုက်စိုး ရေ ကြုံရင် ကိုးရီးယားမ တစ်ယောက်လောက်ကောက်ယူပြီး ကလေးတန်းလန်းနဲ့ ထားခဲ့ပစ်လိုက်စမ်းကွာ။ ဒါမှ ရွှေမြန်မာတွေအကြောင်းကောင်းကောင်းသိသွားမှာ ဘာမှတ်နေလဲ။ ဒါလည်း ဖြစ်မယ်မထင်သေးဘူးဗျို့။ တော်ကြာ သူတို့ ဇာတ်လမ်းတွဲတွေလို ကလေးက အရွယ်ရောက်လာပြီး မြန်မာပြည်လာ၊ ကွဲနေတဲ့အဖေကိုရှာနေမှ အုပ်ထိန်းသူနဲ့ ပြသနာတက်နေဦးမယ်။ တကယ်သွားမလုပ်လိုက်နဲ့ဦးဗျ။
သတင်းအတည့်က ဒီလိုဗျ။ မြန်မာရုပ်သံဇာတ်လမ်းတွဲ အချစ်သင်္ကေတ ကို MRTV-4 ကနေ ပြသပေးတော့မယ်တဲ့။ ရိုက်ကူးသူ ဒါရိုက်တာက ကောင်းဇံ (MRTV-4)၊ ဇာတ်ဝင်တေးနဲ့ စာသားကို မြင့်မိုးအောင်က ရေးပေးထားပါတယ်တဲ့။ သရုပ်ဆောင်တွေကတော့ မျက်နှာသစ်တွေဖြစ်တဲ့ ဘုန်းထက်ရှိန်၊ ကောင်းမြတ်စံ၊ စိုးနန္ဒာကျော်၊ ဝင့်ယမုံလှိုင်တို့က အဓိက ပါဝင်ပါတယ်တဲ့။ ရန်ကျော်တို့ သန်းသန်းစိုးတို့ ဦးဇော်မှိုင်းတို့ ဦးဝင်းမြိုင်တို့ကလည်း ဝိုင်းဝန်းပံ့ပိုးထားကြတယ်ပေါ့ဗျာ။ ကဲ ကိုးရီးယား ဇာတ်လမ်းတွဲတွေကို ခုခံဖို့အတွက် မြန်မာဇာတ်လမ်းတွဲတွေ ဘယ်လောက် ထိုးဖေါက်နိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ကျောင်းအစ်မရေ။ ဧပြီလ ၃ဝ ရက်နေ့က စလွှင့်မယ်ဆိုတော့ သိတ်မဝေးတော့ပါဘူး။ မြန်မာရုပ်သံဇာတ်လမ်း ကမ္ဘာကိုလွှမ်းစေရမည်ပေါ့…။ ကမ္ဘာ့အဆင့်က နည်းနည်းမှ လျှော့မပေးနဲ့ ကျောင်းဒကာ။
:mrgreen:

သင်္ကြန်တွင်း ဝတ်စားဆင်ယင်မှုကြောင့် သင်ဇာဝင့်ကျော်ကို ရုပ်ရှင်အစည်းအရုံးက ခေါ်ယူတွေ့ဆုံမည် (7 Days)

ကဲကြည့်။ ဥက္ကဌမှ မဖြစ်သေးဘူး ဦးဇင်ဝိုင်းကြီးတို့ကတော့ လုပ်ပြီ။
သင်္ကြန်တွင်းမှာ မိန်းကလေးတော်တော်များများ Sexy ဖြစ်စေမယ့် ဝတ်စားဆင်ယင်မှုတွေနဲ့ ဘီယာလေး အရက်လေး နည်းနည်းပါးပါး သောက်ကြစားကြ၊
ပြီးတော့ ကားခေါင်မိုးပေါ်တက်ပြီး ကနေလိုက်ကြတာ ကြည့်လို့တောင်ကောင်းသေး ဟေးဟေး။ အခုတော့ သင်ဇာဝင့်ကျော်လေးကျကာမှ ခေါ်ပြီး သတိပေးမယ်ဆိုတာတော့ နည်းနည်းလေးများလွဲနေသလားလို့။ သင်ဇာဝင့်ကျော် နောက်ကို ခေတ်ကလိုက်နေတာမဟုတ်ပါဘူး။ ခေတ်နောက်ကို သင်ဇာဝင့်ကျော်ကလိုက်နေတာပါ။ သင်ဇာဝင့်ကျော်တစ်ယောက်တည်းကို ခေါ်သတိပေးယုံနဲ့တော့ ယနေ့ခေတ်မိန်းမငယ်တွေရဲ့ ဝတ်စားဆင်ယင်မှု ရေစီးကြောင်းကြီးကို ပြောင်းပစ်နိုင်မှာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်က ဘာများပါလိမ့်။ အို ဦးနှောက်စားပါတယ်ဗျာ။ ကောင်မလေးတွေကို ဒီလိုသာ ဆုံးမလိုက်ပါ။
ကဲချင်သလိုကဲကြ။ တစ်နေ့ ယူမယ့်ယောက်ျားပေါ်လာလိမ့်မည်။
:mrgreen:

မောင့်ချစ်သူ နွယ်နွယ်ထွန်း (8 Days)

တစ်မျိုးမထင်ပါနဲ့ ကျောင်းဒကာရယ်။ ဟိုတုန်းက ကျော်ဟိန်းနဲ့ ခင်သီတာထွန်းတို့ရဲ့ ရုပ်ရှင်ဇာတ်ကားနာမည်ပါ။
ပြောချင်တာက နွယ်နွယ်ထွန်း ဆိုတဲ့ Photo Model မလေးတစ်ယောက် အကြောင်းပါ။
အင်မတန် Sexy ဖြစ်သော ဓါတ်ပုံလေးတွေနဲ့ နာမည်ကြီးတဲ့ ကလေးမလေးပေါ့။ ကမ်းကြီးခေါ်သလို ခေးလို့သာ ခေါ်လိုက်ချင်တော့တယ် ဟေးဟေး။
အဲဒီကလေးမလေးက ဒီတစ်ပတ်ထုတ် 8 Days ဂျာနယ်ရဲ့ မျက်နှာဖုံးရှင်ပါဗျာ။ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ စပါးကြီးမြွေတစ်ကောင်နဲ့ တွဲရိုက်ထားတာပါ။ ခင်ဗျားသဝန်တိုမယ်ဆိုလည်း တိုစရာပါ ကျောင်းဒကာ။ စပါးကြီးမြွေကြီးရဲ့ ခေါင်းက နွယ်နွယ်ထွန်းလေးရဲ့ နှလုံးသားတည်ရှိရာ ဘယ်ဘက်ရင်အုံပေါ်မှာ မှေးစက်လို့။ စပါးကြီးမြွေကြီးရဲ့ တစ်ကိုယ်လုံးကိုလည်း နွယ်နွယ်ထွန်းလေးက ပေါင်လုံးကြီး နှစ်ခုကြားမှာ ညှပ်လို့။
အော် မြွေဖြစ်ရတဲ့ဘဝ ကိုနိုဇိုးမိကြီးဘဝထက်တောင် ဇိမ်ကျနေသေး။ :mrgreen:
ဓါတ်ပုံဆရာကလည်း အေးဇော်မိုး (စက်မှု) ဆိုတော့ Sexy ဖြစ်ရဲ့လားလို့ မေးစရာကို မလိုတော့တာပေါ့ဗျာ။ လက်ခုတ်တီးပြီးအားပေးပါတယ် အေးဇော်မိုးရေ။

