ထက်မြသော ပုံရိပ်

ムラカミMay 13, 20127min15715

ပုံရိပ် ပြတ်သားမှု ဆိုတာ ဓါတ်ပုံဆြာတိုင်း အလိုလား အတောင့်တ ဆုံးအရာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တန်း ပြတ်သားရှင်းလင်း တောက်ပ တဲ့
ပုံတပုံရဖို့ ဆိုတာကတော့ လွယ်ကူမယ် မဟုတ်ပါဘူး..။
ပုံရိပ် ပြတ်သားမှု sharpness ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့ စကားပြောကြဖို့ sharpness လျော့နည်း ကျဆင်းစေတဲ့ အကြောင်းအရာတွေက နေ
စလိုက်ချင်ရဲ့ဗျာ

Poor Focus
အဖြစ်အများဆုံး ရောဂါ ဟာ focus ပြတ်သားမှု မရှိခြင်းပါ ။ တခါတရံမှာ ပုံရိပ်ရဲ့ မှားယွင်းတဲ့နေရာကို focus ထားမိလျက်သား ဖြစ်တတ်ပါတယ်…။

focus out ရတဲ့ အကြောင်းရင်းထဲမှာ subject ဟာ camera နဲ့ နီးလွန်းခြင်း ဆိုတာလည်း တခု အပါအဝင်ဖြစ်ပါတယ်။ တခါတလေလည်း aperture ကျယ်လွန်း
(Depth of Field ဟာ shallow ဖြစ်လွန်းတဲ့အတွက်) ပုံရိပ်ရဲ့ အဓိက အစိတ်အပိုင်းတွေ ဝါးရခြင်းဖြစ်တတ်ပါသေးတယ်။
(ကျနော် ရန်ကုန်မှာ စိုင်ပစ်တုန်းက တစောင်းထိုင်နေတဲ့ စိုင် ကို f/1.8 50mm နဲ့ high-heel ပေါ်တင် focus ဖြတ်မိလို့ မျက်နှာဝါးသွားခဲ့ရဖူးပါတယ်..
နောက်တခါ macro shoot မှာ ပက်ကျိ ကို အမြီးနဲ့ ခေါင်း မှားပြီး focus ဖြတ်ခဲ့ဖူးတာ မှတ်မှတ်ရရပါ။ စကားချပ် )
နောက်ထပ် ဝါးရတဲ့ အကြောင်း တခုကတော့ ခလုပ်နှိပ် မြန်ခြင်းပါ။ camera lens ဟာ focus point ကို မထောက်မိခင်မှာ ခလုပ်နှိပ်မိလျက်သားဖြစ်ပြီး
ပုံရိပ် ဝါးသွားရခြင်းဖြစ်ပါတယ်။

Subject Movement –


အငြိမ်မနေတဲ့ subject ဟာ ဝါးတဲ့ပုံရိပ် ကို ဖြစ်စေပါတယ်။ subject က လှုပ်တာလား ..။ shutter speed ကပဲနှေးလွန်းတာလား ။ တခုခု ပါပဲ။
Camera Shake
လှုပ်တဲ့ ကင်မရာ လို့ ဘာသာမပြန်ဘဲ လက်မငြိမ်မှု လို့ ဘာသာပြန်ရင် ပို ဆီလျှော်မယ် ထင်ပါတယ်။ မငြိမ်တဲ့ လက်နဲ့ နှေးတဲ့ shutter speed ဟာ
ဝါးတဲ့ပုံကို ထွက်စေပါတယ်။

Noise


digital noise လို့ ခေါ်တဲ့ ..ကျနော် အလွယ် ခေါ်တာတော့ ဗြုတ် ထ ခြင်း ပါပဲ။ high ISO ဒါမှမဟုတ် low light မှာ ရိုက်တဲ့အခါ
မလိုလားအပ်တဲ့ အစက်အပြောက်များ ထွက်နေတတ်ခြင်းပါ။ (TV နားကို အနီးကပ်ပြီး ကြည့်ကြည့်ရင် တွေ့ရတဲ့ ဗြုတ် နဲ့ အလားသဏ္ဍာန် တူဖြစ်ပါတယ်)

