ဘရုတ်သုက္ခရိပ်သာ

 

 

ဒီနေ့ကတော့  ပြည်တွင်းကရွာသားတွေ  အလှူသွားကြတဲ့နေ့မို့  အွန်လိုင်းလဲ  လူခပ်ရှင်းရှင်းရှိမယ်ထင်ရဲ့..။

ဝိုင်းဆဲခံရမှာစိုးလို့  မေ့ချင်ယောင်ဆောင်ထားတဲ့  ပေါက်တတ်ကရ  အတွေးစုလေးကို

လူရှင်းမယ့်အချိန်ကိုအခွင့်ကောင်းယူပြီး  ချရေးရရင်ဖြင့်  သိပ်မဆိုးလှပေဘူးပေါ့နော…။

ဒီလိုပါ…

ကျုပ်က လွန်ခဲ့တဲ့နှစ်နှစ်  အသက်လေးဆယ့်ငါးပြည့်ကတည်းက  ငါတော့ စ အိုပြီ  ဆိုပြီး  လူအိုတွေရဲ့  ဘဝဖြတ်သန်းမှု့ကို  အမှတ်ထင်ထင်သတိထားမိလာတယ်။

အဲဒီထဲကမှ  ဘိုးဘွားရိပ်သာလို့ခေါ်တဲ့  လူအိုရုံ သို့မဟုတ် သက်ကြီးရွယ်အိုတို့ရဲ့ ရိပ်မြုံလေးတွေကိုလဲ ဂရုပြုလေ့လာကြည့်မိတယ်။

အဲဗျာ….

အဲဒီမှာတင်  အိုရမှာ  တော်တော်ကြောက်သွားတော့တာပဲ..။

သာမန်အမြင်အားဖြင့်တော့  သက်ကြီးရွယ်အိုတွေကို  ဘာအလုပ်မှလုပ်စရာမလိုပဲ  ဘာမှ ရှေ့ရေးနောက်ရေးပူပန်စရာမလိုပဲ နေရာထိုင်ခင်းသန့်သန့်ပြန့်ပြန့်ပေးထား  တနေ့ သုံးနပ်ကျွေးပြီး  ကျန်းမာရေးစောင့်ရှောက်ပေးထား ကြတာဆိုတော့ ဘာလိုသေးလဲဖွားဖွားရယ်…… ပေါ့…..။

ဒါပေမယ့်… ဘိုးဘိုးဘွားဘွားတွေက  တနေ့သုံးနပ်စားပြီး  မသေမချင်း  ထိုင်လိုက်  ထလိုက်နဲ့ အကျယ်ချုပ်ကျထားသလို နေသွားကြရမှာတော့  ပျင်းစရာကြီးပါလား..။ ကိုယ်သာ ဘိုးဘွားရိပ်သာရောက်သွားရင် ပျင်းလွန်းလို့ ရူးသွားမလားမသိ…။

ခင်ဗျားတို့ကတော့ ပြောကြမယ်…

ပျင်းရင်  အလုပ်မရှိရင် တရားမှတ်ပါလား၊ ပုတီးစိပ်ပါလား၊ မေတ္တာပို့ပါလား၊ စသည်.. စသည်..  ဖြင့်…။

လုပ်မှာပါ..။ ဒါပေမယ့် အဲဒါတွေလုပ်ရင်း ပျင်းသွား ငြီးငွေ့သွားရင်  ဘာထပ်လုပ်ရမလဲဟင်….။

ဘိုးဘွားရိပ်သာတွေမှာ  ဘာဖန်ရှင်တွေ  ထပ်ရှိသေးလဲ…။

ကျုပ်တော့  စိတ်ကူးထဲမှာ  စိတ်ကြိုက်ဘိုးဘွားရိပ်သာလေးတခု  ဖန်တီးကြည့်မိတယ်။

 

အခုလို  တမံသလင်းခင်းထားတဲ့ ကွင်းပြောင်ကြီးထဲမှာ အဆောက်အအုံကြီးတွေဆောက်ထားမယ့်အစား…

သစ်ပင်အုပ်အုပ်လေးတွေ တန်းစီစိုက်ထားတဲ့ ခြံဝန်းထဲမှာ အမြင့်နှစ်ပေလောက်အုတ်ခုံခံပြီး မြေကြီးနဲ့ကြမ်းခင်းနဲ့ ခွာထားတဲ့ နှစ်ထပ် နံကပ် လျှာထိုးခင်း အဆောင်တန်းလေးတွေ  ဆောက်ထားမယ်။ အောက်ထပ်က ဘိုးဘွားတွေနေ။ အပေါ်ထပ်က ဝန်ထမ်းတွေ၊ ဧည့်သည်တွေနဲ့  ပစ္စည်းတွေထားသိုဘို့  စတိုခန်းပေါ့။

အဆောင်ထဲမှာတော့ အခုလို  ဆေးရုံဝပ်နဲ့မတူတူအောင် ကုတင်တွေ ခြေချင်းဆိုင်ပြီး တန်းစီခင်းထားမယ့်အစား အမြင့်ခြောက်ပေလောက်ရှိတဲ့ အခန်းအကန့်လေးတွေကို (အထဲကအသံအလွယ်တကူကြားရအောင်) သုံးထပ်သားတလွှာထဲနဲ့ ဘေးတဖက်စီမှာ ကာထားကန့်ထားပေးမယ်။ အခန်းလေးတွေရှေ့ကိုတော့ လိုက်ကာပဲ ကာပေးထားမယ်။ မကာချင်တဲ့သူ/မကာထားသင့်တဲ့သူအတွက် လိုက်ကာရုပ်ထားလိုက်ပေါ့။ အဲဒီလိုနဲ့ ပရိုက်ဗေစီ မရှိတရှိလေးလုပ်ပေးထားမယ်။

ဘိုးဘွားတွေကို စားချိန်မှအပ အဆောင်ထဲ တနေကုန်နေခိုင်းပြီး  အလှူရှင်လာကြည့်လို့ရအောင် တိရစ္ဆာန်ရုံပမာ စီမံထားမယ့်အစား-

ဘိုးဘွားတွေ အိပ်ချိန်စားချိန်မှအပ ခြံဝန်းထဲ ကြိုက်သလို သွားလာနေထိုင်နိုင်အောင် စီမံထားပေးမယ်။ ခြံဝန်းထဲမှာ မြေညှိပြီး ပန်းပင်လေးတွေတန်းစီစိုက်ထားမယ်။ မျက်ခင်းလေးကို  ရေပန်းနဲ့လောင်းထားမယ်။ သစ်ပင်သစ်ရိပ်လွတ်တဲ့နေရာတွေမှာ  ထီးတွေ ဂရင်းဟောက်ဆန်ခါတွေနဲ့ အရိပ်မရတရ နေမပူ့တပူလေး ဖန်တီးပေးထားမယ်။ သစ်ပင်ရိပ်တွေမှာ ကွပ်ပျစ်လေးတွေ ပက်လက်ကုလားထိုင်လေးတွေချထားပြီး ကိုယ့်အစုနဲ့ကိုယ် စုဝေးနေထိုင်နိုင်အောင်စီမံထားမယ်။

 

မနက်ဆို ဘိုးဘွားတွေ မိမိတို့ဆိုင်ရာဘာသာအလိုက် ဘုရားဝတ်ပြုချင်ပြုကြ၊ မပြုချင်နေ။

မနက်စာတော့ မစားပဲမနေရ..။

ပြီးရင် မနက်ပိုင်းတပိုင်းလုံးအေးအေးဆေးဆေးနေ။ ဧည့်သည်တွေအလှူရှင်တွေကိုတွေ့။

သီချင်းနားထောင်၊ တီဗီကြည့်၊ စာဖတ်၊ လုပ်ချင်တာလုပ်။ ခြံထဲ သွားချင်တဲ့နေရာသွား။

တချို့နေ့တွေမှာတော့ သွားလာနိုင်တဲ့ဘိုးဘွားတွေကို ကားနဲ့တင်ပြီး လဘက်ရည်ဆိုင်လေးထိုင်ပါစေ၊ အပြင်စာလေးစားပါစေ၊ ရှော့ပင်လေးထွက်ပါစေ၊ ဘုရာလေးဖူးပါစေ။ သူတို့ကျင်လည်ခဲ့တဲ့ လူ့ဝန်းကျင်ကို ပြန်လာပါစေ။ ပြန်ပြီး ခဏတာ ပျော်ဝင်စီးမြောကြပါစေ။