အေးဇော်မိုး(စက်မှု) ရဲ့ ဓါတ်ပုံရိုက်ချက် (8 Days ဂျာနယ် မျက်နှာဖုံး)

အဲဒီ နွယ်နွယ်ထွန်းလေးနဲ့ အင်တာဗျူးထဲက နည်းနည်းလောက် ဆွဲထုတ်တင်ပြချင်ပါသေးတယ်ဗျာ။

နွယ်နွယ်ထွန်းအနေနဲ့ ထူးထူးခြားခြား အနုပညာ လှုပ်ရှားမှုမျိုး မတွေ့ရဘဲနဲ့ ဘာကြောင့်နာမည်ကြီးနေရပါသလဲ။

(ရိုက်။ ဟုတ်တယ်။ မေးသင့်တယ်။ ခေး က အလကားနေရင်းကို နာမည်ကြီးနေတာ။ ကိုလင်းဝေကြီး ဆို
နွယ်နွယ်ထွန်းဓါတ်ပုံလေးတွေက မိုက်တယ် လို့ ခဏခဏပြောဖူးတယ်။ ဘာမိုက်တာလဲလို့ ဒီတစ်ခါတွေ့မှ မေးကြည့်ရဦးမယ်) :mrgreen:

သမီးလည်း အဲဒါကို ကိုယ်ကိုယ်တိုင် မသိဘူးဖြစ်နေတယ်။ ကိုယ်က ဇာတ်ကားလည်း မရိုက်ဖူးဘူး။ သူများတွေလိုလည်း ပြိုင်ပွဲတွေဝင်မပြိုင်ဖူးဘူးလေ။ ကိုယ့်ဖာသာကိုယ် သီးသန့် Photo Model တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တာပါ။ ထူးထူးခြားခြားအနေနဲ့ လူတွေက ပိုပြီး သတိထားမိတာက ကိုယ့်ရဲ့အရပ်အမောင်းနဲ့ Style တစ်ခုကြောင့်လို့ထင်တယ်။ အခုခေတ်က ကိုးရီးယား စတိုင်လေးတွေ ရိုက်တာများတယ်လေ။ အဲဒီထဲကမှ သမီးစတိုင်က ကွဲထွက်နေတာကြောင့် လို့ ထင်မိတယ်။ အဓိကကတော့ လူတွေပိုသိတာက Photo Model ကြောင့်လို့ ထင်မိပါတယ်။

အော် ခေးရယ်။ အဲဒါကျတော့ ကိုပါလေရာကြီးတို့ ကိုထက်ဝေးတို့ သူရဇော် တို့က သမီးဘာလို့နာမည်ကြီးနေသလဲဆိုတာ ပိုပြောနိုင်မှာပေါ့ကွယ်။
ကဲ ဆရာတို့…။ နွယ်နွယ်ထွန်းလေးက သူ့ကိုယ်သူ ဘာကြောင့်နာမည်ကြီးနေသလဲဆိုတာ မသိရှာဘူးတဲ့။ ပြောပြလိုက်ကြစမ်းပါဗျာ..။ ခေးကို။ :mrgreen:

အေးဇော်မိုး (စက်မှု) ရဲ့ လက်ရာ နွယ်နွယ်ထွန်း ရဲ့ အလှ ဘလက်ချောက ပြန်တင်ပြပေးတာပါ။

နောက်မေးခွန်းလေးတစ်ခုက ကိုကြီးမိုက်ကြီးတို့အကြိုက်ပဲဗျာ။ ကဲ ဖတ်ကြည့်။

နွယ်နွယ်ထွန်းရဲ့ ခန္ဓာကိုယ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာက ဘယ်နေရာလို့ ထင်ပါသလဲ။

သမီးရဲ့ နှုတ်ခမ်းလေးပါပဲ။ နှုတ်ခမ်းလေးက ထူပြီး ထော်တဲ့ အတွက် Sexy ကျတယ်လို့ ထင်တယ်။ သဘောကျပါတယ်။
နှုတ်ခမ်းလေးတွေ၊ နှာခေါင်းလေးတွေ ကို သဘောကျပါတယ်။

အော်ခေးရယ်။ ထူထူလေးနဲ့ ထော်တဲ့ နှုတ်ခမ်းကလေးက Sexy ဖြစ်သတဲ့လား။
ကိုကြီးမိုက်ကြီးကတော့ တစ်ကိုယ်လုံးမှာ ဆွဲဆောင်မှုတွေ ရှိနေတာပါတဲ့။ ဘယ်နေရာမှ ပစ်ရက်စရာ မရှိလောက်အောင် Sexy ဖြစ်နေတာပါတဲ့။
စိတ်ထိန်းပါ ကိုကို။ မမြဲတဲ့အရာတွေပါ…။ အပုတ်ကောင် ရုပ်ဆောင်နေတာပါ။
အဲဒါကြောင့်ပြောတာပေါ့..။
မောင့်ချစ်သူနွယ်နွယ်ထွန်း ပါဆို။ :mrgreen:

တီဗီမှာ နာမည်ကြီးနေတဲ့ အနာဂတ်မြန်မာပြည် သီချင်းအကြောင်း (ပေါ်ပြူလာ)

အခုတလော တီဗီမှာ နာမည်ကြီးနေတဲ့ ပေါ်လစီသီချင်းလို့ခေါ်ကြတဲ့ သီချင်းလေးတစ်ပုဒ်အကြောင်းပြောချင်ပါတယ်။
သမ္မတကြီးဦးသိန်းစိန် သမ္မတတာဝန်ထမ်းဆောင်တဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းလေးပါ။ နာမည်က အနာဂတ် မြန်မာပြည် တဲ့။
ထူးဆန်းတာက အဲဒီသီချင်းကိုရိုက်ပေးဖို့ ဒါရိုက်တာဝိုင်းကို ကမ်းလှမ်းခဲ့တာပါပဲ။
အဲဒီလိုကမ်းလှမ်းတာနဲ့ ပတ်သက်ပြီး ဒါရိုက်တာဝိုင်းရဲ့ ဖီလင်လေးက ဒီလိုပါ။

