သီတဂူ သုမေဓာဆေးရုံ အလှူ၊ မင်္ဂလာနှစ်ပတ်လည်နှင့် ကျနော်၏ ပေါ့ပေါ့ပါးပါး အလွဲများ (၂)

ဂေဇတ် မိတ်ဆွေများရဲ့ အစုကြီးကျေးရွာ သီတဂူ သုမေဓာဆေးရုံအလှူနဲ့ပတ်သက်ပြီး လိုက်ပါခဲ့ကြတဲ့ အသီးသီးက အမှတ်တရ ဆောင်းပါးလေးတွေ၊ ဓာတ်ပုံဆရာတွေကလည်း လက်စွမ်းပြထားတဲ့ ရိုက်ချက်တွေကို ပို့စ်တွေ တင်ထားကြတာ အားရစရာကြီးဗျာ။ လိုက်ခဲ့သူတွေလည်း တသသ ပြန်ပြောဆို၊ မလိုက်ခဲ့နိုင်သူတွေက အားကျ နောက်တပွဲကို မလွဲစေရ ဆိုသူဆို..။

ကျနော်လည်း စကားခံထားတဲ့ အတိုင်း အလွဲကလေးတွေတင်အုံးမှာပေါ့။ တကယ်တမ်းပြောကြေးဆို ဦးဆောင်စီစဉ်ထားသူတွေရဲ့ စေ့စပ်သေချာ စေတနာပါတဲ့ ပြင်ဆင်မှုကြောင့် သိပ်ကြီးကြီးမားမား အလွဲရယ်လို့ မရှိခဲ့ပါ။ အားလုံးချောချောမွေ့မွေ့ ပျော်ပျော်ပါးပါး စိတ်လက်ချမ်းသာစွာ သာဓုခေါ်နိုင်ခဲ့တဲ့ အလှူခရီးပါ..။ ဒါ့ကြောင့် ပေါ့ပေါ့ပါးပါးလေးနဲ့ အလွဲလို့ မဆိုနိုင်တဲ့ တေ့လွဲကလေးတွေကိုပဲ ကျနော့မှာ ပြန်ပြောပြရမှာပါ..။

30.4.2012 ညနေ ၄း၃ဝ နာရီ။ ရုံအဆင်းလက်မှတ်ထိုးပြီး ဆိုင်ကယ်နဲ့ အိမ်ကို အသော့နှင်.. မိုးလေးက အုံ့တုံ့တုံ့၊ လေကလေးက ခပ်ရမ်းရမ်း။ ဧပြီလကုန် မုန်တိုင်းတခုရှိနိုင်လို့ ခန့်မှန်းချက်က တကယ် ဖြစ်လာမှာလား။ ကျုပ်.. ရန်ကုန်ထွက်မယ့် ကားပေါ်ရောက်အောင် စောင့်ပေးပါအုံး ကိုရွှေမိုးရယ်..။ မင်္ဂလာနှစ်ပတ်လည် အမှတ်တရ အလှူခရီးလေး မိုးတစိုစို အလွဲတွေကကြိုနေမှာလား စိုးမိသေး (မင်္ဂလာဦး ကတည်းက နာဂစ်နဲ့ စခဲ့တာ အသည်းကငယ်နာမို့ပါ..) ကားဂိတ်ကို အထွက်မှာတော့ ရာသီဥတုသာယာလို့ ဟင်းချ.. တာထွက်တော့လှခဲ့ပါပြီ..။

