ကလေးမြို့က ရွှေဘုံသာဘုရားကြီးကို မြို့ခံမဟုတ်ပဲ တစ်ခြားမြို့ရွာက လာဖူးပြီးရင် နောက်ထပ်လည်း ရောက်လာဖူးရတယ်လို့ဒေသခံတွေက ပြောပြပါတယ်၊ ရွှေဘုံသာဘုရားမှာရှိတဲ့ ဘုရားတွေကို တန်ဆောင်မုန်းလပြည့်နေ့မှာ လှည့်လည်ပူဇော်ခံပါတယ်၊ ကလေးမြို့လေဆိပ်ကတော့ မြို့လယ်မှာရှိပါတယ်၊ သွားလာရလွယ်ကူပါတယ်၊ လိုအပ်ရင် ဆိုင်ကယ် Taxi သုံးဘီးဆိုင်ကယ်လေးတွေပါ ငှားလို့ရပါတယ်၊ လေဆိပ်နဲ့ မျက်နှာချင်းဆိုင်မှာတော့ တောင်ဇလပ်ဟိုတယ်ရှိပါတယ်၊ ဘူတာလမ်းခွဲနားမှာတော့ ရှင်းဟုန်ဟိုတယ်ရှိပါတယ်၊ ရှင်းဟုန်ဟိုတယ်ကတော့ ဖွင့်တာမကြာသေးပါဘူး၊ ကလေးမြို့ ကားဂိတ်နားမှာတော့ ချင်းတောင်တန်းတည်းခိုခန်း ရှိပါတယ်၊ ကလေးမြို့မှာ ယက်ကန်းလုပ်ငန်းတွေကိုလည်း တွေ့ရပါတယ်၊ ရိုးရာထည်တွေကို ရက်လုပ်သလို၊ အိန္နိယနိုင်ငံက လာတဲ့ပိုးချည်နဲ့ ရက်လုပ်ထားတဲ့ ယက်ကန်းထည်တွေလည်း ရှိပါတယ်၊ ဒီဇိုင်းလေးတွေက လည်းအမျိုးမျိုးပါ၊ ရိုးရာချည်ထည်တွေက တစ်ထည်ကို အနည်းဆုံး ၁၅၀၀၀ လောက်ကနေ သိန်းကျော်တန်ထိရှိပါတယ်၊ အိန္နိယပိုးချည်နဲ့ရက်လုပ်ထားတဲ့အထည်တွေကတော့ အစားစားရှိပါတယ်အိန္နိယနိုင်ငံ အိုက်ဇောမြို့ဘက်ကလာတဲ့ အထည်တွေကိုလည်း တွေ့ရပါတယ်၊ တစ်ထည်ကို ၃၀၀၀၀ နဲ့ ၅၀၀၀၀ ကြားမှာရှိပါတယ်၊ အဆင်တွေကတော့လှပါတယ်၊ အသားက ထူတော့ထူပါတယ်၊ အိန္နိယဘက်က ထွက်တဲ့ သော့ပုဆိုး၊ Banana ပုဆိုး၊ (ကျနော့်အဖေကတော့ Banana ပုဆိုးကိုကြိုက်ပါတယ်၊ အဲ့ဒါကြောင့် ကျနော်ပြန်ရင်တော့ အဖေ့အတွက် Banana ပုဆိုးကို ၀ယ်ဖြစ်ပါတယ်) စောင်၊ အိပ်ရာခင်း၊ ထမင်းအနွေးအုပ်လေးတွေ၊ အိန္နိယပစ္စည်းတွေအများဆုံး ၀ယ်ယူနိုင်ပါတယ်၊  အိန္နိယချည်ထည် လုံချည်၊ အိန္နိယစပန့်လုံချည်တွေက ၀တ်လို့အဆင်ပြေပါတယ်၊  ချည်သားဖြစ်တဲ့အတွက် ကျနော်တို့ နေတဲ့ အပူပိုင်းဒေသတွေနဲ့ ကိုက်ပါတယ်၊ အိန္နိယစပန့်ကိုတော့ ကျနော်အကြိုက်ဆုံးပါ၊ ယိုဒယားစပန်နဲ့ တူပါတယ်၊ အသားကလည်း အိပါတယ်၊ တစ်ထည်ကို ၃၂၀၀ ကနေ ၄၀၀၀ ကြားမှာရှိပါတယ်၊ အိန္နိယငွေဈေးအတက်အကျ ပေါ်မှာမူတည်ပြီး ဈေးနှုန်းအပြောင်းအလဲတော့ ရှိပါတယ်၊ အိန္နိယရိုးရိုးချည်ထည်ကတော့ အသစ်ဆိုရင် ကော်တောင့်တောင့်ကြီးဖြစ်နေတတ်ပြီး