သမ္မတကြီးဦးသိန်းစိန် တစ်နှစ်ပြည့် ဂုဏ်ပြုသီချင်းရိုက်ချင်တယ်လို့ လာပြောတယ်။ ကိုယ်တိုင်လည်း အံ့ဩသွားတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီအခန်းဖြတ် ဇာတ်ကား၊ ဒီလိုလေးခြစ်တတ်ရင်ရပြီ ရိုက်တဲ့ ဒါရိုက်တာကို ဒီလိုမျိုးကမ်းလှမ်းတယ်။ အဲဒီအချိန်မှာ သမ္မတကြီးရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ဖတ်ကြည့်ဖြစ်တယ်။ တစ်နှစ်တာအတွင်းကို လုပ်ဆောင်ချက်တွေက အရင်ကနဲ့ မတူသလို ခံစားမိတယ်။ ပထမဦးဆုံး ဇာတ်ညွှန်းရေးပြီးတင်ပြခဲ့တယ်။ ပြချင်တာက သမ္မတကြီးရဲ့ လုပ်ဆောင်ချက်တွေကို အဓိကပြချင်တဲ့အတွက် တကယ်တွေ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အရုပ်တွေ၊ တကယ် ဧရာဝတီမြစ်ဆုံရပ်ဆိုင်းဖို့ အတိအလင်းကြေညာခဲ့တဲ့ရုပ်တွေ၊ ပြီးတော့ အကျဉ်းသားတွေလွှတ်ပေးဖို့ ပြောတာတွေ၊ KIA တပ်တွေကို တပ်မတော်က အပစ်အခတ်ရပ်ဆိုင်းတဲ့ အမိန့်စာတွေပြချင်တယ်လို့ ပြောပါတယ်။ ပြောပြီးတဲ့အချိန်မှာ ဟိုဘက်ကလည်း ဝမ်းသာစွာလက်ခံတယ်။ ဒီပြောင်းလဲလာတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ သရုပ်ကို သီချင်းတစ်ပုဒ်ထဲမှာ ပေါ်လွင်စေချင်တယ်။ ပါးစပ်ကနေပြောနေလို့ မပြီးနိုင်ဘူး။ တကယ်လက်တွေ့လုပ်နိုင်မှ ဖြစ်မှာလေ။ ဥပမာ-အရင်တုန်းက အကျိုးပြုတေးက တစ်ဖက်စောင်းပြီးရိုက်တာများတယ်။ အဲဒီလိုမျိုးကို မပြချင်ဘူး။ ဒီသီချင်းပုံဖေါ်တဲ့အခါ တံခါးတွေဖွင့်ထားတာရှိသလို တံခါးတွေပိတ်ထားတာမျိုးတွေလည်းပါတယ်။ ဒါက အနုပညာအရေး တွေးကြည့်လို့ရတယ်။ တိုင်းပြည်ကို တံခါးဖွင့်ဖို့ ကြိုးစားနေကြတယ် ဆိုတာမျိုး မြင်တွေ့ရမယ်။ ပြောင်းလဲလာတဲ့ဖီလင်ကို နည်းနည်းတော့ခံစားရပြီ။ အများကြီးတော့ မဟုတ်သေးဘူး။ ဒီထဲမှာ ထူးထူးခြားခြား ကိုမင်းကိုနိုင် ပုံရိပ်တွေကို တွေ့ရမယ်။ ဒါက ပြောင်းလဲလာမှုပဲလေ။ တစ်ဖက်ကတော်တော်များများ ခွင့်ပြုတယ်။ ဒီအရုပ်တွေက အရင်တုန်းက တီဗီဖန်သားပြင်ပေါ်မှာ မြင်ရတာမဟုတ်ဘူး။ အခုစဖေါ်ပြခွင့် ရလာတယ်။ အရင်အခြေအနေထက်စာရင် တော်တော် ပြောင်းလဲလာပါပြီ။ အနုပညာရှင်တွေကလည်း သူညီပေးကြတယ်။ ရိုက်ကူးတာသိတ်မကြာပေမယ့် သမ္မတဦးသိန်းစိန် အကြောင်းကို ပြန်လေ့လာတာ တော်တော်ကြာတယ်။ ခရီးတွေကအစ သေချာလေ့လာခဲ့ရတယ်။ အနုပညာရှင်တချို့ဆို နိုင်ငံတော်သီချင်းရိုက်တဲ့အခါ နိုင်ငံခြားမှာကျင်းပတဲ့ ရှိုးပွဲတွေ မခေါ်တာမျိုးလည်း ရှိတယ်။ အခု ဒီသီချင်းနဲ့ ပတ်သက်ပြီး စိတ်မပူဖို့ပြောရတယ်။ ဒါကလည်း အမှန်တရားတစ်ခုကို တင်ပြတဲ့သဘောပါ။ ကိုယ်တတ်တဲ့အနုပညာနဲ့ သူတစ်ပါးကို စော်ကားချင်စိတ်လုံးဝမရှိပါဘူး။ အခုချိန်မှာ အနုပညာရှင်တွေရဲ့ စိတ်မှာလည်း ဖီလင်တစ်ခုတော့ ရှိကြမှာပါ။ ဒီသီချင်းအတွက် ပရိသတ်ကို နားလည်စေချင်တယ်။ လူတစ်ယောက်ကို နားလည်မှုရှိရမယ်။ ဒါအရေးကြီးဆုံးပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ။
ပေါ်လစီသီချင်းတစ်ပုဒ်ကို ဖန်တီးဖို့ ဒီမိုကရေစီ ဘက်တော်သားလို့ ပြောလို့ရတဲ့ ဒါရိုက်တာ ဝိုင်း လက်ထဲထည့်တယ်ဆိုတာကိုက အပြောင်းအလဲတစ်ခုဖြစ်နေပါပြီဗျာ။
သံစဉ်ပိုင်းမှာတော့ Chorus ပိုဒ်လေးက ဒွေး ရဲ့ အဖြူရောင်သစ္စာ ဗီဒီယိုဇာတ်ကားထဲက ဒွေးဆိုထားတဲ့ ဇာတ်ဝင်တေးနဲ့ တစ်ထပ်တည်းတူညီနေသလားလို့ပါ။ သမ္မတ ကို ဂုဏ်ပြုတဲ့သီချင်းတစ်ပုဒ်ဆိုတော့ အပြစ်အနာအဆာ ကင်းစေချင်တဲ့သဘောပါဗျာ။

NLD မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းကို ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ငွေ၁ဝ သိန်းတင် တရားစွဲ (Venus)

အထူအပါးနားမလည်တာလား။
ပြည်သူလူထုရဲ့ သဘောထားဆန္ဒအမှန်ကို လက်မခံနိုင်တာလား။
ဖွဲမီးလို တောက်လောင်နေတဲ့ အာဃာတတွေကြောင့်လား။
တစ်ခုခုတော့ တစ်ခုခုပဲဗျို့။
မင်္ဂလာတောင်ညွန့်မြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရထားတဲ့ NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေးက ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်သည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင်
ငွေကျပ် ၁ဝ သိန်း တင် တရားစွဲဆိုလိုက်ပါတယ်တဲ့ ကျောင်းဒကာရေ။
နည်းနည်းမှကို မလျှော့ဘူးဗျို့။ စောင့်ကြည့်ကြတာပေါ့ဗျာ… နော။

ဒီမိုကရေစီရမှာကိုတောင် ကြောက်မိတယ် တဲ့ (Sunday)

သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်က လက်ရှိနိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ပြောသွားတဲ့စကားလေးပါ။

