ပွင့်သောပန်းတိုင်းလန်းစေချင် (၃၃) by May Aye Oo on Wednesday,

May 2, 2012 at 1:24pm ·

 စွမ်းနိုင်ခဲ့လို့ရှိရင်

မိမိအကျိုး၊ သူတစ်ပါးအကျိုး နှစ်မျိုးစလုံးကျင့်ပါ

ပထမတန်းစားပုဂ္ဂိုလ်။

(ညောင်တုန်းမြို့၊ အဂ္ဂမဟာပဏ္ဍိတ ရွှေဟင်္သာတောရ ဆရာတော်ကြီး ဘဒ္ဒန္တဝိမလ)

 

ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂

အခမဲ့ဆေးခန်း နှင့် ညနေခင်း အင်္ဂလိပ်စာသင်တန်း

၂၇ – ၃၀ ဧပြီလ ၂၀၁၂

လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။

 

ဧပြီ ၂၃ ရက် က မှ ရေဦး ကနေပြန်ရောက်ပါတယ်..။ ရုံးပြန်တက်ရသေးသကိုး..။ ပြီးတော့ ထုံးစံအတိုင်း ၂၆ ရက်နေ့ည မှာ ပစ္စည်းတွေ အပြီး ထည့်ထား၊ ၂၇ ရက်နေ့ (သောကြာနေ့) ညနေ ရုံးဆင်းတာ နဲ့ စိုင်းစိုင်းကားနဲ့ အဝေးပြေး ကားဂိတ်ကို တန်းပြေးရ တာပါဘဲ..။ ဒီနေ့ အတွက် ညစာကတော့ ထုံးစံအတိုင်း လမ်းမှာ ပျောက်သွားတာပေါ့..။ ပြီးတော့ မနက် ၂ နာရီ ပြည်ကို ရောက်၊ ပြည် ကနေ လယ်ဘဲ့ရွာကို ကားပြောင်းစီး၊ လယ်ဘဲ့ရွာကို မနက် ၅ နာရီ ရောက်၊ ရောက်တာနဲ့ ကလေးစာရင်းတွေ တောင်းပြီး၊ ကျောင်းသားကဒ်တွေ စ, ရေးရတော့တာ၊ ပြီးတာနဲ့ မနက် ၇ နာရီ မှာ သင်တန်းအတွက် ကျောင်းသားတွေ registering နဲ့ ကျန်းမာရေး စ, စစ်ပြီမို့ ၂၇ ရက်နေ့ ညမှာလဲ အိပ်ချိန်က ပျောက်ဆုံးသွားပါတယ်..။

သင်တန်းကလဲ မနက် ၇ နာရီကနေ ညနေ ၄ နာရီ က ယဉ်ကျေးလိမ္မာသင်တန်း၊ ပြီးတာနဲ့ ရေမိုးချိုး၊ ထမင်း အမြန်စား ပြီး ညနေ ၆ နာရီ ကနေ ည ၉ နာရီ ထိ က အင်္ဂလိပ်စာသင်တန်း၊ အဲဒါပြီးတော့လဲ သင်တန်းဆင်းပွဲ အတွက် အက တိုက်ရ၊ နောက်နေ့တွေ အတွက် ပြင်ဆင်ရ နဲ့ ဆိုတော့ သန်းခေါင်လောက်မှ အိပ်ရတာပါ..။ မနက် ကျတော့ လဲ ၅ နာရီ ပြန်ထ ရတာမို့ ကျမရဲ့ volunteer ကလေးတွေ မညည်းမညူ အလုပ်လုပ်ကြတဲ့ စိတ်ဓါတ်လေးတွေကို ချစ်လဲချစ်၊ ချီးကျူးလဲ ချီးကျူးမိပါတယ်..။ ကျမက ကျမရဲ့ ကလေးတွေကို အဓိကပေးချင်တာက စိတ်ဓါတ်အမွေပါ..။ ကလေးတွေ က တော်တော်ကြီးကို ကျင့်သားရနေကြပြီး အလုပ်လုပ် တတ်နေ ကြပါပြီ..။