ပိုမို ထက်မြတဲ့ ပုံရိပ်တွေ ရရှိဖို့ အခြေခံ အချက်၁ဝချက် ကို Digital Photography School က ဒီလို စုထားပါတယ်။
(photoshop ထဲမှာ လုပ်နိုင်တာတွေ အများကြီး ရှိပေမယ့် post production ပိုင်းမို့ သည်၁ဝချက်ထဲမှာ ပါဝင်မှာ မဟုတ်ပါဘူး)

1. Hold Your Camera Well


ကင်မရာ ကို မြဲမြံစွာ ကိုင်တွယ်ပါ။ နံပါတ်-၂ မှာရေးထားသလို tripod လည်း လိုရင်သုံးပါ..။
မလှုပ်မရှား ငြိမ်သက်ဖို့အတွက်တော့ စားပွဲပေါ် နံရံ သစ်ပင် စတာတွေပေါ်မှာ တင်နိုင်ပါတယ်။

 

2. Tripods


tripods ဟာ ကင်မရာ လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ အကောင်းဆုံး အဖော်ဖြစ်ပါတယ်။ စားပွဲတင်အရွယ်အစားကနေ stainless steel တွေအထိ အမျိုးအစား
စုံလွန်းတဲ့ tripods တွေဟာ သူတို့အတွက် ပေးရတာနဲ့ တန်တဲ့ ဓါတ်ပုံ quality ကို ပေးနိုင်တယ်ဆိုတာလေး လက်တို့ချင်ပါတယ်။

3. Shutter Speed

 


နည်းနည်း အကျယ် ပြောရမယ့် အပိုင်းဖြစ်ပါတယ်ဗျ။ အထက်မှာ ဆိုခဲ့သလို subject ကလည်း လှုပ်မယ် ကင်မရာ ကလည်း မငြိမ်ဘူး . ဒါဆို
ဖြေရှင်းနည်း ၁နည်းပဲ ရှိပါတယ်။ shutter speed ကို လှုပ်နေတဲ့ အရာတွေထက် ပိုမြန်အောင် setting ထားလိုက်ပေါ့။
theory ပိုင်းမသွားခင် ပြောချင်တာက ၁စက္ကန့်အောက် လျော့နည်းတဲ့ shutter speed တွေကို ကင်မရာ တွေမှာ အပိုင်း ကိန်းနဲ့ ဖော်ပြလေ့ရှိပါတယ်။
1/60 | 1/80| 1/120 | 1/250 | 1/600 အစရှိသဖြင့်ပါ။ 1/x ဆိုပါစို့ .. ဒါဟာ ဘာကိုဆိုလိုသလဲ ဆိုရင် ၁စက္ကန့်ရဲ့ x ပုံ ၁ပုံ သာ aperture ကို
လှစ်ကနဲ ဖွင့်ပြီး ဝင်လာတဲ့ အလင်းကတဆင့် ပုံရိပ်ကို ဖမ်းယူတယ် လို့ ဆိုလိုချင်တာ ဖြစ်ပါတယ် ။ အိမ်သုံးကင်မရာတွေမှာလည်း trigger button ကို
halfway down နှိပ်ပြီး တီကနဲ မြည်တဲ့အချိန်မှာ ဖြစ်စေ ။ ရိုက်ပြီးတဲ့ပုံကို ပြန် playback ပြတဲ့အခါဖြစ်စေ ဒီ ဂဏန်းတွေကို ရှာဖတ်လို့ရပါတယ်။