ကျွန်တော်က ဒီမိုကရေစီရမှာကိုတောင် ကြောက်မိတယ်။ ဘာလို့လဲဆိုတော့ လုပ်ချင်တာကိုလုပ်၊ စည်းမရှိ ကမ်းမရှိ ဖြစ်နေတဲ့
လူတန်းစားက အရမ်းများတယ် လို့ ထင်တယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တိုးတက်အောင်လုပ်ပေးမယ့်သူ ဆိုရင်တော့ ဘယ်သူ့ကိုမဆိုကြိုဆိုပါတယ်။
ဒါပေမယ့် ဒီမိုကရေစီမရသေးတဲ့အခြေအနေမှာတောင် ပြောချင်တာတွေပြော၊ လုပ်ချင်တာတွေလုပ်လာတာကိုက စိတ်ပျက်စရာဖြစ်နေတယ်။
ဒါကြောင့် ကျွန်တော် ဒီမိုကရေစီရမှာကိုတောင် စိုးရိမ်နေမိတယ်။

ကဲ။ စည်းမဲ့ကမ်းမဲ့ ဒီမိုကရေစီတွေကို စိတ်ကုန်နေပုံရပါတယ်။ အသာလုပ်ပါဗျာ။
တော်ကြာ မလိုချင် ပြန်ပေးဆိုပြီး ပြန်ယူသွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ်… လူဆိုး။

စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့ နိုင်ငံရေးသမား – လူထုစိန်ဝင်း

ဆရာလူထုစိန်ဝင်းရဲ့ စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့နိုင်ငံရေးသမား ဆိုတဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်လေးထွက်လာပါတယ်။
အမြည်းအဖြစ်နည်းနည်းလေး ရေးပြချင်ပါတယ်။

ဘယ်မျက်နှာကိုမှ မကြည့်ရသူ
စာနယ်ဇင်းသမားဆိုတာ နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးသမားများလိုပဲ နိုင်ငံအရေး၊ နိုင်ငံသူနိုင်ငံသားများအရေးကို တစ်နည်းတစ်ဖုံ
ဆောင်ရွက်သူတွေဖြစ်တယ်။ နိုင်ငံရေးသမားကမှ သူ့ပါတီအဖွဲ့အစည်းရဲ့ အကျိုးကို ဆောင်ရွက်ရပါသေးတယ်။ စာနယ်ဇင်းသမားကတော့ စာဖတ်ပရိသတ်
ပြည်သူလူထုရဲ့ အကျိုးတစ်ခုတည်းကိုသာ ကြည့်ပြီးလုပ်ဆောင်ရပါတယ်။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အစိုးရအဖွဲ့အစည်းရဲ့ အသုံးချခံ လက်ကိုင်တုတ်လည်း
အဖြစ်မခံရပါဘူး။ စာနယ်ဇင်းသမားလည်း လူသားတစ်ဦးဖြစ်လို့ ကိုယ်ပိုင်ယုံကြည်မှု၊ ကိုယ်ပိုင်တိမ်းညွတ်မှုတို့ရှိမှာ အမှန်ဖြစ်တယ်။ ဒါပေမယ့်
သတင်းလုပ်ငန်း လုပ်ရာမှာတော့ ကိုယ့်အတ္တနောမတိကို ထိန်းချုပ်ပြီး အဖြစ်မှန်၊ သတင်းမှန်ကိုသာ ရေးသားဖေါ်ပြရမှာ ဖြစ်ပါတယ်။

ယုံကြည်ကိုးစားခံရမှု
တည်ကြည်ဖြောင့်မတ်ပြီး အမှန်တရားကိုသာ ဖေါ်ထုတ်တင်ပြတဲ့ စာနယ်ဇင်းမျိုးကိုမှ “စတုတ္ထမဏ္ဍိုင်” လို့ သတ်မှတ်နိုင်တာပါ။ စာနယ်ဇင်းတစ်စောင်ရဲ့
နေရာ ကို သတ်မှတ်တာက စောင်ရေဘယ်လောက်အများကြီး ရိုက်ရသလဲ၊ ဘယ်လောက်လူကြိုက်များသလဲ ဆိုတဲ့အချက် မဟုတ်ပါဘူး။ စာဖတ်ပရိသတ်
ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ဘယ်လောက်ခံရသလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီခေတ် လူငယ်စာနယ်ဇင်းသမားများ ဒီအချက်ကို အထူးသတိပြုသင့်ပါတယ်။
စာနယ်ဇင်းသမားဆိုတာ ဘယ်အနှောင်အဖွဲ့မျိုးမှ မခံတဲ့ “နှောင်ကြိုးမဲ့ နိုင်ငံရေးသမား” ဖြစ်တယ်။ နိုင်ငံ့အရေး၊ နိုင်ငံသူ နိုင်ငံသားများရဲ့ အရေးကို တည်ကြည်ဖြောင့်မတ်စွာ
ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုလူမျိုးကိုမှ စာနယ်ဇင်းသမားကောင်း လို့ ခေါ်နိုင်တာဖြစ်ကြောင်း လူငယ်တွေ သိစေချင်ပါတယ်။

ပုဂံလက်ကျန် ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်ဗျာ။

၂။ ပုဂံ

87 comments

  • blackchaw

    April 28, 2012 at 10:38 am

    @ Tin Tin ;
    ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးတာ ကျေးဇူးပါ တင်တင်ရေ။
    အဲ တင်တင်လား တင်းတင်းလား တော့ မသိလို့ တင်တင်ပဲ ခေါ်လိုက်ပါတယ်ဗျာ။
    :mrgreen:

  • blackchaw

    April 28, 2012 at 10:40 am

    @ အလင်းဆက် ;
    ဘုရားတွေလည်း ဖူးသွားတယ်ဆိုလို့
    သာဓုခေါ်လိုက်ပါတယ်ဗျာ။
    သာဓု သာဓု သာဓုပါ။
    :mrgreen:

  • Mလုလင်

    April 28, 2012 at 10:41 am

    အေးဆေးပဲ နော် ရေနွေးကြမ်းအိုး နဲ့ ထောင့်ခုံ မှာ ငြိမ့်ငြိမ့် လေး ခံစားသွားပါကြောင်း …… လက်မ တစ်ချောင်း နဲ့ .. ဂုဏ်ပြု ခဲ့ပါကြောင်း ….

  • blackchaw

    April 28, 2012 at 10:43 am

    @ ဦးဦး ပါလေရာ ;
    မျက်စိအေးပြီး အသက်ရှည်ချင်ရင်
    ချိုပေါ့ကျ ကို ဖတ်ပါ လို့ ရေးရမလိုတောင် ဖြစ်လာပြီ
    အစ်ကိုရေ။
    ဒီတစ်ပတ် အကျရည် ပေါ့ထားတော့ အစ်ကိုတို့လို
    လဖက်ရည်ကြိုက်သူတွေအတွက် နည်းနည်း ပေါ့နေမယ်ထင်ပါတယ်။
    :mrgreen:

  • blackchaw

    April 28, 2012 at 10:49 am

    @ Khin Latt ;
    ဟားဟား အစ်မရေ။
    တကယ်ပြောတာပါဗျ။ ဂီဂီ့ကိုလည်း မေးကြည့်လို့ရပါတယ်။
    အစ်မက ကျွန်တော့် ထက်ငယ်တယ်လို့တောင် ထင်ရတာပါ။
    အမှန်ကတော့ ကျွန်တော်ကလည်း အရွယ်ကျတာ မြန်နေတာဖြစ်ကောင်း
    ဖြစ်မှာပါ။
    အစ်မကွန်းမန့်ကို ဖတ်ရင်း Best Comment ကိုမနှိတ်မိအောင် အကြိမ်ကြိမ်
    ထိန်းပါတယ်။
    ဒါပေမယ့် ကိုယ့်ပို့စ်လေးကို သေချာဖတ်ပြီး သေချာပြန်ရေးထားတယ်ဆိုတာ
    သိသာလွန်းနေတော့ ဟယ် ဘာပဲဖြစ်ဖြစ်
    နှိတ်လိုက်ပြီဗျာ Best Comment ။
    စိတ်တော့မဆိုးနဲ့ အစ်မရေ။
    :mrgreen:

  • blackchaw

    April 28, 2012 at 10:52 am

    @ နေဝန်းနီ ;
    မြွေကိုမြင်တော့ ရင်တုန်ပန်းတုန် ဖြစ်သတဲ့လား ကိုနေကြီးရယ်။
    မြွေကအဲဒီလောက်မစွမ်းဘူးလို့ ထင်ပါတယ်။
    အင်း ဘာကစွမ်းတာလဲဆိုတာတော့…။
    :mrgreen:

  • blackchaw

    April 28, 2012 at 10:54 am

    @ ကိုထွန်းဝင်းလတ် ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုထွန်း ဝင်း လတ်ရေ။
    :mrgreen:

  • blackchaw

    April 28, 2012 at 10:57 am

    @ Foreign Resident ;
    ကျွန်တော်ပြောချင်တာ ပြချင်တာလည်း အဲဒါပဲ FR ကြီးရေ။
    ဆေးနည်းများလွဲနေသလားလို့ပါ။
    အော် သင်ဇာဝင့်ကျော် သင်ဇာဝင့်ကျော်
    ဝတ်နေစားနေကြတာက တစ်မြို့လုံး။
    နာမည်ပျက်တော့ သူတစ်ယောက်တည်း။
    ဘာမှမပူနဲ့ သင်ဇာရေ
    သမီးကိုကယ်တင်ဖို့ ဂီဂီရောက်လာပါပြီ။
    :mrgreen:

    • Foreign Resident

      April 28, 2012 at 11:08 am

      ကို Black Chaw ရေ
      ဂီဂီ က ဘယ်တော့ အရှေ့ကျွန်း ပြန်မယ်တဲ့တုံး ။
      ဂီဂီ အရှေ့ကျွန်း မပြန်ခင် တရက်လောက်တော့ တွေ့လိုက်ချင်သား ။

      • Inz@ghi

        April 28, 2012 at 11:36 am

        ၅ရက်နေ့ပါဗျ…

        အလုပ်အားသွားပါပြီ
        ရှေ့တပါတ်လုံး ဖရီးဖြစ်ပါသည်….

        ကော်ဖီအိပ်မက်တော့ စွန့်လွှတ်လိုက်ပီ ဖြစ်ပါသည်..

        အာဟိ ။.ဒက်ဂလောက်

        • Foreign Resident

          April 28, 2012 at 11:49 am

          Sorry ဂီဂီရေ ၊
          ၅ ရက်နေ့ ( မေလ ) ဆိုရင်တော့ ၊
          အဘ ပြန်မရောက်လောက်သေးဘူးကွယ့် ။
          နောက်များမှပဲ ။

  • blackchaw

    April 28, 2012 at 10:59 am

    @ Mလုလင် ;
    အရာအားလုံးအတွက် ကျေးဇူးပါ ညီလေးရေ။
    ညီလေးကို ဘုရားသခင် ကောင်းချီးပေးမှာပါဗျာ။
    :mrgreen:

  • ဗိုက်ကလေး

    April 28, 2012 at 11:02 am

    အူးလေးရေ
    ဘာဖြစ်မှန်းကိုမသိပါဘူးဗျာ..
    အူးလေး ချိုပေါ့ကျကို ခဏခဏ ကြည့်….အဲလေ…ဖတ်ချင်နေမိတယ်ဗျား

  • Inz@ghi

    April 28, 2012 at 11:25 am

    ပြန်လာခဲ့ပါ့မယ်ဗျာ …
    ကော်မကောင်းလို့ စိတ်ရှိသလောက် သိဒ္ဒိမပေါက်လို့ပါ
    ခင်တဲ့
    ဂီ

  • Diamond Key

    April 28, 2012 at 12:05 pm

    လက်မထောင်ကာ အားပေးသွားပါကြောင်း .. ဆရာရေ 😀

  • TTNU

    April 28, 2012 at 12:08 pm

    ကိုချောရေ…
    မန်းတာနောက်ကျသွားခွင့်လွှတ်တော့။
    ဖတ်လို့ကကောင်းမှကောင်း၊ ကိုယ့် Comment ကြောင့်
    အလှပျက်သွားမှာတောင်စိုးမိ။

    တွေးမိတာလေးပြောမယ်။
    ကိုချောပြောတဲ့ Marketing ကိစ္စ။
    တီချာဆိုလည်း အေဘီစီရောင်းစားနေတယ်ဆိုပါတော့။
    Goods တွေ မထုတ်လုပ်ပေမဲ့ Services တွေ ထုတ်ရောင်းရတာကိုး။

    ရောင်းအားတက်အောင်
    (၁) Image တစ်မျိုး ရှိရမယ်။
    (၂) Brand Building ပိုင်းနားလည်ရမယ်။
    (၃) ပို အောင်မြင်မယ်အောင် BRANDING is PROMISING ဆိုတာမျိုးလေး
    လုပ်ထားမယ်….ဒါဆိုService ကောင်းကောင်းပေးခြင်း။
    စသဖြင့်တွေ တွေးကြည့်မိတယ် သိလား။
    Image ပိုင်း။ ။ မျက်နှာထားခပ်တင်းတင်း၊ မြင်ရာလူ ဆုံးမချင်နေတဲ့ရုပ်။
    Brand Building။ ။ လူမသိသူမသိ ၊သတင်းစာထဲမှာကြော်ငြာမထည့်။
    Service။ ။ စာမတတ်တတ်အောင်သင်တာကလွဲလို့ ဘာလောကွတ်မှ မပြောဖြစ်ခဲ့။

    ကိုချောရေ… ဒီလိုဆိုရင် တီချာ့လုပ်ငန်းလေး ကမ္ဘာကျော်ပါ့မလားဟင်။ 😥

  • blackchaw

    April 28, 2012 at 12:42 pm

    @ Diamond Key ;
    လက်မထောင်သွားရုံနဲ့တော့ မကျေနပ်နိုင်ဘူး ကိုသော့ရေ။
    ဓါတ်ပုံလေးတွေ အကြောင်း နည်းနည်း ပြောပြပေးစေချင်သေးတာ။
    အချိန်လေးနည်းနည်း ရခဲ့ရင်ပေါ့။
    :mrgreen:

  • blackchaw

    April 28, 2012 at 12:51 pm

    @ TTNU ;
    တီချယ်ကြီးရေ။
    ကျွန်တော်က အပျော်သဘော ရယ်ရွှင်စေချင်တဲ့စိတ်နဲ့
    လျှောက်ရေးထားတာပါခင်ဗျာ။
    အရမ်းကြီး တိကျသေချာတယ်ဆိုတာမျိုးကြီးတွေမဟုတ်ပါဘူး။
    Branding is Promising ဆိုတာကတော့
    တီချယ်ကြီးဆီမှာ အင်္ဂလိပ်စာသင်တန်းသွားတက်ရင်
    အင်္ဂလိပ်စာသေချာပေါက် တတ်တယ်ဆိုတာမျိုးပေါ့ခင်ဗျာ။
    လူမသိသူမသိ သတင်စာထဲကြော်ငြာမထည့်ပေမယ့်
    တီချယ်ကြီးရဲ့ တပည့်ဟောင်းတွေက တီချယ်ကြီးရဲ့
    ကြော်ငြာမီဒီယာတွေလို့ ထင်မိပါတယ်ခင်ဗျာ။ (ထင်မိတာပါနော်)
    ကျွန်တော် အပျော်သဘောရေးခဲ့ပါတယ်ခင်ဗျာ။
    ဆိုက်ကားသမားတွေ သူတို့ကိုယ်သူတို့ ဘယ်လိုကြော်ငြာနိုင်ကြပါ့မလဲ။
    သူတို့ရဲ့ အပြုအမူ၊ အပြောအဆို၊ စတာလေးတွေက ပဲ
    သူတို့ရဲ့ image ကို ပုံဖေါ်သွားတယ်လို့ ထင်ပါတယ်။
    အရေးအသားအမှားအယွင်းလေးများပါခဲ့ရင် ခွင့်လွှတ်ပေးပါခင်ဗျာ။
    နည်းနည်းလေးသိတာကို
    များများကြီးလျှောက်ပွားထားမိတာပါ။
    :mrgreen:

  • R Ga

    April 28, 2012 at 1:32 pm

    တစ်ချို့ က ချိုသည်။
    တစ်ချို့ က ပေါ့ သည်။
    တစ်ချို့ က ကျသည်။

    ဒါပေမဲ့ ကျွန်တော့်ကတော့ စိမ့်စိမ့်လေး အရသာခံစားသွားသည်။

    အမှားခပ်များများကလွဲလို့ ဘာဆိုဘာမှမပိုင်ခဲ့တဲ့ကောင်
    အာဂ

    • R Ga

      April 28, 2012 at 4:27 pm

      လေးဘလက် ဖြစ်နိုင်ရင် ပုဂံ ဘုရားပုံတွေကို မင်းသမီးပုံတွေရဲ့ အပေါ်ကို ပြောင်းတင်ပေးပါလား။
      ကြည့်ရတာ တစ်မျိုးဖြစ်နေသလား လို့။

      အမှားခပ်များများကလွဲလို့ ဘာဆိုဘာမှမပိုင်ခဲ့တဲ့ကောင်
      အာဂ

  • အိမ်လွမ်းသူ

    April 28, 2012 at 4:02 pm

    ဘယ်လက်မ ညာလက်မ ကိုအပြိုင်ထောင်ပြီး အားပေးသွားပါတယ် ကျောင်းဒကာရေ အဲ ကိုချောကြီးရေ။

  • MaMa

    April 28, 2012 at 8:19 pm

    လက်ဖက်ရည်ဝိုင်းက လူအတော်စည်နေပြီပဲ။
    နောက်ကျနေလို့ ကျန်မှ ကျန်ပါ့ဦးမလားလို့။
    ကွန်မကောင်းတာရယ် သင်္ကြန်အလုပ်ပျက်ထားတာတွေရယ်ပေါင်းပြီး
    ရွာထဲမှာ စာတောင်အကုန်မဖတ်ဖြစ်၊
    ကွန်မန့် မပေးနိုင် ဖြစ်နေတာ။
    ချိုပေ့ါကျမြင်တော့ မနေနိုင် ဖတ်ရ မန့်ရ တော့တာပဲ။
    ကိုချောရေ- ဒီတခါ ချိုပေ့ါကျက ကျောက်ပန်းတောင်းဂိတ်ဆုံးဖြစ်နေပါပေါ့လား။ 😀

  • pooch

    April 28, 2012 at 9:23 pm

    ကျမလည်း ကိုဘလက်ရောင်းခိုင်းတဲ့ ဂျာနယ်တွေ မြောင်းမြ မုန့်ဟင်းခါးဆိုင်ရှေ့သွားရောင်းပြီး ကုန်မှ ရွာလည်နိုင်တာမို့ နောက်ကျနေတာ မမရေ 😀

    ်မအားတာနဲ့မလှည့်နိုင်ဖြစ်နေတာ ဒီတခါ ချိုပေါ့ကျကိုလည်း အားပေးသွားပါတယ်နော်။
    ဒီတခါတော့ ပိုပြီး အရသာစုံတယ် ရှယ်ချိုပေါ့ကျပေါ့ 😀

  • surmi

    April 29, 2012 at 2:24 am

    ကိုယ်ပိုင် Brand ရှိတဲ.သူတွေကိုအားကျပါသဗျာ ….လွယ်တာမှတ်လို. ။
    ကောင်မလေးကိုကြည်.ရတာတော. …..(ကျွန်တော်.အမြင်)
    ဆယ်ဘီးကားနဲ.ဝင်တိုက်မိထားတဲ. QQ3 ချယ်ရီဝါဂွန်ကို ပတ်တီးဖို.ပြီး ဆေးမှုတ်ထားသလို
    တခုခုလေးလိုနေတယ်ထင်ပ ။
    ကြည်.ရတာ လျော.တော.တော.နဲ. ..ဟင်း …..။

    (နောက်နေ.မှ ထပ်မန်.ဦးမယ် ….အချိန်မရတော.လို.)

  • blackchaw

    April 29, 2012 at 12:24 pm

    @ R Ga ;
    ညီလေးရေ။ အောက်ဆုံးက ကိုယ့်ရဲ့ ကိုယ်ပိုင် ဓါတ်ပုံလေးတွေ
    ကိုယ်ပိုင်အနုပညာလေးတွေ ရဲ့ နေရာလေးပါ။
    ကြားထဲမှာထည့်ထားတာက စမ်းသပ်ထားတဲ့ သဘောပါ။
    နောက်များမှာ ဓါတ်ပုံလေးတွေ ပါ တွဲတင်ဦးမယ့် သဘောပေါ့။
    အပေါ်အောက်လို့ သဘောမထားပဲ
    ဘုရားက ဘုရားခန်းထဲမှာ ရှိနေတယ်လို့ သဘောထားပေးပါဗျာ။
    ကဗျာဆန်ဆန်ပေးတဲ့ ကွန်းမန့်လေးအတွက် တစ်ဆယ်ယူစေဗျား။
    :mrgreen:

  • blackchaw

    April 29, 2012 at 12:26 pm

    @ အိမ်လွမ်းသူ ;
    ဆိုင်ကယ်နှစ်စီး အပရိုင်စီး ဆိုတဲ့ ဟာသလေးသွားသတိရမိပါသေးတယ်ဗျာ။
    လက်မနှစ်ချောင်းအတွက် ကျေးဇူးပါ။
    :mrgreen:

  • blackchaw

    April 29, 2012 at 12:32 pm

    @ MaMa ;
    မမရဲ့ ကွန်းမန့်ကို မျှော်နေမိတာ ဝန်ခံပါတယ်။
    ပုံမှန်အားပေးနေကြ ဖေါက်သည်တစ်ယောက်လျော့သွားရင်
    ဆိုင်ဝင်ငွေလေးလျော့သွားမှာလည်း ကြောက်မိနေတာကိုး။
    ဟုတ်တယ်ဗျ။
    ဒီတစ်ခါ ကျောက်ပန်းတောင်းတောင် ဂိတ်ဆုံးလောက်ဖြစ်သွားပါတယ်။
    အကျရည်များတယ် ဆိုကြလို့ သောက်သူတွေ နည်းနည်းအပြောင်းအလဲဖြစ်အောင်
    အကျရည်လျှော့ထည့်ထားမိတာပါ။
    ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
    မမ တို့မြို့က အလှူပွဲကို မလိုက်ဖြစ်တဲ့အတွက်
    မမကို အနူးအညွတ် တောင်းပန်ပါတယ်။
    ဒီတစ်ခါတော့ ခရစ်ယာန်တွေ ပြောသလိုပြောခွင့်ပြုပါ မမရေ။
    အရာအားလုံးဟာ ဘုရားသခင်အလိုတော်အတိုင်းပါ ခင်ဗျာ။
    လေးစားခင်မင်စွာနဲ့
    ဘလက်။
    😥

  • blackchaw

    April 29, 2012 at 12:45 pm

    @ pooch ;
    မယ်ပုချ်ရေ။
    နောက်ကျနေတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
    ချိုပေါ့ကျ က တစ်ခုခုကို ပြုပြင်ပြောင်းလဲစေနိုင်လောက်အောင်
    စွမ်းဆောင်နိုင်လိမ့်မယ်မဟုတ်ပါဘူး။
    ဒါပေမယ့်
    ဖတ်လိုက်တဲ့ ခဏမှာ ဖတ်သူကိုယ်တိုင်မသိလိုက်ပဲ
    ပြုံးမိတယ်ဆိုရုံလောက်ကို ရည်ရွယ်တာပါ။
    ပေါ့ပေါ့ပါးပါး ဖတ်
    ပေ့ါပေါ့ပါးပါး ပြုံးပြီး
    ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်ဆိုရုံလောက်လေးပါ။
    ကျေးဇူးပါဗျာ။
    :mrgreen:

  • blackchaw

    April 29, 2012 at 1:00 pm

    @ surmi ;
    ဥပမာ အပေးကောင်းပဲဗျာ။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ။
    :mrgreen:

  • amatmin

    April 29, 2012 at 1:13 pm

    ကိုဘလက်ရေ..
    လက်ဘက်ရည်ဝိုင်းကိုအရောက် နောက်ကျနေမိတာ တောင်းပန်ရင်း.
    ခါတိုင်းလို အရသာခံပြီး မသောက်နိုင်ဘဲ အပြေးအလွှားသောက်ရတာကို.
    နားလည်ပေးပါ..ကျောင်းဒကာကြီးရေ..
    Branding Building တည်ဆောက်ပုံလေးနဲ့ ဂန္တဝင် ပုဂံကို ရိုက်ချက်တွေကတော့..
    အနှစ်သက်ဆုံးမို့ ထုံးစံအတိုင်း လက်ကလေးထောင် အားပေးသွားရင်း. 😛
    စကားမစပ်..
    ကိုဘလက်ရဲ့ မျက်နှာငယ်နေရတဲ့ ကံကြမ္မာလေး.
    ငယ်ရာမှ ပြန်ကြီးလာဖို့ကိုလဲ မျှော်လင့်ပါကြောင်း..လို့

  • blackchaw

    April 29, 2012 at 1:45 pm

    @ amatmin ;
    တစ်မိနစ် နောက်ကျနေပေမယ့် ကားကြီးကထွက်လို့မသွားသေးပါဘူး ညီလေးရေ။
    မျက်နှာငယ်နေတဲ့ ကံကြမ္မာလေး အတွက်
    ဆုတောင်းပေးလို့လည်း ကျေးဇူးပါ။
    အရာအားလုံးအတွက်ကျေးဇူးပါဗျာ။
    ညီလေးကို ဘုရားသခင်စောင့်ရှောက်မှာပါ။
    အော် အခုတလော ဘုရားသခင် ဘက်ပဲ စိတ်ရောက်နေတယ်။ ဟီး။
    :mrgreen:

  • ကိုရင်မောင်

    April 29, 2012 at 4:30 pm

    အို….ဘုရားဒကား ရဲ့ချိုပေါ့ကျ ဖျော်စပ်ပုံ ကောင်းသလို..
    ကော်မန်းပေးသွားတဲ့ကျောင်းဒကာ ကျောင်းဒကာမတို့ကလဲ
    ကောင်းမှကောင်းဆိုတော့ကာ ဘုရားဒကာကိုဘလက်ကြီးရေ
    ထွေထွေထူးထူးမရေးတော့ပါဘူး…..
    …………ဖတ်ရှု့အားပေးသွားပါတယ်……….

  • pan pan

    April 29, 2012 at 5:33 pm

    သင်ဇာဝင့်ကျော် နောက်ကို ခေတ်ကလိုက်နေတာမဟုတ်ပါဘူး။ ခေတ်နောက်ကို သင်ဇာဝင့်ကျော်ကလိုက်နေတာပါ။ သင်ဇာဝင့်ကျော်တစ်ယောက်တည်းကို ခေါ်သတိပေးယုံနဲ့တော့ ယနေ့ခေတ်မိန်းမငယ်တွေရဲ့ ဝတ်စားဆင်ယင်မှု ရေစီးကြောင်းကြီးကို ပြောင်းပစ်နိုင်မှာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်က ဘာများပါလိမ့်။ အို ဦးနှောက်စားပါတယ်ဗျာ။

    ဟုတ်တယ် ဦးချောရယ်
    ပန်ပန်တော့ သိပ်ဘဝင်မကျဘူး
    သူကသရုပ်ဆောင်ဆိုတော့ အစည်းအရုံးက ခေါ်ပြောတာထားပါတော့
    နို့ပေသည့် သရုပ်ဆောင်တွေ မော်တာဂဲတွေဝတ်တာ အကုန်ဆိုးတာပဲ
    ပြောသင့်တယ်ဆိုရင် အကုန်ပါပြီပေ့ါ
    ခုတော့ သူတစ်ယောက်တည်းအဆိုးဖြစ်သွားတာပဲ
    ဘာပဲပြောပြော နာမည်တော့ထွက်သွားတာပေ့ါ
    ဟိုတလောက ရွှေဆိုင်တစ်ခုကပွဲတုန်းကဆိုရင် နာမည်၂လုံးနဲ့ မော်တာဂဲက ဇကာပေါက်ဆိုလား ပါးပါးရှပ်ရှပ်လေးဆိုလား အင်္ကျီဝတ်လာတယ်ဆိုပဲ
    အထဲက အောက်ခံတော့ ထင်းကနဲ ဝင်းကနဲတဲ့