ပလာတာစားမိလို့ ရင်ပြည့်တဲ့အဘိုးတွေကို အပြစ်မဆိုပါနဲ့၊  အာပူရှာပူစားမိလို့ ဗိုက်နာတဲ့အဘွားတွေကို မငြိုငြင်ပါနဲ့။ အရင်တုန်းကဖြစ်ခဲ့တာတွေ အခုလဲဖြစ်ရင်ဖြစ်ပါစေ..။

 

နေ့လည်စာမှာပြန်စုဝေးပြီးစား။ အဲလိုစုဝေးတဲ့အခါ ကြီးစဉ်ငယ်လိုက် စင်္ကြန်မှာတန်းစီပြီး ဝဋ်မခံစေရ။ (ဒီတသက် တန်းစီခဲ့ရတာများလှပါပြီ။တော်လောက်ပါပြီ။) စားသောက်ဆောင်ထဲ ကိုယ့်ဟာကိုယ်သွားပြီး လူစုံအောင် အချိန်ကျအောင် ထိုင်စောင့်နေတာမျိုးပဲလုပ်ပါစေ။ ထမင်းမစားခင် အလှူရှင်တွေ ပီတိဖြစ်ပြီး မျက်ရည်တွေဝဲလာအောင် သံနေသံထားနဲ့ မေတ္တာပို့သုံးကြိမ်သုံးခါရွတ်တာတွေလဲ မလုပ်ခိုင်းပါနဲ့။ ထမင်းစားတုန်း စကားမပြောရဆိုတဲ့ မူကြိုတန်းကစည်းကမ်းကိုလဲ မထုတ်ပါနဲ့။ အလှူရှင်က ဘိုးဘွားတွေ လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ပါးပါး အားပါးတရ စုဝေးစားသောက်တာကို မြင်ရရင် ပိုပြီး ပီတိဖြစ်မှာပါ…။

နေ့လည်စာစားပြီးရင်တော့ ခဏတာ အဆောင်ပြန်နား၊ ဧည့်သည်အလှူရှင်တွေကို တွေ့ဆုံတာတွေခဏလုပ်။ ပြီးရင် ခဏတဖြုတ်အိပ်/လှဲလျောင်း ပြီး နားပါစေ။ ပြီးရင်တော့ ဘိုးဘွားတွေကို ပေးထားတဲ့ အလုပ်တွေအတွက် ပြင်ဆင်ကြဖို့ပေါ့။

ဘယ်လိုအလုပ်တွေလဲဆိုတော့ ဥပမာ-

အုပ်စုလေးတွေခွဲပြီး  မာမာအေးသီချင်းတွေအကြောင်းပြောခိုင်းတာ၊ ကရင်တာလဘောဟင်းကို ဘယ်လိုချက်ရင်အကောင်းဆုံးလဲဆိုတာ ဖေါ်ထုတ်ခိုင်းတာ။ ကိုယ့်အစုနဲ့ကိုယ် တာဝန်ယူစိုက်ထားတဲ့ ပန်းပင်တွေကို ပြိုင်ပွဲလုပ်တာ။ ဝေဖါချပ်တွေနဲ့ အိမ်ဆောက်ပြိုင်/ဘိုးဘွားရိပ်သာရဲ့ ပုံစံငယ်လုပ်တာပြိုင်တာ။ ဂျပန်ခေတ်အကြောင်း၊ စစ်ပြီးခေတ်အကြောင်းတွေကို ပြန်ပြောခိုင်းတာ.. စတာ.. စတာ.. မျိုးတွေပေါ့။

 

ညစာကိုငါးနာရီလောက်မှာကျွေးပြီးရင်တော့ ဘိုးဘွားတွေကို လွတ်လပ်ရေးပေးလိုက်ပါတော့..။

ပက်လက်ကုလားထိုင်လေးတွေနဲ့ ကိုရီးယားကားတွေကြည့်ပါစေတော့…။

ရေနွေးဗန်းထဲမှာ ထန်းလျှက်ကလေး နှမ်းပျစ်ကလေးထည့်ပြီး စကားဝိုင်းကြပါစေတော့…။

ပိုကာလေး ဟောလီးဝုဒ်လေး ဆွဲပြီး ဉာဏ်ဖွင့်ချင်သူတွေအတွက် သက္ကလပ်စောင်လေး ခင်းပေးလိုက်ပါတော့..။

တကယ်လို့များ… တကယ်လို့များ… ပေါ့လေ..

ယမကာလေးများတောင့်တတဲ့ အဘိုးတွေရှိခဲ့ရင်လဲ

လေချဉ်တက်တာကို လျှက်ဆားစားခိုင်းမယ့်အစား ဘီယာလေးတခွက်တလေလောက်တော့ ဆန္ဒဖြည့်လိုက်ပါ..။

ဘီယာထည့်ထားတဲ့ ခွက်ပေါက်စလေးကို ကိုင်ပြီး ညဦးတပိုင်းလုံး မကုန်အောင်သောက်ရင်း

ကျေကျေနပ်နပ်ကြီး စကားဖေါင်ဖွဲ့လို့နေပါစေတော့ပေါ့…..။

 

အဲလို.. အဲလို.. ဘိုးဘွားရိပ်သာမျိုးများ တနေ့ပေါ်လာခဲ့ရင်လေ…

ဦးပါလေရာဆိုတဲ့   မန်းဂေဇက်ကအဖိုးကြီးကို  စာရင်းကြိုသွင်းပေးကြပါလို့…………..။

 

(လုံးစုံများစွာ သတ္တဝါ  ချမ်းသာကိုယ်စိတ်မြဲပါစေ……)

 

63 comments

  • kai

    May 1, 2012 at 4:02 pm

    ဘိုးဘွားရိပ်သာကတော့ လုပ်ချင်ပါတယ်..
    တခြားလူမျိုးတွေပါခေါ်လာမလို့.. ။
    ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက.. စီနီယာစစ်ဒဇင်တွေအတွက်..ကျမ်းမာရေး ထောက်ပံ့ကြေးရှိတယ်လေ..
    အဲဒါမျိုးကျ.. တခြားနိုင်ငံမှာ.. သွားသုံးလို့မရဘူး..
    ပင်စင်နဲ့.. ဆိုရှယ်ထဲထည်းထားတာကတော့ သုံးလို့ရပုံပဲ..
    အဲဒီငွေနဲ့.. မြန်မာပြည်လိုနိုင်ငံမှာဘိုးဘွားရိပ်သာလည်ပါတ်စေချင်တာပါ..

