သူရဿဝါနှင့် ခေတ်၏သားပျိုများ

သူရႆဝါMay 4, 20121min832

(၁)

လွန်ခဲ့သည့် တစ်လ နှစ်လ တုန်းက မောင်ဝါဝါ Net Guide မှာ “သူရဿဝါနှင့် ခေတ်၏ သမီးပျိုများ” ဆောင်းပါး ရေးခဲ့သည်။ အဲဒါကို ဖတ်မိကြသည့် အွန်လိုင်းမှ စာဖတ် ပရိသတ် အတော်များများက မောင်ဝါဝါကို ပြောသည်။ ခေတ်၏ သားပျိုများ အကြောင်းလည်း ဆက်ရေးပါ ဟူ၏။ အထူးသဖြင့်တော့ မိန်းကလေး စာဖတ် ပရိသတ် တွေပေါ့။

“များတို့ အကြောင်း ကျတော့ အကျီ င်္တို၊ စကပ်တို ဝတ်တာ တွေရော၊ ဆံပင်ကို ကောက်လိုက် ဖြောင့်လိုက် လုပ်တာ တွေရော၊ စကားကို မပီကလာ ပီကလာ လုပ်ပြော တာတွေရော အကုန်လုံး လျှောက်ဖော် ပြီးတော့ ခေတ်၏ သမီးပျိုများ ဆိုပြီး ရေးတယ်၊ ခေတ်၏ သားပျိုများ အကြောင်းကျတော့ ဆက်မရေးဘူး ဆိုရင် ဒါ … မတရား တာပဲ၊ ရေးပေးပါ” ဆိုတာမျိုးပေါ့။ မောင်ဝါဝါ ကက်ကက်လန် ရန်အတွေ့ ခံရလေသည်။ ဒါဖြင့် အခု “ခေတ်၏ သားပျိုများ” အကြောင်းကို ရေးတော့မည် ဆိုတော့ မောင်ဝါဝါ သေသေချာချာ ရီဆာ့ချ် (Research) လုပ်ဖို့ လိုလာပြီ။ တော်ကြာ မရေးတော့လည်း မရေးလို့၊ ရေးပြန် တော့လည်း သူတို့ ယောကျာ်းလေး အချင်းချင်းတွေ အကြောင်း ကျတော့ ဖော့ပြီး ရေးတယ်ဟု မိန်းကလေးများ ဖက်က စကားနာ ထိုးတာကို ခံရဦးမည်။ ဒီတော့ သေချာ လေ့လာရေး ဆင်းပြီးမှကို ရေးရ မည်ဟု မောင်ဝါဝါ စိတ်ထဲ တေးထား လိုက်သည်။

(၂)

“ဟေ့ကောင် … မင်း ရှည်တာ မြန်လှချည်လား”

“အေးကွ .. မင်းလည်း တော်တော် ရှည်လာပါတယ်”

“ဒါပေါ့ .. ဒီလောက် ရှည်လာအောင် အချိန် တော်တော် ပေးထား ခဲ့ရတာကို”

ယောကျာ်း ကလေးများ ဆံပင်ရှည် ထားကြခြင်း အကြောင်းကို ပြောနေခြင်း ဖြစ်ပါသည်။ သံသရာသည် တစ်ခါ တင်မက နှစ်ခါ သုံးခါ လည်နေ သည်လား မသိ။ ဟိုးယခင် ရှေးမြန်မာ ကြီးများ ဆံပင်ရှည်တွေ ထားခဲ့ကြသည်။ ကိုလိုနီ ခေတ်ရောက်တော့ အဲဒီ အလေ့ ပျောက်သွားပြီ ယောကျာ်း လေးများ ဆံတို ဘိုကေများ ဖြစ်ကုန် ကြသည်။ အဲ … မောင်ဝါဝါတို့ အဖေ၊ ဦးလေးတို့ လူပျိုပေါက် အရွယ်မှာ ယောကျာ်း လေးများ ဆံရှည် ပြန်ထားသည့် ခေတ်ကို ပြန်ရောက် လာပြန်သည်။ နောက် မောင်ဝါဝါတို့ ခပ်ငယ်ငယ်တွင် ယောကျာ်း လေးများ ပြန်၍ တိုသွား ကြပြန်သည်။ အခုတော့ ဆံပင်ရှည် ပြန်ထား နေကြပြန်ပြီ ဖြစ်သည်။