theory အရတော့ lens တွေနဲ့လိုက်ပြီး shutter speed တွေကို သည်လို ဆိုထားပါတယ်…။
50mm မှာ 1/60s ထက် မနှေးသင့်ပါဘူး
100mm မှာတော့ 1/125s ဖြစ်ပြီး
200mm မှာ 1/250s ထက် ပိုမြန်တဲ့ shutter speed ကိုသုံးပါ လို့ အဆိုရှိပါတယ်။

shutter speed မြန်လေလေ (အပိုင်းကိန်း 1/x ဖြစ်တဲ့အတွက် ) lens ထဲကို အလင်းဝင်တဲ့ အချိန်လေးဟာ တိုတောင်း လေလေ ဖြစ်လေတော့
aperture size ကို ပိုမို ချဲ့ပေးဖို့ လိုအပ်ပါတယ်။ aperture အကြောင်း ဆက်ပါ့မယ်။

4. Aperture


Aperture အကြောင်း ပြောရင် Depth of field အကြောင်းက မပါ မပြီးပါပဲ ။ ကိုမှော်ဆြာ ခုလို ရေးထားတာ ကို ပြန်လည် မျှဝေလိုက်ပါတယ်…။

https://myanmargazette.net/82891/travel/photography-pictures-galleries-wallpapers-photo-tips

 

အလွယ်ပြောရရင်တော့ ဓါတ်ပုံသမားတွေကို ၂မျိုးခွဲကြည့်နိုင်ပါတယ်။ Tele or Wide ဖြစ်ပါတယ်။ tele ဟာ lens ရဲ့ physical size ထက်
focal length ဟာ ပိုရှည်တဲ့ အမျိုးအစား ကို ခေါ်ပါတယ်။ ဝေးဝေးကနေ zoom ဆွဲရိုက်တဲ့ အမျိုးအစား လို့ ဆိုနိုင်ပြီး portrait နဲ့ wildlife ဆြာတွေမှာ
အတွေ့ရများပါတယ်။ background ဝါးသွားပြီး subject ကို ရုပ်လုံးပိုကြွစေတဲ့ ပုံတွေ ရိုက်လေ့ရှိပြီး ဒါကို shallow depth of field လို့ ခေါ်ပါတယ်။
အကြမ်းဖျဉ်းတော့ သူတို့ဟာ f/1.4, f/1.8, f/2.8, f/3.5, f/4 တို့ လို aperture size အကြီးတွေ သုံးလေ့ရှိကြပါတယ်..
wide သမားတွေကတော့ landscaper တွေဖြစ်ပြီး သူတို့ ဟာ မြင်ကွင်းကျယ် ဖို့ ပုံရိပ်တခုလုံး ကြည်လင်ပြတ်သားဖို့လိုတဲ့ အတွက် deep ဖြစ်တဲ့
DoF ကို သုံးလေ့ရှိပါတယ်။အကြမ်းဖျဉ်း aperture အသေးတွေဖြစ်တဲ့ f/11, f/16, f/22 တွေ သုံးတတ်ကြပါတယ်။
shutter speed အခန်းကို ပြန်နွယ်ပြီး ပြောရရင်တော့ aperture သေးလေလေ ဝင်တဲ့အလင်းနဲလေလေ ဖြစ်လို့..သင့်တင့်မျှတတဲ့ အလင်းရောင်
ရဖို့ shutter ကိုကြာကြာဖွင့်ပေး(slow shutter speed) ဖို့ လိုအပ်လာပါတယ်။ သည်တော့ landscaper တွေ tripod ဆောင်ကြရသည်ပေါ့..။

 

