ကွန်ပြူတာအသက်မွေးမှု ့ပညာအပိုင်း(၄)

zaylayJune 14, 20101min610

ကွန်ပျူတာကွန်ယက်ပိုင်းဆိုင်ရာ ထိန်းချုပ်/ထိန်းကျောင်းခြင်း (Network Administrator) တို့ Network

Engineer တို့ စနစ်တွေကို ထိန်းချုပ်တဲ့ System Engineer တို့ဟာ မြန်မာပြည်မှာရော နိုင်ငံတကာမှာ

အလုပ်ရဖို့ လွယ်ပါတယ်။ အလုပ်ရရင် လစာလည်း ကောင်းမွန်ပါတယ်။ အစိုးရတက္ကသိုလ်တွေမှာ

ဒီပညာနှင့် ပတ်သက်လို့ ဘွဲ့ရတဲ့ သူတွေအတွက်တော့ ကိစ္စမရှိပါဘူး။ အဲ့သလိုမှ မဟုတ်ဘဲသာမန် B.Sc

ဘွဲ့နှင့် ဒီလိုရာထူးမျိးကို လိုချင်ရင် နိုင်ငံတကာ အသိအမှတ်ပြု (MCP တို့၊ MCSE တို့၊ MCTS တို့) စသည့်

စာမေးပွဲတွေကို ဖြေပြီး နိုင်ငံတကာ အသိအမှတ်ပြု အောင်လက်မှတ်ရယူရမှာဖြစ်ပါတယ်။

ဒီစာမေးပွဲတွေက ရန်ကုန်မှာတင် ဖြေလို့ရနေတာမို့ ကြိုးစားရင်းအခွင့်အလမ်းက

လက်တစ်ကမ်းမှာရှိနေပါတယ်။ ၁ဝ တန်းစာမေးပွဲမှာ အကြောင်းအမျိုးမျိးကြောင့် အမှတ်နည်းလို့

ရိုးရိုးသိပ္ပံဘွဲ့ပဲ ရခဲ့တဲ့ သူတွေအတွက် ဒီစာမေးပွဲတွေကို အောင်မြင်ပြီးပါက ၂ နှစ်၊ ၃ နှစ်ကောင်းမွန်စွာ

အတွေ့အကြုံရအောင်လုပ်ပါ။ အဲဒါပြီးရင်တော့ လစာကောင်းတဲ့အလုပ်ကို သင်ရနိုင်ပါတယ်။

ဒီစာမေးပွဲတွေက တကယ်တတ်မှ အောင်တဲ့စာမေးပွဲတွေပါ။ စာလည်း အင်မတန်ကျက်ရပါတယ်။

ဒီနေရာမှာ သိရမှာက တစ်ချို့က စာကျက်အားကောင်းတော့ စာကျက်ပြီးအောင်သွားတာမျိုးတွေ ရှိပါတယ်။

ပြောချင်တာကတော့ ကိုယ့်အခြေအနေကိုယ် သိစေချင်ပါတယ်။ ဒါက ကျွန်တော်ပြောတာ မဟုတ်ပါဘူး။

စာမေးပွဲအောင်လို့ နိုင်ငံတကာ အသိအမှတ်ပြု Certificate တော့ ရထားပြီး

လက်တွေ့လုပ်ငန်းခွင်အားနည်းမှုကြောင့် အလုပ်မှာ ချွေးပြန်ရတတ်ပါတယ်။ ဒီအောင်လက်မှတ်ရပြီးရင်

အလုပ်ရှင်က သင့်ကို Pro လို့သတ်မှတ်တာကြောင့် လုပ်ငန်းခွင်ရောက်ရင် တန်းခိုုင်းတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် အောင်လက်မှတ်ရပြီးလည်း ၂ နှစ် ၃ နှစ်လောက် လုပ်ငန်းခွင် အတွေ့အကြုံယူဖို့ လိုတယ်လို့

ပြောတာပါ။ ကျွန်တော် Novell က CNA (Certified NoveLL Administrator) ဖြေတုန်းက စာကျက်ပြီး

ဖြေတာဆိုပေမယ့် အဲ့ဒီအချိန်တုန်းက လုပ်ငန်းခွင်လုပ်သက်က ၂ နှစ်ရှိနေပါပြီ။ အဲဒီတုန်းက

