ငွေထုတ်ရလွယ်ပြီး အကန့်အသတ်မရှိထုတ်ယူနိုင်သည့် Online Smart Card မြန်မာ့စီးပွားရေးဘဏ်ကြီးခုနစ်ခုတွင် စတင်အသုံးပြုနိုင်ပြီ အနည်းဆုံးငွေဆယ်သိန်းဖြင့် စာရင်းဖွင့်နိုင်

klnJune 15, 20101min953

သက်တမ်းသုံးနှစ်အသုံးပြုနိုင်သည့် မြန်မာ့စီးပွားရေးဘဏ်၏ Online Smart Card ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား မြန်မာနိုင်ငံရှိ ဘဏ်ကြီးခုနစ်ဘဏ်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်း Online Smart Card ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား နေပြည်တော်ဘဏ်ခွဲ၊ ရန်ကုန်မြို့ဘဏ်ခွဲ(၁)၊ ဘဏ်ခွဲ(၂)၊ ဘဏ်ခွဲ(၅)၊ ငွေစုဘဏ်ခွဲ(၃)၊ မန္တလေးဘဏ်ခွဲ(၁)နှင့် ဘဏ်ခွဲ(၂)တို့တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။ Online Smart Card အသုံးပြုရာတွင် မြန်မာ့စီးပွားရေးဘဏ်၌ စာရင်းရှင်စာရင်း(သို့) ငွေစုဘဏ်စာရင်းတစ်ခုခုဖွင့်လှစ်ထားသူဖြစ်ရမည်ဖြစ်ပြီး Online Account စာရင်း စတင်ဖွင့်လှစ်ရခြင်းအတွက် အနည်းဆုံး ငွေသားဆယ်သိန်းဖြင့် ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။ Online Account ဖွင့်လှစ်ပြီးပါက Online Smart Card တစ်ခုနှင့် Online ငွေမှတ်စာအုပ် Online Pass book စာအုပ်တို့ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငွေထုတ်ငွေသွင်းပြုရာတွင်လည်း Online Account တွင် ကျပ် သောင်းဂဏန်းအလီလီဖြင့် အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ကြောင်း သိရသည်။ အဆိုပါ Online Account အသုံးပြုပြီး ငွေထုတ်၊ ငွေပေးခြင်းများအတွက် ငွေလွှဲခတွင် တစ်ရာကျပ်လျှင် ဆယ်ပြားနှုန်း သုညဒသမတစ်ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ “ဒီစနစ်အသုံးပြုပြီး ဒေသတစ်ခုခုသို့ ငွေကြေးအမြောက်အများ သယ်ဆောင်ရသည့် ဒုက္ခမှ ကင်းဝေးမှာဖြစ်ပါတယ်။ ဒီကတ်နဲ့ မိမိစာရင်းဖွင့်ထားတဲ့ဘဏ်နှင့် ဆက်သွယ်ထားတဲ့Online ဘဏ်ခွဲကြီးတွေမှာ လိ်ုတဲ့ငွေကို ထုတ်ယူနိုင်ပါတယ်။ ကတ်ကို ပြုလုပ်တဲ့နေရာမှာ မိမိဘဏ်စာရင်းသွင်းထားတဲ့ ဘဏ်မှာသာပြုလုပ်ရမှာဖြစ်ပြီး ထုတ်ယူတဲ့နေရာတော့ တခြားသတ်မှတ်ထားတဲ့ဘဏ်တွေမှာပါ ထုတ်ယူနိုင်ပြီး အခက်အခဲတော့မရှိပါဘူး။ ပိုအဆင်ပြေနိုင်ပါတယ်”ဟု ငွေစုဘဏ်ခွဲ(၃)မှ ဘဏ်ဝန်ထမ်းတစ်ဦးမှ ပြောသည်။ ကတ်ပျောက်ဆုံးပါက သက်ဆိုင်ရာ ဘဏ်သို့ တရားဝင်အကြောင်းကြားပါက ကတ်အစားထိုး ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ်၏ တရားဝင်ထုတ်ပြန်ချက်များအရသိရသည်။

3 comments

  • intro

    June 15, 2010 at 10:09 am

    စိတ်တော့ ဝင်စားတယ်ဗျ… ဒါပေမယ့် ၁ဝသိန်းကြီးတောင် ဆိုတော့ ရင်းရမှာ စဉ်းစားနေရတယ်… ကိုယ်ကလဲ လုပ်ငန်းကြီးကြီးမားမားမရှိဘူးဆိုတော့…

  • Shwemannmay

    June 19, 2010 at 3:16 am

    ဒီနေ ့စစုနေပီ။ အကောင့်ဖွင့်ဖို ့၁ကျပ်ကစစုနေတာ ပာ ပာ

  • tunaung

    October 16, 2010 at 9:50 am

    ဖြစ်သင့်တာကြာပြီ…ခရီးသွားယင်ငွေထုတ်သယ်သွားဘို့မလွယ်ဘူးခုခေတ်ငွေကလဲသိတယ်မဟုတ်လါးရှေးခေတ်ဂျပန်ပိုက်ဆံလိုဖြစ်နေတာ အတန်အသင့်လုပ်ငန်းလုပ်တဲ့သူတောင် ငွေနဲနဲသေးယင်အထုပ်ထုပ်လူနဲထမ်းနေရပြီ…

Leave a Reply