သူငယ်ချင်းသို့..ပေးစာ

zaylayJune 14, 20101min350

သူငယ်ချင်း……….မင်းအားငယ်နေလား……….

အားတင်းထားပါ..

ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို

မင်းမျိုုးဖြုတ်ပစ်နိုင်ပါတယ် ။

သူငယ်ချင်း……….အရမ်းဝမ်းနည်းနေလား……

မင်းမျက်ရည်တွေသုတ်ပစ်လိုက်!

သူတို့ကမင်းရဲ့စိတ်ဓါတ်ကို

ပျော့ညံ့ညံ့ ဖြစ်စေတယ်။

သူငယ်ချင်း……….စိတ်ပျက်နေပြီလား……….

ကိုယ့်ဘဝကိုယ် အမှန်အတိုင်းကြည့်

မင်းမြင်ရတဲ့ အရာကို

လှေကားထစ်လို နင်းတက်စမ်း။

သူငယ်ချင်း……….ရင်ဖွင့်ချင်လား……..

မျိုသိပ်မထားပါနဲ့

အဲဒါကိုအစ က စပြော

ငါတို့..နားထောင်နေတယ်။

သူငယ်ချင်း……….အသည်း ကွဲ နေလား…..

ဒါဆို…မင်းကံကောင်းပြီ!

အဲဒီ့ တစ်ယောက် က

မင်းအချစ်နဲ့ မတန်သေးဘူး။

သူငယ်ချင်း……….အထီးကျန်နေလား……….

တစ်ယောက်တည်း မနေနဲ့

ငါတို့နဲ့ အတူ

ခံစားမှုဆိုတဲ့ ..စနက်တံကိုမီးဝိုင်း ရှို့မယ်။

သူငယ်ချင်း……….မင်းကို သူတို့ အထင်သေးနေလား….

ဒေါသမဖြစ်နဲ့!

မင်းရဲ့ မြှုပ်နေတဲ့အရည်အသွေးတွေ

သူတို့ မမြင်နိုင်သေးလို့ပါ။

သူငယ်ချင်း……….မင်း…..ပန်းတိုင်ရောက်ပြီလား…….

တက်…..မထောင်နဲ့ဦး

ငါနောက်လှေကြည့်လိုက်ဦးမယ်။

သူငယ်ချင်း……….မင်းဘဝအောင်မြင်ပြီလား…….

ဂုဏ်ယူပါတယ်

မင်းရဲ့နောက်မှာ(မင်းရဲ့ရှေ့မှာ)

မင်းသူငယ်ချင်းတွေ….လက်ခုပ်တီးနေကြတယ်……။