မြန်မာပြည်မှာလျှပ်စစ်ဓါတ်အားဘယ်လိုရရှိအောင်လုပ်ကြမလဲ…

MTYMay 4, 20121min951

သမ္မတ ဦးသိန်းစိန် အစိုးရက စီးပွားရေးမြို့တော် ရန်ကုန်ကို ၂၄ နာရီမီးပေးနိုင်ရေး ကြိုးပမ်းနေကြသော်လည်း မန္တလေးမြို့နှင့် တခြားသောမြို့ကြီးများတွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနေသည်။

၂၀၁၂ ဧပြီလ ၂၂ ရက်က ဂျပန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန် တိုကျို လျှပ်စစ်ပါဝါကုမ္ပဏီ (TEPCO) ၏ ကာဝါဆကီရှိ လျှပ်စစ်ဓာတ်အားစက်ရုံတခုကို သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ – Reuters)

အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးနေသည့် မန္တလေးမြို့တွင် သင်္ကြန်ကာလမတိုင်မီက ၂၄ နာရီခန့် ပုံမှန်မီးရရှိခဲ့သော်လည်း  လွန်ခဲ့သည့် တပတ်ခန့်မှစတင်ကာ မီးပျက်သည့်အချိန် ပိုမိုများပြားလာကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက ပြောသည်။

“အချိန်ပိုင်းနဲ့လာလည်း ပျက်ချင်ပျက်နေတာ။ ရာသီဥတုပူတော့ လူတိုင်းက ပန်ကာတို့ အဲယားကွန်း၊ ရေခဲသေတ္တာတို့ သုံးချင်တယ်။ ကျန်းမာရေး မကောင်းတဲ့ လူမမာတွေ အရမ်းဒုက္ခရောက်တယ်” ဟု ၎င်းကဆိုသည်။

ဖယောင်းတိုင်၊ ရေနံဆီမီးခွက်စသည်တို့ကို အစားထိုးသုံးစွဲရသည့်အတွက် မီးဘေးအန္တရာယ် စိုးရိမ်ရကြောင်း၊ မီးလောင်မှုများ မကြာခဏ ဖြစ်ပွားလာကြောင်း၊ သောက်သုံးရေ အခက်အခဲလည်း ရှိလာကြောင်း အဆိုပါ စာနယ်ဇင်းသမားက ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်များတွင် တနေ့လျှင် ၃ နာရီခန့်သာ မီးလာကြောင်း သိရသည်။

လျှပ်စစ်ဝန်ကြီးဌာနကမူ မန္တလေးတိုင်း ရဲရွာရေအားလျှပ်စစ်စက်ရုံရှိ တာဘိုင်တချို့ကို ပြုပြင်နေခြင်းနှင့် မဟာဓာတ်အားလိုင်းများ အပြောင်းအရွှေ့ ပြုလုပ်နေခြင်း၊ လျှပ်စစ်သုံးပစ္စည်းများကို တိုးမြှင့်သုံးစွဲလာသည့်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရခြင်းကြောင့် ထိုသို့ပြတ်တောက်မှုများ ဖြစ်ပွားရသည်ဟု ဒေသခံများကို ရှင်းလင်းပြောဆိုကြောင်း သိရသည်။

အစိုးရသစ်လက်ထက် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ရာ အိမ်သုံးလျှပ်စစ်မီတာခ တယူနစ်လျှင် ၃၅ ကျပ်၊ လုပ်ငန်းသုံးမီတာခ တယူနစ်လျှင် ၇၅ ကျပ်နှုန်း သတ်မှတ်ခဲ့သော်လည်း မန္တလေးရှိ တချို့သောမြို့နယ်များတွင် မီးသုံးစွဲမှုများသည့် အိမ်များကို မီတာခများတိုးမြှင့် ကောက်ခံကြောင်း သိရှိရသည်။

