ရှေးဟောင်းသမိုင်းဝင် ရွှေကြက်ယက်ဆုတောင်းပြည့်ဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်

Diamond KeyMay 7, 20125min21515

        မန္တလေး အမရပူရမြို့နယ် အတွင်းက ရှေးဟောင်းသမိုင်းဝင် ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးဆီကို ရောက်ဖူးအောင် သွားမယ် သွားမယ်နဲ့ မရောက်သေးတာ မန္တလေးကို ရောက်ကတည်းကပါ။ မနှစ်က ရောက်အောင်သွားမယ်ဆိုပြီး ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်နေ့ ရောက်သွားတော့ ဖွင့်ပွဲက မနေ့က ပြီးသွားပြီလို့ ဆိုပါတယ်။ ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်က နှစ်စဉ်နှစ်တိုင်း ကဆုန်လဆန်း ၁၄ ရက်နေ့ မှာ အခမ်းအနား လုပ်ပြီး ၁၄ ရက်နေ့ နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပပြုလုပ်တာပါ။

        ဒါနဲ့ ဒီနှစ်တော့ ရောက်အောင်သွားမယ်ဆိုပြီး သွားဖြစ်ခဲ့ပါတယ်။ ဒီရွှေကြက်ယက် ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော် မှာ ထူးခြားတာက ဒေသခံရွာတွေက ရှေးမူမပျက် ဝင်းခင်းကာ စုပေါင်းလှည့်လည်ကြပြီး ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကုန်းတော်ပေါ်က မဟာဗောဓိညောင်ပင်တွင် ရေသွန်းလောင်းပွဲ ပြုလုပ်ကျင်းပတာဖြစ်လို့ ဒေသခံ ကျေးရွာတွေက ရွာသူရွာသားတွေ၊ အနယ်နယ်အရပ်ရပ်က ပွဲတော်လာ ဧည့်သည်တွေ၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေ၊ ဓါတ်ပုံ ပြိုင်ပွဲတွေအတွက် ဓါတ်ပုံရိုက်ကူးကြတဲ့ ဓါတ်ပုံပညာရှင်တွေနဲ့ အတော် စည်ကားတဲ့ ပွဲပါ။

ကမ္ဘာလှည့် ဧည့်သည်တွေ ကတော့ ဓါတ်ပုံတွေ ရိုက်ကြပေါ့

ဒီနှစ်ပွဲကို ရောက်တော့ မွန်းလွဲ ၁နာရီမှာမှ စတင်လှည့်လည်မယ် ဆိုလို့ စုရပ်မှာပဲ မှတ်တမ်း ဓါတ်ပုံလေးတွေ လျှောက်ရိုက်ဖြစ်ပါတယ်။ စုရပ် ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာတော့ ပွဲတော်လာကြတဲ့ သူတွေနဲ့ အတော် စည်ကားနေပါတယ်။

စုရပ်မှာ စည်စည်ကားကား

မွန်းလွဲ တစ်နာရီမှာတော့ စိန်တုန်းကျေးရွာက ဦးဆောင်ကာ ဒေသခံရွာပေါင်း ၁၄ ရွာမှ ရွာသူရွာသားများက ရှေးမူမပျက် ဝင်းခင်းပြီး စုပေါင်းလှည့်လည် ပါတယ်။

ဂေါပက ဘဘကြီးကလည်း ကားပေါ်ကနေ သမိုင်းကြောင်းကို မနားတမ်းပြောနေ

 

ဦးဆောင်လှည့်တဲ့ စစ်သူကြီးတွေ
ရှေးမူမပျက်
ဘုရင်နဲ့ မိဖုရား
နေရာအနှံ လှည့်လှည်
အညာနွေ နေပူပူမှာ
မမောနိုင် မပမ်းနိုင်
မြန်မာ့ အလှတရားတွေ

ဒီပွဲဖြစ်မြောက်ဖို့ ပါဝင်ကြမယ့် ဒေသခံ ကျေးရွာများဖြစ်တဲ့ စိန်တုန်း၊ ကိုးသင်း၊ မိုးကောင်း၊ ရွှေလေး၊ ရွှေလောင်း၊ ရွှေဒင်၊ ခဝါတော်၊ ရွာသစ်၊ ပတ္တမြား၊ ရွှေလေးကွက်သစ်(၁)၊ ရွှေဟင်္သာ၊ သပြေတန်း၊ အောင်ချမ်းသာ၊ သက္ကယ်သောင် ရွာတွေက သင်္ကြန်ကာလပြီးကတည်းက မဲစနစ်ဖြင့် ဦးဆောင် ဝင်းခင်းလှည့်လှည်ခွင့် ရသည့် အမှတ် (၁)၊ (၂) နေရာနဲ့ လှည့်လှည်ပွဲမှာ နေရာ အစီအစဉ်ကို ကြိုတင် မဲနိုက်ရွေးချယ်ထားပါတယ်။ ရှေ့ဆုံး အမှတ် (၁)၊ (၂) နေရာရတဲ့ ရွာက ရှေးမူမပျက် ဝင်းခင်းရပြီး နောက်ဆုံးကျတဲ့ ရွာကလည်း ဝင်းခင်းချင်တယ်ဆိုရင် ခင်းခွင့်ရကာ ကျန်ရွာများကတော့ တူညီဝတ်စုံ ဝတ်ရတာပါလို့ ရွာသားတစ်ဦးက ပြောပြပါတယ်။