ရေလျော်ပြီးရင်တော့ ၀တ်လို့တော်တော်ကောင်းပါတယ်၊ ကျနော် အိန္နိယချည်ထည်လုံချည်ကို အဒေါ်တွေကို လက်ဆောင်ပေးဖို့ ၀ယ်သွားတဲ့အခါ ပေးခါစ အစကို ကိုင်ကြည့်ပြီး မာတောက်တောက်နဲ့ အစကို ၀တ်လို့မကောင်းလောက်ပါဘူး၊ ဘာလို့ဝယ်လာတာလဲလို့ ပြောပါတယ်၊ အဲ့ဒါနဲ့ ရေလျော်ပြီး ၀တ်ကြည့်ပြီးမှ ပြောပါလို့ ၀တ်လို့အဆင်ပြေလို့ ကြီးကြီးတို့အတွက် ၀ယ်လာပေးတာပါလို့ပြောတော့ အဒေါ်တွေက အင်းဆိုပြီးယူထားလိုက်ပါတယ်၊ ပေးခါစကတော့ အပြစ်တင်ခံရပါတယ်၊ ရေလျော်ပြီး ၀တ်ကြည့်လိုက်တဲ့အခါ ၀တ်လို့ကောင်းတဲ့အတွက် ကျနော့်ပြန်ရင် အဲ့လိုထမီဝယ်ခဲ့ဖို့ လှမ်းပြီးမှာကြပါတယ်၊ အစကတော့ ငါ့တူမကို အပြစ်တင်မိတယ်တဲ့ အခုမှ လုံချည်က ၀တ်လို့ကောင်းလို့ နောက်ထပ်လိုချင်တယ်ဆိုပြီး မှာကြပါတယ်၊ တစ်ထည်ကို ၂၂၀၀၊ ၂၅၀၀၊ ၃၀၀၀၊ ၃၅၀၀၊ ၄၀၀၀ ကျပ်လောက်ပဲရှိပါတယ်၊ ကျနော်ဝယ်နေကျ ဆိုင်ကတော့ လင်းရောင်ခြည်ဆိုတဲ့ ကလေးမြို့က ချင်းထည်တွေနဲ့ အိန္နိယပစ္စည်းတွေ ရောင်းတဲ့ဆိုင်ပါ၊ နံ့သာဖြူတွေကိုလည်း အချိန်နဲ့ရောင်းပါတယ်၊ ကလေးမြို့ဈေးထဲမှာလည်း ဆိုင်တွေရှိသလို၊ တာဟန်းဈေးဘက်မှာလည်း ချင်းရိုးရာအထည်ဆိုင်တွေရှိပါတယ်၊ ကလေးမြို့ တာဟန်းရပ်ကွက်မှာကတော့ ချင်းရိုးရာထည်တွေနဲ့ အိန္နိယပိုးချည်နဲ့ရက်လုပ်ထားတဲ့ ရက်ကန်းထည်ဆိုင်တွေ ပိုများပါတယ်၊ ကလေးမြို့ကနေ ချင်းပြည်နယ် ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မြို့တွေကို သွားလို့ရသလို၊ အိန္နိယနယ်စပ် တမူး၊ မိုးလေးဘက်တွေကိုလည်း အလွယ်တကူသွားလို့ရပါတယ်၊ တမူးမှာရှိတဲ့ နန်းဖာလုံဈေးကတော့ မြန်မာဘက်မှာရှိပြီး တရုတ်ပစ္စည်းနဲ့ အိန္နိယပစ္စည်းတွေကို လက်လီ၊ လက်ကားဖြန့်တဲ့ နေရာပါ၊ ကျနော်တမူးသွားခဲ့တုန်းကတော့ အိန္နိယ မိုးလေးဘက်ကို ကူးကြည့်တဲ့အခါ ၊ မြန်မာဘက်က နန်းဖာလုံဈေးလောက်တောင်မစည်ပါဘူး၊ ကသည်း သူပုန်တွေကို ကြောက်ရတဲ့အတွက် ဆိုင်ကောင်းကောင်းရယ်လို့ ဆောက်ထားတာမတွေ့ရပါဘူး၊ မြန်မာဘက်ကဈေးကမှ စည်ကားပါသေးတယ်၊ ရွာသူားတွေလည်း တစ်ခါတစ်ခေါက်လောက်တော့ ရောက်အောင်လာကြပါလို့ ဖိတ်ခေါ်ရင်းနဲ့ ကျနော်သိသမျှလေးကို မျှဝေပေးပါရစေရှင်…

