မသာတစ်ခေါက် ကျောင်းဆယ်ခေါက်

weiweiMay 4, 20121min27724

ဒီကနေ့မနက်ပိုင်း အသုဘတစ်ခုပို့ခဲ့ရပါသည်။ ဗုဒ္ဓဟူးနေ့ကလဲ တစ်ခုပို့ခဲ့ရလို့ ဒီအပါတ်ထဲ ၂ ကြိမ်ရှိသွားပြီ။
အသုဘတစ်ခါပို့တိုင်း အနိစ္စကို သံဝေဂယူနိုင်လု့ိ ဘုန်းကြီးကျောင်း ဆယ်ခါသွားရင်ရမယ့် တရားနဲ့ညီမျှတဲ့ အသိနဲ့တူညီလို့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်လို့ ဆိုရိုးရှိခဲ့ပါတယ်။ အသုဘကို ကြည့်မိတိုင်း ငါသည်တစ်နေ့သေရမည် .. လို့ပဲ သံဝေဂရမိပါတယ်။ ကျွန်မအလုပ်က ဝန်ထမ်းနဲ့မိသားစုဝင်တွေများတဲ့အတွက် သာရေး နာရေး အလွန်များပါတယ်။ သိသိ မသိသိ သေတဲ့သူရှိရင် အကူငွေ ၅၀၀ဝ နဲ့ အသုဘပို့လိုက်ရလေ့ရှိတဲ့အတွက် ဘုရားရှိခိုးတိုင်း ဝန်ထမ်းမိသားစုတွေ ကျန်းမာကြပါစေလို့ အမြဲတမ်း မေတ္တာပို့သမိသည်အထိ အသုဘဆိုတဲ့အသံကို မကြားချင်ခဲ့ဘူး။

ကျွန်မပြောပြချင်တာက ယနေ့ပို့ခဲ့ရတဲ့ အသုဘအကြောင်းပါ … ဖွချင်တယ်ဆို ပိုမှန်မယ်။
သေဆုံးသွားသူက ရခိုင်ပြည်နယ် ကျောက်တော်ကနေ ရန်ကုန်ကို ခဏလာလည်တဲ့ အသက် ၅ဝ အရွယ် သစ်တောအရာရှိတစ်ဦးဖြစ်ပါတယ်။ ကျွန်မတို့အလုပ်က အတူလုပ်တဲ့မိတ်ဆွေအိမ်ကို လာတာပါ။ လာတဲ့အကြောင်းရင်းက ကျွန်မမိတ်ဆွေရဲ့အစ်ကို သေဆုံးသူရဲ့တူတစ်ယောက် မင်္ဂလာဆောင်ရှိလို့။ မင်္ဂလာဆောင်က မနက်ဖြန်ကို တစ်ပါတ်လောက်ကြိုလာဖြစ်ပါတယ်။ ဦးလေးက လေဖြတ်ထားလို့ ခြေထောက်တစ်ဖက်သိပ်မကောင်းဘူး။ တစ်ခြမ်းနိမ့်နေသလိုဖြစ်နေပြီး ဒုတ်ကောက်နဲ့လမ်းလျှောက်ရတဲ့ အခြေအနေပါ။
တိုက်ဆိုင်ချင်တော့ ရန်ကုန်က တိုင်းရင်းဆေးဆရာတစ်ယောက်က ရခိုင်ရိုးမဘက်ကို ဆေးမြစ်အရှာထွက်ရင်း အဲဒီဦးလေးရဲ့တပည့်တွေနဲ့ ရင်းနှီးခဲ့တယ်။ ဆေးဆရာက လေဖြတ်တဲ့လူနာတွေကို အမြန်ဆုံးပျောက်ကင်းအောင် ကုနိုင်တဲ့အကြောင်း နံမည်ကြီးပါတယ်။ အဲဒါနဲ့ သူတို့ဆရာလေဖြတ်ထားတာကို သတိရကြပြီး ဆရာနဲ့ ဆေးဆရာကို ဆက်ပေးကြတယ်။ ရန်ကုန်ရောက်ရင်း သွားပြီးဆေးကုဖို့ အကြံပေးကြတယ်။ ဦးလေးကလဲ ပျောက်ချင်လွန်းအားကြီးပဲ သွားကုဖို့သဘောတူလိုက်ပြီး မင်္ဂလာဆောင်လဲလာရင်း ဆေးလဲကုရင်းဆိုပြီး ရောက်လာပါတယ်။
ဆေးဆရာရဲ့ဆေးခန်းက အင်းစိန် ဖော့ကန်မှာပါ။ ဆရာနံမည်က ဦးလှတင်လို့သိခဲ့ရတယ်။ ဆေးကသောက်ဆေးအမျိုးအစားဖြစ်ပြီး တစ်ခါသောက်ပြီး တစ်ရက်နဲ့တစ်ည ဆေးဆရာအိမ်မှာနေပြီးရင် အပြီးပျောက်ပြီတဲ့။ ဆေးဖိုးက သုံးသိန်းဖြစ်ပါတယ်။ မေဒေးနေ့မနက်ပိုင်းမှာ ဦးလေးရယ် အဒေါ်ရယ် တူလေးတစ်ယောက်ရယ် ဆေးကုဖို့သွားကြတယ်။ မေ ၂ ရက်နေ့ မနက်ရုံးတက်တော့ ဦးလေးဆုံးပြီဆိုတော့ ကျွန်မတို့ အရမ်းအံ့ဩခဲ့ပါတယ်။ ဦးလေးကို ဧပြီ ၃ဝ ရက်နေ့ကပဲ အကောင်းအတိုင်းလမ်းလျှောက်နေတာတွေ့ခဲ့ရသေးတယ်။
ဆေးက အလွန်ပြင်းတယ်ထင်ပါတယ်။ ဆေးသောက်ပြီးရင် သတိမေ့သွားတယ်။ ရေလောင်းပေးရပြီး တစ်ခါလောင်းရင် တစ်နာရီလောက် ရေလောင်းပေးရတယ်တဲ့။ ဖြစ်ချင်တော့ ဦးလေးက ဆေးသောက်ပြီး အာနိသင်ပြရမယ့်အချိန်အထိ ဘာအာနိသင်မှ မပြဘူးတဲ့။ အဲဒါနဲ့ ဆေးဆရာက ဆေးတစ်ဇွန်းထပ်တိုက်လိုက်ပါတယ်တဲ့။ ရေတစ်ခါလောင်းရင် တစ်နာရီလောက်နဲ့ သုံးခါလောင်းအပြီး ညဘက်ရောက်တော့ အိပ်ပျော်သွားကြတုန်း ည ၁၂ လောက်မှာ အသက်ရှုသံပြင်းလို့ တူလေးကနိုးလာပြီးကြည့်လိုက်တော့ သွေးအန်တယ်တဲ့။ ခဏနေတော့ သေသွားပါတယ်။
(ဆေးအကြောင်း သူများရှင်းပြသလောက်သာ ကြားသိရတာမို့ ရေးထားတာ အမှားပါခဲ့ရင် ခွင့်လွှတ်ပါ …)