ဒီကြားထဲ ကျမက ၂၈ ရက်နေ့မှာ ကျောက်ကွင်းရွာ မူလွန်ကျောင်းလေး ဆောက်နေတာကို ဆိုင်ကယ် နဲ့ အပြေး .. သွားကြည့်ရပါသေးတယ်..။ ၂၈-၄-၁၂ သင်တန်းရဲ့ ပထမ ရက် ယဉ်ကျေးလိမ္မာ သင်တန်းအပြီး ညနေ ၄ နာရီကျော်မှာ တော့ ကျမ လယ်ဘဲ့ကနေ လာကြိုတဲ့ ကျောက်ကွင်းဆရာတော်၊ ဆိုင်ကယ် ကလေး ၂ ယောက်၊ ဒီနေ့ည ပြန်ရမဲ့ ဒေါက်တာဇော်၊ ဆရာမ မိုင်သီတာဦး နဲ့ အတူ ကျောက်ကွင်းရွာ ကို သွားကြပါတယ်..။ ညနေခင်း အင်္ဂလိပ်စာသင်တန်း ကိုတော့ ဒေါက်တာ တင့် နဲ့ သား၊ သမီးတွေက ဆက်သင်နေ ပါတယ်..။ လယ်ဘဲ့ရွာ ကနေ ကျောက်ကွင်းရွာကို မိနစ် ၄၀ လောက် မောင်းရပါတယ်..။ ကျောက်ကွင်းရွာကို ရောက်ရောက်ချင်းဘဲ .. ဆောက်လက်စ မူလွန်ကျောင်းကလေး ရဲ့ ပြီးစီးမှုကို မှတ်တမ်းတင်ရပါတယ်..။ အလှူရှင်က သိချင်လို့မို့ ဓါတ်ပုံ ပို့ပေးရအောင်ပါ..။

ကျောက်ကွင်းသူလေး ဆရာမ မိုင်သီတာဦးအိမ်က ကျမတို့ကို ညနေစာ ဧည့်ခံပါတယ်..။ ပြီးတော့ ဒေါက်တာဇော်ကို ၀က်ထီးကန် ကားဂိတ်ကို လိုက်ပို့ကြပြီး..၊ လယ်ဘဲ့ရွာကိုပြန်လာကြတာ.. ည ၉ နာရီလောက်မှာ ပြန်ရောက်ကြ ပါတယ်..။

 

၂၉-၄-၁၂ မနက်စောစောမှာတော့ ကျမတို့ကို မြောက်န၀င်းဆည်ကို လိုက်ပို့ပါတယ်.. ။ အသွား.. လမ်းမှာ ကျမရဲ့ အလှူရှင်တွေကိုရော..၊ ကျမရဲ့ ဒီခရီးစဉ်မှာ ပါမလာနိုင်တဲ့ သားတွေ၊ သမီးတွေကိုရော.. သတိရမိပြီး မေတ္တာပို့ပေးနေမိ ပါတယ်..။  အခုတလော ကျမ မေတ္တာစိတ်ကလေးနဲ့ နေဖြစ်ပါတယ်..။ အဲသလို မေတ္တာစိတ်ကလေးနဲ့ နေဖြစ်တာ ကျမ သားလေးရဲ့ ကျေးဇူး ပါဘဲ..။ သားလေးကို အမြဲ သတိရနေလို့မို့ သတိရတိုင်းမေတ္တာပို့ဖြစ်ပါတယ်..။ သားလေးကို မေတ္တာပို့ပေးပြီးရင်.. ဆက်ပြီးတော့ ကျန်တဲ့ သားတွေ၊ သမီးတွေ၊ အလှူရှင်တွေနဲ့ ၃၁ ဘုံ သတ္တ၀ါများ အားလုံးကို မေတ္တာပို့ဖြစ်တာကြောင့်..၊ ဒီရက်ပိုင်းတွေမှာ ကျမကိုယ် ကျမ မေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံနေတယ်.. လို့ ခံစားရပါတယ်..။ စိတ်တွေလဲ ပိုပြီးတော့ ငြိမ်းချမ်းလာတယ်.. လို့ ခံစားရပါတယ်..။ ကျေးဇူးပါ.. သားလေးရေ..။

ဆည်အသွားလမ်းမှာ .. ကျမတို့ သင်တန်းကို လာတက်မယ့် ကလေးတွေ တစ်ချို့ က လမ်းလျှောက်ကြလို့..၊ တစ်ချို့ ကလဲ စက်ဘီးတွေနဲ့..၊ တစ်ချို့ကလဲ မိဘ တွေက ဆိုင်ကယ်နဲ့ လိုက်ပို့ကြတာကို တွေ့ရပါတယ်..။ ကလေးတွေ နဲ့ ဆရာ၊ ဆရာမတွေ တစ်ယောက်နဲ့ တစ်ယောက် လက်တွေပြလို့ပေါ့..။ အဲဒီရွာတွေ မှာ စံပါယ်ပန်းတွေ လဲ တော်တော် ပေါပုံရပါတယ်..။ ကလေးတွေ က ပန်းတွေ လာပေးထားလိုက်တာ.. ဆရာမတွေ ပန် မနိုင်အောင်ပါဘဲ..။ ပန်းလေးတွေ က မွှေးလဲ တအားမွှေးတာ..။ ပန်ထားရင် တစ်နေကုန် မွှေးနေရော…။

