မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ခွဲ ၁ဝခု ထပ်မံ ဖွင့်လှစ်ပေးမည်

klnJune 15, 20101min690

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ်အတွင်း ဘဏ်ခွဲ ၁ဝခု ထပ်မံဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ထိုအသစ်ဖွင့်လှစ်မည့်ဘဏ်များမှာ အောင်ပန်းဘဏ်ခွဲ၊ ပုသိမ်ဘဏ်ခွဲ၊ မော်လမြိုင်ကျွန်းဘဏ်ခွဲ၊ ကျောက်ဖြူဘဏ်ခွဲ၊ ကျွဲဆည်ကန်(မန္တလေး)ဘဏ်ခွဲ၊ ဆိုင်းထန်းဈေးချို(မန္တလေး)ဘဏ်ခွဲ၊ ရတနာပုံဒိုင်းမွန်းပလာဇာ(မန္တလေး)ဘဏ်ခွဲ၊ မိတ္ထီလာဘဏ်ခွဲ၊ မြင်းခြံဘဏ်ခွဲနှင့် နေပြည်တော်ဘဏ်တို့ဖြစ်ကြောင်း သိရသည်။ “ ကျွန်တော်တို့ဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ဘဏ်တွေ မရှိသေးတဲ့နေရာတွေမှာ အဓိကထားပြီး ဘဏ်ခွဲတွေ ဖွင့်ဖို့စီစဉ်တာပါ။ ဆက်လက်ဆောက်လုပ်ပြီးတဲ့ ဘဏ်ခွဲတွေရှိသလို ဆောက်လုပ်ဆဲဘဏ်ခွဲတွေနဲ့ ဘဏ်ခွဲတွေဖွင့်ဖို့ မြေနေရာရှာနေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘဏ်ခွဲ ၁ဝခုလုံးကိုတော့ ဒီနှစ်ထဲမှာ ဖွင့်လှစ်သွားမှာပါ ” ဟု မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်သည် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမဘဏ်၊ နယ်စပ်ကုန်သွယ်ရေးဘဏ်၊ အမ်အိုဘီဘဏ်၊ စက်မှုလက်မှုဘဏ်၊ မြဝတီဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ ကျွန်တော်တို့ဘဏ်က ငွေသွင်း၊ ငွေထုတ်ကို အဆင်ပြေစွာဆောင်ရွက်ပေးတဲ့အတွက် ဆက်သွယ်ဆောင်ရွက်တဲ့သူက များတယ်။ ဒါကြောင့် ကျွန်တော်တို့ဘဏ်ခွဲမရှိတဲ့နေရာတွေဆိုရင် ငွေလွှဲလို့ အဆင်ပြေအောင် တခြားဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကြောင့် ဆက်သွယ်ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ အခုဘဏ်ခွဲတွေ ထပ်မံဖွင့်လှစ်ပေးတာပါ ” ဟု ယင်းကပြောသည်။ အဆိုပါ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိအချိန်တွင် ရန်ကုန်ရုံးချုပ်အပါအဝင် ဘဏ်ခွဲပေါင်း ၃၆ခု ဖွင့်လှစ်ထားပြီး ယခုနှစ်ဖွင့်လှစ်မည့်ဘဏ်များအပါအဝင် ဘဏ်ခွဲပေါင်း ၄၆ခု ရှိသည်။ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများတွင် တတိယဘဏ်ခွဲအများဆုံးဘဏ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။