မနေ့က ကြေးမုံသတင်းစာ ရှေ့မျက်နှာ သတင်းခေါင်းစဉ်ကြီးက မိုက်တယ်။ သို့သော် ဘယ်သူမှ သတိထားမိကြမယ် မထင်သလို သတိထားမိရင်တောင် ဘယ်လိုမှ ခံစားမိကြပုံလည်း မရဘူုးထင်ပါရဲ့။ ဘယ်သူမှ ဘာမှ ပြောသံကို မကြားမိလို့ပါ။ သတိထားမိသူများကလည်း ဘယ်လိုမှ ဖြစ်နိုင်ချေမရှိသော အရာကို ပြောနေတယ်များ မှတ်ယူကြလေသလားမသိပါဘူး။

ဘာသတင်းခေါင်းစဉ်များလဲဆိုတော့…..

“ နိုင်ငံသား အားလုံး အကျုံးဝင်စေမည့် လူမှုဖူလုံရေးစနစ် အကောင်အထည်ဖော်နိုင်ရန် ဥပဒေသစ်တစ်ရပ်ပြဌာန်းရေးကြိုးပမ်းနေ ”

တဲ့။ လားလား တကယ့်အကြီးကြီးနော်။

ကိုယ်လည်း မသိပါဘူး အဲဒါကြီးကို မနေ့ကလည်း သတင်းစာမဖတ်ဖြစ်ဘူး။ ဒီနေ့ ထမင်းစားပြီးချိန်လေး သတင်းစာတစ်စောင် ကို စားပွဲတစ်ခုပေါ်မှာတွေ့လို့ မျက်စိကစားကြည့်တော့ တွေ့မိတဲ့ခေါင်းစဉ်ပါပဲ။

ဒီအကြောင်းကြီးကို ဘောင်းဘီချွတ်အခက် တိုင်းရင်းသား အချက် နဲ့ ဒုသမ္မတ တက်ဖြစ်နေသူက အလုပ်သမားနေ့အခမ်းအနားမှာ အတည်ပေါက်ကြီးပြောတာပါဗျား။
တကယ်တမ်းမှာ လူမှုဖူလုံရေးဥပဒေ ဆိုတာ လူ့အဖွဲ့အစည်းအတွက် အလွန်မှ အရေးပါသော။ လူတိုင်းလူတိုင်း၏ ဘဝအာမခံချက် ဘဝလုံခြုံမှု စားဝတ်နေရေး အလုပ်အကိုင် ဝင်ငွေ စတဲ့ လူဖြစ်ရတဲ့ဒုက္ခ နဲ့ ဖြစ်လာရတဲ့ ဘဝမှာ အလွန်အင်မတန်အရေးကြီးသော အချို့အတွက် ကိုယ့်ကိုကိုယ် သတ်သေတာမျိုးအထိ ဖြစ်သွားစေနိုင်သော အခြေအနေမျိုးများကို ကာကွယ်ပေးမည့် အရာကြီးပါပဲ။ လူမှုဖူလုံရေး လို့ပြောရင် မြန်မာပြည်လို ဆိုရှယ်လစ်သူငယ်နာမစင်သလို ဆိုရှယ်လစ်လေဖြန်းရောဂါ ကောင်းကောင်းမပျောက်သေးတဲ့တိုင်းပြည်မှာ အလကားဟာကြီးလို့ပဲ မြင်ကြမှာ သေချာမယ်ထင်ပါရဲ့။ အခုလည်း အစိုးရကပြောတာကို ၅၀၀၀တန်ဖုန်းလောက်တောင် အရေးမထားပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်တာက ပိုအရေးပါတယ်။ နိုင်ငံသားအားလုံအတွက် အကျုံးဝင်မယ့် လူမှုဖူလုံရေး ဥပဒေ ကြီး ဆိုတာကို နည်းနည်းမှကို အထင်မကြီးတော့ပါဘူး။ ဒါဟာလည်း စောစောက သူငယ်နာမစင်တဲ့ သွက်ချာပါဒလိုက်နေသော အစိုးရ ဌာနများရဲ့ လုပ်နည်းလုပ်ဟန်၊ ပြည်သူများကို အစိုးရဌာနများက လုပ်ကျွေးပြုစု ဝန်ဆောင်မှုပေးနေတဲ့ အချိုးတွေကြောင့်ပဲ အစိုးရအဖွဲ့နဲ့ သူတို့ပြောသမျှစကားတွေကို လမ်းဘေးက အရူးဘိုးတော် အော်နေသလောက်တောင် အလေးဂရုမပြုကြတာလို့ပဲ တွေးဆမိပါတယ်။ ဦးနေဝင်းက စတင်လာသော စစ်တပ်ပုံစံပြောင်းအစိုးရအဆက်ဆက် နဲ့ လက်ရှိ အစိုးရ အပေါ် လူထုယုံကြည်မှု စစ်တမ်းကောက်သင့်ပါတယ်။