ကိုယ်က လွဲတတ်လွန်းလို့ ကားထွက်ပြီးအတော်ကြာ လုလင်ဆီ စာတိုပို့… လမ်းနီမှာတွေ့ဖို့ သေချာအောင်လေ။ ကိုလုလင်လည်း မရောက်မီ နာရီဝက်သာ ကြိုဖုန်းဆက်ပါ စောင့်နေမှာပါတဲ့။ ရိုင်းပင်းကူညီကြတဲ့ ဂေဇက်ရွာ မိတ်ဆွေကောင်းတွေကြောင့် ကြည်နူးရတာ တကယ်ပါ။ အေးအေးလူလူ နားနေဖို့ ကူညီတာပေတဲ့ အိမ်ထောင်ကျတာ မကြာသေးတော့ သူ့အိမ်က စနစ်တကျမရှိလို့ဆိုကာ သူကတောင် ပြန်အားနာနေသေးတာ..။ သူပြင်ထားပေးတဲ့ ဘုရားခန်းမှာ အဲဒီည ခိုနား.. မနက်ဖြန်တွေ့ရမယ့် ဂေဇက်မိတ်ဆွေတွေ အကြောင်းပုံဖော် စဉ်းစားရင်း နိုးတဝက်နဲ့ လူးလိုက်လှိမ့်လိုက်ပေါ့..။ မှေးကနဲ အိပ်ပျော်သွားလိုက် ဖျက်ခနဲနိုးရင် နှိးစက်ပေးထားတဲ့ ဖုန်းသံလေးနားစွင့်လိုက်နဲ့.. တချိန်မှာ ကြားလိုက်ရတာက…

အောက်.. အီး.. အီး အွတ်..

ဟဲ့ ပလုတ်တုတ် .. ငါ စိတ်စောလွန်းလို့ အစုကြီးကို အရှင် လတ်လတ် ရောက်သွားပလား… အိမ်မက်မက်ထင်တယ် ။ နေပြည်တော်ရဲ့ မနက်ခင်းတွေမှာတောင် တခါမှ မကြားခဲ့ဖူးတဲ့ အာရုံကြက်တွန်သံ။ ငါ ရန်ကုန် ရောက်တာ သေချာပါတယ်.. လုလင်ကြီး ကိုယ်တိုင် ငါ့ကို လာကြိုတာပါ။ တွေးနေတုန်း အောက်.. အီ.. အီး အွတ်.. ဟော ကြားပြန်ဘီ။ ဖုန်းလေးလှမ်း အယူမှာ အလမ်းမ်ကလည်း တတီတီ မြည်လာ..။ အလှူသွားမယ့် မေဒေးမနက်ခင်း၊ ရန်ကုန်မြို့ တွင်းတနေရာမှာ
တကယ့် ကြက်အစစ်ရဲ့ တွန်သံနဲ့ ကျနော် အိပ်ယာနိုးလာတဲ့ အဖြစ်ရယ်ပါ..။

ရေမိုးချိုး ပြင်ဆင်ပြီးတော့ လုလင်တို့မောင်နှံရယ်၊ ကျနော်တို့ မိသားစုသုံးယောက်ရယ် လှည်းတန်း စိန်ဂေဟာ စုရပ်သို့ထွက်ခဲ့ကြပါတယ်။ လုလင်က ကားမောင်းရင်း အရင်တနေ့က လေးပေါက်နဲ့ ဓါတ်ပုံရိုက်တဲ့ အကြောင်း စကားတပြောပြော၊ အမေစုအိမ်ရှေ့က အဖြတ် မှတ်မှတ်ရရ ကြည့်ခဲ့ရပေါ့။ တက္ကသိုလ်ရိပ်သာ လမ်းအဆုံး လှည်းတန်းမီးပွိုင့်မှာ တည့်တည့်ဆက်သွားဖို့ လမ်းကြောယူထားတဲ့ လုလင်ကို သူ့မဒမ်က ဟဲ့ ညာကွေ့ရမှာလေ တဲ့။ လုလင်လည်းယောင်ပြီး ညာအစွန် လမ်းကြောယူလိုက်တယ်။ ကျုပ်ရဲ့ နေပြည်တော်သူ ရှင်မွေးလွန်းကလည်း ဟုတ်တယ် ဟုတ်တယ် ညာကွေ့တဲ့ သံယောင်လိုက်တယ်။ ကျုပ်ကတော့ ငါပဲ အမှတ်လွဲ သလား တွေးမိလိုက်တယ် ဟီး။ နောက်မှ လုလင်က စိန်ဂေဟာက တည့်တည့်သွားရမှာလေ၊ မနက်စောစော ဒဏ်ရိုက်ခံရအောင်လုပ်ပြီ ဆိုကာ အနီမိနေတဲ့ မီးပွိုင့်မှာတင် ပတ်ကင်ထိုးသလို အတည့်သွားမယ့် လမ်းကြော ပြန်ယူ လိုက်တယ်။ မော်တော်ပီကေကြီးတွေတော့ မတွေ့ပါဘူး ညက အမူးလွန်ခဲ့လို့ တချောင်ချောင်မှာ မောနင်းပတ်နေပုံရတယ်..။