    ကုသိုလ်လည်းရ..ဝမ်းလည်းဝပေါ့..။

    • ဦးဦးပါလေရာ

      May 1, 2012 at 8:39 pm

      လာလုပ်ပါလားသူကြီးရယ်…
      ဘိုးဘွားရိပ်သာ ပုံစံသစ်တွေ ဒီမှာ မြင်ကြရအောင်။
      အခုက နိုင်ငံတဝှမ်းမှာ သက်ကြီးစောင့်ရှောက်ရေးတွေကို ပရဟိတအဖွဲ့တွေက နိုင်သလောက်လုပ်ဘို့ ကြိုးစားနေကြတယ်။
      ဒါပေမယ့် အားလုံးက တပုံစံထဲ ချည်းပဲဖြစ်နေလို့….။

    • TTNU

      May 1, 2012 at 9:47 pm

      ကိုခိုင်ရေ…
      တီချာ စာရင်းသွင်းထားနှင့်ရမလား။ 🙂

  • Swal Taw Ywet

    May 1, 2012 at 6:04 pm

    Dear ဦးဦးပါလေရာ,
    Many thanks for your creative idea for Home of the Aged.
    It is totally correct and acceptable.
    Bravo, ဦးဦးပါလေရာ.
    I also want to support such kind of ဘိုးဘွားရိပ်သာ.
    I would like to add Sue’s Idea ” Internet connected computers for them “.
    By unity of MG villagers, I believed that we can support it.

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

    • ဦးဦးပါလေရာ

      May 1, 2012 at 8:43 pm

      ကျေးဇူးပါ ကိုစွယ်တော်ရွက်ရေ-
      အင်တာနက်ကတော့ မပါမဖြစ်ပေါ့…။
      လောလောဆယ်လဲ သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်မှု့ကို လက်တွေ့ကျကျကုစားနိုင်တာ အင်တာနက်က အစွမ်းဆုံးပဲမဟုတ်လား..။

    • ဦးဦးပါလေရာ

      May 1, 2012 at 8:44 pm

      ကျုပ်အိုင်ဒီယာလက်ခံသူတယောက်တိုးတာ ဝမ်းသာတယ် ကိုသန်းထွဋ်ဦးရေ..။

  • windtalker

    May 1, 2012 at 6:13 pm

    ဦးပါ ကိုယ်တိုင်ဦးစီးပြီး တည်ထောင်ဗျာ ။ ကျုပ်တို ့ရွာထဲမှာ လောပန်ကျဲကျဲတွေ အများကြီးဘဲ ။ သူရို ့က အာကေတွေ ဝိုင်းလှူမှာ သေချာပါတယ် ။ ကျုပ်လဲ တစ်နေ ့အိုတဲ့အခါကြ ၊ ဦးပါနဲ ့အတူ ဗျစ်ရည်လေး ဘာလေး လာစုပ်ရသာပ ။

    • ဦးဦးပါလေရာ

      May 1, 2012 at 8:46 pm

      ကိုပေရဲ့…
      အိုချင်းအို … သက်တောင့်သက်သာ ခပ်မိုက်မိုက်လေးအိုရရင် အဆင်ပြေတာပေါ့နော…:D

  • aye.kk

    May 1, 2012 at 6:49 pm

    ဦးဦးပါလေရာ..
    တိုက်ဆိုင်သွားလို ့ပါ..
    ပြောပြချင်မိပါတယ်..
    ၁၉၈၁ခုနှစ်တုံးကပေါ့နော်..
    နှင်းဆီကုန်းဘိုးဘွားရိပ်သာကအဆောင်မှူးရဲ ့အိမ်မှာ
    တစ်လနီးပါးလောက်သွားနေဘူးခဲ့တယ်..
    အသက်ကဆယ့်ကိုးနှစ်အရွယ်ပေါ့နော်..
    အဘိုးဘွားတွေကိုကြည့်ပြီးကြည်နှူးအေးချမ်းတဲ့အရသာလေးခံစားမိခဲ့ရတော့..
    ချမ်းသာမယ့်ကံအကျိုးပေးပါခဲ့ရင်ဘိုးဘွားရိပ်သာလိုမျိုးဆောက်ပြီးလှူချင်ခဲ့မိတယ်…
    ဒါပေမယ့်အဖိုးနဲ ့အဖွားတွေကအဲဒီနှင်းဆီကုန်းဘိုးဘွားရိပ်သာရောက်လာပြီးမှ..
    အသက်(၈၀)ကျော်အရွယ်အဖိုးအဖွားတွေတစ်ချို ့ပေါ့နော်..
    ချစ်ကြကြိုက်ကြလို ့မင်္ဂလာဆောင်ပြီး အပြင်မှာအတူတူနေပါရစေဆိုပြီးခွင့်တောင်းပြီးထွက်သွားကြတဲ့စုံတွဲတွေမနည်းပါဘဲ..
    ိုမျက်မြင်ကိုယ်တွေ ့ကြုံတွေ ့ခဲ့ရတော့အရမ်းကိုအံ့ဩခဲ့မိတာပေါ့နော်..
    ငယ်ရွယ်သူအနေနဲ ့ကအထူးအဆန်းလည်းဖြစ်ခဲ့ရတာပေါ့နော်..
    ဦးဦးပါလေရာလေ..
    အဘိုးအဘွားတွေလည်းနှလုံးသားအရေးနဲ ့ကြတော့လက်မှိုင်ချရတော့တာပေါ့နော်..
    ဘိုးဘွားရိပ်သာမှာအေးအေးဆေးဆေးအေးအေးလူလူထားတာတောင်မနေနိုင်ကြတော့ဘူး..
    အတွေ ့အကြုံလေးပြောပြမိတာပါ…။

    • ဦးဦးပါလေရာ

      May 1, 2012 at 8:54 pm

      အဲဒါမျိုးတွေ ရှိပါတယ် မအေး ရေ-
      ဘိုးဘွားဆိုပေမယ့် လူကလဲ မျိုးစုံမဟုတ်လား…။
      ကျုပ်ကတော့ အဲဒါမျိုးကို နှလုံးသားရေး အချစ်ရေးဆိုတာမျိုးထက် အထီးကျန်မှု့ကိုတွန်းလှန်တဲ့ ပုံစံတမျိုးလို့ မြင်ကြည့်မိတယ်။
      သတိထားမိတာက တချို့အခြေအနေမှာ လူက အိုလာရင် စိတ်နုလာတတ်တယ်ထင်တယ်။
      ဘိုးဘွားရိပ်သာအတွက်တော့ အဲဒါမျိုးတွေက နဲနဲ အရုပ်ဆိုးတာပေါ့နော…။

  • ကိုရင်မောင်

    May 1, 2012 at 9:09 pm

    စိတ်ကူးကောင်းတဲ့ ဦးပါလေရာကြီးရေ..
    ထောက်ခံအားပေးပါတယ်
    ကိုယ်တွေတောင်အဲ့ဒီလောက်ထိ
    တွေးမကြည့်ခဲ့မိဘူးဗျာ..
    ကျေးဇူးဘဲဗျို….

    • ဦးဦးပါလေရာ

      May 2, 2012 at 9:39 am

      ဒီလို .. ကိုရင်မောင်ရဲ့
      မနေ့က ရွာသားတွေ အလှူသွားကြတာ ကျုပ်မလိုက်ရလို့
      (သူတို့ကတော့ ပျော်ပျော်ပါးပါးအလှူသွားကြ – ငါ့မှာတော့ ဘိုးဘွားရိပ်သာပဲ သွားရတော့မလို)
      …လို့ စိတ်ကူးပေါက်မိတာနဲ့ ….. 😀 😀

  • TTNU

    May 1, 2012 at 9:49 pm

    ဦးပါရေ…
    “လက်တွေ့ကျကျကုစားနိုင်တာ အင်တာနက်က အစွမ်းဆုံးပဲမဟုတ်လား..။”
    ထောက်ခံတယ်တော့။ တီချာမှာလက်တွေ့လေ။ 😛

    • ဦးဦးပါလေရာ

      May 2, 2012 at 9:43 am

      တီချာရေ-
      တီချာက တပြည့်တပန်းတွေ မိသားစုတွေ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ တော်သေးတာပေါ့..။
      ကျွန်တော့်မှာဆို တနေ့တနေ့ ကွန်ပျူတာတလုံးပဲ အဖေါ်ရှိတာ..။
      အဲဒါနဲ့ပဲ ဂေဇက်ရွာသားဖြစ်ရရော ဆိုပါတော့…။ 🙂

  • pazflor

    May 1, 2012 at 9:57 pm

    Oo,
    That’s an excellent idea!
    Bravo!