ဒီစာမေးပွဲတွေအတွက် သင်တန်းကျောင်းတွေ မရှိသေးပါဘူး။ MCSE တော့ ပေါ်ပြီ။ ဒါပေမယ့်

ခေတ်မစားသေးဘူး။ မြန်မာပြည်မှာပြောတာ။ ဒီနေ့ခေတ် လူငယ်တွေက ကိုယ်ဘာဖြစ်ချင်လဲ၊

ဖြစ်ချင်ဖို့ပဲလိုတယ်။ သင်တန်းတွေလည်း အဆင်သင့်ပဲ။ ကျွန်တော့်တုန်းက စာမေးပွဲဖြေရတာ

ဘန်ကောက်ထွက်ဖြေရတာ။ အခုဆို လူငယ်တွေဟာ ရန်ကုန်မှာတင် ဖြေနိုင်တယ်။ ရေကန်အသင့်

ကြာအသင့်ပဲ။ ခုနပြောသလို ဖြစ်ချင်တဲ့စိတ်ရှိဖို့ပဲ လိုတယ်။ အခု ကျွန်တော်ပြောပြလို့ မိဘတွေ

ဒီအချက်တွေသိလာရင် မိမိသားသမီးတွေကို ဘယ်လမ်းကြောင်းပေါ်တင်ပေးရမယ်။ ဘယ်လို Guide

လုပ်ရမယ်ဆိုတာတွေကို သိလာမယ်လို့ မျှော်လင့်ပါတယ်။

ဒီအလုပ်ဟာ Stress တော့ များတယ်။ တာဝန်ကြီး ပိုကြီးတယ်။ လုပ်ငန်းမှာရှိတဲ့ ကွန်ပျူတာတွေဟာ

ဒီကွန်ရက်ပေါ်မှီခိုနေတာပါ။ နောက်ပြီး Database System သုံးကြတော့ ကွန်ယက်တစ်ခုခုဖြစ်ရင်

အလုပ်ကြီးက ထိုးရပ်သွားရော။ ဒီလို လုံးဝဖြစ်လို့မရဘူး။ ဒီလိုဖြစ်ရင် UR Fire ဆိုပြီး ဖြစ်သွားလိမ့်မယ်။

ဒီလိုမဖြစ်အောင် အစီအမံတွေ ချရတယ်။ ထိန်းချုပ်ရတယ်။ စောင့်ကြည့်ရတယ်။ အလုပ်ကို

သေသေသပ်သပ် တာဝန်ကျေတဲ့ စည်းကမ်းရှိတဲ့လူ ဖြစ်ဖို့လိုတယ်။ ကိုယ်အလုပ်လုပ်တာ Neat

ဖြစ်မှမဟုတ်ရင် Security ပိုင်းဆိုင်ရာတွေမှာ ကိုယ်ကသူများချောက်တွန်းတာ ခံရတတ်တယ်။

ပေါ့ပေါ့ဆဆလုပ်လို့မရတဲ့ ရာထူးဖြစ်တယ်။ ဒီအလုပ်က နည်းပညာနှင့် အမြဲတမ်း Intouch ဖြစ်နေဖို့

လေ့လာနေဖို့လည်း လိုတယ်။ ငါအလုပ်ရပြီဆိုပြီး တစ်နေ့တစ်နေ့ခိုင်းတာပဲ လုပ်နေရင်

သင်ကျန်ခဲ့ရလိမ့်မယ်။ လေ့လာတယ်ဆိုတာကတော့ ဒီရာထူးမှမဟုတ်ဘူး။ ဘယ်ရာထူးဘယ်အလုပ်မဆို

စဉ်ဆက်မပြတ် Study လုပ်ဖို့လိုတယ်။ ဒါလူငယ်တွေသိဖို့ အရေးကြီးတယ်။ တော်တော်များများက

အလုပ်မရခင်သာ ကြိုးစားကြပေမယ့် အလုုပ်ရရင် စိတ်ကို လျော့ချလိုက်ကြတယ်။ တကယ်တမ်းက

အလုပ်ရသွားတဲ့အခါ ကိုယ်ကပိုပြီး ကြိုးစားရတော့မှာ။ ယနေ့ခေတ်မှာ Network ပိုင်းနှင့် ပတ်သက်လို့

(၁) Microsoft Windows Server များ

(၂) Cisco မှ CCNA Exam များ

(၃) Linux နှင့်ပတ်သက်သော Exam များ

(၄) Novell နှင့်ပတ်သက်သော Exam များ ဟူ၍ ရှိကြပါတယ်။ ဒါ Network မှာမှ လိုင်းတွေ

ထပ်ခွဲသွားတာပါ။ Microsoft မှာဆို ယခု MCTS ဆိုတဲ့ Certificate က ရေပန်းစားပြီး Cisco နှင့်ပတ်သက်တဲ့