5. ISO


ISO အကြောင်းမပြောခင် Exposure triangle ကို တခါတည်း တင်ပေးလိုက်ပါတယ်။
ငယ်ငယ်က Chemistry မှာ ဖတ်ခဲ့တဲ့ Boyles’ Law ကို ပြန်အမှတ်ရကြည့်မိပါတယ်။
when the temperature of an ideal gas is kept constant, pressure is inversely propotional to the volume တဲ့..
သည်လိုလေး ပြင်ရေးကြည့်မယ်ဗျာ
when the ISO of an certain camera is kept constant, shutter speed is inversely propotional to the aperture size
အလွယ်ပြောရရင်တော့ သင့်တင့်မျှတတဲ့ exposure ရဖို့အတွက် ISO ကိုသာ အသေထားမယ်ဆိုရင်
အပေါက် အကျဉ်းအကျယ် နဲ့ အပေါက် အရွယ်အစား ဟာ ပြောင်းပြန်အချိုးကျလေရဲ့ဗျာ။
ဟုတ်ကဲ့ theory ပြီးတဲ့အခါ apply ဘက်ကို သွားပါမယ်။ ကျနော်တို့မှာ limit တွေရှိနေပါသည်..။
f/4 ဟု ရေးထားသော lens ဆိုပါစို့ ..(အိမ်သုံး compact camera တွေရဲ့ lens တွေမှာလည်း ရေးထားပါသည် f/2.2 f/2.8 အစရှိသဖြင့်)
ထိုစာလုံးလေး၏ အဓိပ္ပါယ်မှာ အကျယ်ဆုံး ဖွင့်နိုင်သော aperture အရွယ်အစား ဖြစ်ပါသည်။(အပိုင်းကိန်း ဖြစ်သောကြောင့် ပိုင်းခြေ ငယ်လေ
aperture size သေးငယ်လေ ဖြစ်ပါ၏)
scenario လေးတခု ဖြစ်ပါသည် ။
အလင်းနည်းသော scene တွင် flash မသုံးဘဲ ရိုက်သည် ဆိုပါစို့ .
သင့်တင့်မျှတသော exposure ပမာဏ လုံလောက်မှု မရှိတော့သည့်အခါ theory အရတော့ aperture ချဲ့ရိုက်ပေါ့ ဟု အလွယ် ဆိုနိုင်သောလည်း
လက်တွေ့တွင် ထို ရေးထားသည့် ပမာဏ ထက် ပိုကြီးမားအောင် ဖွင့်၍ မရနိုင်ပါ။ ထို့ကြောင့် shutter speed ကို လျှော့ချဖို့ လုပ်ပါသည်။
ပျမ်းမျှ အားဖြင့် 1/80s ထက် ပိုလျှော့ချလျင်(ပိုနှေးကွေးစွာ ရိုက်လျှင် 1/40s, 1/20s, 1/8s စသည်) camera shake ဝင်နိုင်ပါသည်။ blur နိုင်ပါသည်။
ထို အခြေအနေမျိုးတွင် မူလက kept constant ထားခဲ့သော ISO ၏ ကဏ္ဍ သည် အရေးပါလာပါတော့သည်။
အခြားအခြားသော industry များမှ ISO သည် သီးခြား အဓိပ္ပါယ်ရှိပါလိမ့်မည်။ သို့သော် digital photography မှာတော့ ISO သည် digital အလင်းသိမှု လို့သာ
ရိုးရှင်းစွာ ပြန်ဆိုချင်ပါသည်။ ISO မြှင့် ရိုက်လေလေ အလင်းနည်းသည့်နေရာတွင် ပုံရိပ် ထင်လေလေ လို့သာ ဆိုချင်ပါသည်။

shutter speed – 1/100s
aperture – f/4
ISO – 100
နှင့် exposure မလုံလောက်သည့်အခါ

shutter speed – 1/100s
aperture – f/4
(or)
ISO – 200
shutter speed – 1/100s
aperture – f/4
ISO – 400