    • ဦးဦးပါလေရာ

      May 2, 2012 at 9:45 am

      စိတ်ကူးဆိုတာကတော့ ကြိုက်သလို စိတ်ကူးယဉ်လို့ ရတာကိုးဗျ… 😀

  • surmi

    May 1, 2012 at 10:39 pm

    ဒီလိုရိပ်သာမျိုးသာဆိုရင် ခုကတည်းကလာခဲ.တော.မယ် ….
    အပြင်မှာနေရတာထက်တောင် ပိုကောင်းသေး ….။
    ခက်တာက အစိုးရဆိုတဲ.ကောင်တွေက ဒါမျိုးနေရာတွေလဲ လာခြယ်လှယ်ကြတော.
    တော်တော်အခက်တွေ.ပါတယ် .။ မိတ်ဆွေ တယောက် တနိုင်တပိုင်အနေနဲ. ဘိုးဘွားရိပ်သာ
    ထောင်ဖို.စီစဉ်တာ အစိုးရရဲ.သတ်မှတ်ချက်တွေ ၊ အာမခံတောင်းတာတွေကြောင်. မလုပ်ဖြစ်ခဲ.ဘူး။
    ဦးပါ ရဲ.ဘိုးဘွားရိပ်သာပုံစံ မျိုးကတော. အစိုးရပြောင်းမှ ဖြစ်လိမ်.မယ်ဗျို.။

    • ဦးဦးပါလေရာ

      May 2, 2012 at 9:49 am

      ကိုဆာမိရေ
      တကယ်တော့ ဘိုးဘွားရိပ်သာဆိုတာ ဖွင့်ပြီးရင် ပြန်ပိတ်ရခက်တာကြောင့် ဒီအစိုးရက ခွင့်ပြုဘို့ မလွယ်ကူပါဘူး။ ကျွန်တော့် ဇာတိမြို့မှာလဲ တမြို့လုံးဝိုင်းကြိုးပမ်းနေတာ မဖြစ်လာသေးပါဘူး။
      ကျုပ်စိတ်ကူးထဲကဘိုးဘွားရိပ်မြုံမျိုးကတော့ ဒီနိုင်ငံမှာဖြစ်လာဘို့ မမြင်သေးပါဘူးဗျာ..။

  • Thel Nu Aye

    May 2, 2012 at 1:08 am

    အင်းဖြစ်လာနိုင်သောဘိုးဘွားရိပ်သာပါ။ မဝေးလောက်ပါဘူး။ စာရင်းသွင်းထားလိုက်တော့နော်ဦးဦးပါလေရာ။

    • ဦးဦးပါလေရာ

      May 2, 2012 at 9:51 am

      အဲဒါမျိုးဆန်ဆန်ကို သူများနိုင်ငံတွေမှာတော့ ကြားဘူးပါတယ် မသဲနုအေးရေ..:)

  • Khin Latt

    May 2, 2012 at 4:41 am

    ကျွန်မ လက်ရှိ နေတဲ့ အရပ်မှာတော့ အသက်ကြီးသူ တွေဟာ သားသမီး ကိုလဲ မမှီခိုဘူး။
    အဖိုးအဖွားကြီး ၂ယောက် ဖြစ်ရင်ဖြစ်၊ မဟုတ်လဲ တစ်ချို့ တစ်ယောက်ထဲ ဘဲ။
    သူတို့ဟာသူတို့ နေတယ်။ အိမ်ဖော် အကူ မရှိ။
    ကိုယ့်အားကိုယ်ကိုး စနစ်ပေါ့။
    ဈေးကို တုံတုံချိချိ နဲ့ ကိုယ့်ဟာကိုယ်ဝယ်တယ်။
    leisure centre မှာ နေ့တိုင်းရေကူးတယ်။
    စာကြည့်တိုက်သွားတယ်။
    တစ်ချို့ ဆို charity ဆိုင်တွေမှာ အလကားအကူလုပ်ပေးကြတယ်။
    တစ်ပါတ်တစ်ခါ အစိုးရထောက်ပံ့ကြေး ထုတ်ကြတယ်။
    ရတာလေးနဲ့ ဝအောင်စားကြတယ်။
    ရှိတာလေး နဲ့ လှအောင် ဝတ်ကြတယ်။
    အများစု က သူတို့ စိတ်ကို သူတို့ပျော်အောင်ထားတယ်။
    ဘိုးဘွားရိပ်သာ ဆိုတာ အတော်လေး နာမကျန်း ဖြစ်မှ သွားတယ်။
    အဓိကကတော့ ငါမအိုသေး ဆိုတဲ့ စိတ် နဲ့ ငါသူများကို အားမကိုး မမှီခိုဘူး ဆိုတဲ့ စိတ်မျိုး များများ မွေးနိုင်ဖို့ လေ့ကျင့်ထားရမလားဘဲ။
    မြန်မာပြည်မှာတော့ ၅ဝနီးရင်ဘဲ ကိုယ့်ဟာကိုယ် အတော်အိုပြီ မှတ်နေကြသလားဘဲ။
    ဒီတော့ ဦးဦးပါလေရာ ရေ- အခုကစပြီး မွေးနေ့တိုင်း တစ်နှစ် ပြန်ပြန် နှုတ်ပေတော့။

    အလကားနောက်တာပါ။
    ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးစံ ဆိုလဲ စံကြတာပေါ့။
    အဲလို ရိပ်သာမျိုးဖွင့်ပြီး ကုသိုလ်တော့ ယူချင်သား။
    ဒါပေမဲ့ ကျွန်မ ရိပ်သာမှာ “ဘီယာ” တော့မပါ။ 😀

    • ဦးဦးပါလေရာ

      May 2, 2012 at 10:06 am

      မခင်လတ်ရေ-
      အဲဒါ လူနေမှု့ပုံစံတွေရဲ့ အကျိုးဆက်ပဲပေါ့..။
      ကျုပ်တို့ အရှေ့တိုင်းမှာက တအိမ်ထဲ မျိုးဆက်သုံးဆက်လောက် နေကြတော့ အိမ်တွေဟာ ဘိုးဘွားရိပ်သာတမျိုးလိုဖြစ်နေကြတာ..။ ကိုယ့်ကိုလုပ်ကိုင်ပေးမယ့် သားသမီးတွေ မြေးတွေက အသင့်ဆိုတော့ သောက်ရေတောင် ခပ်ပေးကြတာမျိုးလေ။
      ဒီတော့ အရှေ့တိုင်းသားတွေ အသက်နဲနဲကြီးတာနဲ့ ကိုယ့်ကိုယ်ကိုလဲ လျှော့တွက် ၊ သူများကိုလဲ မီခိုချင်လာရော…။
      အဲဒါအရင်ခေတ်ကဆိုရင်တော့ သူ့ဟာနဲ့သူအဆင်ပြေသလိုရှိပေမယ့်- အခုကခေတ်ပြောင်းနေပြီလေ။ သားသမီးတွေ မြေးတွေက အလုပ်တွေမအားကြတော့သလို မလိုအပ်တဲ့ဝန်တွေကိုလဲ မထမ်းချင်ကြတော့ဘူး…။ ဒီတော့ အရှေ့တိုင်းဘိုးဘွားတွေဟာ တစတစ မိသားစုအိမ်တွေမှာ အနေရကြပ်လာကြတော့တယ်။ ပြဿနာက သူတို့အတွက် သင့်တော်တဲ့ ကွန်မြူနတီဟောက်စ်တွေ မရှိကြသေးဘူး။ အသင့်မဖြစ်ကြသေးဘူး။
      မြန်မာတနိုင်ငံထဲအတွက်ပြောရင်တော့ သက်ကြီးပြည်သူတွေအတွက် ဘာမှ အစီအစဉ်မရှိသလောက်ပဲ။ တကယ်တော့ ဘယ်သူမှတာဝန်ယူမလုပ်ပေးလဲ သက်ကြီးပြည်သူတွေ ကိုယ့်ဟာကိုယ် စုပေါင်းစီစဉ်လို့ ဖြစ်မလားပဲ…။

