စူပါမားကတ်ကြီးအချို့တွင် ကုတ်နံပါတ်မှားရိုက်မှုကြောင့် ဈေးနှုန်းမမှန်မကန်မှုများဖြစ်

klnJune 14, 20101min380

စူပါမားကတ်ကြီးအချို့တွင် ရောင်းချနေသော ကုန်ပစ္စည်းအချို့၏ ဝယ်စဉ်က ဈေးနှုန်းနှင့် ငွေရှင်းသည့်အခါ ဈေးနှုန်းများကို ကုတ်နံပါတ်မှားရိုက်မှုကြောင့် ဈေးနှုန်းမမှန်မကန်မှုများ ဖြစ်လာကြောင်း ကိုယ်တွေ့ကြုံတွေ့ရသူများထံမှ သိရသည်။ “ကျွန်မက ပစ္စည်းတွေအားလုံးဝယ်ပြီးတော့ ကောင်တာမှာ ငွေသွားရှင်းတယ်။ ငွေလက်ခံဖြတ်ပိုင်းထွက်လာတော့ ကိုယ်မှန်းထားတဲ့ပမာဏနဲ့ နည်းနည်းလေးကွာနေတဲ့အတွက် ဖြတ်ပိုင်းကို ကြည့်လိုက်မိတယ်။ ခါတိုင်းဆိုရင်တော့ မကြည့်မိပါဘူး။ အဲဒီမှာ ကိုယ်မဝယ်ထားတဲ့ဈေးနှုန်းနဲ့ ပစ္စည်းဖြတ်ပိုင်းထပ်ဆုံးမှာတွေ့လို့ မေးကြည့်တော့ ဝယ်ထားတဲ့ပစ္စည်းထဲက ပစ္စည်းတစ်ခုရဲ့နာမည်ကို ပြောတယ်။ ဒါနဲ့ ကျွန်မလဲ ကပ်ထားတဲ့ပစ္စည်းဈေးနှုန်းမှားတာပဲလို့ ထင်ခဲ့တယ်။ အိမ်ရောက်တော့ ကျွန်မမှားတာမဟုတ်ဘဲ သူတို့မှားနေမှန်းသိတာ။ အမှန်တော့ ကျွန်မဝယ်လာတာက ပြည်တွင်းဖြစ်ပစ္စည်းပါ။ သူတို့က ကုတ်နံပါတ်မှားရိုက်လိုက်တာက တခြားပစ္စည်းနာမည်တစ်ခုပါ။ ဒါကြောင့် ကျွန်မဝယ်လာတဲ့ပစ္စည်းတန်ဖိုးရဲ့ တစ်ထောင်ကျော်လောက်ပေးခဲ့ရတယ်။ ဒါမျိုးက အမှန်ဆိုရင် ကောင်တာက ဝန်ထမ်းတစ်ဦးရဲ့ အမှားပဲ။ ကုတ်နံပါတ်ကို မသိဘဲနဲ့မှားရိုက်တယ်။ သိသိကြီးနဲ့လုပ်တာဆိုရင်လဲ အဲဒီလိုမျိုး ဘယ်နှဦးကို လုပ်ခဲ့တယ်ဆိုတာ မသိနိုင်ဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။ ထိုကဲ့သို့ဖြစ်ရခြင်းသည် ရုံးဝန်ထမ်းအချို့၏ ပေါ့ဆမှုကြောင့် သို့မဟုတ် ဈေးဝယ်သူမျးပြားနေသည့်အချိန်တွင် အလျင်လိုမှုဖြစ်ရခြင်းများကြောင့်လည်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ယင်းကဲ့သို့သော အဖြစ်များရှိနေခြင်းကြောင့် ဝန်ထမ်းများ ခန့်ထားရာတွင် သေချာစွာ စိစစ်ရွေးချယ်ကာ ခန့်ထားရန်လိုအပ်လာပြီဖြစ်ကြောင်း သိရသည်။