မနှင်းဖွေးရဲ့ လွမ်းပုံပြင် (ဇာတ်သိမ်း)

may flowersMay 8, 20121min694

မိနှင်းလေးရဲ့ အော်ခေါ်သံကြားတာနဲ့ မနွဲ့လည်း ကြောက်အားလန့်အားနဲ့တွင်းပေါ်ကိုပြေးတက်

လာပါတယ်။ မိနှင်းလေးက လက်ထဲမှာဖမ်းကိုင်ထားတဲ့ နွားလားဥသဘလေး နှစ်ကောင်ရဲ့ချိုတွေကို

လွှတ်လိုက်တယ်ဆိုရင်ပဲ ကျောက်နွားလေးနှစ်ကောင်ဟာတွင်းထဲကိုခုန်ဝင်သွားပါတယ်။ တစ်ပြိုင်နက်ထဲ

မှာပဲ ကျယ်လောင်တဲ့တော်လည်းသံကြီးများ ကြောက်ခမန်းလိလိကြားလာပြီးတော့ မနွဲ့တူးယူစုတင်ထား

တဲ့မြေစိုင်မြေခဲတွေဟာလဲ တွင်းထဲကိုအလိုလိုလှိမ့်ဆင်းကျလာပြီး မြေတွင်းကြီးဟာလည်း ပကတိအတိုင်း

ပြန်ဖြစ်သွားပါသတဲ့။ ကောင်းကင်ပြင်ကြီးဟာလည်း မဲမှောင်လာတာကြောင့် မနွဲ့လည်းကြောက်အားလန့်

အားနဲ့မိနှင်းလေးလက်ကိုဆွဲပြီး သူမြေတွင်းကိုစတူးစဉ်က  ရရှိထားတဲ့အိုးလေး သုံးလုံးကို

အယောင်ယောင်အမှားမှားနဲ့ ပိုက်ပြီး ပြေးထွက်လာခဲ့ရတာပေါ့။ လမ်းမှာသူတို့ရှိရာကို တကြော်ကြော်အော်

ခေါ်ရင်းလိုက်လာကြတဲ့ သားနဲ့သမီးကိုလည်းတွေ့တာကြောင့် တစ်ပါထဲခေါ်ပြီး သားအမိလေးယောက်

သားရွာကို  အပြေးလေးပြန်လာခဲ့ကြပါတော့တယ်။

 

အိမ်ကိုရောက်ချိန်မှာတော့ အကြွေးသွားတောင်းခိုင်းတာမသွားပဲ လိုက်လာကြတဲ့သားနဲ့သမီးကို မနွဲ့

ဆူတာပေါ့လေ။ ဒီတော့သားကြီးငကောင်းကလည်း လူတစ်ယောက်နဲ့တွေ့တဲ့ အကြောင်းနဲ့ အဲဒီလူရဲ့ပြော

စကားနဲ့ အမေတို့ဆီလိုက်လာဖြစ်တဲ့အကြောင်းကို ပြန်ရှင်းပြပါတယ်တဲ့။ မနွဲ့လည်းသူမလွှတ်လိုက်တဲ့

သူကဘာလို့ ကလေးတွေကိုပြန်လာဖို့သွားပြောရတာလဲ ဆိုတဲ့အတွေး  ဒွိဟစိတ်နဲ့ မချင့်မရဲ ဖြစ်ရပေမဲ့

ဖြစ်ပြီးသားကိစ္စဆိုတော့လည်း ဘာမှမပြောသာတော့ပါဘူး။ ဘာမှမပြောနိုင်လောက်အောင် ပင်ပန်းစိတ်

လှုတ်ရှားနေတာကြောင့် ယောင်ယောင်မှားမှားနဲ့ယူလာမိတဲ့ အိုးလေးသုံးလုံးကို အိမ်ရှေ့ကပြင်လေးပေါ်

ကို ပဲတင်ထားလိုက်ပါတော့တယ်။ တောရွာတွေမှာက အိမ်တိုင်းလိုလိုတံခါးရယ် ဘာရယ်ဆိုပြီး လုံလုံခြုံခြုံ

လည်းရှိကြတာမဟုတ်ပါဘူး။ အိမ်လို့သာဆိုတယ် ဘေးနှစ်ဘက်မှာသာ အကာအရံ ရှိပေမဲ့လို့ အိမ်ရှေ့

ဘက်မျက်နှစ်စာကတော့ ဒီတိုင်းပဲတိုးလျိုပေါက် ဟင်းလင်းဖွင့်ထားကြတာပါ။ အိမ်မကြီးထက် နဲနဲလေးနှိမ့်