အစရှိသဖြင့် တိုးမြှင့် ရိုက်ယူနိုင်ပါသည်။


ISO နှင့် ပါတ်သတ်ပြီး တခု သတိချပ်စေချင်သည်မှာ ဘေးထွက် ဆိုးကျိုးအနေဖြင့် ISO မြှင့်လေလေ digital noise (ဗြုတ်) ထွက်တာများလေလေဖြစ်ပါသည်။
မိမိ ကင်မရာ သည် မည်သည့် ISO ပမာဏတွင် ဗြုတ် စတင်ထွက်သည် ကို မိမိဘာသာ သိဖို့ လိုပါသည်။ အချို့ ကင်မရာများသည် ISO 400 တွင်ပင် noise
ထွက်တတ်ပြီး အချို့ကတော့ 800, 1600 အထိ အတင် ခံနိုင်ကြပါသည်။

 

6. Image Stabilisation

 


အချို့သော အိမ်သုံး camera များတွင်ပင် IS ပါဝင်ပါသည်။ IS ၏ အလုပ်လုပ်ပုံမှာ camera maker ပေါ်လိုက်ပြီး အမျိုးမျိုး ကွဲပြားမှာ ဖြစ်ပေမယ့်..
အလွယ် ပြောရလျင်တော့ trigger ကို half-way down ဖိချလိုက်တဲ့အခါမှာ ဖမ်းမိတဲ့ focus ကို အတိုင်းအတာ တခုထိ ထိန်းသိမ်းပေးထားတာမျိုး
ဖြစ်ပါတယ်။ သည်တော့ IS ပါတဲ့ camera(or) lens တွေဟာ မပါတဲ့ဟာတွေထက် အနည်းငယ် slow shutter speed မှာ အလုပ်လုပ်နိုင်တာပါပဲ..။
IS ပါလို့ ခပ်နှေးနှေးရိုက်တာဟာ လှုပ်ရှားနေတဲ့ object အတွက်တော့ သင့်လျှော်ခြင်းမရှိပါဘူး။ moving object ကို freeze လုပ်ချင်ရင် သူ့ movement
ထက် ပိုမြန်တဲ့ shutter speed ကို သုံးဖို့ လိုအပ်ပါတယ်။

7. Focus

 


ပုံရိပ်ပြတ်သားမှုအတွက် အခရာ အကျဆုံးသော အရာဖြစ်တဲ့ focus အကြောင်း ရောက်လာပါပြီ။ ‘Auto Focussing’ ဟာ အမြဲတစေ အဖြေကောင်းတော့
မဟုတ်ပါဘူး။ အိမ်သုံး compact camera တွေအတွက် manual focus ကို စမ်းသင့်ပါတယ်။ အထူးသဖြင့်(portrait, macro စသည်)
aperture အကျယ်နဲ့ (shallow DoF) ရိုက်တဲ့အခါတွေမှာပေါ့.. ။ touch panel ပါတဲ့ အိမ်သုံး သင်မရာတွေဟာ focus ချချင်တဲ့နေရာကို touch နဲ့ရွေးနိုင်တာမို့
သည်နေရာမှာ အတော်လေး အလုပ်ဖြစ်တာ တွေ့ရပါတယ်။

 

 

8. Good lenses


ဒါကတော့DSLR တွေအတွက် ဖြစ်ပါတယ်။ ဆြာတွေ လည်း သိပြီးသားမို့ အကျယ် မရေးတော့ပါဘူး..။
ဘယ် lens တွေ ကောင်းလဲ ဆိုရင်တော့ ဈေးကြီးတဲ့ lens တွေ ပေါ့ဗျာ

9. Get your Eyes Checked


ဒါကတော့ မျက်မှန်သမားတွေ အတွက်ဖြစ်ပါတယ်။ မျက်မှန်သမား ဓါတ်ပုံဆြာတွေဟာ compact သုံးမယ်ဆိုရင် ကိုယ်နဲ့ ပါဝါအကိုက်ဆုံး
မျက်မှန်ကို ဝတ်ပြီးမှ ရိုက်သင့်ပါတယ်။ DLSR တွေမှာတော့ diopter ပါပြီးသားမို့ ကိုယ့်ဆြာတို့ မမေ့ရအောင် မိမိနဲ့ ကိုက်ညီတဲ့ diopter
ကိုချိန်ညှိပြီးမှ ချောင်းဖို့ လက်တို့လိုက်ရပါတယ်။