ဒါပေမယ့် ယောကျာ်းလေး အားလုံးလည်း ဆံပင်ရှည် ထားကြခြင်း မဟုတ်ပြန်။ ဒီမှာ ဆံပင်ရှည် ထားကြသည့် လူငယ် အများစုမှာ ရော့ခ်ဂီတကို ရူးသွပ်သော ရော့ခ် အဆိုတော် များကို အားကျ၍ ဆံပင်ရှည် လိုက်ထား ကြခြင်း ဖြစ်မည်ဟု အကြမ်းဖျင်း ခန့်မှန်း၍ ရသည်။ တချို့ ကျတော့လည်း ကိုရီးယား ကားတွေ ကြည့်၍ ကိုရီးယား မင်းသား တွေလို ဆံပင်မျိုး လိုက်ထား ကြသည်။ တချို့ ကျတော့လည်း အီမိုဟု ခေါ်မလား … ဘာခေါ်ရမလဲ မသိ။ ဆံပင် အမောက် ကလေးကို နဖူးရှေ့တွင် ဝဲ၍ ချထားပြီး ခဏခဏ လက်ကလေးဖြင့် သပ်တင်လိုက်၊ ခေါင်းလေး ခါ၍ သပ်တင်လိုက် လုပ်ကြသည်မှာ အသည်းယား စရာပင် ကောင်းသေးတော့။ ပီဘိ .. မိန်းကလေးများ ကျနေတာပဲ။

ထားပါတော့ … ခေတ်၏ သားပျိုများ ကိုယ်သန်ရာ သန်ရာ ဆံပင်တွေ အမျိုးစုံ ထားကြသည့် အတွက် ဆံပင် ပုံစံကို ကြည့်၍ သတ်မှတ်၍ မရနိုင်တော့။

(၃)

“အောင်မယ် .. လက်လက် လက်လက်နဲ့ .. ပလက်တီနမ် အစစ်လား”

“မဟုတ်ပါဘူးကွာ .. နိုင်း တူး ဖိုက် ဖန်စီလေး ဝယ်ဝတ်တာပါ”

ဒါကတော့ ယောကျာ်း လေးများ မိမိကိုယ် မိမိ နားသ မင်္ဂလာ ပြုကြခြင်း ဖြစ်၏။ ဘယ်လို ဘယ်လို စပေါ် လာသည့် ယဉ်ကျေးမှု လဲတော့ မသိ။ အခုခေတ် လူပျို လူရွယ်များ အားလုံး လိုလို နားရွက်မှာ အပေါက်လေးတွေ ရှိကုန် ကြပြီ။ အစက နားကွင်းတွေ ဝတ်ကြသည်။ နောက်တော့ နားကပ်တွေ။ တတ်နိုင်သည့် သူများ ရွှေနားကွင်း၊ ရွှေနားကပ် စတာတွေ ဝတ်ကြပြီး မတတ်နိုင်တဲ့ သူတွေကတော့ လမ်းဘေးမှာ ရောင်းသည့် ဖန်စီ ငါးရာတန် နားကပ်တွေ ဝတ်ကြ လေသည်။ ဘာပဲဝတ်ဝတ်ပါ၊ ကိုယ်က ယောကျာ်းလေးပဲ… နားပေါက် ဟောင်းလောင်းနှင့် ဖြစ်မနေ ဖို့သာ အရေးကြီးသည် မဟုတ်လား။ နောက်ပိုင်းတော့ နားတွင် ဖောက်ရုံနှင့် အားမရ ကြတော့ဘူး ထင်၏။ နားရွက်မှာ ဖောက်တာလည်း တွေ့ရသည်၊ နှုတ်ခမ်းမှာ ဖောက်တာလည်း တွေ့သည်၊ နှာခေါင်းမှာ ဖောက်တာလည်း မြင်ဖူးသည်။ နောက်ဆို လူမမြင် ကွယ်ရာ နေရာတောင် ဖောက်ချင် ဖောက်နေကြ ဦးမည် ထင်သည်။ ဒါလည်း ခေတ်မှီသော ခေတ်၏ သားပျို မှန်လျှင် ပြုလုပ် ကြသည့် အချက် တစ်ချက် ဖြစ်၏။ နောက်တစ်ချက် ထပ်ရှာ ရဦးမည်။

(၄)

“ဟေ့ .. အချစ်လေး .. ကျစ် ကျစ်”

“ဘယ် ညာ ဘယ် ညာ ဘယ် ညာ ဘယ်”

“လှတယ်ကွာ … ဘေးကကောင် မပါရင် ပိုလှမှာ သိလား”

တန်းခနဲ တွေ့ပါပြီ။ ဒီအချက်က အမှန်ဆုံး ဖြစ်သည်။ သူ့ဟာသူ ဆံပင် ရှည်ရှည် မရှည်ရှည်၊ နားကွင်း နားကပ် ဝတ်ဝတ် မဝတ်ဝတ်၊ ခေတ်၏ သားပျို မှန်သည် ဆိုပါက ဘယ်အချိန် ဘယ်နေရာ မှာမဆို ကိုယ့်ရှေ့မှ ဖြတ်လျှောက် သွားသော မိန်းကလေးကို ပုံစံမျိုးစုံ၊ စကားလုံး မျိုးစုံဖြင့် ပေါက်ပေါက်ရှာရှာ စနိုင် နောက်နိုင် ရမည်။ ထို မိန်းကလေးသည် ငယ်စရာ ရွယ်စရာ လှစရာ ပစရာ မလို။ ဘယ်အရွယ် ဖြစ်ဖြစ်၊ ဘယ်လို ပုံစံဖြစ်ဖြစ် မိန်းကလေး မြင်တာနှင့် ခပ်လှမ်းလှမ်း ကနေ ထို မိန်းကလေး မျက်နှာကို ပြီတီတီ လှမ်းကြည့်ပြီး တစ်ကိုယ်တော် ဖြစ်စေ၊ အုပ်စုဖွဲ့၍ ဖြစ်စေ သံသေးသံကြောင် အကုန် လှမ်း၍ စနိုင်ရ မည်။

