ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် ဖြတ်သန်းခွင့် တားမြစ်ထားသော ထားဝယ်အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ခွင့်ပြု

klnJune 15, 20101min460

ဇွန်လဆန်းပိုင်းက ရန်ကုန်-နေပြည်တော်အထူးလမ်းသို့ ထားဝယ်အဝေးပြေးယာဉ်လိုင်းများ ဖြတ်သန်းခွင့် တားမြစ်ခဲ့ရာမှ ယခုအခါပြန်လည်ဖြတ်သန်းသွားနိုင်ပြီဖြစ်ကြောင်း သိရသည်။ “အစောပိုင်းက ထားဝယ်ဘက်ကလာတဲ့ယာဉ်လိုင်းတွေကို အထူးလမ်းပေါ်ဖြတ်သန်းခွင့်ပြုထားပါတယ်။ နောက်ပိုင်းကျတော့ ကုန်တွေပါတယ်ဆိုပြီး လဆန်းရက်က ဖြတ်သန်းခွင့် မပြုတော့ဘဲ အခုရက်ပိုင်းမှာကုန်မပါတဲ့ ယာဉ်တွေကို ဖြတ်သန်းခွင့်ပြန်ပြီးသွားခွင့်ပြုထားပါတယ်” ဟုရန်ကုန်- ထားဝယ်ပြေးဆွဲနေသည့် ယာဉ်လိုင်းပိုင်ရှင်တစ်ဦးမှ ပြောဆိုသည်။ ဇွန်လ ၄ရက်မှ စတင်ကာ ရေး၊ ထားဝယ်အဝေးပြေးယာဉ်လိုင်း အထူးလမ်းဖြတ်သန်းခွင့်ကန့်သတ်ခဲ့ရာမှ ဇွန်၆ရက်မှစတင်ကာ ပြန်လည်ဖြတ်သန်းခွင့်ပြုထားပြီး ဖြစ်ကြောင်းသိရသည်။ “အထူးလမ်းကို ပဲခူးမြို့ခရီးသည်တွေမပါရင် ဘုရားကြီးကနေ အထူးလမ်းကိုဖောက်တဲ့လမ်းကနေသွားကြတယ်။ အဲဒီလိုဖြတ်သွားရင်ရန်ကုန်ကို ၄၅မိနစ်လောက်နဲ့ရောက်ပြီးဖြတ်သန်းခအနေနဲ့က ၇၅၀ဝကျပ်ပေးရပါတယ်”ဟု ယင်းကဆက်လက်ပြောသည်။ ရန်ကုန်မှ ထားဝယ်သို့ အောင်မင်္ဂလာယာဉ်အဝေးမှ ယာဉ်လိုင်း၅လိုင်းပြေးဆွဲလျက်ရှိပြီး တချို့ယာဉ်လိုင်းများသည် အထူးလမ်းမှ သွားလာလျက်ရှိကြောင်းသိရသည်။ ရန်ကုန်- ထားဝယ်ယာဉ်လိုင်းများအထူးလမ်းမှ ဖြတ်သန်းသွားလာလျက်ရှိသော်လည်း တခြားမြို့များသို့ သွားလာသည့် ယာဉ်များသည် ပုံမှန်အမှတ် ၂လမ်းအတိုင်းသွားလာလျက်ရှိသည်။ ရန်ကုန်- ပဲခူးသို့အမှတ် ၂လမ်းအတိုင်းမောင်းနှင်ပါက အချိန်၂နာရီကျော်ကြာမြင့်ကာ လမ်းကြေးကျပ် ၄၀၀ဝခန့်ကုန်ကျကြောင်း သိရသည်။