ဘယ်လိုမှ ထင်မှတ်မထားတာကြောင့် ဘာလုပ်ရမှန်းမသိဖြစ်သွားကြပါတယ်။ ဆေးဆရာက အရင်တုန်းက သူကုခဲ့သမျှ တစ်ကြိမ်တစ်ခါမှ အခုလို အသက်ဆုံးသည်အထိ မဖြစ်ဖူးကြောင်းပြောပါတယ်။ အမျိုးမျိုးတောင်းပန်လို့ အရေးယူမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြတယ်။ လူတစ်ယောက်လုံးတောင် သေပြီဆိုမှတော့ တရားစွဲချင်စိတ်လဲ မရှိကြတော့ဘူးပေါ့။
ကျွန်မလဲ အသုဘလိုက်ပို့ရင်း ရင်ထဲမှာ ဆို့နင့်နင့်ကြီးဖြစ်မိတယ်။ ခပ်ငယ်ငယ်သမီး ၃ ယောက်နဲ့ ဇနီးတစ်ယောက်က ယူကြုံးမရဖြစ်နေကြတာကြည့်ပြီး ရောငိုချင်စိတ်တောင်ပေါက်မိပါတယ်။ သေတဲ့သူက သေသွားပြီမို့ ဘာမှမတတ်နိုင်တော့ပေမယ့် နောက်လူတွေ အဲဒီလိုအမှားမျိုး ထပ်မမှားရအောင် ကြုံခဲ့သိခဲ့တာလေး ရေးသားရင်း သတိပေးလိုက်ရပါတယ် …