10. Clean equipment

 


lens မျက်နှာပြင် ကို လက်ဗွေချမိတာဟာ အခါတလေမှာ ပုံထွက် အတော် ဆိုးတဲ့ အကြောင်းတရားတခုပါ..။
ဖုန်နဲ့ အခြားသော အမှိုက်များ ကလည်း ပုံရိပ် အရည်အသွေးကို ကျဆင်းစေပါတယ်။
(ပြောသာ ပြောရတာပါ ..ကျနော်လည်း မလိုက်နာနိုင်သေးဘူး)
ဘာပဲဖြစ်ဖြစ် မရိုက်ခင်တော့ lens ကို ပြန်လည် စစ်ဆေးသင့်ပါကြောင်း..။
ဖြည့်စွက်ချက်

11. Lens Sweet Spot

အိမ်သုံး ကင်မရာတွေ မှာရော DSLR Lens တွေမှာပါ ‘sweet spot’ ဆိုတာရှိပါတယ်။ အကျယ်ဆုံး ဖွင့်နိုင်တဲ့ aperture ထက် ၁ဆင့် ဒါမှမဟုတ် ၂ဆင့်
လောက်တက်ပြီး (1 or 2 stops) ရိုက်တဲ့အခါ အခြားသော apertures များထက် ပိုမို ကြည်လင်တဲ့ image ကို ရရှိပါတယ် ။ ဒါကို ‘sweet spot’ လို့
တင်စား ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ f/4 lens ကို f/5.6 နဲ့ အထက် ထားပြီး စမ်းကြည့်စေချင်ပါကြောင်း လက်တို့လိုက်ပါတယ်။
ဒီပိုစ့်ဟာ photography antienthusiastic ဖြစ်သော compact camera user ရွာသူားများ manual mode နဲ့ ရိုက်နိုင်ရေး အတွက် ရည်စူးပါတယ်။
ကျနော်တို့ ခေါင်းထဲက ဦးနှောက်ဟာ ကင်မရာထဲမှာပါတဲ့ automatic scene recognition ကို control လုပ် တဲ့ chip ပြားသေးသေးလေးထက် အများကြီး
တွေးခေါ်မျှော်မြင် ခံစား လေ့ကျင့် ယူနိုင်ကြောင်းလေး တူးဆွမိလိုက်ပါတယ်ဗျာ…

ခင်တဲ့
Inz@ghi

How to Take Sharp Images (11 Simple Tips)

15 comments

  • FattyCat

    May 13, 2012 at 10:23 am

    နင်တို့ကြောင့် ငါကင်မလာဝယ်ချင်စိတ်တွေထကြွသောင်းကျန်းလာတာ…

    ရွာသားငရှုပ်-
    ကြောင်ဝတုတ်

  • water-melon

    May 13, 2012 at 10:24 am

    သမီးတို့လို့
    ကင်မတာ ပေါက်စလေးတွေအတွက်
    အရမ်းကြိုးရှိပါတယ်ချင့်
    ကျေးဇူးပါ
    ဦးဦး ချီဖတ်