မြောက်န၀င်းဆည် ရောက်တော့ ဆည်ဘောင်လမ်းပေါ်မှာ ..လမ်းလျှောက်ကြပါတယ်..။  ရှုခင်းလေးကလဲ လှပြီး လေကလဲ ရှူလို့ကောင်းပါတယ်..။ ဆည်ရဲ့ ရှုခင်းနဲ့ ဓါတ်ပုံတွေလဲ..ရိုက်ကြပါတယ်..။

ဒီ ရက်တွေ မှာ ခရီးစဉ်တွေက ဆက်နေတာမို့ သင်တန်းအတွက် fund မလောက်မှာကို စိတ်ပူနေမိတာ..၊ အလှူရှင်တွေ ရဲ့ မေတ္တာ၊စေတနာတွေ က အံ့မခန်းပါဘဲ..၊ သင်တန်းအတွက် လုံလုံလောက်လောက်ဖြစ်သွားတာ ၀မ်းသာမဆုံးပါဘူး..။ သာဓုခေါ်ပါတယ်..။ အလှူရှင်များရဲ့ မေတ္တာ၊ စေတနာတွေ နဲ့ ကျမတို့ရဲ့ လုပ်အားတွေ နဲ့ပေါင်းလိုက်တော့.. လောက ကောင်းကျိုး တွေ ဖြစ်ထွန်းလာတာ ပေါ့နော်..။ 

လယ်ဘဲ့ရွာ မှာ ပထမဆုံးဖွင့်တဲ့ သင်တန်းဖြစ်လို့ သင်ခန်းစာတွေ ကတော့

သီလ တန်ဘိုး (စည်းကမ်းရှိတဲ့သူဖြစ်ဖို့)

ဝိပ္ပတ္တိ နဲ့ သမ္ပတ္တိ အကြောင်းပြောပြပါတယ်..။ (ပယောဂ သမ္ကတ္တိ ဆိုတဲ့ သတိ၊ ၀ီရိယ နဲ့ ဉာဏ် ကို လိုသလို အသုံးချပြီး ဘ၀ ကို တိုးတက်အောင် လုပ်ဖို့ပြောပေးတာပါ)

Health Talk အနေနဲ့တော့ “မူးယစ်ဆေးဝါးအကြောင်း”  ရယ်..၊

ဗီတာမင်အုပ်စုများနဲ့ အာဟာရ အကြောင်း ရယ်

ပြီးတော့  သဘာဝ ပတ်ဝန်းကျင်ကြီးကို စောင့်ရှောက်နိုင်ဖို့

ဂေဟ စံနစ်နဲ့ ကြွပ်ကြွပ်အိတ် အန္တရာယ် အကြောင်းကိုလဲ ပြောပြပါတယ်..။

မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ သူတော်ကောင်းတရားတော်စာအုပ်ထဲက သုတသောမမင်းနဲ့ ဗြဟ္မဒတ္တ (ပေါရိသာဒ) အကြောင်းလဲ ပြောပြခဲ့ပါသေးတယ်..။

ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် ညနေခင်း အင်္ဂလိပ်စာသင်တန်း ၂၇ - ၃၀ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။

သင်တန်းနောက်ဆုံးရက် စွမ်းရည်ပြိုင်ပွဲမှာလဲ ကလေးတွေ တော်တော် ပြန်ပြောနိုင်ကြတာတွေ့ရပါတယ်..။ လယ်ဘဲ့သင်တန်းက ကလေးတွေ က တော်တော် လိမ္မာပါတယ်..။ ဒါကြောင့် စာသင်ရတာ ကောင်းတော့ တခြားနေရာ တွေ ထက် ပိုပြီး သင်ပေးဖြစ်ပါတယ်..။

ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် ညနေခင်း အင်္ဂလိပ်စာသင်တန်း ၂၇ - ၃၀ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။