ငါသည် တစ်နေ့သေရမည် … မသေခင် လုပ်ချင်တာလုပ်ကြ …

24 comments

  • ဆူး

    May 4, 2012 at 2:53 pm

    အဲလို ဆေးမျိုး ရှိတယ် ဆိုတာ တခါမှ ကို မကြားဖူးဘူး။
    အဖေ ရှိတုန်းကတော့ လမ်းပြန်လျှောက်နိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့တယ်။ ထူးထူးဆန်းဆန်းနည်းတွေလည်း ပါခဲ့တယ်။ အတွေ့အကြုံ ကတော့ အမျိုးစုံအောင် ရှိတယ်။

  • AKKO

    May 4, 2012 at 4:19 pm

    ကောက်ခါငင်ခါ ကြီးပါလား ။
    ဘာဆေးတွေတိုက်လိုက်ပါလိမ့် ။ ဒီလို ရာသီ ဥတုမျိုးမှာ ရေလောင်းပေးရတယ်ဆိုတာကတော့ မသင့်တော်ပါဘူး ။ ဆေးဖိုးက ဈေးကြီးတဲ့အပြင် ၊ မဟုတ်မဟတ် အချိန်တိုတွင်းကုမယ်ဆိုတာကတော့ လူ့အသက်နဲ့ပတ်သတ်လို့ စမ်းသပ်မှု တစ်ခုလေပဲလား ။
    etone ပို့စ်တစ်ခုမှာ ရေးခဲ့ဖူးတယ် ။ သူ့လိပ်စာတောင် စကန်ဖတ်တင်ပေးလိုက်သေးတယ် ။ ကျားကြောက်လို့ ရှင်ကြီကိုး ရှင်ကြီး ကျားထက်ဆိုးဆိုတဲ့ ပို့စ်တွဲလေ ။ အဲ့ဒါက အဖြစ်မှန်ကိုရေးခဲ့တာ အဲ့ဒီတုန်းကလည်း အစာအိမ်ကင်ဆာသမားကို မြန်မာဆေးဆရာက ရေညှိဖတ်ကတ်ပြီး က ုသတဲ့ ။ ရေညှိရဲ့ ဈေးကလည်း မနည်းဘူး ပေးရတယ် ။ ရောဂါဖြစ်လို့ မြို့တတ်ကုမှ ပိုင်ဆိုင်သမျှလည်းပြောင် အသက်လည်းဆုံးတာကတော့ နှစ်ထပ်ကွမ်း နစ်နာမှုပါပဲ ။
    ငါသည် မုချသေရမည် အချိန်ပိုင်းသာလိုတော့သည် အသေမဦးခင် ၊ ဉာဏ်ဦးဆောင် ကြိုးစားအားထုတ်ပါတော့မည် ။ 🙁

  • ထုံးဘဲဥ

    May 4, 2012 at 4:36 pm

    မသေသော ဆေးသမား
    မမှားသော ရှေ့နေ ဆိုတဲ့စကားပုံကလည်းရှိနေလေတော့
    အပြစ်ပြောရတာလည်း ခက်သားလား။ ကျန်ရစ်ခဲ့တဲ့မိသားစုကိုလည်း ကိုယ်ချင်းစာပါတယ်၊ သူတို့ခမျာ ရောဂါပျောက်ချင်ဇောနဲ့ ကုမိတာ ၊ ကိုယ့်အလှည့်ရောက်မှ ကံစမ်းမဲပေါက်သွားတယ်ဆိုတော့
    တော်တော်ခံစားရမှာ ။ တတ်ယောင်ကားဆေးဆရာတို့ ရမ်းကုတို့ ကိုတော့ ဝေးဝေးရှောင်သင့်တယ်ဗျ

  • ဦးဦးပါလေရာ

    May 4, 2012 at 4:39 pm

    သေတဲ့သူက သေသွားပြီဖြစ်ပေမယ့်လဲ ဘာမှမတတ်နိုင်တာတော့မဟုတ်ပါဘူး..။
    အခု မဝေဝေ ရေးပြသလို အများသိအောင် သတိထားတတ်အောင် ဖြန့်ဝေတာမျိုးလုပ်ရမှာပေါ့..။
    အဲဒါဟာ နောက်ထပ်မသေအောင် တတ်နိုင်သမျှတားတဲ့သဘောပါပဲ..။

    တခုပြောချင်တာကတော့ အဲဒါဟာ တိုင်းရင်းဆေးမဟုတ်ပါဘူး..။
    တိုင်းရင်းသမားတော်တွေရဲ့ ကုထုံးမျိုးလဲမဟုတ်ပါဘူး..။
    အဲဒါက တိုင်းရင်းသမားတော်တွေကို နာမည်ဖျက်မယ့် ပျောက်စေ ဆေးပါ။
    အဲဒါမျိုးကို ဟုတ်ရင်လဲမသုံးသင့်ပါဘူး မဟုတ်ရင်လဲမသုံးသင့်ပါဘူး။
    အင်း… စိတ်မကောင်းဖြစ်မိပါတယ် မဝေဝေရေ..။