      မခင်လတ်ရဲ့ရိပ်သာမှာ ဘီယာမပါဘူးဆိုတော့ …
      ကျန်တာတော့ လက်ခံတယ်လား… 😀

  • Foreign Resident

    May 2, 2012 at 8:20 am

    အင်း ၊ ကိုယ်တွေ ထဲထဲ ဝင်ဝင် သိတာကလည်း မြန်မာပြည် နှင့် ဩဇီ ပဲရှိတာ ။
    မြန်မာပြည် အကြောင်းကလည်း ရွာသူားတွေက နောကျေပြီးသား ။
    ဩဇီ အကြောင်း ပြောပြန်ရင်လည်း ဩဇီ အကြောင်း သိပ်ပြောတယ် ဖြစ်အုံးမယ် ။
    အဲဒီတော့ ၊ ဘာမှ မပြောတော့ဘူး ။

    Idea လေးကောင်းပါတယ် လို့ပဲ ချီးမွမ်းခဲ့ပါတယ် ။ 😛

    • ဦးဦးပါလေရာ

      May 2, 2012 at 10:20 am

      ဟာ .. အဲလိုတော့မလုပ်နဲ့လေ ကိုဖေါရိန်းရဲ့…
      ဒီပိုစ့်မျိုး ဖွင့်ပြီးရေးကတည်းက အခြားဒေသက အခြားပုံစံမျိုးတွေ ချခင်းပြီးကြည့်ကြရအောင်လို့..။
      ကိုဖေါရိန်းလဲ ကြားမှာပါ..
      အခု နိုင်ငံအဝှမ်းမှာ ဘိုးဘွားရိပ်သာငယ်လေးတွေ အများအပြားဖြစ်လာဘို့ တာစူနေပါပြီ။
      ခက်တာက အားလုံးက ဟောထဲမှာ တန်းစီအိပ်၊ ထမင်းထွက်စား ၊ ပြန်လာ ဆိုတာမျိုးတွေချည်း..။
      နှင်းဆီကုန်းလိုတောင် သက်တောင့်သက်သာရှိမှာမဟုတ်ပါဘူး…။
      ကျုပ်တို့က နှင်းဆီကုန်းထက်တောင် ပိုဖြစ်စေချင်တာလေ…။
      အိုင်ဒီယာအမျိုးမျိုးတွေ ထွက်လာစေချင်ပါတယ်။
      အဲတော့ အော်ဇီက သက်ကြီးရိပ်သာတွေအကြောင်း ပြောပြဘို့ ကိုဖေါရိန်း တာဝန်ယူပေးပါနော…။
      တောင်းဆိုပါတယ်..။ 😛

      ပြီးတော့ သူကြီးမင်းလဲ ယူအက်စ်က ပုံစံလေးတွေပြောပြဘို့
      မနှောင့်နှေးပါနဲ့လို့ လမ်းကြုံထည့်ပြောလိုက်ပါရစေ… 😀 😀

  • MaMa

    May 2, 2012 at 8:24 am

    ဦးပါလေရာရဲ့ ရိပ်သာကမှ တကယ့်ကို သက်ဝင်လှုပ်ရှား ပါပေတယ်။
    ဘိုးဘွားရိပ်သာတွေကို သွားရင် တွေ့နေကျဖြစ်တဲ့ မြင်ကွင်းကို စိတ်ထဲက မသက်မသာခံစားရပေမယ့် အခုလို မစဉ်းစားတတ်ခဲ့ဘူး။

    • ဦးဦးပါလေရာ

      May 2, 2012 at 10:25 am

      လက်ရှိဘိုးဘွားရိပ်သာတွေလဲ လူတချို့အတွက် ကောင်းပါတယ်။ ဥပမာ ဘာသာရေး လေးလေးနက်နက်လိုက်စား ကျင့်ကြံသူတွေအတွက်ပေါ့။
      ကျုပ်လို ပျော်ပျော်နဲ့ ပေါ့ပေါ့ပါးပါးနေချင်သူတွေအတွက်တော့ တယ်မနိပ်လှဘူး မမ ရေ… 😛

  • ကြောင်ကြီး

    May 2, 2012 at 9:30 am

    သဂျီး အသက်ကြီးပြီ နားဘာဒေါ့…။

    • ဦးဦးပါလေရာ

      May 2, 2012 at 10:29 am

      သဂျီးကို တောင်ဒဂုံက ဘိုးဘွားရိပ်သာကို ပို့မယ်စိတ်ကူးထားတယ် ကိုကြောင်ရဲ့…
      ကွင်းပြောင်ပြောင် နေပူကျဲကျဲအောက်မှာ သွပ်မိုးထားတဲ့ တထပ်နံကပ်အဆောင်နဲ့လေ.. 😀

  • FattyCat

    May 2, 2012 at 9:53 am

    ဘိုးဘွားရိပ်သာဆိုတော့… ကျွန်တော်တို့လဲ တစ်ချိန်ကျရင်အိုကြပေဦးမယ်…
    တကယ်လို့ ကျွန်တော်တို့ အိုသွားမယ်ဆိုရင်လေ…
    ကျွန်တော်တို့များ ဦးပါရဲ့ ဘိုးဘွားရိပ်သာကိုရောက်မယ်ဆိုရင်လေ အင်တာနက်လေးတော့တပ်ပေးထားပါဦးကွယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ဦးဦးပါလေရာ

      May 2, 2012 at 10:32 am

      အင်တာနက်တင်ဘယ်ကမလဲ ကိုဖက်ကက်ရဲ့
      ဂစ်တာလေး အော်ဂင်လေး ဟုမ်းသီရေတာလေးနဲ့ဆို …….

  • Ko out of...

    May 2, 2012 at 10:02 am

    ဦးဦးပါလေရာ…ခင်ဗျာ..

    ကျွန်တော်လည်း နေစောင်းလာပြီ…ဦးပါလေရာပြောတဲ့ ဘိုးဘွားရိပ်သာ မျိုးပေါ်ပေါက်ခဲ့မယ်ဆိုရင် ကျွန်တော်

    ကြိုတင် Booking ပေးပါရစေ… အခုလက်ရှိဘိုးဘွားရိပ်သာတွေမှာ စစ်တပ်တွေလို ပုံစံခွက်နဲ့ ထမင်းစားရ

    တန်းစီရ၊ တိရစ္ဆာန်ရုံပမာ နေရ ..ငယ်ငယ်တုံးကလည်ဒီလိုနေခဲ့ရ.. အသက်ကြီးပြန်တော့လည်း

    ဒီလိုဘဲ ပြန်နေရဦးမယ်ဆိုရင် မနေချင်တော့ပါဘူး…ဦးဦးပါလေရာ ရဲပ အိုင်ဒီရာ ကောင်တယ်

    မြန်မြန် အကောင်အထည်ဖေါ်ပါလား? Welcome ဘဲ….