  • မဟာရာဇာ အံစာတုံး

    May 13, 2012 at 10:35 am

    ကိုဂီရေ …
    မှန်တဲ့အတိုင်း ဝန်ခံရရင် အခု ကိုဂီရေးထားတာတွေကို ကျနော် လိုက်မမီနိုင်သေးပါဘူး …
    ဘယ်လို နေရာမျိုးမှာ ဘာ mode နဲ့ ရိုက်ရင် အကောင်းဆုံး ဆိုတာကိုလည်း
    ရေးပေးပါဦးလားဗျာ …
    ကျနော် ရိုက်ကြည့်တာတော့ တချို့ ပုံတွေကျတော့ မှောင်၊ တချို့ ပုံတွေကျတော့ ဝါးတားတားနဲ့ ဖြစ်နေတယ်ဗျာ ..
    mode အမျိုးမျိုး ပြောင်းပြီး ရိုက်ကြည့်တာပဲ .. သိပ်တော့ မထူးဘူး …
    ကျနော် ကိုင်နေတဲ့ ကင်မလာလေးကတော့ ရိုးရိုး digital ကင်မလာလေးပါပဲ
    ရှေ့က လှည့်တဲ့ဟာကြီး မပါဘူးဗျ …

    အခု ကိုဂီရေးထားတာတွေကို ကူးသွားပြီး ပြန်ကလိကြည့်လိုက်ဦးမယ်ဗျာ …
    မရှင်းတာ၊ နားမလည်တာရှိရင် ပြန်လာမေးလှည့်မယ်ဗျို့ ..

  • ဗိုက်ကလေး

    May 13, 2012 at 11:56 am

    ဓာတ်ပုံပြပွဲအမီ
    အူးဂီရဲ့ အထောက်အကူပြု နည်းပညာများကို အာယားပါယား အားပေးတွားပါတယ်ခင်ည

  • manawphyulay

    May 13, 2012 at 12:49 pm

    အင်း လေ့လာစရာ အဖြာဖြာပါပဲ။ ခက်တာက အိမ်သုံးကင်မရာလေးပဲရှိတာ သူများလို အကောင်းစားလည်းမဝယ်နိုင်သလို ဒေါင့်တိုင်တွေဘာတွေလည်း မရှိဘူး။ အင်း အတော့်ကို လေ့လာဖို့ လိုသေးတာပဲလို့ ခံစားမိတယ်။

  • တစ်ချိန်က. ပြောစကားရှိခဲ့ဖူးတယ်လားလို ့ပါ။
    “သူငယ်ချင်းကို မွဲစေချင်ရင် ကင်မရာဝယ်ပေးပါ၊သားကို သေစေချင်ရင်တော့
    ဆိုင်ကယ်ဝယ်ပေးပါ”တဲ့။ခုတော့ မဟုတ်တော့ဘူးပေါ့နော်။

    ကိုဂီ့ ပို ့စ်မှာ မန် ့စရာ ဉာဏ်မမှီပါ၍

  • marblecommet

    May 13, 2012 at 7:03 pm

    အင်း ငဒို့များ
    ကင်မလာ ဝယ်နိုင်တယ်ထား
    ထရွိုင်ပေါ့နဲ့မှ ရိုက်လို့ရမယ့်ကိန်း..
    ကိုယ့်လက်အကြောင်း ကိုယ်အသိဆုံး…..
    ………
    ကင်မလာ ဝယ်နိုင်မှ ဒီစာကိုဖတ်မယ်ဆို
    တစ်သက်လုံးဖတ်ဖြစ်မှာကိုမဟုတ်
    ဒါဂျောင့် ပရင့်ထုတ်သွားဘာသီ……

    • Mလုလင်

      May 13, 2012 at 10:27 pm

      light source ကောင်းတဲ့ နေရာမှာ ရိုက်ရင် shutter speed မြန်တာမို့ .. Tripod မလိုကြောင်း ….

  • marblecommet

    May 13, 2012 at 10:38 pm

    ဟုတ်ကဲ့ ဆြာလု
    မှတ်သားထားပါကြောင်း
    ပြောင်းကိုင်နိုင်တဲ့ တစ်နေ့ကျရင်တော့
    ကိုရင်တို့နောက်က ရိုက်သင်အဖြစ် လိုက်ပါမည်ဖြစ်ပါကြောင်း…..

  • ဦးဦးပါလေရာ

    May 14, 2012 at 12:05 am

    ပညာရပါတယ်ဆရာလေးရယ်…။

    (အင်း… သူ့လက်ချက်နဲ့ ဘယ်နေ့ ကင်မရာဝယ်ဖြစ်မလဲမသိဘူး…။
    အော်..မားကက်တာ….မားကက်တာ……..)