  • ဗိုက်ကလေး

    May 4, 2012 at 4:44 pm

    အိမ်း..
    မသေခင် ရေးချင်တာ ရေးကြဟေ့..
    ကျုပ်တော့ မသေခင်လေး သွားကစ်လိုက်ဦးမယ်

    • ဦးဦးပါလေရာ

      May 4, 2012 at 4:53 pm

      ဗိုက်ကလေး ပျောက်နေပါတယ်မှတ်တာ
      ဘယ်ဗျူတီပါလာသွားနှပ်နေတာတုန်း…
      ဆံပင်ကိုကပ္ပလီလိုကျစ်ထားလိုက်တာတော့ မဆိုးပါဘူး..
      အိပ်ယာထထချင်းခေါင်းဖီးစရာမလိုပဲ တန်းကစ်လို့ ရတာပေါ့…။

      • ဗိုက်ကလေး

        May 4, 2012 at 5:14 pm

        ဒို ့ကတော့ ဗျူတီပါလာတစ်ကြောင်း ဆိုက်ကား ဆယ်ကြောင်းပဲဟေ့

    • Davit

      May 4, 2012 at 5:30 pm

      သွားကစ် မယ်ဆိုရင်တော့ လိုက်မယ်ဗျို့ ……… အသောက်ပျက်ရင် အသက်ပျောက်မှာဆိုးလို့ရယ်ဗျ……… 🙂

  • weiwei

    May 4, 2012 at 4:46 pm

    အဲဒီဆေးက တော်တော်ပြင်းပါတယ် .. သောက်ပြီးရင် သတိမေ့သွားတယ်တဲ့ … ရေတစ်ခါလောင်းရင် တစ်နာရီလောက်ကြာအောင် လောင်းပေးရပါတယ်တဲ့ … ချက်ခြင်းဆေးစွမ်းပြပြီး အကြောတွေပြန်ပွင့်လာတယ်လို့ပြောတယ် … အဲဒီဦးလေးလဲ ရေသုံးခါအထိ လောင်းပြီးမှ ညဘက်မှာ သေသွားတာပါ …
    သူကုသမျှတော့ ပျောက်သွားတာချည်းပဲလို့ ရပ်ကွက်ထဲကလူတွေကလဲ ထောက်ခံကြတယ် …

  • ဦးဦးပါလေရာ

    May 4, 2012 at 4:49 pm

    စကားကြုံလို့ထပ်ပြောရရင်
    လေဖြန်းတဲ့ / ဦးနှောက်သွေးကြော ခဏတာပိတ်ဆို့တဲ့ / ခဏတာယောင်ရမ်းတဲ့ ဝေဒနာဟာ ကြားက အချောင်နာမည်ဝင်ယူဘို့ အကောင်းဆုံးဝေဒနာမျိုးဖြစ်ပါတယ်။
    ဦးနှောက်သွေးကြော ပေါက်တာ၊ပြတ်တာမဟုတ်ပဲ ပိတ်ဆို့မှု့ဖြစ်ရုံဆိုရင် ဆရာဝန်က သွေးကျဲဆေးလေး သွေးတွင်းအဆီကျဆေးလေး ဘာလေးပေး ၊ နားနားနေနေ နေခိုင်းပြီး သွေးပေါင်ချိန်မှန်အောင်ထိန်းထားတဲ့အခါ အချိန်အပိုင်းအခြားတခုမှာ ပြန်ကောင်းသွားပါတယ်။
    အဲဒါကို နေ့ချင်းညချင်းမကောင်းသေးလို့ ဆရာဝန်ကို အထင်သေး/အထင်မှား ပြီး အခြားဆရာနဲ့ကုတဲ့အခါ အခြားဆရာက ရေမန်းတိုက်ရုံနဲ့လဲ ကောင်းသွားမှာပါပဲ။ နဲနဲအမှတ်လိုချင်ရင် ကိုးပါးဆေးနဲ့ လေမျိုးရှစ်ဆယ်လျှက်ဆား ရောပေးလိုက်လို့လဲရပါတယ်။ အဲဒါဟာ ကြားဆရာကုလို့မဟုတ်ပဲ မူလဆရာဝန်ပေးတဲ့ဆေး အာနိသင်ပြလို့ပါ။ သို့မဟုတ် အချိန်တန်လို့သူ့ဟာသူ ပြန်ကောင်းတာပါ။
    လက်တွေ့မှာတော့ မူလကနဦးဆရာဝန်က နာမည်ပျက်ပြီး ကြားဆရာက နာမည်ကောင်း ရသွားပါတော့တယ်..။