လှည့်လည်ပွဲကို နေရာတိုင်းမှာ လူတွေက ကြိတ်ကြိတ်တိုး အားပေးကြပါတယ်။ လှည့်လည်သူတွေကို နေရာအနှံ့မှာ စတုဒီသာကျွေးတာ၊ အအေးတွေ တိုက်တာ တွေ့ရပါတယ်။

နေရာတိုင်းမှာ စောင့်နေကြတာ
စတုဒီသာတွေက နေရာအနှံ့မှာ

အညာနွေ နေပူပူ ကိုအန်တုပြီး ပွဲတော်မှာ ပျော်ပျော်ပါးပါး ဆင်နွဲကြပါတယ်။

နွဲလိုက်ကြစို့ လေ
စည်တော်ကြီး အဖွဲ့တွေ

ဘုရားကုန်းတော်ပေါ်က မဟာဗောဓိပင်ဆီရောက်တော့ အခမ်းအနားနဲ့ ညောင်ရေသွန်းလောင်းပါတယ်။

အခမ်းအနားနဲ့ ညောင်ရေသွန်းတယ်
ရှေးမူမပျက်
ညောင်ရေသွန်းပွဲတော်
နှစ်သက်မိတဲ့ ခေတ်လူငယ်တွေလေ

အတော်စည်ကားတဲ့ မြန်မာ့ရိုးရာ မပျက်သေးတဲ့ နှစ်သက်စရာ ပွဲတော်တစ်ခုပါ။

စိန်သော့

 

15 comments

  • laypai

    May 7, 2012 at 4:50 pm

    ဒေဝါဝင်း၊ ရာဇာဝင်း နဲ့ ဝင်းခင်း ကျင်းပတာ ပဲ။ ရှေးမူ မပျက်ပေါ့။
    အထက် အညာ ဒေသ တွေ မှာ ရှေးမူ မပျက် ပွဲတော် တွေ ကျင်းပ ကြတာ ကို လေးစား ဂုဏ်ယူရင်း အားပေးသွားပါတယ် ခင်ဗျ။

  • Inz@ghi

    May 7, 2012 at 7:49 pm

    DOF အလောတော်ကျမှု ၊ ပြေပြစ်မှု ၊ noise ငြိမ်မှု ၊ focusပြတ်သားမှု၊
    မိတ်ကပ် ပြန်သုတ်စရာမလိုမှု ၊ ကျစ်လစ်မှု ၊ အရောင်အသွေးစုံလင်မှု၊
    အဲ့သည့် ဂုဏ်တွေ မြောက်တဲ့ ဒါ့ပုံတွေကို ဒါ့ပုံကောင်းလို့ မခေါ်ရင်
    ဘယ်ဟာကို ဒါ့ပုံကောင်းလို့ ခေါ်မတုန်း ဟင်င်င်…

    အားပေးသွားပါတယ်ဗျ

    ခင်တဲ့
    ဂီ

  • မဟာရာဇာ အံစာတုံး

    May 7, 2012 at 7:55 pm

    ဒီနေ့ပဲ သတင်းထဲမှာ ဒီပွဲတော်အကြောင်းပါလို့ ဖတ်လိုက်ရသေးတယ်ဗျ …
    သတင်းထဲမှာတော့ ပုံလေး တစ်ပုံတည်းကိုပဲ အားမလို အားမရ ကြည့်လိုက်ရတယ် ..
    ခု အူးစိန်သော့ကြီး ကောင်းမှုကြောင့် ကွက်ကွက်ကွင်းကွင်း အကုန်မြင်လိုက်ရတယ်ဗျာ ..
    ပုံတွေအတွက် ကျေးဇူးပါ …
    ဒါနဲ့ အဲဒီပွဲမှာ နှစ်ပေါင်း ၉ဝ အတွင်း ဘာဆိုလား ထူးထူးခြားခြား လုပ်တယ်ဆိုပဲဗျ ..