တစ်ချို့လုပ်ရပ်တွေ ကလည်း လက်ရှိအစိုးရနဲ့ သူတို့အပေါင်းအပါတွေကို ယုံကြည်မှု ပိုပြီး ကျဆင်းစေပါတယ်။ ဒီနေ့ကြားမိတဲ့ သတင်းတစ်ပုဒ် ( မှန်၏ ၊ မှား၏ ကိုယ်မသိပါ ) က ဦးအောင်သောင်းဟာ ငြိမ်းချမ်းရေးပါမစ် ဆိုပြီး ယိုးဒယားနယ်စပ်ကနေ ကားတွေသွင်းနေပါသတဲ့။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ အပြင်သွားရင်း ရွှေဂုံတိုင်က သူ့သားလုပ်တဲ့ အက်စ်၃လုံး ကားအရောင်းနေရာကို ဝင်ကြည့်မိတော့ စလစ်နဲ့ပေးရင် စလစ်ဖိုးလျှော့ပေးပါတယ်တဲ့။ နာမည်ပေါက်လိုချင်ရင် သူတို့မှာထားတဲ့ ကားတွေထဲက ကြိုက်ရာရွေးပြီး စလစ်ကပ်ပြီး အမည်ဖောက်ပေးပါမယ်တဲ့။ ကိုယ်ကြိုက်ရာကားကို တော့ လေလံဆွဲပေးတာ မှာပေးတာတွေတော့ မလုပ်ပေးပါဘူးတဲ့။ ဘယ်လိုကြီးလဲဟ လို့တွေးမိပါတယ်။ ဒီလိုအပြင်သွားရင်း မေးတစ်ခုဝင်လာလို့ဖတ်မိတော့ ဒီလိုပါတဲ့ဗျား။

(ဦးအောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက်

ထိုင်းနယ်စပ်မှတဆင့်
မြန်မာနိုင်ငံသို့ တရားမ၀င် သွင်းသည့် ဂျပန် တပတ်ရစ်ကားများ ထိုင်းမြန်မာနယ်စပ် မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့်
မိသားစုစီးနိုင်သည့် ဂျပန်တစ်ပတ်ရစ်ကားများကို ပြည်ထောင်စု အဆင့်
ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၏ပါမစ်ဖြင့် ဝင်ရောက်နေကြောင်း
ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။ )

နောက်တစ်ခုကလည်း ရွေးကောက်ပွဲကော်မရှင်က ပါတီဖျက်သိမ်းခံရမယ်လို့ သတိပေးခံရတဲ့ပါတီ တစ်ခုအကြောင်းပါပဲ။
ဘာဖြစ်လို့ ဖျက်သိမ်းခံရမယ် သတိအပေးခံရသလဲဆိုတော့တဲ့ ပါတီစည်းရုံးရေးနဲ့မဆိုင်တဲ့ လယ်သမားအရေးတွေ မြေသိမ်းခံရတာတွေအတွက် လိုက်လုပ်ပေးနေလို့ပါတဲ့။ ပါတီစာစောင်ထဲမှာ အဲဒီအကြောင်းအရာတွေ ရေးသားဖော်ပြလို့ပါတဲ့။
ကဲ ကောင်းကြသေးရဲ့လား။ ပါတီဆိုတာ ကိုယ့်ပါတီကို လူကြိုက်များရေးအတွက်သာ စည်းရုံးရေးအလုပ်တွေကို လုပ်ရမယ်လို့ မှတ်ယူကြတာလား။ ပါတီဆိုတာ ဘယ်ပါတီဖြစ်ဖြစ် လူထုအကျိုး လူ့အဖွဲ့အစည်း အကျိုးအတွက် ကောင်းရာကောင်းကျိုး နဲ့ တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်ဖို့ နိုင်ငံအရေးကို ဆောက်ရွက်ထမ်းပိုးဖို့ ဖွဲ့စည်းထားတဲ့အဖွဲ့ မဟုတ်လားဗျာ။ ဒီတော့ သူ့မူလ ရည်မှန်းချက်တွေကို လုပ်နေတာ မှားသလားဗျ။ ဒီမိုကရေစီ စနစ်မှာ နိုင်ငံရေးအမြင်မှန်ဖို့လိုပါတယ်။ အဲသလို နိုင်ငံရေးအမြင်မှန်ကန်သော သူများကို သာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ်ခန့်ထားသင့်ပါတယ် သမ္မတကြီးရယ်။