  • nozomi

    May 4, 2012 at 4:58 pm

    ပျောက်တော့ ပျောက်သွားတယ်
    ရောဂါတော့ မဟုတ်ဘူး လူ ဖြစ်နေတာပေါ့

    ဘယ်နေ့သေမယ်ဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အတွက်
    မသေခင် စိတ်ကောင်းမွေး
    ပေးစရာ ရှိတာပေး
    ကျွေးစရာရှိတာကျွေးထားကြပါဗျို့

  • nothing special

    May 4, 2012 at 5:40 pm

    ကျွန်မအမျိုးတစ်ယောက်လဲ အဲမှာသွားကုဖူးတယ် တော်သေးတယ် .. မသေလို့ .. ပျောက်လဲမပျောက်ပါဘူး ..ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ် .. 🙁

  • pooch

    May 4, 2012 at 6:57 pm

    စိတ်မကောင်းစရာပဲ သမီးခပ်ငယ်ငယ် ၃ ရောက်နဲ့ မုဆိုးမ ဖြစ်ကျန်ခဲ့တဲ့ ဇနီးကတော့ အတော်လေး ကသီကလင် နိုင်တော့မှာပဲ။

    ရေလောင်းရတဲ့ဆေးဆိုလို့ ကျမခပ်ငယ်ငယ်က ကုခဲ့ဖူးတဲ့ တိုင်းရင်းဆေးကို အမှတ်ရတယ်။ ကျမက ခပ်ငယ်ငယ်က ရင်ကျပ်တတ်တယ် ။ သလိပ်ရှိတယ်ပေါ့။ အဲ့ဒါတခါတခါမှာ ပန်းနာဆေးလိုမျိုးတွေ သောက်ရပြီး ။ ဆရာဝန်တယောက်က ဆို ရှုဆေးလိုမျိုးကို သုံးခိုင်းပါတယ်။စစချင်း အနောက်တိုင်းဆေးနဲ့ပဲ ကုတာပါ။ ပန်းနာဆန်ဆန် ဆိုတော့ လည်း အရှင်းတော့ မပျောက်ပါဘူး။ ဖြစ်လိုက် ပျောက်လိုက်ပေါ့။ လေပြွန်တွေ တခါတခါယောင်တတ်ပါတယ်။

    ဒီလိုနဲ့ တနေ့ အသိတယောက်ညွှန်းတာနဲ့ တိုင်းရင်းဆေး ဆရာတယောက်နဲ့ ဆုံပါတယ်။ သူ့ဆေးက သောက်ရတာ မဟုတ်ပါဘူး ။ ဆေးစည်းရတာပါ။ သောက်ဆေးဆိုရင်တော့ ကျမလည်း ငြင်းမိမှာပါ။ အခုဟာက ဆေးစည်းရုံဆိုတော့ ကျမလည်း စည်းမယ်ဆိုပြီး ပြောလိုက်ပါတယ်။
    အိမ်မှာလာစည်းပေးတာပါ။

    ပေါင်အလယ် ဘယ်ဘက်မှာ ရွှံ့လို ခပ်ဝါဝါအရောင် ပေါက်နေတဲ့ ဆေးပေါင်းစုံရောထားတဲ့ အနှစ်တွေကို တင်ပြီး ပတ်တီးနဲ့ စည်းပေးလိုက်တာပါ။ စည်းပြီး တနာရီလောက်နေတော့ ရေတွေ ငတ်လာပါတယ်။ ရေတွေ အများကြီး ဘေးမှာ ချပြီး တခွက်ပြီး တခွက်သောက်နေရတာပါ။ နောက်တော့ အဲ့ဒီဆေးကို မကြာမကြာ ရေလောင်းလောင်းပေးရပါသေးတယ်။ ၃ နာရီလောက်နေတော့ ခေါင်းတခုလုံး ချာချာလည်အောင်မူးပြီး ပြို့ပြို့တက်လာပြီး အန်ပါတော့တယ်။

