မြင်ကွင်း(၁)။ ။

ပတ်ဝန်းကျင်သည် အပ်ကျသံမျှ မကြားရအောင် တိတ်ဆိတ် ငြိမ်သက်နေချေ၏။ လေရူးတစ်ချက် သုတ်ကနဲ တိုက်ခတ်သွားသော အခါ ခြုံစပ်တွင် ထိုးထိုး ထောင်ထောင် လိပ်တက်နေသည့် နွယ်ပင် နွယ်လိပ်တို့ ယိမ်းနွဲ့လှုပ်ခါသွားသည်။ ဤသို့ တိတ်ဆိတ်နေခြင်းမျိုးကား ကျောချမ်းဖွယ် ကောင်းလှပေချိမ့် . . .။

xxxxx

မုန်တိုင်း မလာခင် ပင်လယ်ပြင်၏ ငြိမ်သက်ခြင်းမျိုးနှင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် မကြာခင် အချိန်၌ တစ်စုံတရာသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပျက်လေတော့မည့် အတိတ် နိမိတ် တစ်ခုခုကို ဆောင်နေသယောင် ရှိနေသည်။

ခြုံစပ်တစ်ခုတွင် ပြားချပ်နေအောင် ၀ပ်နေသော “ညောင်ဝဒုတ်” သည် နှာခေါင်းစီးကြောင်းမှ ပါးစပ်ထဲသို့ ၀င်လဲဆဲဆဲ နှပ်တွဲကို (ညှစ်လိုက်လျှင် ) အသံထွက်သွားမည် စိုးသဖြင့် လည်ချောင်းထဲသို့ ရှူး ကနဲ ပြန်စုပ်သွင်း လိုက်ပြီး ဂလုခနဲ မျိုချလိုက်သည်။ ပြီးနောက် ဖင်ပေါ်အောင် ကျွတ်ကျနေသည့် ဘောင်းဘီ ကို ညာဘက်လက်နှင့် ဆွဲတင်လိုက်ပြီး ဘယ်ဘက်လက်မှ သေနတ်ကို မူ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ထို့ နောက် ပတ်ဝန်းကျင် ရှေ့ တူရူကို စူးစူးစိုက်စိုက် ကြည့်ရှုနေစဉ် ခေါင်းပေါ်မှ ကျီးကန်းတစ်ကောင်က “အား…” ခနဲ အော်ပြီး ပျံသွားဖြင့် “ညောင်ဝဒုတ်” တစ်ယောက် လန့်ဖျတ်ကာ ရင်တဒိတ်ဒိတ် ခုန်လှုပ်သွားသည်။ စိတ်ထဲက ဂျပန် ဇီးရိုး ဗုံးကြဲလေယာဉ်တစ်စင်း ဟု ထင်မိရာမှ ကျီးကန်းမှန်းသိသော အခါ စိတ်ထဲမှ အနည်းငယ် သက်သာရာ ရသွားပြီး “နာရိုးမ…ကျီးကန်း” ဟု ကျိတ်ဆဲပစ်လိုက်သည်။

သည့်နောက် ရှေ့တူရှုသို့ ကြည့်ကာ ပတ်ဝန်းကျင်၏အသံကို စူးစိုက် နားစွင့်နေပြန်သည်။ ထိုစဉ် နောက်နားမှ ချွတ်နင်းသံကြားသဖြင့် “ညောင်ဝဒုတ်” ခေါင်းနပန်းကြီးသွားသည်။ ဖျတ်ကနဲ လှည့်ပြီး သေနတ်ဖြင့် ထိုးချိန်လိုက်ရာ……..မျက်လုံး အပြူးသားနှင့် သူ့ကို ကြည့်နေသော “သူရဂဇော်” ကိုတွေ့လိုက်ရသဖြင့် “ညောင်ဝဒုတ် ”တင်းသွားသည်။

“နီးပဲ ….နာက မလာတေးနဲ့ ချို မလာတေးနဲ့ပေါ့ကွ….ဘာဖစ်ယို့..တက်ယာတာရဲ..အက်ဒီမှာ ၀ပ်နေ”
“ညောင်ဝဒုတ်” ဟောက်လိုက်သဖြင့် လက်ပစ်ဗုံး အတွဲလိုက်ကို ကိုင်ထားသော “ သူရဂဇော် ” ဇက်ကလေး ပုသွားသည်။
ညောင်ဝဒုက်က ….
“ဟေ့ကောင်…ကျောက်တိုင်မ ဘယ်နားမှာလဲ..”
ဟုမေးလိုက်သည်။
“အဲတောင်…ဘိုဂျီး ထိုင်း ထားတဲ့ အတိုင်း တစ်ပင်ထက်မာ ….တောင့်နေတယ်ရေ…..”
“ အေး ….ပီးရော့….ဟိုတောင်..ငမျောက်ကမ်း ရော….”
“ အဲတောင်ယဲ…ယံတူဒွေ တက်ယာရင်..ဘိုဂျီးက ချစ်မမ နဲ့ ကစ် ချိုယို့.(2.မမ) ဟိုဘက် တောင်ဂုံးမာ ပုံးနေဒယ်ရေ…”
သူရဂဇော်သည် ဗိုလ်ကြီ ညောင်ဝဒုတ်ကို အလေးဆွဲပြီးပြန်ပြောသည်။