နောက်တစ်ခု လွှတ်တော်ထဲမှာ ဆွေးနွေးနေကြတဲ့အချက်ပါပဲ။ တရားသူကြီးတွေ မမှန်မကန် အဂတိလိုက်စားပြီး ဆောင်ရွက်တဲ့ တိုင်းတန်းချက်ပေါင်း ၇၇၀ လောက်ရှိတယ်တဲ့။ အဲဒီထဲမှာ ၈၀% ကလည်း တိုင်တန်းခံရတဲ့အတိုင်း အဂတိလိုက်စားပြီး မှားယွင်းဆုံးဖြတ်နေကြတဲ့ တရားသူကြီးများ ဖြစ်ပါတယ်တဲ့။ ကောင်းရော။ ၈၀% သော တိုင်တန်းတဲ့ အမှုတွေသာ တရားသူကြီးတွေမှားကြောင်း အဂတိလိုက်စားကြောင်း သက်သေပြနိုင်လို့ဖြစ်မယ်။ နောက်တိုင်တဲ့သူကလည်း မတရားခံရသူတွေထဲမှာ ရာခိုင်နှုန်းဘယ်လောက်လဲ လို့ဆန်းစစ်ကြည့်သင့်တယ်။ တရားသူကြီးအဖြစ်ခန့်အပ်ခံရတဲ့ သူများက မတရားဆုံးဖြတ်ပြီး ကိုယ်ကျိုးရှာတဲ့အတွက် နစ်နာသူ ဦးရေ ၁၀၀မှာ ဘယ်လောက်ကပဲ ဒီလို တိုင်တန်းဖို့ လက်တံရှည် စိတ်ရှည် တောင့်ခံနိုင်သူများ ဖြစ်မလဲ။ အဲဒီထဲကမှာ သူတို့တိုင်တန်းချက်ကို မှန်ကန်ကြောင်းသက်သေပြနိုင်သူက ၈၀% လို့ ဆိုလာပါတယ်။ တော်တော်ရင်လေးစရာပါ။ အခုလက်ရှိ တရားသူကြီးချုပ်နာမည်ကို သိသူ ဘယ်လောက်ရှိသလဲ။ အဲဒီ တရားသူကြီးချုပ်ကလည်း လက်ရှိ နိုင်ငံရဲ့စနစ်ကို ဘယ်လောက်များနားလည်ပြီး သူ့ရဲ့ အခန်းကဏ္ဍကို လေးလေးနက်နက် သဘောပေါက်ရဲ့လား လို့ နည်းနည်း သံသယ ရှိမိတယ်။ အဲဒီ တရားသူကြီးချုပ် ဆိုတာလည်း သမ္မတက ခန့်အပ်ရတာပါ။ နည်းနည်း ပြန်ကြည့်ပါဦး သမ္မတကြီးရယ်။

တကယ်တော့ဗျာ…. ဘယ်သူပဲတက်တက် ကောင်းတာကို လုပ်ကိုင်နိုင်စွမ်းရှိဖို့ လိုပါတယ်။ ကောင်းတာလုပ်ပေးမယ်လို့ လူတိုင်းပြောတတ်ပါတယ်။ ထိရောက်စွာလုပ်ကိုင်နိုင်စွမ်း ရှိဖို့ပဲလိုတာပါ။ ထိရောက်မှန်ကန်စွာ လုပ်ကိုင်နိုင်သလားဆိုတာလည်း တကယ်လုပ်ကြည့်မှ သိရတာလေ။ အခု လုပ်နေကြတဲ့ လက်ရည်ကိုတော့ မြင်နေရပါပြီ။ လူထုက ယုံကြည်မှု ဆိုတာ လည်း အဲဒီ လုပ်ရည်ကိုင်ရည်ကို ရောင်ပြန်ဟပ်တာပါ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် တကယ်လုပ်နိုင်ရင် ယုံယုံကြည်ကြည်နဲ့သာ လုပ်ကြစမ်းပါလို့ လွှဲအပ်ထားချင်ပါတယ်။ ခင်ဗျားတို့ သိပ်တော်လို့ တိုင်းပြည်ကောင်းစားရင် ကျုပ်တို့လည်း ဟာဝိုင်အီ၊ဘာလီ၊မော်ဒိုက်ဗ်၊မြေထဲပင်လယ် ဘယ်ပဲဖြစ်ဖြစ် အပျော်ခရီးထွက်လို့ သွားနှပ်နေလိုက်မယ်။ ဒီလိုတွေလည်း ရေးမနေတော့ဘူး။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism