မြန်မာနယ်နိမိတ်အတွင်း ဖြတ်သန်းသည့် နိုင်ငံတကာလေကြောင်းလိုင်းများမှ နှစ်စဉ် ကန်ဒေါ်လာ သန်း၅ဝကျော် ကောက်ခံရရှိ

klnJune 15, 20101min603

မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဆိုက်ရောက်ခြင်းမရှိသော်လည်း နယ်နိမိတ်အတွင်း ဖြတ်သန်းပြေးဆွဲသည့် နိုင်ငံတကာလေကြောင်းလိုင်းများမှ ဖြတ်သန်းအသုံးပြုကြေးကောက်ခံရမှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅ဝကျော်ရရှိနေကြောင်း သတင်းရရှိသည်။ နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့ (ICAO)ဝင်နိုင်ငံဖြစ်သည့် နိုင်ငံတိုင်းသို့ လေကြောင်းလိုင်းများအနေဖြင့် ဖြတ်သန်း၍ ပျံသန်းသည့် အချိန်ကာလအတိုင်း တွက်ချက်ပေးချေရကြောင်း သိရသည်။ “ဒီလို ကောက်ခံမှုကနေ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေအများအပြား ရှာဖွေပေးနေပါတယ်။ ဖြတ်သန်းပြေးဆွဲတဲ့ လေယာဉ်တိုင်း တစ်စက္ကန့်ကို အမေရိကန်ဒေါ်လာ ငါးဒေါ်လာနှုန်းတွက်ချက်ပေးဆောင်ရပါတယ်” ဟု လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုသို့ ဖြတ်သန်းအသုံးပြုကြေးကောက်ခံရာတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် လေယာဉ်များနှင့် ပြည်တွင်းမှ လေယာဉ်များ ပါဝင်ခြင်းမရှိဘဲ အဆိုပါလေယာဉ်များကို လေဆိပ်ဝန်ဆောင်ကြေးသာ ကောက်ခံကြောင်း၊ သိရသည်။ ဖြတ်သန်းအသုံးပြုကြေး ကောက်ခံရာတွင် နိုင်ငံတကာလေကြောင်းလိုင်းများသည် အသုံးပြုပြီးမှ သက်ဆိုင်ရာလေဆိပ်များသို့ မေးလ်ဆက်သွယ်ပေးပို့ပေးချေကြကြောင်း သိရသည်။ “နိုင်ငံတကာလေကြောင်းလိုင်းတွေအနေနဲ့ ဖြတ်သန်းရမယ် နိုင်ငံတွေရဲ့ ပေးချေရမယ့် ပမာဏကို တွက်ချက်ပြီးမှ လေယာဉ်လတ်မှတ် သတ်မှတ်ထားတာပါ။ အမှန်က ခရီးသည်က ပေးရတာပါပဲ။ မြန်မာနိုင်ငံကနေ ကူဝိတ်သွားမယ်ဆိုရင် ဘန်ကောက်အထိ ဖြတ်သန်းခမပေးရဘူး။ ဘန်ကောက်ကနေ ပြန်ထွက်ရင် မြန်မာနိုင်ငံကို ဖြတ်သွားရတော့ ဖြတ်သန်းစရိတ်ပေးရတယ်” ဟု ဝါရင့်လေယာဉ်မှူးကြီးတစ်ဦးက ရှင်းလင်းပြောကြားသည်။ နိုင်ငံတကာလေကြောင်းလိုင်းများသည် တိုက်ရိုက်ပျံသန်းသည့် နိုင်ငံတစ်နိုင်ငံ၏ ဧရိယာအတွင်းမှလွဲ၍ ဖြတ်သန်းပျံသန်းခဲ့ရသည့် နိုင်ငံတိုင်းအပေါ် ကြာမြင့်ချိန်အတိုင်း ပေးဆောင်နေကြောင်း သိရသည်။ ထိုသို့ နိုင်ငံတကာလေယာဉ်များ ဖြတ်သန်းပျံသန်းချိန်တွင် သက်ဆိုင်ရာဌာနသည် တခြားလေယာဉ်များနှင့် တိုက်ဆိုင်မှုမရှိစေရန် စီမံကွပ်ကဲပေးရကြောင်း သိရသည်။

3 comments

  • Shwemannmay

    June 15, 2010 at 6:34 am

    အော် ဂလိုလား

  • susunosuki

    June 15, 2010 at 7:06 am

    အများကြီးရတယ်နော်

  • yannaingech

    June 16, 2010 at 6:19 am

    နောက်လူတွေလေခွန်ကောက်နေတာတွေ့ရင် ဦးပေါ်ဦးဘာများပြောမလဲမသိဘူး။ တစ်စက္ကန့်ကို ငါးဒေါ်လာကြီးများတောင်…

Leave a Reply