  • ကြောင်ကြီး

    April 30, 2012 at 3:06 am

    ပြာသိုလဆိုရင် ကြောင်ကြီးကို sexy ဖြစ်တယ်လို့ ကြောင်မတွေကပြောဂျဒယ်။ 😳

  • blackchaw

    April 30, 2012 at 8:26 am

    @ ကိုရင်မောင် ;
    ထွေထွေထူးထူး ရေးမသွားပေမယ့်
    ဝင်ဖတ်သွားကြောင်း သံချောင်းခေါက်သွားရုံလေးနဲ့
    ကျေနပ်ပါတယ် ကိုရင်မောင်ရေ။
    နောက်လည်း ဝင်ဖတ်ရင် ကြုံသွားပါဦးခင်ဗျာ။
    :mrgreen:

  • blackchaw

    April 30, 2012 at 8:28 am

    @ pan pan ;
    မမြင်ရတာ အတော်တောင်ကြာပြီနော် ပန်ပန်ရေ။
    ဘယ်တွေများ ခြေဦးလှည့်နေပါလိမ့်။
    ကြုံလို့ အချိန်ရရင် အခုလိုပဲ ဝင်ဖတ်ပြီး
    ကွန်းမန့်လေးတွေ ပေးခဲ့ပါဦး။
    ပြီးတော့ ပို့စ်လေးတွေလည်း တင်ပါဦး လို့ တောင်းဆိုလိုက်ပါတယ်။
    :mrgreen:

  • blackchaw

    April 30, 2012 at 8:34 am

    @ ကြောင်ကြီး ;
    စတားနှစ်လုံးနဲ့
    အများပြုံးရအောင်
    စကားလုံးဟာသတွေနဲ့
    ဖျော်ဖြေနိုင်တဲ့ ကြောင်ကြီး
    ကြောင် သင်ဇာဝင့်ကျော်
    ကြောင် နွယ်နွယ်ထွန်း
    ကြောင် မယ်လိုဒီ
    ကြောင် ချစ်သုဝေ
    ကြောင် ဝတ်မှုန်ရွှေရည် တို့အားလုံးနဲ့
    ချစ်ပွဲဝင်နိုင်ပါစေ သတည်း။
    ကြောင်ကြီးကတော် မူလလက်ဟောင်း
    ကြောင့် ပွင့် ကြီးကိုတော့ သတိထားပါ ခင်ဗျာ။
    နောက်ကလိုက်ချောင်းနေတယ်လို့ သတင်းရလို့ပါ။
    :mrgreen:

  • Inz@ghi

    April 30, 2012 at 11:52 am

    မိန်းမယူလိုက်ရင်တော့ ခြေငြိမ်သွားနိုင်ပါရဲ့…..
    အဲ့ … မိန်းမဆိုတာ ယူရတာ မဟုတ် ..ပေးရတာ..
    နောက်ပီး … ခုန်ချပြန်ဘီ ဖြစ်ဦးမယ်….
    လေပါတယ်အေ……

    မိဘစကားနားမထောင်တာကိုက .. အနုပညာဖြစ်နေပြန်ပါပကောလား
    ဘဘဘလက်ရေ့….

    တိတော့ဝူးဂျာ ..
    လိမ့်ဘီ

  • R Ga

    April 30, 2012 at 3:13 pm

    လုပ်ကြပါဦး အရပ်ကတို့ ရေ ကွန်မန့်တွေ မဆန့်တော့လို့….နောက်ထပ် ကွန်မန့်တွေ ထပ်ဖတ်လို့ မရတော့ဘူး။။။ လေးဘလက်ရေ..ဘယ်ရိုရုတ်ကျမတုံး..။ အနော် လေးဘလက်ရဲ့ ချိုပေါ့ကျကိုဝယ်မယ်ဗျာ…။ အတည်ကျောတာနော့…။

  • ba gyi

    April 30, 2012 at 5:11 pm

    ဘလက်ကလေးနဲ့ ငါမြန်မြန်ဆုံအောင်ကျိုးစားလေအုန်းမှပါပဲလေ———၊
    ဒါမှ ငါ့ကိုလည်း ကြော်ငြာထဲထည့်ပေးမှာ။
    sexy ဖြစ်အောင်ထိမ်းထားနိုင်တဲ့ ဘကြီးဆိုပြီး၊ ညှင်း ညှင်း ညှင်း။

  • blackchaw

    May 1, 2012 at 8:27 am

    @ R Ga ;
    ညီလေးရေ။
    ဒီဆိုက်ထဲမှာ ဒီပို့စ်ထက် ကွန်းမန့်များတဲ့ ပို့စ်တွေ အများကြီးပါကွာ။
    အသာလုပ်ပါ။
    အမှန်တော့…
    ကွန်းမန့်က ရှစ်ဆယ်ကျော်ပေမယ့် ကိုယ် ပြန်ပေးတဲ့ ကွန်းမန့်က ဒီတစ်ခုပါရင် ၃၆ ခု ရှိပါတယ်။
    ကွန်းမန့်တွေများအောင် ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့
    တစ်ယောက်ခြင်းစီ ပြန်နေတာမျိုးတော့ မဟုတ်ပါဘူးနော်…။
    တကယ်ကို တစ်ယောက်ခြင်း လေးလေးစားစား တုန့်ပြန်ချင်လို့
    ရေးထားတာပါ။
    ကွန်းမန့်များများရတယ် ဆိုတဲ့ ဂုဏ်ထက်
    ဖတ်သူတွေရင်ထဲရောက်တယ်ဆိုတဲ့ ဂုဏ်ကို ပိုနှစ်သက်ပါတယ်။
    ကိုယ်ကိုယ်တိုင်လည်း သူများပို့စ်တွေမှာ ကွန်းမန့်ဝင်ပေးရင်
    လေးလေးစားစား တုန့်ပြန်မှုကို လိုချင်တဲ့စိတ် ဖြစ်မိပါတယ်။ …အဲဒါကြောင့်ပါ။
    သုံးခါတိတိ ဝင်ပေးတဲ့ ညီလေးရဲ့ ကွန်းမန့်တွေအတွက် ကျေးဇူးပါညီလေးရေ။
    နောက်တစ်ခါ ချိုပေါ့ကျ လေး လာသောက်ရင် ညီလေးရဲ့ အိမ်သူကိုလည်း
    ခေါ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော့…။
    :mrgreen:

    @ ba gyi ;
    ဘကြီးရေ။ ကွန်းမန့်ပေးတဲ့အတွက် ကျေးဇူးပါ ဗျာ။
    ဒီအထဲ ထည့်ရေးနေဖြစ်တဲ့ မိတ်ဆွေ ရေးဘော်ရေးဘက်တွေအားလုံးက
    စိတ်မဆိုးကြမှာသေချာတဲ့ ရင်းနှီးမှုမျိုးရှိလို့ ထည့်ရေးရဲတာပါ။
    ဘာလို့ဆို တချို့က စတာနောက်တာကို သိတ်မကြိုက်ကြဘူးလေ။
    ဘာပဲဖြစ်ဖြစ် ဘကြီး sexy ဖြစ်ကြောင်းကိုတော့
    ဆွိဝတ်ရည်သောင်းလေးနဲ့
    ဒီတစ်ပတ် ကော်ဖီသောက်ဖြစ်ရင် ပြောပြပေးလိုက်ပါ့မယ်ခင်ဗျာ။
    :mrgreen:

Leave a Reply