စိန်ဂေဟာရှေ့မှာ ကြိုရောက်နှင့်တဲ့ လေးပေါက်တို့မိသားစုရယ်၊ မဝေနဲ့သူငယ်ချင်းရယ် ကျနော်တို့ရယ်စောင့်နေတုန်း ကာတာက မကြာခင်ပြန်လာတော့မယ့် ကိုစွယ်တော်ရွက်ဆီက ဖုန်းဝင်လာတယ်။ ဂေဇက်ရွာသားတွေလူစုံ ခရီးစချိန်မှန်းလို့ အဆင်ပြေပါစေကြောင်း သတိတရ မေတ္တာပို့ လာတာပါ။ ကားက ဘီးပေါက်ပြီး နောက်ကျနေတာနဲ့ လွဲသွားလို့ လူစုံတဲ့အခါ ပြောပေးပါလို့ပဲမှာသွားတယ်။ လေးပေါက်တို့ ဖုန်းဆက် မေးမြန်း ၆း၂၅ နာရီလောက်မှာ စတေကာကြီး အထင်းသားနဲ့ ဂေဇက်အလှူကားကြီး ဆိုက်လာချိန်မှာတော့ သားတော်မောင်က ဖေဖေ အဲဒါ အလုပ်ရှုပ်တဲ့ ကားကြီးလား လို့ မေးပါတော့တယ်။

အလုပ်ရှုပ်တဲ့ကားကြီးနဲ့ အရှုပ်လုပ်တတ်တဲ့ ရွာသူ/ရွာသားတချို့

ကားနောက်ကျတာ သားတော်မောင်က နားလည်လို့ ရွဲ့မေးတယ်မထင်ပါနဲ့။ အိမ်မှာ ဂိမ်းဆော့ချင်တဲ့ သားရယ်၊ ဂေဇက်မှာ မွှေချင်တဲ့ ကျနော်ရယ်က ကွန်ပျူတာလုရင်း ရန်သတ်နေကျပါ..။ ဖေဖေ အလုပ်ရှုပ်နေတယ် သားရယ်.. လို့ပြောပြောပြီး မလိမ့်တပတ်လုပ်တာ ခံရရှာတဲ့သားက မန်းဂေဇတ်လိုဂိုနဲ့ သူ့အဖေ အလုပ်ရှုပ်တာကို တွဲမှတ်ထားလို့ပါဗျာ..။ ဒါတင်မကပါ.. ကားပေါ်မှာ အလှူအမှတ်တရ ယပ်တောင်လေးတွေ ဝေတော့ ပြောသေးတယ် အလုပ်ရှုပ်တဲ့ ယပ်တောင်တဲ့။ ကျုပ်သားလုပ်မှ ရွာသူားတွေ ခိုနားရာ ဂဇက်ရွာကြီး အလုပ်ရှုပ်တဲ့ရွာ ဖြစ်ရတာ ဗွေမယူကြပါနဲ့ဗျာ။ ကျနော့်ကိုသာ အပြစ်တင်ကြပါလို့ ဟီး..

အလှူကားလာတော့ အလုပ်ရှုပ်တဲ့ကားလို့ သားပြောချိန်မှာ ကျနော် သူဘာပြောသလဲ သဘောမပေါက်သေးပါ။ အလုပ်ရှုပ်တဲ့ယပ်တောင်လို့ ထပ်ပြောမှ ကျနော်သူ့ကိုမေးရတာ။ အဲဒီတော့မှ ဒီမှာလေ ဖေဖေ အလုပ်ရှုပ်တဲ့ဟာကြီးလို့ သူကြီးရဲ့ဒေါင်းရုပ်ကို လက်နဲ့ထောက်ပြလို့ ဪ ဟုတ်ပေသားပဲ ဖြစ်ခဲ့ရပါတယ်။

အလုပ်ရှုပ်တဲ့ ယပ်တောင် ..တဲ့

 