“အိမ်တွင်းရေခဲထုတ် ရောင်းတဲ့သူတွေနဲ့ မီးချောင်း ၅ ချောင်းအထက် သုံးတဲ့သူတွေကို ၇၅ ကျပ် တိုးကောက်တယ်။ စက်မှုလုပ်ငန်းရှင်တွေအတွက် ပြဿနာမရှိပေမယ့် လူလတ် တန်းစားတွေ နစ်နာတယ်” ဟု  မန္တလေးမြို့ခံ စာနယ်ဇင်းသမားက ပြောသည်။

အလားတူ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ ပြည် စသည်မြို့များတွင်လည်း မီးပြတ်တောက်မှုမှာ ပိုမိုဆိုးရွားလာကြောင်း သိရသည်။

ပြည်မြို့ခံတဦးက “မီးတွေအရမ်းပျက်လို့ လူစုပြီး ဆန္ဒပြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရဲစခန်းကို ခွင့်တောင်းတယ်။ အဲဒီလိုလုပ်ပြီး မကြာဘူး မီးပုံမှန်လာတယ်။ အခု အရင်အတိုင်းပြန်ပြီး ပျက်နေပြန်ပြီ” ဟု ဆိုသည်။

အစိုးရမှ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် စီမံကိန်းချ လုပ်ဆောင်နေသည်ဟု ပြောဆိုသော်လည်း မီးပုံမှန်မရကြောင်း၊ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို တရုတ်နိုင်ငံသို့သာ ရောင်းချနေသည်ဟု သိရကြောင်း၊ ပြည်မြို့ခံများအနေဖြင့် မီးပုံမှန် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုများကို လုပ်ဆောင်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင်မူ မတ်လအတွင်းက လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ ပုံမှန်ရရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က နေပြည်တော်၌ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နှင့် စာနယ်ဇင်းသမားများ တွေ့ဆုံရာတွင် စက်မှုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ ပုံမှန် လျှပ်စစ်မီးပေးရရှိရေးအတွက် ၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ရွေ့ပြောင်းမီးစက်ကြီး ၄လုံးကို အမေရိကန်အခြေစိုက် General Electric (GE) ကုမ္ပဏီထံမှ ငှားရမ်းထားကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် အဆိုပါ GE ကုမ္ပဏီသည် ရန်ကုန်မြို့သို့ လျှပ်စစ်မီးဖြန့်ဖြူးနေသည့် သာကေတရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ချို့ယွင်းနေသည့် တာဘိုင်စက်များကိုလည်း အခမဲ့ ပြုပြင်ပေးမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။

ကမာ္ဘ့ဘဏ်နှင့် အာရှဖွံဖြိုးရေးဘဏ်တို့ အဆိုအရ မြန်မာပြည်လူဦးရေ သန်း ၆ဝ ရှိရာ ၂၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရပြီး ပျမ်းမျှ တဦးလျှင် ၁၀၄ ကီလိုဝပ်သာ သုံးစွဲနိုင်သောကြောင့် ကွန်ဂိုနှင့် နီပေါနိုင်ငံတို့နည်းတူ မြန်မာနိုင်ငံသည်လည်း ကမာ္ဘပေါ်တွင် လျှပ်စစ်သုံးစွဲနိုင်မှု အနိမ့်ကျဆုံး နိုင်ငံတနိုင်ငံဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား အများစုမှ ရေအားမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ရခိုင်ကမ်းလွန်ဒေသနှင့် မုတ္တမပင် လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသည်။

ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုမိုများပြားလာသည့်အတွက် လိုအပ်သည့် ပမာဏပြည့်မီရန် တရုတ်နိုင်ငံမှ မီဂါဝပ် ၁၀ဝ ပြန်လည်ဝယ်ယူပြီး ဖြန့်ဖြူးပေးရန် စီစဉ်နေကြောင်း ဧပြီလ ၃ဝ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏ ၇ဝ ရာခိုင်နှုန်းသည် ရေအားမှ လည်းကောင်း၊ ၂ဝ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှ လည်းကောင်း၊ ၉ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှ လည်းကောင်း ရရှိကြောင်း အစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။