    • ဦးဦးပါလေရာ

      May 2, 2012 at 10:37 am

      လက်ရှိပုံစံတွေကို လမ်းခွဲပြီးတွေးကြည့်တာပါဗျာ…
      တကယ်တော့ အိုင်ဒီယာက အဓိကပါ..။
      လက်ရှိရိပ်သာတခုခုကို ပုံစံလေးပြောင်းလိုက်ရုံနဲ့ ဘိုးဘွားတွေအတွက်တော့ အရမ်းကို သက်တောင့်သက်သာရှိသွားမှာ…။
      တခုပဲဗျ…
      လာလှူမယ့် အလှူရှင်မရှိတော့ရင် ဆိုတဲ့ မေးခွန်းလေး ကြိုဖြေထားရမယ်…:D 😀

  • Onyx

    May 2, 2012 at 10:14 am

    ဦးဦးပါလေရာ ပြောတာကို ထောက်ခံပါတယ် ပုံစံခွက် ထဲမှာ ခေါက်ရိုးကြိုးပြီး နေ့တိုင်းနေရတော့ ဘယ်ကောင်းမလဲ ။ ပြီးတော့ လူတိုင်း တစ်နေ့တော့ အိုရမှာပဲ ။ အဲခါကြတော့ အခုပြောသလို မော်ဒန်(ခေတ်သစ်) ဘိုးဘွားရိပ်သာမျိုးဆို အားလုံးအတွက် အဆင်ပြေနိုင်မှာပေါ့နော် ။
    ကောင်းလိုက်တဲ့ Idea လေးပါ။

    • ဦးဦးပါလေရာ

      May 2, 2012 at 10:41 am

      သူများနိုင်ငံတွေမှာတော့ သက်ကြီးရိပ်သာတွေ သက်တောင့်သက်သာ ပျော်ရွှင်စရာကောင်းအောင်စီမံကြတာ နှစ်များစွာရှိပါပြီ။
      ကျုပ်တို့နိုင်ငံမှာတော့ အဲလိုလုပ်သင့်ကြောင်း လက်ခံသူတွေက အခုကစပြီး စဉ်းစားသင့်တယ်လေ..။

    • kaung kin pyar

      May 2, 2012 at 11:29 am

      ဒီလိုပုံမျိုးလေးနဲ့ဆိုရင် ပိုအသက်ရှည်နိုင်ပါတယ်…။ ပျော်ပျော်ပါးပါးနဲ့ ဘဝနေဝင်ချိန်ကို ဖြတ်သန်းနိုင်တာပေါ့…။ ခုတော့ ဒီအရွယ်ဆို ဒါလုပ်ရမယ်ဆိုတာကြီးလိုပဲ….။ ပျော်ပျော်နေ သေခဲမဟုတ်လား…..။ ကောင်းကင်သာ ပုံစံခွက်ထဲ ထည့်ခံလိုက်ရပုံမျိုးနဲ့ ဘိုးဘွားရိပ်သာရောက်ရရင် တော်တော်ဝမ်းနည်းမိမယ်ထင်တယ်…။

  • weiwei

    May 2, 2012 at 10:25 am

    သူကြီးပြောသလို ဘိုးဘွားရိပ်သာကို စီးပွားရေးတစ်ခုအနေနဲ့လုပ်နိုင်ရင် အကျိုးရှိ မရှိ စိတ်ဝင်စားမိပါတယ် …

    • ကိုရင်မောင်

      May 2, 2012 at 11:24 am

      ရွာထဲကလူငယ်ရွာသူရွာသားတွေ
      ဦးပါလေရာကြီးစိတ်ကူးဘိုးဘွားရိပ်သာမျိုး
      ပေါ်ပေါက်အောင်ခုထဲကကျိုးစားထားသင့်တယ်
      ဒါမှနောင်အနှစ်သုံးလေးဆယ် ကိုယ့်အလှည့်ရောက်လာ
      အဆင်သင့်ဖြစ်နေပြီးပေါ့
      အင်တာနက် ကလဲအဆင်သင့်
      မန်းလေးဇက်မှာ အဖိုးအဖွားသမဂ္ဂဖွဲ့
      နောက်မျိုးဆက်တွေနဲ့လက်တွဲ
      နယ်စည်းမခြားအဖိုးများအဖွဲ့က
      ဖျော်ဖြေရေးတာဝန်ယူ…
      ဒီလိုဘိုးဘွားရိပ်သာမျိုးပေါ်လာခဲ့ယင်
      တို့အယင်လာခဲ့မယ်သိလား….ဟီး
      စိတ်ကူးကြည့်တာနဲ့အိုရမှာမကြောက်တော့ဘူး

  • blackchaw

    May 2, 2012 at 11:02 am

    ကိုပါလေရာကြီးရေ။
    အင်မတန်ကောင်းတဲ့ စိတ်ကူးပါ။
    ကျွန်တော်လည်း အဲဒီလို ရိပ်သာမှာနေချင်ပါတယ်။
    ဘီယာလေးတစ်ကျိုက်လောက်သောက်ပြီး
    အနိစ္စက ဘာ ဒုက္ခက ဘာ အနတ္တက ဘာ ဆိုပြီး
    အချင်းချင်း ဆွေးနွေးချင်သေးတာ။
    ပိုကာလေး ဟောလိဝုဒ်လေး ဆွဲပြီး
    သင်္ခါရရဲ့ တရားသဘောကို သင်ယူလိုက်ချင်သေးတာ။
    ဘာပဲဖြစ်ဖြစ် ဘရုတ်သုက္ခ ရိပ်သာ ဆိုတဲ့ နာမည်လေးတော့ ပြောင်းပေးပါဗျာ။
    😀

    • ဦးဦးပါလေရာ

      May 2, 2012 at 2:24 pm

      ကျုပ်နဲ့ အကြိုက်တူတယ်ပေါ့.. 😀
      အဖွဲ့ဝင်တယောက်တော့ ထပ်ရပြန်ပြီ 😛

      ခေါင်းစဉ်နာမည်ကတော့ ပြောင်းလို့မရတော့ဘူး ကျောင်းဒကာရေ
      ခင်ဗျားတို့သူကြီးက ကျုပ်ကို အက်ဒစ်လုပ်ခွင့်ပေးမထားပါဘူး..
      အဲဒါကြောင့် သူ့ကိုပြင်ခိုင်းပြန်ရင်လဲ မသိယောင်ဆောင်တတ်သေး… 😀 😀

  • ဆူး

    May 2, 2012 at 12:04 pm

    ဦးဦးပါ ရေ.. ဆူး မအိုသေးခင်မှာ အဲဒီ ရိပ်သာ အကောင်အထည် ဖော်နိုင်မယ် ဆိုရင် ကိုယ်အား ဉာဏ်အား နဲ့ လုပ်နိုင်တာတွေ လုပ်ပြီး ကူညီပေးပါမည်။
    ဆူး အိုသွားခဲ့မယ် ဆိုရင်တော့ ကိုယ်တိုင် စာရင်း လာပေးမယ်နော်။
    ဘွားဘွား အတွက် အင်တာနက်နော် အင်တာနက်.. အဟိ..

    • htoosan

      May 2, 2012 at 12:19 pm

      ရွာထဲက သူတွေ အားလုံး ဦးဦးပါလေရာ ရိပ်သာရောက်သွားရင် ကွန်ပြူတာ တစ်ယောက်တစ်လုံးနဲ့ အပြင်မှာ စကားမပြောကြဘဲ ခုလို ဘဲ အင်တာမဲပေါ်မှာဘဲ မန့်နေကြဦးမလား မသိ … တွေးမိတာပါ … 😀

      • ဦးဦးပါလေရာ

        May 2, 2012 at 2:28 pm

        ကထူးဆန်းရဲ့…
        စကားပြောရတာက အရသာတမျိုး
        ကွန်မင့်နဲ့ပြောရတာက အရသာတမျိုးဗျ..။ 😛

  • htoosan

    May 2, 2012 at 12:13 pm

    အကုန်ပါမဲ့ “ပါလေရာ ဘိုးဘွားရိပ်သာ” 😀 😀
    ဒို့လည်း လိုက်မယ် ချန်မထားနဲ့ ဦးဦးသွားတော့ ပျင်းလှတယ် …

