ဓမ္မဒါနအလှုူ

လာမယ့် ၁၃၇၄ခုနှစ်၊ ကဆုန်လပြည့် (၅-၅-၂၀၁၂)၊ စနေနေ့ဟာ ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးကြီးတဲ့ မမေ့အပ်တဲ့နေ့လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနှစ် ကဆုန်လပြည့်နေ့မှာဆိုရင် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးချိန်မှ စတင်ပြီး ရေတွက်လာခဲ့တဲ့ သာသနာတော် ၂၅၅၅နှစ် ပြည့်တဲ့နေ့လည်း ဖြစ်သလို ဂေါတမမြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးချိန်မှ စတင်ရေတွက်လာခဲ့တဲ့ ရှင်တော်ဗုဒ္ဓ ပွင့်ထွန်းတော်မူလာခြင်း နှစ်ပေါင်း၂၆၀ဝနှစ် ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ ရှင်တော်ဗုဒ္ဓ တည်ထောင်တော်မူသွားတဲ့ သာသနာတော်မြတ်ကြီးရဲ့  ကြာမြင့်လာတဲ့ သက်တမ်းဆိုရင်လည်း မမှားပါဘူး။ နှစ်ပေါင်း ၂၅၀ဝကျော် ယနေ့ကာလတိုင်အောင် သာသနာတော်မြတ်ကြီး အရှည်တည်တံ့အောင် ၄၅နှစ်လုံးလုံး မနေမနား သာသနာပြုတော်မူသွားတဲ့ အနှိုင်းမဲ့ အရှင်မြတ်ကြီးရဲ့ မှတ်ကျောက်ကာလလို့ ဆိုရင်လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။   ကြည်ညိုတတ်မယ်ဆိုရင် ဒီလိုနေ့ထူးနေမြတ်ကြီးမှာ ဘုရားရှင်ရဲ့ မေတ္တာ၊ ကရုဏာတော်နဲ့ ဘုန်းတော်၊ ကံတော်၊ ဉာဏ်တော်တွေကို အာရုံပြုရင်း ဗုဒ္ဓဂုဏ်ကို အထပ်ထပ်ပွားများဖို့ သိပ်ကောင်းတာ ဖြစ်ပါတယ်။ အတိတ်ကို ပြန်ကြည့်ရင် ဂေါတမမြတ်စွာဘုရားရှင်ဟာ သက်တမ်းအတိုဆုံး ကာလမှာ ပွင့်တော်မူခဲ့တဲ့ ဘုရားရှင် ဖြစ်တော်မူတာကြောင့် သက်တော်ထင်ရှား နေခွင့်ရတဲ့ ၄၅နှစ်တာ ဒီကာလလေးမှာ တကယ့်ကိုပဲ ကိုယ့်တော်မြတ်ရဲ့ ခန္ဓာဝန်ကို မငဲ့ကွက် သတ္တဝါတွေအတွက် အလုပ်လုပ်တော်မူလာခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကိုတော်မြတ် ပရိနိဗ္ဗာန်ပြုပြီးနောက်မှာ ကိုယ်တော်မြတ်ကိုယ်စား သွန်သင်လမ်းညွှန်ပေးသွားမယ့် တရားတော်မြတ်များကို ဆရာစားမချန် အကုန်အစင် ဟောတော်မူသွားတာဟာလည်း သက်တမ်းတိုတဲ့ ဘုရားရှင်များရဲ့ နောက်ပိုင်း သာသနာတော်ကြီး အရှည်တည်တံ့စေရေးကို ရှေးရှုတော်မူသွားတဲ့ ပုံရိပ်များအဖြစ် ထင်ကျန်နေတော့တာ ဖြစ်ပါတယ်။   ဘုရားဖြစ်တော်မူပြီးချိန်ကစလို့ ပရိနိဗ္ဗာန် စံတော်မူသွားချိန်အထိ ဝေနေယျ သတ္တဝါတွေအတွက် တဖွဖွ မှာတော်မူသွားတဲ့ အပ္ပမာဒေန သမ္ပာဒေထ (မမေ့မလျော့ သတိရှိကြ)ဆိုတဲ့ အမှာစကားဟာလည်း ကြာလေမေ့လေ့ ဖြစ်နေကြတဲ့ ဒီနေခေတ် သတ္တဝါတွေအတွက် အလွန်အဖိုးထိုက်လှတာ ဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံးအချိန်မှာ အရှင်အာနန္ဒာ မထေရ်ကို မိန့်တော်မူသွားတဲ့ “ငါဘုရား မရှိတဲ့နောက်ပိုင်းမှာ ငါဘုရားဟောတော်မူထားတဲ့ တရားတော်တွေဟာ သင်တို့ရဲ့ ဆရာပဲ”ဆိုတဲ့ စကားတော်မြတ်ဟာလည်း ဆရာ့စကားလိုက်နာထားပြီး တရားအလုပ်အားထုတ်ကာ အကျိုးသက်ရောက်မှု ရှိနေကြတဲ့ ဒီနေ့ခေတ် ယောဂီတွေအတွက် အမှန်ပဲ ဆရာအဖြစ် ထင်ထင်ရှားရှား ဖြစ်နေတော့တာ ဖြစ်ပါတယ်။   ရှင်တော်မြတ်ဘုရားဟာ သက်ရှိထင်ရှားရှိတုန်းမှာလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို အကုန်လုပ်တော်မူခဲ့တဲ့အပြင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းကာလ အတွက်လည်း ကြိုတင်စီမံ အပ်နှင်းတော်မူတာတွေကိုလည်း လုပ်တော်မူခဲ့တာ ဖြစ်ပါတယ်။ ရှင်တော်ဗုဒ္ဓဟာ ကိုယ့်တော်ကိုယ်စား သံဃာ့အားကို အထူးကိုးစားတော်မူသလို သံဃာထုကိုလည်း အလွန်လေးစား တန်ဘိုးထားကာ ရှိသမျှအကုန် အပ်နှံတော်မူသွားခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ရဲ့ သာသနာတော်ကြီး တစ်ခုလုံးကိုလည်း သံဃာတော်များထံ အပ်နှံပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ မှာတော်မူသွားခဲ့ပါတယ်။ ကိုယ်တော်မြတ် မရှိတော့တဲ့ နောက်ပိုင်းသာသနာတော်ကြီးဟာ ဘယ်ရွေ့ဘယ်မျှ အတိအကျ တည်မယ်ဆိုတာကို မိန့်တော်မမူဘဲ ကိုယ်တော်မြတ် ဟောတော်မူထားတဲ့အတိုင်း မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို စံထားပြီး ကျင့်ကြံပွားများမယ်ဆိုရင် သာသနာတော်မှာ အရိယာသူတော်သူမြတ်များ မဆိတ်သုဉ်းဘဲ ပို၍ကြာကြာ တည်တံ့နိုင်မှာ ဖြစ်ပေမယ့် သာသနာတော် ပျက်ဆီးဆုတ်ယုတ်စေနိုင်တာလည်း ဘုရားတပည့် သာဝကများကပဲ လုပ်နိုင်တာ ဖြစ်တဲ့အတွက် သာသနာတော် အရှည်တည်ရေး၊ မတည်ရေးဟာ သာဝကများရဲ့ အကျင့်မြတ်များကို ကျင့်ရေးမကျင့်ရေးအပေါ် အဓိကကျကြောင်း မိန့်တော်မူသွားတာလည်း ရှိနေတာ ဖြစ်ပါတယ်။   ကံကောင်းထောက်မစွာပဲ ရှင်တော်မြတ်ဘုရား ယုံကြည်ကိုးစားပြီး အပ်နှံတော်မူသွားတဲ့ သာသနာတော်မြတ်ကြီးကို ကိုယ်တော်မြတ်ရဲ့ တပည့်သား သံဃာတော်များက ခေတ်အဆက်ဆက် အဓမ္မဝါဒများကို တွန်းလှန်ကာ ဓမ္မအမှန်တရားနဲ့ သန့်ရှင်းသုတ်သင် ထိန်းသိမ်းစောင့်ရှောက် လာခဲ့ကြတဲ့အတွက် ယနေ့ဆိုရင် နှစ်ပေါင်း ၂၅၀ဝကျော်ကြာအောင် ပြောင်းလဲခြင်းမရှိ တည်တံ့နေခဲ့တာ ဖြစ်ပါတယ်။ သွေးနဲ့ရင်းခဲ့ရတဲ့ ရှင်တော်မြတ်ရဲ့ သွေးနဲ့ရေးထားတဲ့ သာသနာတော်ကြီးဟာ နောက်နောင်လည်း ပိုပြီးသန့်ရှင်း တည်တံ့ပြန်ပွားဖို့ ကျန်ရစ်ခဲ့တဲ့ ရှင်တော်မြတ်ရဲ့ တပည့်သာဝကများအပေါ်မှာ တည်မှီနေတော့တာ ဖြစ်ပါတယ်။ ၂၅၅၅နှစ်နဲ့ ၂၆၀ဝနှစ်တွေဟာ ရှင်တော်မြတ်ဘုရားရဲ့ အတ္ထုပ္ပတ်နဲ့ ရှင်တော်မြတ်ရဲ့ လုပ်ရပ်ကို ထင်ဟပ်ပြနေတာဖြစ်ပြီး ရှင်တော်မြတ်ကျေးဇူးနဲ့ အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ သာဝကများရဲ့ ကျေးဇူးကြောင့် ယနေ့ကာလတိုင်အောင် စစ်မှန်တဲ့ဓမ္မနဲ့ မှန်ကန်တဲ့ သစ္စာတရားတွေကို သိရှိခံစားခွင့်ရနေတာ ဖြစ်တဲ့အတွက် ကျေးဇူးသိတတ်မယ်ဆိုရင် သတ္တဝါတွေအနေနဲ့ ကျေးဇူးဆပ်စရာတွေဟာ ရေတွက်လို့တောင်ကုန်မှာ မဟုတ်ပါဘူး။   ဆိုတော့ကား ဗုဒ္ဓဘာသာတွေအနေနဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတွေကို မဆပ်နိုင်တာတောင်မှ သာသနာတော် ၂၅၅၅နှစ်ပြည့်တဲ့နေ့နဲ့ ဗုဒ္ဓပွင့်ထွန်းတော်မူခြင်း နှစ်၂၆၀ဝပြည့်တဲ့ လာမယ့်ကဆုန်လပြည့်နေမှာတော့ ဘုရားအလို ရှိတော်မူတဲ့ ကုသိုလ်တရားလေးနဲ့ ကျေးဇူးဆပ်နိုင်မယ်ဆိုရင် ဒါဟာ အလွန်အမတန် အဖိုးတန်တဲ့ ကျေးဇူးဆပ်နည်းတစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားက သတ္တဝါတွေကို ဖြစ်စေချင်တာက ပစ္စည်းတွေပေးကမ်း ထောက်ပံ့စေတာထက် မကောင်းမှုတွေရှောင်ပြီး ကောင်းမှုလေးတွေ ဆောင်စေချင်တာ အဓိကဖြစ်တဲ့အတွက် တတ်နိုင်သမျှ မကောင်းမှု အကုသိုလ်လေးတွေ မလုပ်ဘဲ ကုသိုလ်အလုပ်လေး တစ်ခုခုလောက် လုပ်ဖြစ်သွားရင် ဒီနေ့ကဆုန်လပြည့်နေ့ဟာ သွေးနဲ့ရင်းခဲ့တဲ့ ဘုရားရှင်ကို ကျေးဇူးဆပ်ရာ အမှန်ရောက်စေမှာ ဖြစ်ပါတယ်။ သွေးနဲ့ရေးခဲ့တဲ့ သာသနာတော်ကြီး အရှည်တည်တံ့စေဖို့ အထိုက်အလျောက် အထောက်အကူရောက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။   လူတိုင်းလူတိုင်း ထူးခြားတဲ့ နေ့လည်းတစ်ခုမှာ ထူးခြားတဲ့ ကုသိုလ်လေးတစ်ခု လုပ်ဖြစ်ခဲ့မယ်ဆိုရင် ထူးခြားတဲ့ ရလာဘ်တစ်ခုခုကို အမှန်ရစေမှာ ဖြစ်တဲ့အတွက် အကျိုးရတာ မရတာ နောက်ထား ကိုယ့်ဘဝအတွက်တော့ ထူးခြားတဲ့ ကုသိုလ်လေးတစ်ခုတော့ မှတ်မှတ်ရရ လုပ်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုဟာ နေ့စဉ်လုပ်နိုင်ရင် ကောင်းပေမယ့် မလုပ်နိုင်တဲ့ သူတွေအတွက်တော့ ဒီလိုနေ့ထူး နေ့မြတ်မျိုးမှာ ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြု ကောင်းမှုတစ်ခုခုတော့ လုပ်ကြည့်သင့်ကြပါတယ်။ အဲဒီလို လုပ်နိုင်မယ်ဆိုရင် ဒီနှစ်ထူးခြားတဲ့ ကဆုန်လပြည့်နေ့ဟာ ကိုယ့်ဘဝအတွက်လည်း ထူးခြားမှုတစ်ခု ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။   