လေ့လာသူများက အနာဂတ်စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှင့် လူမှုဘဝသာယာရေးအတွက် မရှိမဖြစ်လိုအပ်သော လျှပ်စစ်မီးကို နေပြည်တော်အစိုးရက အရေးတယူဂရုတစိုက် အမြန်ဆုံး စဉ်းစားလုပ်ဆောင်ရန် လိုနေကြောင်း ထောက်ပြဝေဖန်ကြသည်။

လျှပ်စစ်ထုတ်လုပ်ရေးအတွက် တည်ငြိမ်မှုမရှိသည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုဘဝ ပျက်စီးစေနိုင်သည့် ရေအားလျှပ်စစ် ထုတ်လုပ်မှု ချဲ့ထွင်ရေးမှာ အကန့်အသတ်များကြောင်း၊ သဘာဝဓာတ်ငွေ့မှ ထုတ်ယူရန်မှာ ရေရှည်အတွက် အလားအလာကောင်းများ ရှိသော်လည်း ရင်းနှီးမြုပ်နှံမှုပမာဏ ကြီးမားသောကြောင့် အချိန်ယူရမည်ဖြစ်ကြောင်း၊ ရေတိုအတွက်မူ ကျောက်မီးသွေးမှ ထုတ်ယူနိုင်ကြောင်း၊ သို့သော် သဘာဝပတ်ဝန်းကျင်အတွက် စဉ်းစားရန်လိုကြောင်း ဆိုသည်။

ပြီးခဲ့သည့် တပတ်က ထားဝယ်ရေနက်စီမံကိန်းအတွက် လျာထားထားသည့် မီဂါဝပ် ၄၀၀ဝ ထုတ်မည့် ကျောက်မီးသွေးလျှပ်စစ်စွမ်း အင်ထုတ်လုပ်ရေးစက်ရုံကို သဘောမတူ၍ အီတလီ-ထိုင်းကုမ္ပဏီက ရင်းနှီးမြုပ်နှံမှု ပြန်ရုတ်မည်ဟု ပြောဆိုခဲ့သော်လည်း ဂျပန် ကုမ္ပဏီများက ဝင်ရောက်ကူညီမည်ဟု ပြောဆိုခဲ့အပြီး စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေး နှစ်နိုင်ငံလမ်းပြန်ပွင့်လာခဲ့သည်။

သမ္မတဦးသိန်းစိန်ကလည်း ဂျပန်ခရီးစဉ်အတွင်း ကျောက်မီးသွေးမှ ထုတ်လုပ်သော လျှပ်စစ်စက်ရုံများသို့ သွားရောက်လည်ပတ်ကြည့်ရှုခဲ့သေးသည်။

 

အထက်ဖေါ်ပြထားတဲ့Post ကိုhttp://burma.irrawaddy.org/archives/9309   ဒီလင့်မှာဖတ်ရှုနိုင်ပါတယ် ။

ပြောချင်တာက    မြန်မာပြည်မှာလျှပ်စစ်မီးဘယ်လိုထုတ်ယူမလဲ..စဉ်စားကြဖို့တစ်ကယ်လိုအပ်နေပါပြီ။

အပြစ်တင်မှု၊ဝေဖန်မှုဒါတွေချည်းပြေဆိုနေကြရုံနဲ့မပြီစီးနိုင်တော့ပါ။တရုပ်၊ထိုင်းကိုလျှပ်စစ်ရောင်းထားတာတွေရပ်ပြီးပြန်ရတယ်ဘဲထား၊

ခေတ္တ ခဏတော့ပြေလည်သွားမှာပါ။…နိုင်ငံခြားကဝင်ရောက်လာမဲ့ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူပေါ်ပေါက်လာမဲ့စက်ရုံတွေ၊အဆောက်အဦးတွေ၊

လမ်းမီးတွေ၊ပြောင်းလဲလာမဲ့ဝန်ကျင်နဲ့အတူလိုအပ်လာမဲ့လျှပ်စစ်ပစ္စည်း၊အသုံးအဆောင်တွေအတွက်ဘယ်လိုစဉ်းစာကြမလဲ..???

