သိထားသင့်သည့် နေ့ထူးနေ့မြတ်

may julyMay 5, 20122min1153


ဗျာ, ဖွား, ပွင့်, စံ၊
ဤလေးတန်၊
မှတ်ရန် ဗုဒ္ဓနေ့….
ဟူသော
ဗုဒ္ဓဝင်သီတံအရ

ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူပါတယ်။
ဖွား-ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါတယ်။
ပွင့်-ကဆုန်လပြည့်နေ့မှာ ပွင့်တော်မူပါတယ်။
စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပါတယ်။
ဤကဲ့သို့ ကဆုန်လပြည့်နေ့မှာချည်း မြတ်ဗုဒ္ဓရဲ့ အဖြစ်တော် လေးမျိုးစလုံး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တဲ့ အတွက်ကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဗုဒ္ဓနေ့လို့ အထွဋ်အမြတ်ထား ခေါ်ဝေါ်ပြောဆိုရတာ ဖြစ်ပါတယ်။

ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ ဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။ စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။ထို ့ကြောင့် ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို ရေသွန်းလောင်းခြင်းရ ဖြစ်ပါသည်…။

ဗုဒ္ဓဘာသာတို ့ ကိုးကွယ်နေကြသော ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘဝတွင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတ ဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီးလေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။ မဟာဗောဓိ သည် မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါသည်။

မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအဝင် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ထို ့ကြောင် ဗုဒ္ဓဘာသာဝင်တို ့သည် ထိုဗောဓိပင်မှ ပင်ပွားများကို ယူ၍ စိုက်ပျိုးကြကာ အထွဋ်အမြတ်ထားလေ့ရှိကြသည်…။

ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါသည်…..။

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။

ဗုဒ္ဓဘာသာဝင် တွေအတွက် နေ့ထူးနေ့မြတ် ……….
သည်ထူးမြတ်လှတဲ့ ကဆုန်လပြည့်နေ့အတွက် သည်ပို့စ်လေးကို တင်ပြလိုက်ရပါတယ်။

 

3 comments

  • ဗိုက်ကလေး

    May 5, 2012 at 11:07 am

    တင့်ခရုပါ အူးလေး..ရေ
    ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်ကို ခုမှသိပါကြောင်း ဝန်ခံပါတယ်ဗျို ့..
    သို ့ပါ၍ မှတ်သားသွားပါသည်ပေါ့ဗျာ..

  • mamanoyar

    June 29, 2012 at 1:13 pm

    အခုလို ပြောပြပေးတာ ကျေးဇူးပါရှင်
    သိထားသင့်တဲ့ နေ့တွေမို့

    • mayjuly

      June 29, 2012 at 1:26 pm

      ဟုတ်ပါတယ်ညီမရယ်…

      ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့နေ့လေးတွေပါ …

Leave a Reply