  • Diamond Key

    May 14, 2012 at 7:55 am

    ဓါတ်ပုံပညာကို စေတနာထား ဖြန့်ဝေနေမှုများအတွက် တစ်ချိန်တခါဆီက ပညာလိုချင်တဲ့ ကျွန်တော်တို့ကာလတွေကို သတိရမိကာ ကျေးဇူးတင်နေပါကြောင်း ဝါသနာတူများ အားလုံးကိုယ်စားပြောပါရစေဗျာ

  • etone

    May 14, 2012 at 1:03 pm

    ရွာလည်ရင်း ဓါတ်ပုံပညာလည်း ဆည်းပူးရလို့ … ဓါတ်ပုံဝါသနာရှင်တွေအတွက်တော့ .. အလွန်ကို အကျုးိရှိတဲ့ ပို့စ်တွေပါပဲ ကိုဂီရေ … ။ မသိသေးတဲ့ လူတောင် .. ဓါတ်ပုံပညာရပ်ကို စိတ်ပါလာသလိုပါပဲ …. ။ အကျိုးပြုပို့စ်တွေ များစွာရေးနိုင်ပါစေနော် … ။

  • Ch@vez

    May 14, 2012 at 1:35 pm

    post production အကြောင်း ရေးဦးမယ်ဗျာ…
    ကျနော့် အခေါ် ပြန်တို့တာပေါ့ ..(photo retouching)
    သဂျီးမင်း ရောဂါ ရင့်လောက်တဲ့အချိန် စောင့်နေလို့ပါဗျို့…

    😀

    အာဟိ
    ဒက်ဂလောက်..

  • kai

    May 15, 2012 at 7:20 am

    စာအုပ်ထဲတော့.. အိုင်အက်စ်အို ၁၀ဝ (အနိမ့်)ကိုတတ်နိုင်သလောက်ထားပါတဲ့..
    အဲလိုဖတ်ထားတယ်..။
    ဒါပေမဲ့.. ဂီဂီတင်ပေးထားတဲ့ ..တြိဂံလေးကြည့်လိုက်တော့.. တော်တော်သဘောပေါက်သွားပါတယ်လို့..

    နောက်တခုက.. လန်စ်းကို ထိခိုက်တာတွေ.. နည်းအောင် ကာကွယ်ဖို့..
    အပြင်သွားရိုက်တာ.. ကင်မရာကို မြန်မာဆန်ဆန် လွယ်အိပ်ထဲထည့်ယူသွားတာ..
    အဝတ်အမှုန်ချည်းကပ်တာမို့.. လက်နဲပွတ်လိုက်တာ.. လက်ဗွေရာချည်းပဲ..
    ဆိုတော့..
    မှန်ဘီလူးကိုမတော်ထိရှိညစ်ပတ်တာတွေကာကွယ်နိုင်ဖို့… uv filter သုံးပါတဲ့

    အဲလိုဖတ်ထားတယ်..
    ဖတ်နေတာလေးတွေ..ရှယ်တာပါနော..
    လောလောဆယ်တော့..သယ်ရလွယ်အောင် မိုနိုပေါ့တချောင်းဝယ်လိုက်တာ.. ရောက်လာပြီ..

    • Ch@vez

      May 15, 2012 at 7:32 am

      အသေတော့ မမှတ်ပါနဲ့ သဂျီးရယ်…
      နိုက်ကွန်းတွေက ၁၆၀ဝလောက်ထိ နွိုက်စ် နိုင်ပါတယ်..
      (မိတ်အင် ယိုးဒယား ဖြစ်နေတာလေးက လွဲလို့ ..အတော် ကောင်းရှာပါတယ်…)

      အာဟိဒက်ဂလောက်
      😀

Leave a Reply