    ခေါင်းမူးဖူးသမျှ ထဲမှာ ဆိုးဆိုးဝါးဝါး အခံရခက်လှပါတယ်။( ကန်တော့ပါနော်) အန်တာမှလည်း သလိပ်အကျိအချွဲတွေဟာ အလွန်အင်မတန်မှ ပုပ်စော်နံပါတယ်။ မဲမဲတွေ ညိုညိုတွေလည်း ပါပါတယ်။ တညနေလုံး အန်တာပါ။ အန်စရာကုန်လို့ ဗိုက်ထဲက ရှိတဲ့ရေတွေ အစာချေရည်လို ဟာမျိုးတွေ ပါတဲ့ အထိအန်တာပါ။

    နောက်ပြီး ကျမလည်း တညလုံး ခေါင်းမထူနိုင်ပါဘူး။ အစာလည်း ၃ ရက်လောက် မစားနိုင်သလို အိပ်ရာထဲမှာ ခွေနေခဲ့တာပါ။ လူလည်း တဝက်လောက်ကျသွားပါတယ်။ ရေစချိုးရတဲ့ ရက်မှာ ခေါင်းကနေ လောင်းချိုးရတာပါ။ မှတ်မှတ်ရရ ဆောင်းတွင်းကြီး အမေကိုယ်တိုင်ချိုးပေးတာပါ။ ကျမက လှုပ်ကို မလှုပ်နိုင်တော့တာပါ။ မှန်တာပြောရရင် အန်နေစဉ်မှာ ခံစားရတဲ့ ဝေဒနာကြောင့် ကျမက ကိုယ့်ကိုယ်ကို သေပြီလို့ကို ထင်တာပါ။

    အံ့တော့ အံ့ဩစရာကောင်းပါတယ်။ ဆေးစည်းရုံနဲ့ အန်တာဆိုတော့လေ။ ဘယ်ရွေ့ဘယ်မျှဆိုပြီး လည်း ဆေးဖိုး မတောင်းပါဘူး။ စေတနာရှိသလောက်ပေးရတာပါ။ အဲ့ဒီဆေးဆရာကြီးကလည်း ဒီလို ရောဂါအတွက် ဒီဆေးနည်း တမျိုးထဲကိုပဲ တတ်ပြီး တခြားရောဂါတွေ မကုတတ်ပါဘူး။ တော်တော်လေးလည်း အသက်ကြီးပါပြီ။

    သူဆေးနည်းရခဲ့ပုံကလည်း ဆန်းပါတယ်။ သူ့သားလေး ချောင်းဆိုးရင်ကျပ်ဖြစ်လို့ တောင်ပေါ် ဆေးဆရာ တဦးဆီသွားပြရင်း အဲ့ဒီဆရာကြီးဆီက ရခဲ့တာပါတဲ့။ သူ့ကို ဆေးနည်းပေးပြီး ဒီနည်းနဲ့ မတရားငွေမရှာပါဘူး ဆိုတဲ့ ကတိခံခဲ့ရတာပါတဲ့။ ဒါကြောင့်မို့ သူက ဆေးဆရာအစစ်မဟုတ်ပါဘူးတဲ့။

    ကျမကတော့ အဲ့ဒီလို အလူးအလဲ ခံပြီး ပြန်ကောင်းလာတဲ့နောက်မှာတော့ ငယ်ငယ်ကသေလုမျောပါးခံခဲ့ရတဲ့ ပန်းနာရင်ကျပ်ဆိုတာ ဒီအသက်အရွယ်ထိ တခါမှ ပြန်မဖြစ်တော့ပါဘူး။ သို့သော် အနေအထိုင်ကိုတော့ ဂရုစိုက်ပါတယ်။ ကျမက အစားမှားရင် ရင်မကျပ်ပဲနဲ့ ဆိုင်ကယ်စီးလို့ လည်ပင်း ရင်ဘတ်အအေးပတ်မှသာ နောက် ဖုန်ထူရင် အနည်းအကျဉ်း ကျပ်တာပါ။ အရင်လို ဆေးပြင်းတွေလည်း မအွန်ရတော့ပါဘူး။ ဖြစ်လည်း ခဏပဲ သာမန် ဆေးစား ဆေးထိုးနဲ့ပျောက်သွားပြီး ခဏခဏလည်း မဖြစ်ပါဘူး။