ဒါတွေကအစိုးရလုပ်လိမ့်မယ်ဒို့နဲ့မဆိုင်လို့တော့ပြော၍မရတော့ပါ။ မြစ်ဆုံကိစ္စကဲ့သို့မဖြစ်စေလိုပါ။အခုကမလုပ်ခင်ကြိုစဉ်းစားကြဖို့…….

ကျင့်စဉ်လေးရှိသင့်ပါပြီ။အရင်တစ်ခါ  ရေအားလျှပ်စစ်အကြောင်းဆွေးနွေးခဲ့ဘူးပါတယ်။…အားလုံးက

ရေအားလျှပ်စစ်….NO

လေအားလျှပ်စစ်….NO

သဘာဝဓါတ်ငွေ့…NO

ကျောက်မီးသွေး….NO

အားလုံး…………..NO ဘဲအကြောင်းပြချက်ပေါင်းစုံဖြင့်လက်မခံဘူးဆိုရင်တော့အမှောင်လောကထဲထိုင်နေဖို့ဘဲကျန်ပါတော့တယ်။

အရင်ကပိတ်ဆို့မှုတွေကြောင့်တရုပ်ဘဲဖြစ်နေရာက၊ပိတ်ဆို့မှုတွေဆိုင်းငံထာပြီဖြစ်လို့၊အခုရွှေးချယ်ခွင့်ရှိလာပြီဘဲကြိုက်တဲ့နိုင်ငံနဲ့လုပ်မှာပေါ့။

တစ်ကယ်လို့တရုပ်ဘဲထပ်ရွှေးချယ်ရင်…ကြိုက်ရာလက်နက်နဲ့ပစ်ရုံဘဲရှိတော့တယ်..(အစိုးရကို…ရွှေးတဲ့သူကို)

ကျွှန်တော်တစ်ဦးတည်းသဘောကတော့…မြစ်ဆုံမဟုတ်သောနေရာတစ်ခုတွင်ဧရာဝတီမြစ်မဟုတ်၊တစ်ခြားမြစ်တစ်ခုခု

တွင်ရေအားလျှပ်စစ်ကိုပင်…နိုင်ငံ၏လက်ရှိအခြေအနေ(ငွေကြေးအပါအဝင်ဘက်ပေါင်းစုံ)အရဂျပန်(သို့)အမေရိကန်၊အင်္ဂလန်၊အနောက်နိုင်ငံ

တစ်နိုင်ငံငံဖြင့်ဆောင်ရွက်သင့်သည်ဟုထင်မြင်မိပါသည်။

One comment

  • windtalker

    May 4, 2012 at 11:09 pm

    ကျောက်မီးသွေး ဆိုလို့ ၂၀၁ဝ တန်ဆောင်မုန်း တောင်ကြီးဘက် ကို ရောက်တုန်းက ဟိုပုံး သွားတဲ့ဘက်မှာ ကျောက်မီးသွေးသိုက် တွေ့လို့ ရွာတောင် ရွှေ့ရမယ်တဲ့။ ပြီးခဲ့တဲ့ ၂လပိုင်းတုန်းကတော့ မိတ်ဆွေ တရုတ် တစ်ယောက်ရဲ့ အဖေဟာ အဲ့ဒီ တရုတ် စက်ရုံမှာ ဦးစီးရတော့မယ် တဲ့။ ဒါကတော့ မောင်ပေ့ ကိုယ်တွေ့ သတင်း

Leave a Reply