ယပ်တောင် ရှေ့ဘက်နဲ့ ကျောဘက်

ယပ်တောင်ကို ကြည့်ပြီး အလွဲလေးတခု ရွာသားတွေ သတိထားမိလား..။ ကားပေါ်မှာတုန်းကတော့ ပြောသံကြားလိုက်တယ် အမြည်းမရှိလို့ ရွာသားဘယ်သူက ချက်မြည်းထားတာ ဆိုလား။ သူကြီး ဒေါင်းရုပ်က ခေါင်းပြုတ်နေပါတယ် ခင်ဗျ။ ဟုတ်ကဲ့ သူကြီး ဗွေမယူ ပါနဲ့အုံးလို့ တောင်းပန်ပါတယ်။ စာရိုက်တဲ့ဆိုင်က မတော်တဆ မှားကျန်ခဲ့ပုံရပါတယ်..။ ပေါ့ပေါ့ပါးပါး ပြုံးစရာ အလွဲလေး တခုလို့သာ မှတ်ပေးပါနော်.. ဟီး ဟီး။

ဆက်ပါဦးမည်..

ခင်မင်စွာဖြင့် ရွာစားကျော်

26 comments

  • ကိုရင်မောင်

    May 4, 2012 at 5:28 am

    ရွာစားကျော်ရေ ကျုုပ်မှာလဲသားနှစ်ယောင် ဂိမ်းဆော့ချင်
    သမီးက burmeseclassic နဲ့shwedream ကမြန်မာကားလေးတွေ
    ကြည့်ချင် ကျုပ်ကလဲအင်တာနက်နဲ့နေရာစုံအလည်ထွက်ချင်နေသူကိုဗျ..
    အဝေတည့်တယ်ကိုမရှိတာ ခုတော့အဆင်ပြေသွားပြီ
    အလုပ်သမားနေ့၃ရက်အလုပ်ပိတ်တုန်း မြို့ပေါ်သွားကွန်ပြူတာနောက်တလုံး
    ထပ်ဝယ်လာခဲ့တယ် နောက်ပိုင်းဆိုအေးဆေးဘဲ ကိုယ်ကတလုံးအပိုင်ယူးထားမယ်လေ…ဟီး
    ဒီမှာအလုပ်ကစီစဉ်ပေးထားတာတနှစ်မှ၁၀ဝယွမ်ဘဲပေးရမှာဆိုတော့
    မြန်မာငွေနဲ့မှတသောင်းကျော်ဘဲကျမှာလေ ကုန်ပလေ့စေအမုန်းသုံးလို့ရတယ်။။။။
    ရွာစားကျော်ရေဓါတ်ပုံတွေကူးထားလိုက်ပါတယ်
    ကျေးဇူးဘဲ……..

  • MaMa

    May 4, 2012 at 8:05 am

    ဂျူနီယာ ရွာစားကျော်ရဲ့ မှတ်သားထားချက်က ရွာသူားတွေ ဩချလောက်ပါပေတယ်။ 😀
    ကိုယ်လည်း အလုပ်လုပ်သလိုလိုနဲ့ ရွာလည်ပြီး
    အချိန်တန်လို့ အလုပ်ကြွေးတွေ တက်လာတော့မှ
    ခေါင်းနပန်းကြီးပြီး ရွာလည်ချိန်ကို ပြန်လျှော့ဖို့ ကြိုးစားနေရတယ်။ 🙁

  • water-melon

    May 4, 2012 at 8:10 am

    သူကြီးဒေါင်းရုပ်ကို
    ကျွန်တော်တို့ ဗိုက်ဆာဆာနဲ့ကင်စားလိုက်တာပါ
    စိတ်မဆိုးနဲ့နော် သူကြီး
    ဒါနဲ့ တူမလေးရော နေကန်းလား
    ဖရဲကို စိတ်မဆိုးနဲ့လို့ပြောပေးအုန်းနော်
    အဟိ :mrgreen:

    • ရွာစားကျော်

      May 4, 2012 at 9:08 am

      တရားခံ ပေါ်ဘီနော် သဂျီး.. သူရို့ပေါ့.. သူရို့ … 😆

  • ဆူး

    May 4, 2012 at 9:21 am

    အဲဒီ လိုဂိုက မူပိုင်ခွင့် မယူပဲ သုံးမိလို့ ခေါင်းဖြုတ် ထားတာ.. အဟိ.. နောက်တာပါ..
    အမှန်တော့.. အလွဲများနဲ့ ဖြစ်တည်ခဲ့တာပါ။
    ယပ်တောင် ရိုက်မယ် ဆိုပြီး စိတ်ကူး ရခဲ့တာကို အကောင်အထည်ဖော်ခဲ့ပါတယ်။ သဂျီးလိုဂိုကို ယူပြီး အကောင်အထည်ဖော်ခဲ့တယ်။ ပြီးတော့ သေချာပေးပြီး အပ်လိုက်ပါတယ်။ ယပ်တောင်က တခါ အပ်ရင် ၁ပတ် အတွင်းရမယ် ဆိုလို့ ယပ်တောင်အပ်ခဲ့ပြီး နောက်တနေ့မှာ ယပ်တောင် အပ်လက်ခံတဲ့ ကောင်မလေးက ခရီးထွက်လို့ သူများနဲ့ လွဲခဲ့တယ် ဆိုလို့ စိတ်က တော်တော်လေး ကသိကအောက်နဲ့ စိတ်ထဲမတင်မကျ.. အပ်ပြီးသား ပြန်သွားယူမယ် ဆိုတော့လည်း မကောင်းဘူးလေ.. ဒါနဲ့ ကောင်မလေးက ၃ရက် ခရီးထွက်သွားပြီး သူ ပြန်မလာခင် နေ့မှာမှ သူ လွဲ ထားခဲ့တဲ့ သူက ယပ်တောင် စာရိုက်ဖို့ လုပ်ပါတယ်။ ပြီးတော့ ယပ်တောင်ကို နောက်ထပ် ၂ပတ်လောက်နေမှ ရပါမယ် ဆိုလို့ စိတ်ထဲ တော်တော် ဒေါကန်ခဲ့ရပါတယ်။ သူချိန်းတုန်းက ၅ရက် ၅ရက်ပြည့်ဖို့ ၂ရက် အလိုမှ ၂ပတ်နေမှ ရမယ် ဆိုတော့ မှီတယ် ဆိုရင် မအပ်တော့ဘူး တခြားမှ အဆင်ပြေပြေ လုပ်ပေးနိုင်တဲ့ ဆီမှာ အပ်ပါမယ် ဆိုပြီး ပြတ်ပြတ်သားသား ပြောလိုက်တော့မှ.. နာရီပိုင်းအတွင်း နောက်ထပ် ၂ရက်နေ့ရင် ရပါမယ် ဆိုပြီး လာပြန်ပြောတယ်။ သူတို့ဟာ သူတို့ ပေးထားတဲ့ ဒီဇိုင်းစာရွက်ကို စကန် ဖတ်တယ်ပြောတယ်။ အလွဲက အဲဒီ စကန်ဖတ်တဲ့ နေရာမှာ လွဲတာ ဖြစ်ပါလိမ့်မယ်။ ဒေါင်းရဲ့ ခေါင်းနေရာက အရစ်ကလေး လိုဂိုမှာပါတာ မဟုတ်ဘူး ထင်ပြီး ဖြတ်ပလိုက်တာလည်း ဖြစ်နိုင်တယ်။ လက်ထဲကို အဲဒီ ယပ်တောင် ရမှမြင်တော့ မရတော့ဘူး။ ထပ်ပြီးပြောရရင်လည်း ထ သတ်ယုံမှ တပါး မရှိတော့လို့ ကိုယ့်ဒေါသ ကိုယ်သာသိမို့ ကြိတ်မှိတ်ပြီး စိတ်လျော့လိုက်ရတာပါ။

    • ရွာစားကျော်

      May 4, 2012 at 9:52 am

      ကားဂိတ်ကိုရော ငှားတုန်းက တမျိုး၊ ရောက်လာတော့ တခြားကားဖြစ်ရတာ ရန်ထောင်ပြီးဘီလား မဆူးရေ..