  • nozomi

    May 2, 2012 at 2:13 pm

    ဦးပါရေ အခုကတဲက စာရင်းပေးထားမယ်နော်
    အဲဒီရိပ်သာမှာ နေခွင့်ရဘို့ အခုကတဲက လစဉ်စုငွေသဘောမျိုး( တတ်နိုင်တဲ့သူတွေအတွက် ) ကြိုကောက်ထားရင် ပိုအဆင်ပြေမယ်ထင်တယ် ရွာသားတွေအတွက် တော့ အထူးနှုန်းပေါ့

    • ဦးဦးပါလေရာ

      May 2, 2012 at 2:31 pm

      တကယ်တော့ ကိုယ့်တသက်မှာ ဒီလိုသက်ကြီးရိပ်မြုံမျိုးမှ ပေါ်ပါ့မလားမသိပါဘူး ကိုနိုဇိုမိရေ… 😀

  • manawphyulay

    May 2, 2012 at 2:28 pm

    ဦးဦးပါလေရာရေ… ဘိုးဘွားရိပ်သာ မပေါ်လာရင်လည်း ကိစ္စမရှိပါဘူး။ အန်တီသန်းမြင့်အောင် စီစဉ်ထားတဲ့ အသက် ၇ဝ ပြည့်ရင် နေလို့ရတဲ့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာ တစ်ခုလုံး ရှိနေပါတယ်။ စိတ်မပးပါနဲ့လို့ ဒီနေရာကနေ ပြောလိုက်တယ်နော်….

    • ဦးဦးပါလေရာ

      May 2, 2012 at 2:34 pm

      မနောရေ
      ဆည်းဆာရိပ်ဆိုတာ သံလျှင်က ဘိုးဘွားရိပ်သာလား…။
      အဲဒါလေးလဲ စိတ်ဝင်စားစရာကောင်းတယ်နော်…

  • ဦးဦးပါလေရာ

    May 2, 2012 at 2:46 pm

    weiwei says:
    သူကြီးပြောသလို ဘိုးဘွားရိပ်သာကို စီးပွားရေးတစ်ခုအနေနဲ့လုပ်နိုင်ရင် အကျိုးရှိ မရှိ စိတ်ဝင်စားမိပါတယ်

    မဝေဝေ ရေ
    ဘိုးဘွားရိပ်သာဆိုတာ လူမှု့ဝန်ထမ်းလုပ်ငန်းအဖြစ်လဲ လုပ်နိုင်တာပါပဲ။ ဘာသာရေးသာသနာပြုလုပ်ငန်းအဖြစ်လဲ လုပ်နိုင်တာပါပဲ။ လုပ်နေကြတာပါပဲ။
    သို့သော်….
    တကယ်စင်စစ် အဲဒါက service လုပ်ငန်းအမျိုးအစားမို့ ကိုယ်လိုချင်တဲ့ အရည်အသွေးမျိုးအတွက်ဆိုရင်
    ဘိုးဘွားရိပ်သာကို စီးပွားရေးလုပ်ငန်းအဖြစ်လုပ်တာလဲ သင့်တော်ပါတယ်။

    အဲဒီတော့ သုံးပိုင်းရှိတာပေါ့-
    ရိပ်သာတည်ထောင် အုပ်ချုပ်တဲ့အပိုင်းက စီမံမှု့နဲ့ ဝန်ဆောင်မှု့ကို ငှားရမ်း – ကွာလတီကိုထိန်း
    စီမံ/ဝန်ဆောင် သူက အခကြေးငွေနဲ့လုပ်
    ဘိုးဘွားဘက်ကတော့ ပိုက်ဆံကို-
    သူကိုယ်တိုင်နဲ့သူ့မိသားစု/
    သို့မဟုတ် အစိုးရထောက်ပံ့ငွေ +ပင်စင်ရံပုံငွေ/
    သို့မဟုတ် ပရဟိတရံပုံငွေ/
    သို့မဟုတ်သီးခြားအလှူငွေတွေအလှူအတန်းတွေ/
    သို့မဟုတ် အပေါ်က လေးမျိုးပေါင်းနဲ့ပေး ဆိုတာမျိုးပေါ့….။

    အင်းဒီလိုပဲ အသက်ကြီးလာရင် စိတ်ကူးယဉ်တတ်လာတယ် မဝေဝေရေ…. 😀

  • char too lan

    May 2, 2012 at 4:37 pm

    ကျနော်လဲ အားပေးတယ်ဗျို ့ ပလန်ကတော့ရှယ်ပဲ အဲ့ဒီလိုနေရာမှာ
    သူအိုတွေကိုစောင့်ရှောက်ရင်းးး းးး းး တနေ့ … ငါအို ဖြစ်သွားပီဆိုရင်တော့ …. ရှယ်ပဲ ရှယ်ပဲ 🙂

  • aye.kk

    May 2, 2012 at 6:36 pm

    ဦးဦးပါလေရာ..
    ဂေဇက်မိသားစုတွေဝိုင်းဝန်းပြီး..
    ဘိုးဘွားရိပ်သာတစ်ခု အချိန်ယူပြီးတည်ထောင်ရရင်ကောင်းမှာဘဲနော်..။
    စိတ်ဆန္ဒ ဖြစ်မိတယ်။

  • ဗိုက်ကလေး

    May 4, 2012 at 8:08 pm

    ရွာထဲက သက်ကြီးရွယ်အိုတွေ ဒါအကုန်ပဲလားဗျ
    လာဆွေးနွေးကြပါဦး..
    တစ်ချိန် ကျုပ် ရိပ်သာထောင်ဖြစ်ရင် ဒီထဲက လူကြိုက်အများဆုံး အချက်တွေယူပြီး ထောင်မှာမိုလို ့ စာရင်းကောက်ချင်လို ့ပါ..

    ကျုပ်ကတော့ အဘိုးကြီးဖြစ်ရင် ခလေးလေးလိုနေမယ်
    ဂိမ်းဆော့မယ်..
    ငြင်းမယ်
    ညောင်းရင် အိပ်မယ်
    ပျင်းရင် ချက်ကြီးကြည့်မယ်
    ရီးစားစာ ရေးမယ်
    စိတ်ကူးပေါက်ရာ အကုန်လုပ်မယ်
    မသေခင် စိတ်ချမ်းသာသလိုနေမယ်
    ရို ့..ရို ့…

    • ဦးဦးပါလေရာ

      May 4, 2012 at 11:21 pm

      အော် …
      (ကျုပ်ကတော့ အဘိုးကြီးဖြစ်ရင် ခလေးလေးလိုနေမယ်) ဆိုတော့…
      အခုတော့ လူကြီးလိုနေတယ်ပေါ့ …… 😛

      အဲဒီအရွယ်ကြီး ချက်ကြီးကြည့်လို့တော့
      ရေတွေချည်း တဂွပ်ဂွပ်နဲ့ လှိမ့်သောက်နေရတော့မှာ…… 😀

  • ရွာစားကျော်

    May 4, 2012 at 8:53 pm

    အဘ အချိန်တော်တော်များများ ဘာလုပ်နေလည်း..
    ဘုရား၊ တရားလေးလုပ် အားတဲ့အချိန် ခြံထဲဆင်း သစ်ပင်စိုက်တယ် လို့ ကြားဖူးတာ အမှတ်ရတယ်..

    တသက်လုံးပျော်ချင် သစ်ပင်စိုက်လို့ ဆိုရိုးစကားလည်း ရှိတယ်မလား..
    ဦးဦးပါလေရာရဲ့ အစီအစဉ်မှာ ရံပုံငွေလည်းရ၊ ဘိုးဘွားတွေလည်း စိတ်အနားယူရာရအောင်
    သီးပင်စားပင်စိုက်ခင်းလေးတွေ၊ သစ်ခွပန်းခင်းလို အားအင်မကုန်ဘဲ ကိုယ်လက်လှုပ်ရှား လုပ်ပြီး ငွေလည်းဝင်၊ ပျော်ရွှင်စရာ အေးချမ်းရာ အလုပ်ကလေးတွေ လုပ်ရင်းဆို မကောင်းလား..