ထားတဲ့  အရှေ့ဘက်မျက်နှာစာလေးပေါ်မှာပဲ ဧည့်သည်ဆောင်သည်လာရင်ဧည့်ခံစကားပြောကြတာပါ။

အဲဒီလိုနဲ့ ညဘက်ကိုရောက်လာတယ်ဆိုပါတော့လေ။ ညပိုင်းပိုပြီး မိုးချုပ်လာလေ မိနှင်းလေးရဲ့ပုံစံဟာ

ပိုပြီးဂနာမငြိမ်လေပါပဲတဲ့။ ဒီလိုနဲ့ ည ဆယ်နာရီသာသာလောက်မှာတော့ မိနှင်းလေးဟာဘယ်သူမှမသိ

အောင် အိမ်အောက်ကို တစ်ယောက်ထဲဆင်းသွားပြီး အိမ်ရှေ့ပိတောက်ပင်

ငုတ်တိုကြီးပေါ်မှာ  တောစပ်ဘက်ဆီကို

လှမ်းကြည့်ပြီး ရှိုက်ကြီးတငင်ငိုနေရှာပါသတဲ့။ တစ်နေကုန်ထင်းခုတ်လို့ ပင်ပန်းနေရှာတဲ့ကိုပြားကတော့

သမီးငယ်လေးငိုသံကို မကြားနိုင်လောက်အောင်အိပ်မောကျနေရှာပေမဲ့  ပူပူနွေးနွေးဖြစ်ပျက်လာတဲ့

အဖြစ်အပျက်တွေကြောင့်ကော စိတ်လှုတ်ရှားမှုတွေကြောင့်ပါ အတွေးများနေတဲ့မနွဲ့ကတော့ အိပ်မပျော်ပဲ

ရှိနေတာကြောင့် မိနှင်းလေးအိမ်ပေါ်ကတစ်ယောက်ထဲ ဆင်းသွားတာကိုသတိထားလိုက်မိပါတယ်။

တောရွာဘာသာဘာဝအရ ညဆယ်နာရီဆိုတာလူတိုင်းအိပ်မောကျနေချိန်ပါ။ လုူတိုင်းအိမ်တိုင်းဟာ

အလုပ်ခွင်ဝင်ဖို့ မနက်စောစောထကြရပြီး အလုပ်မှာလည်း ပင်ပင်ပန်းပန်းတစ်နေကုန်အောင် လုပ်ကိုင်

ကြရတဲ့တောသူတောင်သားတွေမို့   ညဘက်ဆိုရင်လည်းစောစီးစွာ အိပ်ရာဝင်တတ်ကြပါတယ်။

မနွဲ့လည်း  မိနှင်းလေးကို ချော့မော့ဖို့ နဲ့ဘာကြောင့်ငိုရလည်းဆိုတဲ့အကြောင်းကို မေးချင်တာကြောင့်

မိနှင်းလေးရှိရာ အိမ်အောက်ကိုလိုက်ဆင်းလာခဲ့ပါတယ်။  အိမ်အောက်ပိတောက်ပင်ငုတ်တိုနားမှာ ငိုနေ

ရှာတဲ့မိနှင်းလေး အနားကိုအရောက်မှာတော့ မိနှင်းလေးငေးကြည့်ပြီး ရှိုက်ကြီးတငင်ငိုနေတဲ့ တောစပ်ဘက်

ဆီကိုအမှတ်မထင်လိုက်ကြည့်လိုက်မိချိန်မှာတော့….

လားးး ..လားးးး

ညနေဘက်က မနွဲ့တို့သွားခဲ့ကြတဲ့ နေရာဘက်လောက်ဆီကနေ မီးရောင်တန်းလိုလိုအတန်းကြီးတွေ

ဟိုဝေးဝေးဘက်  တောနက်နက်ဘက်ဆီကို ဝင်းကနဲဝင်းကနဲ  လွင့်ပျံသွားတာကိုတွေ့ရတော့တာပါပဲတဲ့။

မနွဲ့လည်းရှေးလူကြီးတွေပြောဖူးတဲ့ သိုက်ပြောင်းတာဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ကြားသာကြားဖူးပြီးမမြင်ဖူး

တဲ့ အထူးအဆန်းအဖြစ်အပျက်ကြောင့်  ငေးကြောင်ပြီးကြည့်နေမိပါတော့တယ်။ အဲလိုမနွဲ့ငေးကြည့်နေချိန်