      • ဆူး

        May 4, 2012 at 11:15 am

        ရန်မထောင်ချင်တော့ပါဘူး ကိုရွာစားရယ်..
        အလွဲ ထဲမှာ အဲဒီ ကား ကိစ္စလည်း ပါသေးတယ်။
        အဲကွန်းဖွင့်လို့ ရဖို့ ဆိုရင် ဒီဇယ်ကားမှ ဖွင့်ရမယ်။
        အဲကွန်းဖွင့်မယ် ဆိုရင် ၆နာရီ ကို ၅ဂါလံဖိုး ၁၂နာရီကို ၁ဝဂါလံဖိုး ထပ်ဆောင်း အပိုပေးရမည်တဲ့။
        ဂစ်ကားဆိုရင်တော့ အဲကွန်း ဖွင့်မရပါဘူးတဲ့။
        ခရီးသွားတဲ့ အချိန် အားလုံး အေးအေးဆေးဆေး သွားနိုင်အောင် အဲကွန်း ဖွင့်ခိုင်းမယ် ဆိုပြီး ဒီဇယ် ကား ငှားခဲ့ပါတယ်။
        ဒီဇယ်ကား ငှားခ တနေ့စာ ၂သိန်း၃သောင်းကျပ်
        ဂစ်ကား ငှားခ တနေ့စာ ၂သိန်း၁သောင်း၅ထောင်ကျပ်

        ဒီဇယ်ကား ဈေးပေးပြီး ငှားလိုက်ရတဲ့ကားကတော့ ဂစ်ကား ဖြစ်နေမှန်း ကားသမားကို အဲကွန်းမောင်းဖို့ ပြောလိုက်မှ သိရပါတော့တယ်။

        ကားငှားပေးတဲ့ တာဝန်ခံကတော့ ဗိုလ်ကြီးစိန်ဖေ ဖြစ်ပါတယ်။
        အစကတော့ တိုင်မယ် တော်မယ်နဲ့ စိတ်ထဲ ဖြစ်မိပေမဲ့ ပြီးသွားပြီမို့ ပိုက်ဆံ ၁သောင်းခွဲ ပြန်တောင်းလို့ ရလည်း အလုပ်ရှုပ်တာ အသွားအပြန် ဆီဖိုးနဲ့ ကိုယ့်လက်ထဲ ကိုင်ထားပြီး ဘာမှ မထူးတော့ဘူးမို့ မတောင်းတော့ပဲ နေလိုက်တော့မယ်လို့ တွေးလိုက်ပါတော့တယ်။
        တောင်းစေချင်ရင်တာ့ ဘောက်ချာ ချလန်တွေ အခုထိ ရှိနေပါသေးတယ်။

        • ကြောင်ကြီး

          May 5, 2012 at 10:11 am

          ကားငှားဒဲ့ ကိစ္စကို အကျယ်ရေးလေဗျာ။။ ဖွသင့်ဒဲ့ကိစ္စပဲ..ဒါမှ သူတို့လူဂျီးဒွေ သိသွားမှာပေါ့…။ အများအတွက်လည်း အကျိုးရှိဒယ်။။ အဲလိုမျိုး လုပ်စားနေဒါ ခဏခဏကြားရဒယ်။ ကျုပ်သာဆို လွှတ်တော်ထဲ တက်တိုင်ဒယ် ဒါမှမဟုတ် သမဒဂျီးဆီ စာပို့ဗျာ.. အနည်းဆုံးဒေါ့ လူ့အခွင့်ယေးကော်မရှင်ကိုတိုင်ဘာ..။

  • kai

    May 4, 2012 at 9:42 am

    ဒေါင်းက.. နှုတ်သီးနဲ့ဆိတ်တာမဟုတ်.. အတက်နဲ့ခွပ်တာတဲ့..
    ဆိုတော့.. ခြေတောက်ပါရင်.. ပြီးတာပဲ.. :mrgreen:

    • ရွာစားကျော်

      May 4, 2012 at 10:30 am

      သေချာကြည့်တော့မှ အဲဒီ အဓိက အတက်နဲ့ခွပ်စရာ ခြေထောက်လည်း မပါပါလား..
      အမြီးနဲ့ ဗိုက်ပဲပါတယ်.. ခွင့်လွှတ်လက်စနဲ့ ထပ်ပြီး ခွင့်လွှတ်ပေးပါ သူဂျီးရယ်..
      မဆူးလည်း ရန်မသတ်ရုံ တမယ် ဖြစ်ခဲ့ရရှာတယ်..