နိဗ္ဗာန်ဈေးကတော့ ကလေးတွေရော မိဘတွေပါ တအားပျော်ကြတာပေါ့..။

သင်တန်းမှာ ကလေး ၁၇၅ ယောက် တက်ခဲ့ပါတယ်..။ အခမဲ့ ဆေးခန်းမှာတော့ လူနာ ၄၇၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ရပါတယ်..။ ကျန်းမာရေးစစ်ပေးရတဲ့ သင်တန်းသား ၁၇၅ ယောက်ပါရင် ၆၅၀ လောက် ဖြစ်သွား တာပေါ့..။ ကျမရဲ့ ဆရာဝန်တွေကော..၊ ကူပြီးသွေးပေါင်ချိန်ပေးတဲ့ သွား-ဆေးတက္ကသိုလ်က မောင်ကိုကိုအောင် ရော… တော်တော်ပင်ပန်းကြပြီး .. ခါးတွေနာ..၊ လက်တွေ ကိုက်ကုန်ကြတဲ့ အထိပါဘဲ..။ ဆေးခန်း ကလဲ မနက် ၉ နာရီကနေ ည ၈ နာရီ ထိ ဖွင့်ပေးရတဲ့ အထိ.. ပါ..။

ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် ညနေခင်း အင်္ဂလိပ်စာသင်တန်း ၂၇ - ၃၀ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။

သင်တန်းသားတွေကလဲ.. အနီးအနား ရွာပေါင်းစုံက လာကြသလို..၊ လူနာတွေကလဲ  ဘေးရွာပေါင်းစုံက အပြင် ၀က်ထီးကန်မြို့ က တောင်မှ တက်လာကြတာပါ..။ ဆရာဝန်၊ ဆေးခန်း၊ မရှိတဲ့ အရပ်တွေမို့ ကျမတို့ရဲ့ မေတ္တာအပြည့်နဲ့ ကုပေးတဲ့ ဆေးခန်းကို အားကိုးတကြီးလာကြတာပါ..။ ဒါကြောင့်လဲ.. ဆေးလက်ကျန်ပြတ်သွားပါတယ်..။ ခါတိုင်းဆိုရင်.. ဆေးလက်ကျန်ရှိတော့ .. ၁ သိန်းခွဲ – ၂ သိန်းလောက်ပြန်ဖြည့်ရပါတယ်..။ “အင်း.. ဒီတစ်ခါတော့ .. ဆေးဝယ်ရင် .. ရင်မ, ထားပေတော့ ..” လို့ ဒေါက်တာတင့် က ကျမကို ၀ယ်ရမဲ့ဆေးစာရင်း ရေးပေးရင်းနဲ့ စ, နေ ပါတယ်..။ ကျမကလဲ .. ပြန်ပြောလိုက်ပါတယ်..။ “တို့ မကြောက်ပေါင်.. တို့မှာ နှလုံးသားကောင်းကြတဲ့ အလှူရှင်တွေ.. ရှိတယ်..”  လို့ ..။

 

ဒီ ခရီးစဉ်ရဲ့ volunteer များကတော့

ဒေါက်တာ အေးအေးတင့်

ဒေါက်တာ ဇော်ဝင်းလှိုင်

ဒေါ်မေအေးဦး

မနှင်းနန္ဒာလွင်

မယမင်း

မိုင်သီတာဦး

မရည်မွန်သန့်

ကိုကိုအောင်

မလွင်လွင်မာ နဲ့

မဟန်နီနိုးနိုး    တို့ဖြစ်ပါတယ်..။

ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် ညနေခင်း အင်္ဂလိပ်စာသင်တန်း ၂၇ - ၃၀ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။

ဓါတ်ပုံတွေကတော့ ဒီ Link မှာပါ …။

https://www.facebook.com/media/albums/?id=1128815099#!/media/set/?set=a.3140332143767.2122131.1128815099&type=3