မှာပဲ အိမ်ကပြင်ပေါ်တင်ထားတဲ့ အိုးလေးသုံးလုံးဆီကနေ အဖြူရောင်၊ အပြာရောင်၊ အနီရောင်နဲ့ အမျိုးအ

မည်မဖေါ်ပြနိုင်တဲ့ အရောင်စုံအမှုန်လေးတွေဟာလည်း မိုးပေါ်ကိုပျံတက်ပြီး တောစပ်ဘက်ဆီ လွင့်ပျံ

ပျောက်ကွယ်သွားပါတော့တယ်။ မနွဲ့လည်း ရင်တုန်နေတာရာ အံ့ဩနေတာရော ဘာမှန်းမသိတဲ့ခံစားချက်

တွေနဲ့ ငေးကြောင်ပြီးကြည့်နေမိပါတယ်။ နောက်မှ သတိရလာပြီးသမီးလေးကို လှမ်းချိီလိုက်ချိန်မှာတော့

မိနှင်းလေးက     သူတို့တွေ …ပြောင်းသွားကြပြီ     လို့ဝမ်းနည်းစွာငိုရှိုက်ရင်းပြောပြရှာပါတယ်။

မနွဲ့လည်းသမီးငယ်လေးကို အတန်ကြာအောင်ချော့ပြီးနောက် တော်တော်လေးညဉ့် နက်မှသား အမိနှစ်

ယောက်  အိမ်ပေါ်ကိုတက်လာပြီးအိပ်ကြပါတယ်။

 

မနက်ရောက်ချိန်မှာတော့ ညကဖြစ်ပျက်ခဲ့တဲ့အဖြစ်ကို မယုံနိုင်လောက်အောင်ဆန်းကြယ်လို့ အိမ်မက်

လားတစ်ကယ်လားလို့တောင်ထင်နေမိတဲ့ မနွဲ့ကမျက်နှာတောင်အရင်မသစ်အားပါဘူး။ အိမ်ကပြင်လေး

ပေါ်မှာသူတင်ထားခဲ့တဲ့ အိုးလေးသုံးလုံးဆီကိုအပြေးလေး သွားကြည့်မိပါတယ်တဲ့။ ဒါပေမဲ့ အိုးလေးတွေထဲ

မှာတော့သူယူလာစဉ်တုံးကလို  ပြာလိုလိုအမှုန်လေးတွေကိုမတွေ့ရတော့ပါဘူး။ဘာဆိုဘာမှမရှိပဲ

ပြောင်သလင်းခါနေပါတယ်။

 

 

မနွဲ့ကတော့ ရင်တုန်အံ့ဩရုံသာဖြစ်ခဲ့ပေမဲ့ မိနှင်းလေးခင်မြာမှာတော့ အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ

တော့ သိသိသာသာစကားနဲလာသလို အစားလည်းနဲလာပါတော့တယ်။ ညစဉ်ညတိုင်းလိုလို လူတွေ

အိပ်ချိန်လောက်ဆို အိမ်ရှေ့ပိတောက်ပင်ငုတ်တိုကြီးပေါ် သွားသွားထိုင်ပြီးရှိုက်ကြီးတစ်ငင်နဲ့ ငိုငိုနေရှာ

တော့တာပါပဲ။ မနွဲ့ကတော့ ညတိုင်းသမီးလေးထွက်သွားတဲ့ အချိန်ကိုစောင့်ပြီး လိုက်လိုက်ချော့ခေါ်လာရ

တဲ့အလုပ်တစ်လုပ်တိုးလာတာပေါ့လေ။

တစ်လလောက်ကြာအောင် ညဘက်ရောက်တိုင်းမိနှင်းလေးဟာ ပိတောက်ပင်ငုတ်တိုကြီးပေါ်မှာ ငိုငိုနေခဲ့

ပေမဲ့  မေ့လွယ်ပျောက်လွယ် ကလေးသဘာဝအရ နောက်ပိုင်းမှာတော့တစ်ဖြည်းဖြည်းနဲ့ ပုံမှန်ကစားလိုက်

သွားလိုက်ပြန်ဖြစ်လာတဲ့အတွက် မနွဲ့လည်းသက်ပြင်းချပြီး  စိတ်မောတာပြေနိုင်ပါတော့တယ်။

 

အဲဒီလို   မနှင်းဖွေးလေးလွမ်းရတဲ့အဖြစ်အပျက်လေးမို့   မနှင်းဖွေးလေး  လွမ်းပုံပြင်ပါလို့……….။

 

 

 

4 comments

Leave a Reply