ကျန်တာတွေ မလုပ်နိုင်တာတောင် လာမယ့်ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာတွေ အနေနဲ့ ရှစ်ပါးသီလလေး ဆောက်တည်၊ တတ်နိုင်သမျှ အလှူဒါနလေးလုပ်၊ မေတ္တာလေးပို့၊ ဘုရားဂုဏ်တော်တစ်ခုခု ပွားများ၊ တစ်ပိုင်တစ်နိုင် သမထ၊ ဝိပဿနာ အလုပ်လေးတွေလုပ်နိုင်အောင် ကြိုးစားပြီး လုပ်နေကျ အလုပ်တွေဖြစ်တဲ့ အရက်သေစာ သောက်စားပျော်ပါးတာကို မလုပ်ဘဲ ရှောင်လိုက်တာ၊ လုပ်နေကျ မကောင်းတဲ့ အလုပ်လေးတွေ မလုပ်ဘဲ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေလိုက်တာ၊ ဘဝမှာ မှတ်မှတ်ရ ကောင်းမှုတစ်ခု လုပ်ဖြစ်အောင် ကြိုးစားလိုက်တာ စတာတွေဟာ ထူးခြားတဲ့ နေ့လေးအတွက် ထူးခြားဖြစ်စဉ်လေးတစ်ခု ကိုယ့်အတွက်တော့ ဖြစ်စေသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။   နိုင်ငံခြားမှာ ရောက်နေတဲ့ အသိဒကာတစ်ယောက်ကတော့ ဘုန်းဘုန်းဆီကို ဖုန်းဆက်ပြီး “အရှင်ဘုရား တပည့်တော် လာမယ့် ကဆုန်လပြည့်နေ့ကစပြီး နေ့စဉ်တစ်နေ့ တစ်နာရီ အနည်းဆုံး အချိန်ပေးပြီး ဘုရားရှင်ရဲ့ ပဋ္ဌာန်းကျမ်းကြီးကို ပူဇော်ဖို့ အဓိဋ္ဌာန်ပြုထားပါတယ်၊ ပဋ္ဌာန်းစာအုပ် ငါးအုပ်လည်း တပည့်တော် လက်ထဲရောက်နေပါပြီ ဘုရား”လို့ မနေ့ကပဲ လှမ်းလျှောက်လာပါတယ်။ သူ့အတွက် ရင်ထဲမှာ သာဓုအကြိမ်ကြိမ်ခေါ်ရင်း သူလိုလူတွေ အများကြီးရှိရင် သိပ်ကောင်းမှာပဲလို့ တောင့်တမိလိုက်ပါသေးတယ်။ ကုသိုလ်ကောင်းမှုဆိုတာက သီးသန့်လုပ်ယူမှ ရတတ်တာ ဖြစ်တဲ့အတွက် အဲဒီဒကာလေးလိုပဲ ကျန်တဲ့သူတွေလည်း အဓိဋ္ဌာန်တစ်ခုခုဝင်ပြီး ကုသိုလ်ကောင်းမှု တစ်ခုခုတော့ လုပ်သင့်ကြပါတယ်။ ကျန်တဲ့နေ့တွေ မလုပ်ဖြစ်ရင်တောင်မှ လာမယ့်ကဆုန်လပြည့်နေ့မှာတော့ အထူးအနေနဲ့ လုပ်ကြည့်သင့်ကြပါတယ်။   ဒါကြောင့် သွေးနဲ့ရင်းခဲ့တဲ့ ရှင်တော်ဗုဒ္ဓရဲ့ ဘဝသက်တမ်း ၂၆၀ဝပြည့်နေ့နဲ့ သွေးနဲ့ရေးခဲ့တဲ့ သာသနာတော်မြတ်ကြီး နှစ်ပေါင်း ၂၆၀ဝပြည့်တဲ့နေ့ဖြစ်တဲ့ လာမယ့် ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ သွေးနဲ့ရင်းပြီး ကုသိုလ်တွေ မလုပ်နိုင်တာတောင်မှ ထူးခြားတဲ့ နေ့လေးမှာ သွေးအေးအေးနဲ့ ကုသိုလ်လေးတစ်ခုခုတော့ လုပ်ဖြစ်အောင် လုပ်ကြဖို့နဲ့ သွေးဆူစေတဲ့ မကောင်းတဲ့ အကုသိုလ်အမှုတွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ကြဖို့ အထူးတိုက်တွန်းရင်း ရှင်တော်မြတ်နဲ့ သာသနာတော်ကြီးရဲ့ အံ့ဖွယ်တည်တံ့မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာစုလေးနဲ့ ဓမ္မအလှူပြုလိုက်ရပါတယ်။

