လုပ်ငန်းရှင်ကြီးလေးဦးတည်ထောင်သည့် ဘဏ်များ မှတ်ပုံတင်ပြီ

klnJune 15, 20101min1004

စီးပွားရေးလုပ်ငန်းရှင်လေးဦးလုပ်ကိုင်မည့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းများကို အမည်များဖြင့် ဇွန်ပထမပတ်အတွင်း စတင်မှတ်ပုံတင်ပြီဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းမှသိရသည်။ ယင်းသို့ မှတ်ပုံတင်ရာတွင် ဦးချစ်ခိုင်-ဧဒင်ဂရုပ်မှ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဦးဇော်ဇော်- မက်စ်မြန်မာက ဧရာဝတီဘဏ်၊ ဦနေအောင်-အောင်ရည်ဖြိုးက အမရာဘဏ်နှင့် ဦးတေဇ-ထူးဂရုပ်က Asia Green ဘဏ်အမည်များဖြင့် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီအမည်တွေနဲ့မှတ်ပုံတင်ခဲ့တာဟုတ်ပါတယ်။ မှတ်ပုံတင်ပြီးမှ လုပ်ပိုင်ခွင့်လိုင်စင်ကျမှာဖြစ်ပါတယ်။ အဲဒီတော့မှ ဘဏ်လုပ်ငန်းကို စတင်လုပ်ကိုင်ခွင့်ပြုမှာပါ”ဟု ဘဏ်သစ်လုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းများကို ၁၉၉၂ခုနှစ်အထိ လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းမရှိဘဲ ၁၉၉၃ခုနှစ်တွင် ပထမပုဂ္ဂလိကဘဏ်၊ မြန်မာမေဖလားဝါးဘဏ်၊ အာရှဓနဘဏ်၊ ရိုးမဘဏ်၊ မြန်မာယူနီဗာဆယ်ဘဏ်၊မြန်မာ့အရှေ့တိုင်းဘဏ်စသည်တို့ကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။ “ဘဏ်သစ်တွေပေါ်လာတဲ့သဘောကတော့ ဒီကနေ့မှာ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ငွေကြေးကိုအတိုင်းအတာနဲ့ပဲ လက်ခံရပါတယ်။ ဒါကလဲ ဘဏ်တွေကိုနည်းမှန်လမ်းမှန်ဖြစ်အောင်ဆိုပြီး ဗဟိုဘဏ်က ထိန်းချုပ်ပေးထားတာပါ။ အဲ့ဒီအတွက်ကြောင့်မို့လို ဘဏ်တွေဆီကို ငွေတွေရောက်မလာဘဲ လူတွေ လက်ထဲမှာပဲ ငွေတွေ ရှိနေတော့ တိုင်းပြည်စီးပွားရေးလည်ပတ်ဖို့မှာငွေနည်းသလိုဖြစ်လာတာပဲ။ သဘောကတော့ လူတွေရဲ့ ငွေတွေကို ဘဏ်တွေလက်ခံပြီးအတိုးပေးတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်ချေးပေးတယ်။ ဒါမှ ငွေလည်ပတ်မှုရှိနေပြီး တိုင်းပြည်စီးပွားရေးတက်တဲ့သဘောပါ။ ဒါတွေကြောင့် ဘဏ်သစ်တွေကို ထပ်မံဖွင့်လှစ်ခွင့်ပေးပြီးမှ ပြည်သူတွေထဲက ငွေတွေကို တိုင်းပြည်စီးပွားရေးထဲဝင်ရောက်လာအောင်ပြန်လုပ်ချင်တဲ့ သဘောလို့ယူဆပါတယ်။ ဒါပေမဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ ဒါမှ ဘဏ်တွေပြိုလဲတာမရှိဘဲနဲ့တိုင်းပြည်စီးပွားရေးတိုးတက်လာဖို့ ဒီဘက်က အထောက်အပံ့ပေးသွားမှာပါ” ဟုစီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောသည်။ ဘဏ်လုပ်ငန်းတစ်ခုစတင်ထူထောင်ရာတွင် မြန်မာနိုင်ငံဗဟိုဘဏ်သို့ ကျပ်ငွေ ၁ဝဘီလီယံတင်ပြနိုင်ရမည်ဖြစ်ပြီးမှသာ အများပြည်သူထံမှ ကျပ် ၁၀ဝဘီလီယံကို လက်ခံရယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

4 comments

  • susunosuki

    June 15, 2010 at 6:14 am

    တော်တော်များများကို ပြပြီးမှ မှတ်ပုံတင်ခွင့်ရတာနော်
    ဒီလောက်ပိုက်ဆံများများရအောင် ဘယ်အရွယ်ထဲက ရှာထားတာလဲမသိဘူး
    ကျွန်တော် လဲ ပိုက်ဆံစုနေပါတယ်
    Mandalay Gazatte မှာ

  • Shwemannmay

    June 15, 2010 at 8:20 am

    Mandalay Gazatte ကပိုက်ပိုက်တွေကို account transfer လုပ်ပစ်လိုက်ဦးမယ် ပာိပာိ

  • zaylay

    June 15, 2010 at 8:48 am

    that is good news for our country and chance to get job for Myanmar people.

  • maypearl

    July 22, 2010 at 10:08 am

    ဘယ်မြို့တွေမှာဖွင့်မှာလဲဟင်၊
    ဘယ်တော့လောက်စဖွင့်မှာတဲ့လဲ

Leave a Reply