အောင်လက်မှတ်ရထားရင် လစာအလွန်ကောင်းတယ်ဆိုတာလည်း ကြားဖူးပါတယ်။

ဒီ Network Engineer/ System Engineer တွေဟာ လုပ်ငန်းလိုအပ်ချက်အရ လစ်လပ်နေရာ ပေါပါတယ်။

ဒါကြောင့် လူငယ်တော်တော်များများ စိတ်ဝင်စားကြတယ်။ သူနဲ့ပတ်သက်တဲ့ သင်တန်းကြေးတွေကလည်း

အတော်ပေးရပါတယ်။ အတော်လည်း သင်ကြားပေးရလို့ ဖြစ်ပါတယ်။ ဒီရာထူးကိုရဖို့ဆိုရင် သင်ဟာ (၁၀)

တန်းစာမေးပွဲအောင်ပြီးကတည်းက Computer Network သင်တန်းကို တက်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက

တက္ကသိုလ် တက်နေရင်းနဲ့လည်း တစ်ဖက်တစ်လမ်းက ၎င်းပညာရပ်ကို သင်ကြားနေရမှာဖြစ်ပါတယ်။

ဒီပညာက ကျွမ်းကျင်အဆင့်ရောက်အောင် (၁) နှစ်ခွဲလောက် သင်ယူရပါတယ်။ ဒါအနည်းဆုံးပါ။

ပြီးလို့ရှိရင်လည်း (၂) နှစ်တန်သည် (၃) နှစ်တန်သည် ဒီလုပ်ငန်းမှာ ကျွမ်းကျင်အောင် အတွေ့အကြုံ

ယူရဦးမှာဖြစ်ပါတယ်။ ဒီတော့ကား အသက် (၂၃)၊ (၂၄) နှစ်လောက်မှာ ဒီပညာကို

စတင်လိုက်စားမယ်ဆိုရင် နောက်ကျတယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ။ နည်းနည်းဝရုန်းသုံးကားတော့

လိုက်ရမှာပေါ့။ နောက်ဆုံးတစ်ခုပြောချင်သေးတာက ဒီရာထူးရဖို့ စာမေးပွဲဖြေဆိုတဲ့အခါမှာ

နိုင်ငံတကာအသိအမှတ်ပြုစာမေးပွဲမို့ English စာကိုတော့ အသင့်အတင့်ရထားစေချင်တယ်။ ဒီစာမေးပွဲမှာ

မေးခွန်းတွေက အဖြေနှစ်ခုထွက်နေတတ်တဲ့ ရောစေတတ်တဲ့ မေးခွန်းမျိုးတွေမေးတတ်ပါတယ်။

ဒီစာမေးပွဲတွေဟာ Computer နှင့် စစ်ဆေးတာဖြစ်ပါတယ်။ မေးခွန်းပုံစံဟာ Multipal Choice

မေးခွန်းပုံစံဖြစ်ပါတယ်။ တစ်ချို့မေးခွန်းတွေကတော့ ကွက်လပ်ဖြည့်ရတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

မေးခွန်းတွေကို အစဉ်လိုက်တိုင်း ဖြေရပါတယ်။ ကျော်ဖြတ်လို့ မရပါဘူး။ ပြန်စစ်ဆေးလို့ မရပါဘူး။ English

လိုပြောရင် No Skip, No Review ဖြစ်ပါတယ်။ မေးခွန်းတွေက Intellegent ဖြစ်ပါတယ်။ ဆိုလိုတာက

သင်ဟာ မေးခွန်းတစ်ခုကို ဖြေနိုင်တယ်ဆိုရင် နောက်မေးခွန်းတစ်ခုကို ခက်လိုက်ပါတယ်။

တစ်နည်းအားဖြင့် ခက်တဲ့မေးခွန်းတွေကို မေးပါတယ်။ အကယ်၍ သင်ဟာ မေးခွန်းကိုမဖြေနိုင်ဘူးဆိုရင်

နောက်မေးခွန်းတစ်ခုကို လွယ်တာလေးမေးပေးပါတယ်။ သင်ဟာ မေးခွန်းတွေကို ဖြေနိုင်လိုက်

မဖြေနိုင်လိုက် ဖြစ်နေမယ်ဆိုရင် တစ်နည်းအားဖြင့် အောင်မှတ်ရရုံလောက်သာ ဖြေနိုင်မယ်ဆိုရင် သူဟာ