ကလေးမြို့မှ ရွှေဘုံသာမြတ်စွာဘုရား

ရွှေဘုံသာ ဘုရားအတွင်းမှ ရပ်တော်မူရုပ်ပွားတော်

အိန္နိယပစ္စည်းအရောင်းဆိုင်မှာ တွေ့ခဲ့ရသော နံသာဖြူနဲ့ ထုလုပ်ထားသော ဗုဒ္ဓဆင်းတုတော်၊

မြို့လယ်မှာရှိတဲ့ ကလေးမြို့လေဆိပ်အဆောက်အဦး..

တောင်ဇလပ်ဟိုတယ်…

အရောင်းဆိုင်မှာ တွေ့ရတဲ့ အိန္ဒိယ ပစ္စည်းတွေပါ…

ထမင်း၊ ဟင်းထည့်တဲ့ အနွေးအုပ်လေးတွေပါ၊ ဈေးနှုန်းကတော့ အကြီးတစ်ခုကို ၁၅၀၀၀ နဲ့ ၁၇၀၀၀ ရှိပါတယ်၊ အလတ်ဆိုဒ်အစုံလိုက် ၅ လုံးတွဲကတော့ ၁၇၀၀၀ လောက်ရှိပါတယ်၊ ငွေဈေးအတက်အကျပေါ်လည်း မူတည်ပါသေးတယ်..

အိန္ဒိယမုန့်မျိုးစုံ

အိန္ဒိစောင်နှင့် အိပ်ရာခင်းပါ၊ တစ်ထည်ကို ၅၅၀၀ နှင့် ၁၀၀၀၀ ကြားရှိပါတယ်..

အိန္ဒိယ ချည်ထည်တွေပါ၊ ပါတိတ်လို့လည်းခေါ်ပါတယ်၊

 အိန္ဒိယစအပါးထည်ပါ ဖြန့်ကြည့်နေတာကိုရိုက်လိုက်တာပါ.. ဖလမ်း၊ ဟားခါး၊ တီးတိန် ရိုးရာဝတ်စုံလေးတွေပါ.. ချင်းရိုးရာအထည်နဲ့ အိန္ဒိယပိုးချည်နဲ့ ယက်လုပ်ထားတဲ့ အထည်တွေပါ… အိန္ဒိယချည်နဲ့ရက်လုပ်ထားတဲ့ ယက်ကန်းထည်၊

ရွာသူားတွေကြိုက်တဲ့ အဆင်လေးများပါလားလို့..

မှန်ဘီရိုထဲက ယက်ကန်းထည်တွေ၊ ရွာသူားများ ကြိုက်ရာရွေးနော်..

 ချင်းရိုးရာဝတ်စုံချည်ထည်တွေထည့်ထားတဲ့ မှန်ကောင်တာ၊

အနီရောင်နဲ့စပ်ထားတဲ့ အဆင်က သက်မွန်မြင့်ဆင်လို့ခေါ်တာပေါ့၊ ဈေးနှုန်းကတော့ ၃၀၀၀၀ ကျပ်ပါ..

အထည်တွေကိုအခုလို ချိတ်ပြီးပြထားပါတယ်..

 

ဖြန့်ပြထားတဲ့ ဒီဇိုင်းလေးက ၀မ်းဆက် ၂၅၀၀၀ ကျပ်ပါ၊

 

 

About yaungchikha

has written 16 post in this Website..