ခေတ်၏ သားပျိုများ အတွက် နောက်ထပ် အရေးကြီးသော ရှိသင့်သည့် အရည်အချင်း တစ်ခုလည်း ရှိသေးသည်။ ထိုသို့ လှမ်း၍ စနောက်ရာတွင် မိန်းကလေးနှင့် အတူ တွဲ၍ လျှောက်လာသော ယောကျာ်းသား အဖော် (သူမ၏ ဖခင် ဖြစ်ချင်လည်း ဖြစ်မည်၊ အစ်ကို ဖြစ်ချင်လည်း ဖြစ်မည်၊ ချစ်သူ ရည်းစား ဖြစ်ချင်လည်း ဖြစ်မည်) ကို ရှိသည်ဟုပင် မထင်ဘဲ မျက်နှာပြောင် တိုက်၍ ဗရွတ်ရွှတ်တ စရဲ နောက်ရဲ ရမည်။ အချို့သော ခေတ်၏ သားပျိုများ ထို အရည်အချင်းနှင့် အတော်ကို ပြည့်စုံလေသည်။ မိန်းကလေး တစ်ယောက် လျှောက်လာသည်ကို တွေ့ပါက ထိုမိန်းကလေး ဘေးတွင် ဘယ်လို ယောကျာ်းလေးမျိုး ပါလာသည် ဖြစ်စေ အားနာမှု မရှိဘဲ ရဲရဲတင်းတင်းပင် အလွန်အကျူး စနိုင် နောက်နိုင် ကြလေသည်။

(၅)

ခေတ်၏ သားပျို ဖြစ်ရန် ဘာတွေ လိုအပ် ပါသနည်။ ဆံပင်ရှည် ထားခြင်းလား၊ နားကွင်း နားကပ် အဆက်မပြတ် ဝတ်ခြင်းလား၊ ဒါမှမဟုတ် အင်တာနက်တွင် ဂျီတော့ခ် အကောင့် တစ်ခုဖွင့်၍ တွေ့သမျှ လူကို လိုက်ပြီး “ကောင်မလေး အကောင့်တွေ ရှိရင် ပေးပါဦးဟ” ဟု တောင်းတတ် ခြင်းလား … ခေတ်၏ သားပျို ဖြစ်ရန် အကြောင်းအချက် များစွာ ရှိပါသည်။ သို့သော် ထိုအရာများ အထဲတွင်တော့ ခေတ်အမီဆုံး ခေတ်အဆန်ဆုံး ခေတ်၏ သားပျို “စစ်စစ်” ဖြစ်ရန်မှာ တစ်ချက်သာ လိုပါသည်။ ၎င်းမှာ အချိန်နေရာ မရွေး၊ လူမျိုးဘာသာ မရွေး မျက်စိရှေ့ တွေ့သမျှ အရွယ်မရွေးသော မိန်းကလေး များကို “တင်္ခနုပ္ပတ္တိဉာဏ်” ရင့်သန်စွာဖြင့် ပါးစပ်မှ လွှတ်ခနဲ ရွှတ်ခနဲ တစ်တစ်ခွခွ စတတ် နောက်တတ်ခြင်း အမှုကို ပြုနိုင်သူ များသာလျှင် ခေတ်ကို အမီ တွယ်ကပ် စီးနင်း လိုက်ပါနိုင်သော မော်ဒန် ခေတ်၏ သားပျိုများ ဧကန် စင်စစ် ဖြစ်နိုင်ကြောင်းကို မောင်ဝါဝါ ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်လေ၏။
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 32 တွင် ပုံနှိပ်ဖော်ပြ ခဲ့ပါသည်)

သူရဿဝါ

၄ – မေ – ၂၀၁၂

2 comments

  • ထုံးဘဲဥ

    May 4, 2012 at 4:53 pm

    သများတို့ မိန်းမလျှာအပေါင်း တူတော်ဂေါင်းဒွေအကြောင်းလည်း ရေးပါအုံးတော့ 😆

  • water-melon

    May 4, 2012 at 6:11 pm

    ဟဲ့ဟဲ့ မရေးခိုင်းနဲ့
    အဲဒီ သူရဿဝါဆိုတဲ့ လူကြီးက မလွယ်ဘူး
    တော်ကြာ ရှောက်သီးဆေးပြားရောင်းနေရင် ဒုက္ခ
    သူ့ဘာသာနေပါစေ ဟယ်

Leave a Reply