“တိုင်းပြည်မွဲကြောင်း နည်းလမ်းကောင်း” အပိုင်း(၁)(ခ)

jackalin jonginMay 6, 20121min551

ထိုကဲ့သို့သော တောင်သူ တောသားတို့၏ စီးပွားရေး အလျဉ်မမှီ ဖြစ်ရာမှသည်……….

ထိုတောသူတောင်သားတို့ သားသမီးများ၏ ဘဝ၌ ရှေ့ဆက်ရှောက်လှမ်းရမည့်

လမ်းကြောင်းဖြောင့်ဖို့အတွက် သင်ကြားရသော ပညာရေးကဏ္ဍ၌ အခက်အခဲ

များစွာဖြင့် ရင်ဆိုင်နေကြရပေ၏။

တချို့ဆိုလျှင် ၃တန်း ၄တန်းမျှနှင့် မိဘ၏တောင်သူလုပ်ငန်းခွင်၌ ဝင်ရောက်လျက် စားဝတ်နေရေးအတွက် ကူညီရှာဖွေပေးရပေ၏။

တချို့ကားကျောင်းမျှပင် မတက်ရောက်နိုင်ချေ။

ကျောင်းတက်ကြရသော ကျောင်းသားကျောင်းသူများကြတော့လည်း ကျူရှင်တက်ရတာနှင့်ပင် အချိန်ကုန်ကြရလေ၏။

ကျူရှင်တက်ပြန်သော်လည်း အတန်းပိုင်နှင့်ဆိုင်ရာဆိုင်ရာ ကျူရှင်တက်မှသာလျှင် အဆင်ပြေတတ်လေ၏။

သို့မဟုတ်လျှင် ဒုက္ခကြုံရပြန်၏။

စီးပွားရေးကကျပ်တည်း ရသည့်အထဲ ပညာရေးကလည်း ငတ်ရမည့်ပုံ။

အစုံစုံသော အဖုံဖုံသော ဒုက္ခတို့နှင့် ထွေးရာယှက်တင် ရစ်ငင်လျက်ရှိသည့်  တိုင်းပြည်ထမင်းအိုးတို့၏ သားသမီးတို့သည်ကား

စအိုထဲ ရွှံ့ဝင်ရာလမ်းသို့သာ မြန်းရပြန်တော့၏။ (ရင်နာစရာ)။

အချို့ကား ဉာဏ်ပညာထက်မြက်ပါလျက် ရှေ့ဆက်ပြီး ပညာသင်ကြားဖို့ ငွေမလုံလောက်သည့်အတွက်

တက္ကသိုလ်ဝင်တန်း၌ ဂုဏ်ထူးအပြည့်ပါသော်ငြား နားထားလျက် ယောင်ချာချာနေနေရပေ၏။(သနားစရာ)။

ဘာလုပ်ရမှန်းမသိ ယောင်ချာချာ အတူတူနှင့် တောကခွာလျက် မြို့တက်ရမှာလိုလို၊

ရှိသမျှရောင်းချပြီး ရသည့်ငွေနှင့် မလေးရှားတို့ ထိုင်းတို့ စင်ကာပူတို့ သွားရမှာလိုလို။

ဟိုလိုလိုဒီလိုလိုနဲ့ အဆင်မပြေမှုဟုဆိုအပ်သော ဒုက္ခထုပ်ကို ရင်ဝယ်ပိုက်လျက် မိုက်သည့်လမ်းကို လိုက်ကာ သောက်သူကသောက်၊

မှောက်သူကမှောက်၊ တချို့ဆိုလျှင် အချောင်ရလိုစိတ်နဲ့ မြှောက်သူကမြှောက်လျက် ခြောက်သူကခြောက်။( နှလုံးနာစရာ)။

အရက်၏ ကျေးကျွန်ဘဝနှင့် လောကကိုကျောခိုင်း ရိုင်းစိုင်းသော အမူအရာနှင့် ဖြူတာကိုလည်း မည်းလိုမည်း၊

လှူတာကိုလည်း ဆဲလိုဆဲနဲ့ လောကထဲ အံမဝင်ခွင်မကျဘဲ ဘဝလဲခဲ့ကြ၏။

ထိုသို့သော တိုင်းပြည်၏မျိုးဆက်သစ်တို့ လွင့်ပါးပျောက်ကွယ်မှုများလာနေခြင်းသည် တိုင်းပြည်၏ အနာဂတ် ဝါးတားတား ဝေတေတေ ဝေလေလေ

ဖြစ်တော့မည်ဆိုတာကို သရုပ်ပြနေခြင်းမဟုတ်ပါလော။

ဤသိုသော ဆင်းရဲမှုတို့ အကြောင်းခံလျက် တိုင်းပြည်၏ အနာဂတ် မျိုးဆက်များ ပျက်စီးရေးကို ရှေးရှုသော လုပ်ရပ်လမ်းစဉ်တို့ကို

လိုက်နာကျင့်သုံးလျက်ရှိသော အို…. နိုင်ငံ့ခေါင်းဆောင်တို့ …..

သင်တို့သည်ကား…..

တရားသဖြင့် အသက်ရှင်ပြီး၊

တရားသဖြင့် ပြည်သူအားကြည့်ရှုလျက်၊

တရားသဖြင့် အုပ်ချုပ်ကာ

တိုင်းပြည်ကောင်းစားရေးကို ရှေးရှုကြပါကုန်။

အကယ်၍များ တရားသဖြင့် ရှေးရှုမှုမရှိကြငြားအံ့ တိုင်းပြည်ကား ချူချာသည်ထက် ချူချာတော့အံ့။

တိုင်းပြည်၏ထမင်းအိုးတို့၏ သားသမီးများ စီးပွားချို့လျက်၊ ပညာချို့သော် ကျန်းမာရေးချို့အံ့။

ထိုသို့ချို့သော် ထမင်းအိုးကွဲအံ့။

ထမင်းအိုးကွဲသော် တိုင်းပြည်ပျက်စီးအံ့။

One comment

  • jackalin jongin

    May 6, 2012 at 6:01 pm

    ဤသည်ကား ပညာရေးချို့တဲ့မှုကို အနည်းငယ်တင်ပြလိုက်ချေပြီ။ ပညာရေး အခန်းကဏ္ဍ ဘယ်လောက် ဆိုးရွားသလဲဆိုတာကို ဆက်လက်တင်ပြဦးအံ့။

Leave a Reply