    ဒါလေးက ကိုယ်တွေ့ကြုံခဲ့ရတာပါ။ ကြည့်ရတာတော့ ကျမလည်း ကံအားကြီးလို့ ငယ်သေးလို့ မသေတာနေမှာပါ။ ကျမနေရာမှာ တခြား အသက်ကြီး ပြီး ရောဂါ ကြီးကြီးမားမား အခံရှိတဲ့သူဆိုရင်တော့ သေချင်သေနိုင်ပါတယ်။ အန်နေစဉ်မှာ အရမ်းကို ခံရခက်တာမို့ပါ။

    ပြောရရင်တော့ ဒီလိုဆေးတွေ မစမ်းတာ ကောင်းပါတယ် ။ ဘာအာမခံချက်မှ မရှိတာမို့ပါ။ ဒီလိုပဲ အသက်ပေးလိုက်ရမှာပါ။ ကျမကတော့ ပါးစပ်ထဲ မသောက်ရတော့ ဘာမှ မဖြစ်လောက်ဖူးထင်ပြီး စည်းမယ် ပြောခဲ့တာပါ။ ခုနေ ဖြစ်လို့ စည်းမလား မေးရင် နိုး လို့ပဲ ဖြေမှာပါ။

    သို့သော် ကျမ အဲ့ဒီ ဘကြီးကို အလွန်ကျေးဇူးတင်ပါတယ်။ အသက်ကြီးလို့ ခြေတုန်လက်တုန်ဖြစ်နေတာတောင် စေတနာ အပြည့်နဲ့ လာကုပေးသွားလို့ပါ။ နောက်ကျမလည်း တကယ် ပျောက်သွားလို့ပါ။

    • weiwei

      May 4, 2012 at 9:17 pm

      မယ်ပုရှ်ပေးတဲ့ ကွန်မန့်ကနေ ဗဟုသုတထပ်ရပါတယ် …
      အသက်နဲ့ရင်းပြီး စမ်းသပ်ရတဲ့ ကုထုံးတွေကို မလုပ်တာ အကောင်းဆုံးပါပဲနော် …

  • အလင်းဆက်

    May 4, 2012 at 7:35 pm

    အလို..ငါသည်တစ်နေ့သေရမည်.မသေခင် လုပ်ချင်တာလုပ်ကြ.ဆ်ိုပါကလား….
    ဖွချင်လို ့ ဝင် ဖတ်သွားတယ်.နော် ။ အဟိ

  • windtalker

    May 4, 2012 at 8:53 pm

    ဒေါ်ဝေဝေဂျီး ဖွလိုက်သောအကြောင်းတရားများကို ဝင်ရောက် အုန်းစားမိသွားသည် ။ ကျန်တဲ့လူတွေကြ ပျောက်ပြီး ၊ သူ ့ကြမှ ရှောသွားတယ်ဆိုတော့ ၊ “ အစ်စ် ဖရွန် အစ်စ် အဲ ဂျင်ဂျာ ” = Is From Is Air Ginger !

  • မဟာရာဇာ အံစာတုံး

    May 4, 2012 at 9:18 pm

    စိတ်မကောင်းစရာပါပဲ …
    တိုင်းရင်း ဆေးဆရာတွေကို
    အယုံအကြည် မဲ့နေတာလည်း ဒီလို လူမျိုးတွေကြောင့်ပဲ ထင်ပါရဲ့ဗျာ ..
    လုပ်စားစရာ မရှိလည်း ကျန်တဲ့ဟာ လုပ်စားကြပေါ့ ..
    လူ့အသက်တစ်ချောင်း ဆောရီး ဆိုတဲ့ စကားလုံးလေးနဲ့ လဲစားလို့ ရတယ်များ ထင်နေကြလား မသိဘူး … ဒါတွေ ထားပါတော့ ….

    အောက်ဆုံးက သတိပေး စာကြောင်းလေးအတိုင်း …
    ကျုပ်တော့ ဗိုက်ကလေးလို သွား မကစ်ဘူး၊ သွား ရစ်လိုက်ဦးမယ် ….၊ ဘာတုန်းတော့ သိဘူး .. 😀

