ကြက်သွန်ဖြူ

zaylayJune 14, 20101min490

အရပ်အခေါ် garlic လို့ခေါ်တဲ့ ကြက်သွန်ဖြူရဲ ့ ရုက္ခဗေဒ အမည်က Allium sativum ဖြစ်ပါတယ်။ ကြက်သွန်နီ onion ရဲ့ မိသားစု Alliaceae ထဲမှာ ပါဝင်တဲ့ မျိုးစိတ် တစ်ခုပဲဖြစ်ပါတယ်။ အစိမ်းစားလျှင် ပူစပ်စပ် အရသာရှိတဲ့ ကြက်သွန်ဖြူဟာ ချက်ပြုတ်လိုက်တဲ့အခါမှာတော့ ချိုသော အရသာရှိပါတယ်။ကြက်သွန်ဖြူရဲ့ အရွက်ဖြစ်တဲ့ ကြက်သွန်မိတ် နဲ့ အဖူး အပွင့်များကိုလည်း စားသုံးလို့ရပါတယ်။ ကြက်သွန်ဖြူ အမွှာများကို အစိမ်းသော်လည်းကောင်း ၊ ချက်ပြုတ်စားသော်လည်းကောင်း ဆေးဘက်ဝင်ပါတယ်။

မချက်ပြုတ်ထားသော ကြက်သွန်ဖြူ အစိမ်းကိုစားသုံးခြင်းဖြင့် သွေးကြောများ အတွင်း သွေးခဲခြင်း နဲ့ သာမန်ထက် ပိုတဲ့ သွေးပေါင်ချိန်ကို လျော့ကျစေပေမယ့်လည်း များသောအားဖြင့်တော့ ကြက်သွန်ဖြူကို ချက်ပြုတ်ပြီးမှသာ စားသုံးကြပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အာဂျင်တီးနား နိုင်ငံတို့မှ သိပံ္ပပညာရှင်များကကြက်သွန်ဖြူကို ၃ မိနစ်ထိသာ အပူပေးချက်ပြုတ်မယ်ဆိုရင် ကြက်သွန်ဖြု အစိမ်းကဲ့သို့ပင် အာနိသင် မလျော့ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ထောင်းထားတဲ့ ကြက်သွန်ဖြူက ပိုလို့ အာနိသင်ရှိပြီး ၆ မိနစ်ထိ ကြာအောင် ချက်ပြုတ်ခြင်းဟာ အာနိသင်မလျော့သွားကြောင်း တွေ့ရှိပြန်ပါတယ်။ မိုက်ခရိုဝေ့ဗ်နဲ့ ချက်ပြုတ်ခြင်းဟာ ကြက်သွန်ဖြူရဲ့ သွေးကြောထဲမှာ သွေးခဲခြင်းကို ကာကွယ်ပေးတဲ့ အာနိသင် ပျက်ပြယ်သွားပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို မိုက်ခရိုဝေ့ဗ် နဲ့ ချက်ပြုတ်တာက အကျိူးမရှိလှပါဘူး။

ကြက်သွန်ဖြူကို ကမ္ဘာတဝှမ်းမှာ ဟင်းခတ်အမွှေးအကြိုင် အဖြစ်၊ ဟင်း အနှစ်အဖြစ် ချက်ပြုတ်စားသောက်ကြပါတယ်။ ချက်ပြုတ်တဲ့ နည်းပေါ်မူတည်ပြီးတော့ အနံ့ ပြောင်းလဲသွားတတ်ပါတယ်။

ကြက်သွန်ဖြူ နုနုများကို သကြား ၊ ဆား ၊ ဟင်းခပ်အမွှေးအကြိုင်များဖြင့် ရောနှောကာ ၃ ပတ်မှ ၆ပတ်ကြာအောင် အချဉ်တည်ကာ ကြက်သွန်ဖြူ သနပ်အဖြစ်လည်း ပြင်ဆင် စားသုံးကြပါတယ်။

အာရှတိုက်မှာ ကြက်သွန်မိတ်ကို သေးသေးလှီးကာ ကြက်ဥ ၊ အသား ၊ ဟင်းရွက်များနှင့်ရောမွှေ ကြော်ကာ ပြင်ဆင်စားသုံးလေ့ရှိကြသလို ဆန်ပြုတ်ထဲမှာလည်း ဟင်းခပ်အဖြစ် ထည့်ကာ စားသုံးကြပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးများကတော့ ကြက်သွန်ဖြူကြော်ထားသည့် ကြက်သွန်ကြော်ကို လက်ဖက်နှင့်တွဲဖက် စားသုံးကြသလို ၊ ဟင်းများတွင် ဖြူးကာလည်း စားကြပါတယ်။

ကြက်သွန်ဖြူ အစိမ်းကို ခေါက်ဆွဲသုပ်၊ ကြာဇံသုပ် ၊ ထမင်းသုပ် ၊လက်သုပ်စုံ များဖြင့် တွဲဖက်စားသုံးကြပါတယ်။ကြက်သွန်ဖြူကို စားသုံးခြင်းဟာ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ၊ အအေးမိခြင်း ၊ ကင်ဆာရောဂါ နဲ့ ကိုလက်စထရော များခြင်း များကို ကာကွယ်ပေးပါတယ်။ဒါ့အပြင် ကြက်သွန်ဖြူက သွေးထဲမှာ ရှိတဲ့ အချိူဓာတ် (သကြားဓာတ်) ကိုထိန်းညှိပေးတဲ့အတွက် ဆီးချို သွေးချိုရောဂါများ ဖြစ်ပွားခြင်းကို လျော့နည်းစေနိုင်ပါတယ်။

ဒီလို အာနိသင်ပေါင်းများစွာနှင့် ဆေးဘက်ဝင်လှတဲ့ ကြက်သွန်ဖြူဟာ စားသုံးလို့လည်း အရသာ ရှိလှတာမို့ ကျွန်မတို့တွေ ဟင်းချက်ပြီး သော် လည်းကောင်း ၊ အစိမ်းသော်လည်းကောင်း နှစ်သက်စွာ စားသုံး နေကြခြင်း ဖြစ်ပါတယ်။

ကိုးကား ။ ။ Garlic, The Raw Truth ( Reader’s Digest , October 2008)
http://en.wikipedia.org/wiki/Garlic