ဣဒံ မေ ပုညံ မဂ္ဂဖလဉာဏဿ ပစ္စယော ဟောတု။

http://www.facebook.com/notes/မနာပဒါယီ-အရှင်ဝိစိတ္တ/၂၅၅၅နှစ်ပြည့်နေ့-သို့-နှစ်၂၆၀ဝပြည့်နေ့/409010562452564

5 comments

  • moe minthar

    May 4, 2012 at 5:59 pm

    နာဂရရေ……
    စိတ်ချနေပါ……အလူအတန်းတခုခုတော ့…လုပ်ဖြစ်မှာပါ….
    သွေးအေးအေးနဲ ့ကုသိုလ်တစ်ခုခုတော ့….နာဂရရဲ ့စာကြောင် ့(စာလေးဖတ်ဖြစ်လို ့)
    လုပ်ဖြစ်မှာပါ…….။
    အားလုးံကို…ကုသိုလ်လုပ်ဖြစ်အောင်တိုက်တွန်ပေးတဲ ့နာဂရကိုလည်းအထူးကျေးဇူး
    တင်ပါတယ်…..။ချစ်ခြင်းမေတ္တာဖြင် ့

  • အရင့်ရောင်

    May 4, 2012 at 6:08 pm

    ကိုနာဂရ လေးစားအပ်ပါတယ်
    မမေ့အပ်တဲ့ နေထူးနေ့မြတ်ကြီးပါဗျာ
    သာဓုပါဗျာ…….သာဓု..သာဓု

  • may flowers

    May 4, 2012 at 8:33 pm

    ခုလိုအဖိုးတန်တဲ့..ပိုစ့်လေးကို တင်ပြပေးတဲ့အတွက်..ကျေးဇူးအထူးတင်ပါတယ်။

  • windtalker

    May 4, 2012 at 9:02 pm

    သာဓု သာဓု သာဓု ပါ ဗျား ။
    ကိုကိုသန်း ကောင်းမှု ကြောင့်မို ့မသိရသေးသော အကြောင်းအရာများကို ဖတ်ရှုလေ့လာရပါ၏ ။
    လက်တစ်ချောင်းထောင် အားပေးသွားပါသည် ခင်ဗျား ။

  • ကိုမိုးမင်းသားရေ. ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုတော့ ဝမ်းသာလှပါတယ်ဗျ။
    အရင့်ရောင်လေးရေ. နေ ့ထူးနေ ့မြတ်ပေါ် တန်ဖိုးထားအပ်သလို၊မပျောက်
    မပျက်အောင်နဲ ့ လူငယ်တွေ ပိုသိလာအောင် ကြိုးပမ်းရပါမယ်။
    may flowers က ခုလိုအဖိုးတန်ပို ့စ်လေးတစ်ခုပါလို ့ကွန်မန် ့လေးအတွက်ေ ကျးဇူးနော်။
    ကိုပေ ကလက်မထောင်အားပေးဖော်ရလို ့ကျေးဇူး ကမ္ဘာပါ။

Leave a Reply