    အကြံပေးကြည့်တာပါ..။ တခါတည်း စာရင်းလည်းပေးထားမယ်နော်..

    • ဦးဦးပါလေရာ

      May 4, 2012 at 11:28 pm

      ဟုတ်ပါတယ် ရွာစားကျော်ရေ
      သက်ကြီးရွယ်အိုတွေကို –
      သူတို့ဟာ ဘာမျှအသုံးမကျတော့တဲ့ လူတွေမဟုတ်မှန်း
      အမှန်စင်စစ် အသုံးကျ အဘိုးတန်တဲ့ စီနီယာစီတီဇင်တွေဖြစ်မှန်း
      သက်သေပြခွင့်ပေးရမယ်…
      သူတို့လုပ်ချင်တဲ့ အလုပ်လေးတွေကို လုပ်နိုင်သလောက်လုပ်ခွင့်ရအောင်
      ဖန်တီးပေးသင့်တယ်ဗျ…။ ပြီးတော့ လုပ်ခ လဲ သတ်သတ်ပေးသင့်တယ်။
      သူတို့ရဲ့ကိုယ်ပိုင်လုပ်အားခနဲ့
      ဝယ်ချင်တာဝယ်၊ စားချင်တာစား၊ လှူချင်တာလှူ၊ ပေးချင်တာပေး .. လုပ်ရရင်
      သူတို့ဘယ်လောက် ကျေနပ်ဝမ်းသာလိုက်မလဲနော…

  • metallic

    May 5, 2012 at 12:26 am

    တရားသဘောကိုမမြင်ဘူးလို့ပဲပြောပြော
    ကျနော့်ရဲ့နေဝင်ချိန်ကိုတော့ ဘိုးဘွားရိပ်သာမှာ မကုန်စေလို
    ဘဝရဲ့နောက်ဆုံးဆီမီးလေးကို
    အလင်းလိုနေတဲ့နေရာလေးတခုခုမှာပဲ တောက်လိုက်ချင်တယ်
    အိုမင်းပြီးမစွမ်းတော့တဲ့တနေ့မှာတော့
    လောကဓံဆိုတာကြီးကို
    မငြင်းပယ်ဘဲလက်ခံနိုင်အောင်ကြိုးစားသွားမှာပါ

  • padonmar

    October 16, 2012 at 11:04 pm

    ဦးပါရေ
    ကျမသူငယ်ချင်းတစ်ယောက်က LA က nursing home တစ်ခု မှာ ဆရာဝန်လုပ်ပါတယ်။
    နိုဝင်ဘာ ၂ဝ မှာ ရန်ကုန်ကို လာမယ်တဲ့။
    ကျမတို့ အဲဒီလို nursing home ဖွင့်ဖို့ စိတ်ဝင်စားကြောင်း ပြောဖြစ်တော့ သူရန်ကုန်ရောက်ချိန်ကျရင် တွေ့ပြီး သေချာ ပြောပြပါမယ်တဲ့။ စိတ်ဝင်စားတဲ့သူတွေ လက်ဖက်ရည်သောက်ရင်း ဆွေးနွေးကြည့်လို့ရပါမယ်။

    ကြိုဖတ်ကြည့်ချင်ရင်
    about the new concept in nursing home care.
    http://www.edenalt.org/
    http://www.ncbcapitalimpact.org

    This is the federal website for nursing home regulation.
    http://www.nursinghomealert.com/federal-nursing-home-regulations-and-state-laws

    …………..
    သူကြီးရေ
    အဲဒီအချိန် သတင်းစာ အသစ်ထွက်ရင် ထည့်ပေးလို့ရပါတယ်နော်။
    ဒီကလူတွေ ဂဇက်သတင်းစာ အရှင်လတ်လတ် မြင်ရလို့ ဝမ်းသာကြပါတယ်။

    • kai

      October 17, 2012 at 3:27 am

      နောက်လ နိုဝင်ဘာကစပြီး.. ရွေးကောက်ပွဲသမ္မတအိုဘားမားပြန်ရရင်.. ယူအက်စ်က စီးပွားရေးလုပ်ငန်းတွေ.. အစိုးရပိုင်းဆိုင်ရာတွေတော်တော်များများ.. မြန်မာပြည်သွားကြပါလိမ့်မယ်..။
      ဒေါ်စုနဲ့.ဦးစိန်တို့.. အမေရိကားခရီးအောင်မြင်မှုရလဒ်ကြောင့်ပေါ့..
      မြန်မာပြည်အတွက်.. အပြောင်းအလဲကြီးတခု.. စပြီယူဆနိုင်ပါကြောင်း..

      ပြင်ဆင်ထားကြစေလိုကြောင်း..။

  • padonmar

    March 3, 2014 at 9:04 pm

    ဦးပါ
    စာရေး/စာဖတ်ဝါသနာရှင်များ ဖွဘုတ် မှာ သွားထည့်လိုက်ပြီနော်။
    အဲဒီမှာ ဘွတ်ကင်လုပ်နေကြပြီ။မြန်မြန်ဖွင့်ဖို့ပြင်တော့.

  • Crystalline

    March 4, 2014 at 3:23 pm

    တီဘုံမာ ပြန်ရှဲမှ ပြန်ဖတ်မိတယ်.. ကျမ အစ်မတွေကိုပြောလေ့ရှိတာ… ကျမ ကိုယ်ပိုင်လုပ်နိုင်တဲ့အချိန်ကျရင် မူကြိုနဲ့ ဘိုးဘွားရိပ်သာဖွင့်မယ်လို့… တပိုင်တနိုင်လက်ခံပြီး စနစ်တကျပြုစုမယ်ပေါ့…. ကျမလိုလူက အဲလိုအတွေးအခုထိရှိသေးတာလည်း အံ့စရာပဲ… ဘာလို့လဲဆိုတော့ စိတ်ရှုပ်မခံချင်သူလေ… :))

  • ဒီပိုစ် ပြန် ဖတ် လိုက် တော့ အ တိတ် ကို လွမ်း သွား မိ ပါ ကြောင်း
    လူ ဟောင်းေ တွ ကို မြင် လိုက် ရ လို့

  • kyeemite

    March 5, 2014 at 1:26 pm

    ဒီပို့စ်ဟောင်းလေးကို အဲတုန်းကဘယ်လိုကျော်သွားခဲ့လည်းမသိပါဘူးဗျာ..ခုမှတွေ့ဖတ်ရတော့တယ်…
    သတိထားမိတာက အဲတုန်းက ကွန်မန့်တွေများ အားရစရာဗျာ…. :loll:
    လူတွေလည်း သိပ်မမြင်ဖူးကြသေး….
    ကိုဆာမိနဲ့ အပြန်အလှန်မန့်ထားတာတွေ့တော့ ပြုံးမိရပါတယ်… :loll:
    ဦးပါအိုင်ဒီယာမျိုးနဲ့ လူအိုရုံဖွင့်ဖြစ်ရင် ကျုပ်ပါ စာရင်းတို့ထားပါဗျို့… :loll:

  • ဦးကျောက်ခဲ

    March 5, 2014 at 1:47 pm

    ကျောက်စ် အဲသည့်တုန်းက ရွာသားမဖြစ်သေးလို့ မမန့်တာ..
    “ဘရုတ်သုခ” ရိပ်သာဆိုရင် ပိုကောင်းမလားလို့ …
    အသက်ကြီးရင် အဲဂလိုလေး ပျော်ပျော်ရွှင်ရွှင်နဲ့နေချင်တယ်…
    ဘုန်းကြီးကျောင်းမှာ သင်္ခါရ တဖွဖွရွတ်ရင်း သေနေ့ကို မစောင့်ချင်ဘူး…
    😀

Leave a Reply