      စဂါး အတင်းစပ်..
      ကျနော်တို့ကို ရာထူးတိုးပေးမယ်၊ ပို့စ်မှာ အက်ဒစ်လုပ်လို့ရတော့မယ်ပြောတာ ဂယ်လား ဟင်
      ကြက်အော်သံ မှာ အွက် ဖြစ်နေလို့.. တ သတ်နဲ့ အွတ်ရမှာလေ ဟီး..ကျနော် ပြင်လို့ရဘီလား.. :mrgreen:

      • Moe Z

        May 4, 2012 at 11:22 am

        ကျန်သေးတယ် အမြည်းနဲ့ အမြီးလွဲနေတာလေး
        ဪ … ရွာစားကျော်ရဲ့အလွဲများပေါ့
        အားပေးသွားပါတယ် :mrgreen:

    • Inz@ghi

      May 7, 2012 at 8:58 am

      ရွာ့ အလှူ သဂျီး မပါတာ ရိချင်လို့ …
      အော့ဖ်ဆက် သွားပြီး ကျုပ်ကိုတိုင် ခေါင်းဖြုတ်ထားခဲ့တာဗျ…
      သိဝူးလား ..

      အာဟိ ..ဒက်ဂလောက်…

      (နောက်တာနော ..ကိုကိုဆူး…)

      • ရွာစားကျော်

        May 7, 2012 at 10:11 am

        အမြီးကျက် အမြီးစား..
        ခေါင်းကျက် ခေါင်းစာ..
        ခြေထောက်ကျက် ခြေထောက်စား…

        အမြည်းလိုနေတဲ့ ကျုပ်တို့ ရွာသားများ.. နဲ့ တွေ့သွားသလား ..(နောက်တာ..)

  • marblecommet

    May 4, 2012 at 10:11 am

    အော် ….ဒို့ရွာစားစိန်ကြီးကလည်း
    ဆြာနီကိုရဲ့ ကံဇာတာနဲ့
    ကြောင်ဝတုတ်ဂိုးဏ် ဉာဏ်ပညာ
    ပေါင်းစပ်ထားသလားပဲ…..
    ခွိခွိ

  • windtalker

    May 4, 2012 at 10:21 am

    လွဲတယ် ဆိုတဲ့မျိုးက နောင်တစ်ချိန်ကြရင် ပြန်ပြီး ပြောဆို အမှတ်ရစရာ ကိတ်စနမျိုးသာပ ။ ကဲရွာစားကျော် ရေ ရရာ ပတ်ပျိုးနဲ့ ပို့ ဗျာ… ဘီယာဆိုင်ကို ။ 🙂

    • ရွာစားကျော်

      May 4, 2012 at 11:30 am

      သန်းခေါင်ကို နေ့မှတ်ပါလို့.. သန်းခေါင်ကို နေ့မှတ်ပါလို့
      အရပ်ထဲကိုမှ အားမနာ.. အားမနာ..
      အလိုဗျာ.. သန်းခေါင်ကို နေ့မှတ်ပါလို့.. အရပ်ထဲကိုမှ အားမနာ.. အားမနာ..
      အရပ်ထဲကိုမှ အားမနာ.. အားမနာ.. တို့ ကိုကြီး windtalker….

  • amatmin

    May 4, 2012 at 11:16 am

    အလွဲဆရာကြီးက မဒမ်ရွာစားကျော် ပါလာတော့ တီးဝိုင်းထဲပါချင်ပေမဲ့ မလှုပ်ရဲ .
    ူဒီတော့ ကျနော့ကို ကပ်ပြီး သီချင်းလေးတွေတောင်းခိုင်းတာ တော့ သနားမိသဗျာ.. 🙂
    ထပ်ဆုံဖို့ကို မျှော်လင့်ပါတယ်..ကိုရွာစားကျော်ရေ..

    • ရွာစားကျော်

      May 4, 2012 at 12:24 pm

      နောက်လာမယ့် ပို့စ်မှာ အမတ်မင်းကြီးနဲ့ အလွဲတခု အကြောင်းထည့်ရေးမှာနော..
      လွှတ်တော်မတက်ဘဲ ကားပေါ်မှာ ကဲနေတာ ဓာတ်ပုံနဲ့တကွ သမဒကြီးဆီ သတင်းပေးလိုက်ရမလား ဟဲ ဟဲ။ အမတ်မင်း ရှောက်သီးဆေးပြားရောင်းနေတာလဲ မှတ်တမ်းတင်ထားတယ်နော်…။
      ပြန်မဆုံဖြစ်ကြရင် သီချင်းအတွက် အမတ်မင်းနဲ့ ဂေဇက်band ကို ကျေးကျေး..