နောက်ထပ်မေးခွန်းတွေကို ဆက်မမေးတော့ဘဲ စာမေးပွဲကို ပြီးဆုံးလိုက်ပါတယ်။ ဒီတော့ သင်ဆက်ဖြေလို့

မရတော့ဘူး။ ဆိုလိုတာက သင်ဟာစာမေးပွဲကို အောင်ကောင်းအောင်သွားလိမ့်မယ်။ ဒါပေမယ့် Credit တို့

Distinction ရမှာ မဟုတ်တော့ဘူး။ သင်ဟာ ဒီစာမေးပွဲကိုအောင်မြင်ဖို့

အမှန်တကယ်ကျွမ်းကျင်မှရမယ်ဆိုတာ အခုပြောပြတာလောက်နှင့်တင် သိလောက်ပါပြီ။ အကယ်၍များ

သင်ဟာ Microsoft က စစ်တဲ့စာမေးပွဲတစ်ခုခုကို အောင်မြင်ခဲ့တယ်ဆိုရင်တော့ ကမ္ဘာမှာ အချမ်းသာဆုံး

ပုဂ္ဂိုလ်ဖြစ်တဲ့ Bill Gates ရဲ့လက်မှတ်ပါဝင်တဲ့ Microsoft ရဲ့ နိုင်ငံတကာ အသိအမှတ်ပြု Certificate

လက်မှတ်ရရှိမှာဖြစ်ပါတယ်။ ဒီစာမေးပွဲအကြောင်းတွေကို ဘာလို့ဒီလောက်တောင် ပြောနေရလဲဆိုရင်

ဒီရာထူးအတွက် ၎င်းစာမေးပွဲတွေက အရေးပါလွန်းလို့ဖြစ်ပါတယ်။

Web Developer or Web Designer

ကျွန်တော်တို့ငယ်ငယ်တုန်းက ဒီရာထူးမရှိသေးဘူး။ အခု Web က ခေတ်တစ်ခေတ်ဖြစ်လာတော့ Web

Designer တို့၊ Web Developer တို့က အရေးပါလာတယ်။ လူငယ်တွေအတွက်လည်း အလုပ်အကိုင်

အခွင့်အလမ်းတွေ ပိုလာတာပေါ့။ Web Designer ကတော့ Web ပိုင်းဆိုင်ရာ ပညာရပ်များအပြင် Design

ပိုင်းကိုလည်း ကျွမ်းကျင်ရပါတယ်။ Photoshop ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သူလည်းပဲ Design

အလုပ်ဖြစ်တာကြောင့် ကွန်ပျူတာရှေ့မှာ တကုတ်ကုတ်လုပ်ရတဲ့ အလုပ်မျိုးပဲ ဖြစ်ပါတယ်။

လစာအနေနဲ့ပြောရရင်တော့ သင့်တင့်ပါတယ်။ ဒီအလုပ်နဲပတ်သက်ပြီးတော့ မြန်မာပြည်မှာကော

နိုင်ငံတကာမှာပါ အလုပ်ရရှိနိုင်ပါတယ်။ ဒီအလုပ်ဟာ ထိုင်ရတဲ့အလုပ်ဖြစ်တာကြောင့်

ကွန်ပျူတာပြင်ရတာထက်စာရင်တော့ သက်တောင့်သက်သာရှိပါတယ်။ နောက်ပြီး

ပရိုဂရမ်မာတစ်ယောက်လို ဉာဏအားလည်း အရမ်းစိုက်စရာမလိုပါဘူး။ ဆိုလိုတာက Hardware ပိုင်း၊

Network ပိုင်း ထက်စာရင် သူကပြုပြင်ရတာ။ ပြင်ဆင်ရတာ။ ထိန်းကျောင်းရတာ မဟုတ်ဘဲ

ဖန်တီးရတာဖြစ်တဲ့အတွက်ကြောင့်မို့ ဉာဏအားတော့ ထုတ်ဖို့လိုပါတယ်။ ဒါပေမယ့် Software

Programmer လောက်တော့ ဉာဏအားစိုက်ထုတ်စရာ မလိုဘူးလို့ ပြောချင်တာဖြစ်ပါတယ်။ ဒီအလုပ်ဟာ

ကွန်ပျူတာဘွဲ့ရမဟုတ်ဘဲ ရိုးရိုးသိပ္ပံဘွဲ့ရလူများအတွက် အားထားစရာ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။

ကွန်ပျူတာ သင်တန်းတွေမှာ သင်တန်းတက် လုပ်ငန်းခွင်အတွေ့အကြုံယူပြီး မြန်မာပြည်မှာတင်

လစာကောင်းတဲ့ အလုပ်ရနိုင်ပါတယ်။ သူက ဘာသာရပ်ကို နားလည်မယ်၊ စိတ်ကူးစိတ်သန်းလည်း ရှိမယ်။

စိတ်ထဲမှာရှိနေတဲ့ အိုင်ဒီယာတွေကိုလည်း ကွန်ပျူတာမှာ ဖန်တီးနိုင်မယ်ဆိုရင် အဆင်ပြေပါပြီ။ စာတွေ

အများကြီး ကျက်စရာ မလိုပါဘူး။ ဒီအလုပ်ဟာ အချိန်တွေ အများကြီး သိပ်မရင်းရဘဲ မြန်မြန်အလုပ်ရနိုင်တဲ့

အလုပ်လည်း ဖြစ်ပါတယ်။ Network Engineer လောက် သင်ကြားမှု အတွေ့အကြုံမရင်းရဘူးဗျ။

ကွာခြားတာက ဒီအလုပ်က ဖန်တီးတဲ့ အလုပ်ဖြစ်တယ်။ ဖန်တီးတယ်ဆိုတာက မရှိသေးတာကို

ဖြစ်အောင်လုပ်တဲ့အပိုင်းမို့ တစ်ချို့လူတွေက ဒီအလုပ်နဲ့ မသင့်တော်ပါဘူး။ Network အပိုင်းကျတော့

ကြိုးစားဖို့ပဲ လိုတယ်။ တောင်းဆိုမှုတွေ သိပ်မများဘူး။ ဒီနေရာမှာ ကြုံလို့ ပြောချင်တာက

(၁၀)တန်းအောင်ပြီးတဲ့ သားသမီးကို မိဘတွေက ကွန်ပျူတာသင်တန်းတက်ခိုင်းတဲ့အခါ မိဘတွေက

သားသမီးတွေကို ဘယ်လိုင်းကိုလိုက်စေမယ်။ ဘယ်သင်တန်းကို တက်ရမယ်ဆိုတာ သိဖို့အရေးကြီးတယ်။

လိုင်းတစ်ခုရဲ့ ကိုယ်စိုက်ထုတ်ရမယ့် ဉာဏအားကိုလည်း အဆုံးတိုင်သိဖို့လိုတယ်။ လမ်းတစ်ဝက်ရောက်မှ

ကိုယ်မလိုက်နိုင်တော့လို့ နောက်တစ်လိုင်းပြန်ပြောင်းရင် ကုန်ဆုံးသွားတဲ့ ငွေနှင့်အချိန်ဟာ အင်မတန်မှ

နှမြောဖို့ကောင်းပါတယ်။ သင်တန်းဆိုတာကတော့ လာအပ်ရင်လက်ခံလိုက်မှာပဲ။ ကိုယ်က

ကိုယ့်သားသမီးဟာ ဘယ်နေရာမှာထူးချွန်လို့ ဘယ်နေရာမှာအားနည်းချက်ရှိတယ်ဆိုတာ

သိနေဖို့လိုပါတယ်။ တက်ကြည့်လိုက်ပေါ့ကွာ မဖြစ်တော့လည်း နောက်တစ်လိုင်းပြောင်းတာပေါ့

ဆိုတာမျိုးသုံးသပ်ဖို့အတွက် တစ်ချို့လိုင်းတွေဟာ (၁) လခွဲသင်တန်းတက်ပြီးရုုံနှင့် ကိုယ်ဆက်လိုက်သင့်

မလိုက်သင့်သိနိုင်ပေမယ့် တစ်ချို့လိုင်းတွေကျတော့ ၆ လ၊ ၁ နှစ်လောက်မှ ဒါမှမဟုတ်

တော်တော်လေးခရီးပေါက်မှ ကိုယ်မနိုင်တော့မှန်း သိရတာမျိုးတွေလည်း ရှိကြပါတယ်။

ဒီအလုပ်နဲ့ပတ်သက်ပြီး နောက်ဆုံးပြောချင်တာက ဒီအလုပ်ဟာ ဖန်တီးမှုအပိုင်းတွေပါတယ်။ ဉာဏအား

အလယ်အလတ်လောက် စိုက်ရမယ်။ အတွေ့အကြုံပေါ်မူတည်ပြီး လစာကောင်းမွန်မယ် ဒီလောက်ပါပဲ။