ကျမ ရေဦးမှာ သင်တန်းဖွင့်ပြီး နောက်တစ်ပတ် လယ်ဘဲ့ ရွာ သွားမယ် ဆိုလို့ ရေဦးဆရာတော်ကြီးနဲ့ မြင့်မြတ်သူ လူမှုကူညီရေးအသင်းက ကလေးတွေ ထမင်းကျွေးဖို့ ငွေ တစ်သိန်းနဲ့ ဆီတစ်ပုံး လှူလိုက်ပါတယ်..။ အခု ကျမ လယ်ဘဲ့မှာ ရှိနေတုံး အနောက်ကြို့ကုန်းရွာက ဖုန်းဝင်လာတော့ အားလုံးကြားသွားကြပြီး ဆရာမ နောက်တစ်ပတ် အနောက်ကြို့ကုန်းရွာ လားလို့ မေးကြပြီး၊ လယ်ဘဲ့ဆရာတော် ကလဲ အနောက်ကြို့ကုန်းရွာက ကလေးတွေ ထမင်းကျွေးဖို့ ငွေ တစ်သိန်း လှူလိုက်ပြန်ပါတယ်..။ အိန္ဒိယနိုင်ငံ ကနေ မြန်မာပြည် ခဏ ကြွ လာတဲ့ ဆရာတော် အရှင် ဉာဏဒီပ ကလဲ ဗုဒ္ဓဂါယာက ဘုရားပုံတော် လော့ကက်လေးတွေ ကလေးတွေ ဆုချဖို့ လှူလိုက်တာမို့ ကလေးတွေ ကိုလဲ ဆုပေး၊ ဝေယျာဝစ္စ အမျိုးသားတွေ ကိုလဲ လှူခဲ့ပါတယ်..။ အော်.. “သူတော်ကောင်းတွေများ အချင်းချင်း ပေါင်းရတာ.. တယ်ကောင်း  ..” လို့ ဆိုတဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ သူတော်ကောင်းတရားတော် ကို သတိရမိပါတယ်..။

ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် ညနေခင်း အင်္ဂလိပ်စာသင်တန်း ၂၇ - ၃၀ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။

လယ်ဘဲ့ရွာမှာ ကျမတို့ရဲ့ သင်တန်းလေး ဖွင့်ဖို့ကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့တဲ့ ကိုအောင်အောင်က ကျနော်ဝါသနာ ပါလို့ပါ.. ဆိုပြီး ကဗျာလေးတစ်ပုဒ် စပ်ပေးပါတယ်..။ ဖတ်ကြည့်ပါနော်.. တဲ့.. ပြီးတော့ အင်တာနက်မှာ တင်ပေးပါနော်.. တဲ့..။ သူ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ထည့်ပေးလိုက်ပါတယ်..။

 

  • နှစ်ထောင်တစ်စု၊ အစပြုကာ

သီတဂူရေချမ်း၊ တို့လှူဒါန်း၍

ဝမ်းမြောက်ဝမ်းသာ၊ ပီတိဖြာလျှက်

ဆက်ကာကြိုးပမ်း၊ တစ်စိတ်ဝမ်းသို့

ဖြောင့်တန်းစိတ်တူ၊ပေါင်းစုယူ၏။

 

  • နှစ်ထောင်အုပ်စု၊ အမည်ပြုလျှက်

ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုး၍

ကောင်းကျိုးကိုယ်မှာ၊ တည်ပါစေကြောင်း

ဉာဏ်ပေါင်းခွန်အား၊ ဒါနအားဖြင့်

တို့များကုသိုလ်၊ ပေးဝေလို၏။

 

  • စိတ်မှန်၊ လူမှန်၊ စေတနာမှန်ဖြင့်

ဖန်ဖန်ပြုရ၊ ဤပုညကြောင့်

မြတ်စွနိဗ္ဗာန်၊ အာရုံမှန်သို့

ရည်သန်ညွတ်နိုင် ….

ပိုင်ဆိုင်ဘ၀၊ ရ ရ ပါလို ..

သစ္စာဆို၏၊ တိုင်တည်၏ ..။

(2000 GROUP သို့ ဂုဏ်ပြုပါသည်..။   “အောင်”)

 

အလှူရှင်များ၊ Volunteerများ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်..။ ကုသိုလ်ကောင်းမှုများအားလုံးကိုလဲ အမျှပေးပါတယ်..။ အလှူရှင်များ၊ မိသားစုများနဲ့ တစ်ကွ အနန္တစင်္ကြာဝဠာရှိ နတ်၊ လူ၊ သတ္တ၀ါများ အားလုံး အမျှရကြ၍ ကျန်းမာ ချမ်းသာ ၀မ်းသာကြ ပါစေ …။

 

အမျှ ..၊ အမျှ ..၊ အမျှ ..၊

သာ..ဓု…။ သာ..ဓု…။ သာ..ဓု…။

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE !

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….။

 

Dear Readers and MG villagers,

Please share/ distribute the good deeds of 2000 Group.

Please try to join/ support 2000 Group as much as you can.

They need your supports / encouragement.

 

Let’s try our best for our mother land.

With respect,

Swal Taw Ywet.

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012