  • Khin Latt

    May 4, 2012 at 9:38 pm

    မြန်မာ ဆေးမဟုတ်ဘဲ အနောက်တိုင်း ဆေးပြင်းပြင်း များ ပေးလိုက်လား မသိဘူး။
    မြန်မာဆေး ဆိုတာက တော်ရုံ သစ်ဥသစ်ဖု တွေ နဲ့ ဖော်လေ့ရှိတာမို့ ဒီလောက် ပြင်းမယ် မထင်ဘူး။
    သူ့မှာ သေဖို့ ဖန်လာတော့ ဒီလို ဆေးဆရာနဲ့ သွားတွေ့ရတာထင်ပါရဲ့။
    ကြားရတာ စိတ်မကောင်းပါဘူး ဝေဝေ ရယ်။
    ဗြုန်းစားကြီး ဆိုတော့ မိသားစု အတွက် ပိုပြီး ဝမ်းနည်းစရာဖြစ်ရတာပေါ့။
    တရားနဲ့ တွေးရင်တော့ ဘယ်သူမဆို သွားရမဲ့လမ်း ပါဘဲ။
    အရှေ့ ကသွားတာနဲ့ အနောက်ကလိုက်တာ။
    အနှေးအမြန်ပါဘဲ။
    ခေါင်းစဉ်လေး က ကောင်းတယ်။
    အမှန်တရားဘဲ။

  • kai

    May 5, 2012 at 3:14 am

    အဲဒီဆေးဆရာကို(လိုင်စင်ရောရှိရဲ့လားမသိ) ပြင်းပြင်းထန်ထန်အရေးယူသင့်ပါတယ်..
    ဒါမှဒီလို ယုံကြည်မှုအလွဲသုံးစားလုပ်တာတွေ.. လျှော့နည်းလာမှာ..

    ဘယ်နှယ်ဗျာ..
    ဟိုမှာဆေးရုံကြီးကို ..ပရောဖက်ရှင်နယ်ဆရာဝန်တွေကုရင်း.. .. အသက်၇ဝကျော်ဆရာတော်တပါး ဆေးကုရင်းဆုံးတော့.. အကုန်ဝိုင်းပြောနေသူတွေ..
    ဒီလိုအဖြစ်မျိုး… ဘာပြောမလဲ..
    မြန်မာပြည်ရဲ့.. အစွန်းရောက်ဓလေ့တွေ.. စိတ်ဓါတ်တွေ အံ့ဩစရာကောင်းတယ်..

    ထားပါတော့..
    ဖတ်မိသူတွေ.. အာဏာပိုင်တွေ.. အဲဒီလူသေစေမှုဖြစ်စေသူ ဆေးဆရာကို.. (တခြားသူတွေကပါ.. လူအသက်နဲ့ရင်းပြိးလက်တည့်မစမ်းရဲအောင်).. မှတ်လောက်အောင်.. အရေးယူပေးစေချင်ကြောင်းပါ..

  • ဇောက် ထိုး

    May 5, 2012 at 4:40 am

    စိတ်မကောင်းပါဘူး မဝေ၊ ပထမပြောချင်တာက ဥစ္စာကံစောင့် အသက်ဉာဏ်စောင့် သတဲ့။ ကိုယ့်ရဲ့ အသိဉာဏ်အားနည်းမှုလို့လဲ ပြောချင်ပါတယ်။ ဒီနေ့ ခေတ်ကြီးထဲမှာ ဒီလောက်ငွေတွေတောင်းပြီး ဒီအချိန်လေးနဲ့ပျောက်မယ်လို့ပြောတာကိုယုံတာ ဖြင့် အံ့ဩမိပါတယ်။ ကျွန်တော်အပို မပြောဘူး။ ကျွန် တော်ဆို မယုံတတ်ဘူး။ အဲဒီလိုလေဖြတ် တာမျိုးတွေကိုတော့ ကျွန်တော်အကြိုက်ဆုံး ကတော့ တိုင်းရင်းဆေးရုံကြီး တွေပဲ။ ကိုယ်လို မဖြစ်အောင် ခုလိုတင်ပြတာလဲကောင်းပါတယ်။ သတင်းသမားလေးတွေလဲဖွသင့်ပါတယ်။ မုသာဝါဒ ဆိုတာ မမှန်တာမပြောရုံတင်မဟုတ်ဘူး။ မှန်တာကိုလဲ ပြောရမယ်။ မှန်တာကို မပြောရင်လဲ သီလပျက်တယ်။ မပြောပဲထားရင် နောင်လူတွေ အတွက် တာဝန်မကျေရာကြတယ်။

  • ကြောင်ကြီး

    May 5, 2012 at 8:14 am

    မသာတခေါက် ကျောင်းဆယ်ခေါက်… ထောင်အချုပ်ရောက် မသာဆယ်ခေါက်…။

  • ရွာစားကျော်

    May 5, 2012 at 9:26 am

    ကွေးသောလက် မဆန့်မီ ၊ ဆန့်သောလက် မကွေးမီ ပေါ့..
    သံဝေဂလည်း ရပါတယ်ဗျာ

Leave a Reply