  • windtalker

    May 7, 2012 at 8:05 pm

    ဘဘဦးစိန်သော့ တင်ပြမှဘဲ ၊ သည်ပွဲရှိမှန်း သိရ မြင်ရတော့ သဗျား ။ မန်းတလေးမှာဆိုပေမယ့် တစ်ခါမှ မရောက်ခဲ့ဖူးဘူးရယ် ။ နောက်နှစ်ပွဲတော့ သွားနွှဲမယ်ဗျို ့။

    • Diamond Key

      May 8, 2012 at 1:26 pm

      အမယ် ………. လူကြီးက …… မန္တလေးမှာ မနေပဲ လျှောက်သွားနေပြီးတော့ 😀

  • Mလုလင်

    May 8, 2012 at 1:14 am

    ပြောနေကျ အတိုင်း ထပ်ပြော ရ ရင်တော့ ဦးစိန်သော့ ကတော့ ဦး စိန်သော့ ပါပဲဗျာ ….။

  • ရွာစားကျော်

    May 8, 2012 at 2:33 am

    သင်္ကြန်တွင်းတုန်းက ပုံဆိုးပန်းဆိုးတွေ ကြည့်ပြီး စိတ်ညစ်ရသမျှ
    ဒီပုံလေးတွေကြည့်ရတာ စိတ်ကြည်နူးစရာ.. မင်္ဂလာရှိလိုက်တာဗျာ..
    ဖေ့စ်ဘွတ်မှာ ရှယ်ချင်လို့ ကူးခွင့်ပြုမှာလား ကိုစိတ်သော့ခင်ဗျာ..

    • ရွာစားကျော်

      May 8, 2012 at 2:40 am

      ကိုစိတ်သော့လို့ နာမည် ရိုက်တာ လွဲသွားတယ် မမှီလိုက်တော့ဘူး။ အထူးတောင်းပန်ပါတယ် :mrgreen:

  • Khin Latt

    May 8, 2012 at 4:33 am

    ပုံလေးတွေ ထဲ မှာ ဝတ်စားထားတာကြတာတွေ က အရောင်စုံ နဲ့။
    အတော်လေး ကို စီစဉ်ထားကြရမှာ ထင်ရဲ့။
    တိုးရစ် တွေ သွားကြည့်ချင်ကြမဲ့ ပွဲလေးတစ်ပွဲပါဘဲ။
    ဒီလို မြန်မာ့ရိုးရာထုံးတမ်း လေးတွေ ကြည့်ပြီး ကိုယ့်ပြည် ကိုယ့်ရွာ အတွက် ဂုဏ်ယူမိပါတယ်။
    ဓာတ်ပုံလေးတွေ အတွက် ကျေးဇူးပါ ကိုသော့ရေ။ 🙂

  • mgwalone

    May 8, 2012 at 7:17 am

    မန္တလေးမှာ ဒီလို ရိုးရာမပျက်သေးတဲ့ ပွဲတွေ ရှိပါသေးတယ်။ ဒါပေမဲ့ဗျာ အချို့ ့ရိုးရာပွဲတွေမှာ ခေတ်ပေါ်တောင်မဟုတ် ခေတ်လွန်လို့ ပြောရမဲ့ ဖျော်ဖြေမှုတွေ ထည့်တာက အတော်ကို ဆိုးတယ် ။ ဘယ်သူမှလဲ တားတဲ့သူမရှိဖြစ်နေတယ် ။ အဲဒါလေးတွေ မှတ်တမ်းများ ရှိရင် တင်ကြစေခြင်တယ်။

  • manawphyulay

    May 8, 2012 at 10:25 am

    အညာ နေပူပူမှာ ဝတ်ရတဲ့ဝတ်စုံတွေက အထူကြီးတွေနဲ့ လမ်းလည်းလျှောက်ရတယ်ဆိုတော့ အတော်ချွေးပြန်မှာပဲနော်… ကြည့်ရတာတော့ အတော့်ကိုကြည်နူးစရာပါပဲ ဦးဦးရေ… ကျေးဇူးပါ..

  • kyeemite

    May 8, 2012 at 10:41 am

    ကိုစိန်သော့တင်ပေးလို့ ပုံတွေတဝကြီး
    ကျေးဇူးတင်စွာကြည့်သွားပါဂျောင်း..

  • Diamond Key

    May 8, 2012 at 10:58 am

    မြန်မာနိုင်ငံထဲမှာ ဒီလို ပွဲလေးတွေ တွေ့ရတာ ရိုက်ခွင့်ရနေသေးတာ သဘောကျနေမိတာပါ။ အားပေးကြတာ ကျေးဇူးပါ။ ရှယ်လိုလည်း ရပါတယ်။ ကိုကိုပဲခေါ်ခေါ် မောင်မောင်ပဲ ခေါ်ခေါ်လည်း ရပါတယ်ဗျာ :mrgreen:

  • Shwe Tike Soe

    May 8, 2012 at 1:22 pm

    အဲဒီ ကဆုန်ညောင်ရေသွန်းပွဲကို ငယ်ငယ်က ဆို နှစ်တိုင်းရောက်တယ်… အဲဒီရွှေကြက်ယက်ရွာက ကျွန်တော် အဘွားရဲ.ရွာလေ… အခုတော့ အဘွားလဲ အသက်ကြီးတော့ ကျွန်တော်လဲ ရန်ကုန်ရောက်နေတာနဲ. မသွားဖြစ်တာ နှစ်အတော်ကြာပြီ….
    ကျေးဇူး ဦးစိန်သော့ ရေ…………….. 😀

Leave a Reply