  • char too lan

    May 4, 2012 at 3:16 pm

    တစ်ရက်နှစ်ရက်လေးပဲ လွန်သေးတာနော် … အကုန်လုံးမှတ်တမ်းတွေဖြစ်ကုန်ပီ
    နောင် နှစ် အ များ ကြီး ဆို ရင်……………. 😀

  • Mလုလင်

    May 4, 2012 at 5:19 pm

    လှည်းတန်း မီးပွိုင့် ရှေ ့ဆုံးမှာ လမ်းကြောင်းကို နောက်ဆုတ် .. ရှေ ့တိုးနဲ့ ယူခဲ့ဖူးတာ ကတော့ အမှတ်တရ ပဲဗျို ့ …။ အဲ့လို သူမှားပြောလို့ .. အိမ်ပြန်ရောက်တော့ နှစ်ချက် လောက် နားရင်းအုပ် ပလိုက်တယ်ဗျာ .. အဟီး ..

    • Khin Latt

      May 4, 2012 at 9:26 pm

      မောင်လုလင်ရယ်
      “ကိုယ့်နားရင်းကိုယ်” လို့ ရှင်းရှင်းလင်းလင်း ပြောစမ်းပါဟယ်။ 😀

  • အရင့်ရောင်

    May 4, 2012 at 5:34 pm

    မှတ်ကြဟေ့
    မှတ်လည်းမှတ်မိပါရဲ့အေ……..
    ချိတ်ညစ်ဒယ်……….
    အဲလေ
    ကျော်ချရာဂျီးပဲနော်…………

    • ရွာစားကျော်

      May 4, 2012 at 8:29 pm

      အရင့်ရောင်နဲ့ ဆင်ရုပ်ကြီးနဲ့ ဓာတ်ပုံတွဲရိုက်တုန်းက ဂွကျကျ တွေးမိတာလေးလည်း ရေးအုံးမှာ..

  • Khin Latt

    May 4, 2012 at 9:25 pm

    ရွာစားကျော် ရေ
    အလွဲလေးတွေ က ဖတ်လို့ကောင်းပါ့ တော်။
    မရှင်းတာလေး မေးစမ်းပါရစေဦး။
    အဲဒီ ကြက်က အစစ်လား။ ဖုံးသံလား။ နာရီ နှိုးစက် သံလား အေ။
    အဲဒီနားကို အပြန်ပြန် အလှန်လှန် ရှာ တာ အစရှာမရလို့ တစ်စိတ် လင်းစမ်းပါဦး။
    ယပ်တောင် လေး ကို ရိုက်ထားတာ လှတယ်။
    အပေါ်ဆုံးက ဆံပင်ရှည်ရှည် နဲ့ မဟာဆန်သူလေးက ဘူသူလေးတုန်း?
    မုန့်ဟင်းခါး ပုံ မျှော်နေတယ်နော်။
    အကြော်စုံ နဲ့။ မလွဲစေနဲ့။ 😆

    • ရွာစားကျော်

      May 4, 2012 at 9:54 pm

      မေဒေး မနက်ခင်း ရန်ကုန်မြို့ တွင်းတနေရာမှာ
      တကယ့် ကြက်အစစ်ရဲ့ တွန်သံနဲ့ ကျနော် နိုးခဲ့တာပါခင်ဗျ..
      အိပ်မှုံစုံဝါး ယောင်နန ထပြီး ဖုန်းကို ကြည့်မှ အလမ်းပေးထားတဲ့ တီးတောင်တီးတောင် မည်တာပါ

      အချိန်လည်းမှန်တဲ့ ကိုယ်ရွှေမြို့သား ကြက်ပါလို့…

      မဟာဆန်သူလေးက စိတ်အရင်းတကယ်ဖြူတဲ့ ကျနော်တို့ ရွာသူလေးထင်တယ်ဗျ..

Leave a Reply