တောင်ကိုရီးယားနိုင်ငံထုတ် ဘတ်စ်ကားများ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက တင်သွင်း

klnJune 14, 20101min480

တောင်ကိုရီးယားနိုင်ငံထုတ် ၂၀၀၃မိုဒယ် ဟွန်ဒိုင်းနှင့် ကီးယားတစ်လက်သုံး အဆင့်မြင့် ဘတ်စ်ကားများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသို့ စတင်တင်သွင်းနေပြီဖြစ်ကြောင်း သိရသည်။ ၄၅ယောက်စီးဟိုင်းဝေးဘတ်စ်ကားများသည် ယခုအခါ ရန်ကုန် ဆိပ်ကမ်းနှင့်သီလဝါဆိပ်ကမ်းများသို့ စတင်ရောက်ရှိနေပြီဖြစ်သည့် အတွက် အဆိုပါ ကားများကိုဝယ်ယူလိုသော လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်တော့ မည်ဟု သိရသည်။ ရောက်ရှိလာသောကားများ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ ဂျပန်နိုင်ငံထုတ် Mitsubishi Fuso Bus၊ Hinon Bus များနှင့် ဆင်တူသည့်အပြင် မြန်မာနိုင်ငံ၏ လမ်းစနစ်နှင့်ကိုက်ညီသော ဘယ်မောင်းကားများဖြစ်သည်ဟုသိရသည်။ “ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီကားတွေကို ဆက်တိုက်တင်သွင်းရောင်းချသွားဖို့ရှိပါတယ်။ ယခင်က ဒီလိုကားတွေမြန်မာနိုင်ငံမှာမရှိခဲ့ပါဘူး။ ယခုမှစရောက်လာတာဖြစ်ပါတယ်။ ကားတွေအားလုံး တစ်လက်သုံးကားတွေဖြစ်ပြီး ၄၅ယောက်စီးနိုင်တဲ့အတွက် ဒီကားတွေက အထူးသဖြင့် Tour ကုမ္ပဏီတွေနဲ ့ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေကြိုက်နှစ်သက်ကြမယ့်ကားအမျိုးအစားတွေပါ။ ဈေုးနှုန်းအနေအထားကလဲ ဂျပန်နိုင်ငံထုတ်ကားဈေးတွေထက်တစ်ဝက်လောက်သက်သာပါတယ်။ ယခုဆိုရင် လုပ်ငန်းရှင်တွေ အနေနဲ့လဲ ဒီလိုမျိုးကားတွေကို မြန်မာနိုင်ငံမှာ စတင်ဝယ်လို့ရနေပါပြီ” ဟု ကားတင်သွင်း ခွင့်ရရှိထားသော ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဒီဇယ်သုံးဟွန်ဒိုင်းနှင့်ကီးယားဟိုင်း ဝေးဘတ်စ်ကားစီးရေ ၂ဝရန်ကုန်သို့ စတင်ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဝယ်ယူလိုသည့်လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါကားများနှင့်ပတ်သက်သော အပိုပစ္စည်းများကိုပြည်တွင်းတွင် အလွယ်တကူ ရရှိနိုင်ရန် အတွက် ဆားဗစ်စင်တာများ ဖွင့်လှစ်ကာရောင်းချပေးသွားမည်ဟု သိရသည်။ “ကျွန်တော်တို့တင်သွင်းလာတဲ့ ကားကို ဝယ်ယူကြမယ့် Customer တွေပိုပြီး အဆင်ပြေစေဖို့ ဒီကားနဲ့ပတ်သက်ပြီး လိုအပ်သမျှကို အပြည့်အဝ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ ဒီကားမှမဟုတ်ပါဘူး၊ တခြားကားအမျိုးအစားတွေကို ဝယ်ယူချင်တယ်ဆိုရင်လဲ ကျွန်တော်တို့အနေနဲ့ တင်သွင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒီလိုသီးသန့် မှာယူပြီး ဝယ်ယူချင်ရင် ကားအမျိုးအစားအနေနဲ့ ကတော့ အထူးသဖြင့် အနည်းဆုံးအယောက် ၂ဝ စီးကားအမျိုးအစားတွေဖြစ်ရပါမယ်” ဟုယင်းကဆက်လက်ပြောသည်။