ညောင်ဝဒုတ်သည် သည်တပ်ဖွဲ့၏ ဗိုလ်ကြီးဖြစ်၏။ အခု သူရို့ တပ်ဖွဲ့တွင် ညောင်ဝဒုတ်၊ သူရဂဇော်၊ ငမျောက်ကမ်း၊ ကျောက်တိုင်မ ဟူ၍ အထူးအသေခံ ကွန်မန်ဒို လေးဦးပါသည်။ အခု သူရို့သည် ခြုံခို စစ်ဆင်ရေး တစ်ခုအတွက် ရန်သူ့နယ်မြေထဲသို့ ရောက်နေသောကြောင့် လွန်စွာမှ သတိဝိရိယ ထားနေရသည် မဟုတ်ပါလား . . .။

xxxxxxxxx

မြင်းကွင်း (၂) ။ ။

“ ဟိတ်တောင်ဒွေ….အထု နာဒို့ နေမြေထေးဂို ယံတူဒွေ အ၀င်ခံယို့ မဖစ်ဘူး။ ဒါဂျောင့် နာဒို့ တိုက်ကင်း ထွက်ရမယ်….အက်ဒါဂျောင့် ယက်နက်ဒွေဂို တေချာ ကျစ်ချေးဂျ”
ဟု ဗိုလ်ကြီးမောင်ပေက သတိပေးလိုက်သော အခါ…..
“ယက်ခြား ဘိုဂျီး ”
ဟူ၍ တပ်သား သုံးယောက်သည် မိမိတို့ သေနတ်များကို သေချာ စစ်ဆေးလိုက်ကြသည်။ ထို တပ်သားများကား…ဒံတိုက်ဇိုး၊ ကျီးအာဗြဲနှင့် မှင်ဇာဂီ တို့ပင်တည်း။
သူရို့၏ ခေါင်းတွင်ကား သားရေကွင်း ဂိုင်ကြီးဖြင့်ပတ်ကာ အုန်းရွက်တံများကို ပတ်ချာလည် စိုက်ထားကြ၏။ ပါးတွင်ကား…အကြော်ခံဒယ်အိုးဖင်ပြောင်ပြောင်မှ အိုးမည်းများကို ယူကာ အရစ် သုံးရစ်စီ သုတ်လိမ်းထားကြ၏။ အမောက်ထောင် ထောင် ကြောင်ကြောင်ကျားကျားဖြင့် အိုဘယ့် ရက်အင်ဒီးယန်းများ ပေတကား . . ။
“တဒိ”
“ယက်ချား”
ဗိုလ်ကြီး မောင်ပေ က သတိဆွဲလိုက်သော အခါ ရဲဘော်သုံးယောက် ကိုယ်များ တောင့်တင်းသွား၏။
“ဒိုက်ကင်း ထွက်မယ်…ရဲဘော်ဒို့ ချင်းယဲမယ်၊ ငတ်ပယတ်မယ်…တေချင် တေမယ်…ယံတူဂို အညံ့မခံဂျနဲ့….နာ ပြောထားဒဲ့အတိုင်း တို့ တာဝန် တိုယူဂျ ကဲ ချီတက်မယ်….”
“ ယက်ချား …ယံတူဒွေ ဂျချုံးဘာဂျေ…..”
အသို့နှင့် အနှီ ရက်အင်ဒီးယန်းများသည် ကင်းလိပ်လျှောများနှယ် ခြုံပုတ်များဆီသို့ အသီးသီးတိုးဝင်ပျောက်ကွယ် သွားကြ၏။
xxxxxxx

မြင်းကွင်း (၃)။ ။
ချစ်မြေပြင်………

သူရဂဇော်သည် ဗိုလ်ကြီး ညောင်ဝဒုတ်နောက်မှ တွားလျက် ချီတက်နေရာမှ သေးပေါက်ချင်လာသဖြင့် ဘေးသို့ ဖဲ့ထွက်လာခဲ့ပြီး ခြုံပုတ်တစ်ခုအတွင်းသို့ အသာလေးဝင်ကာ သူ၏ မီးသတ်ပိုက်ဖြင့် ကမြင်းလိုက်ရာ……
ဗြန်း ….ဗြန်း….ဗြန်း…..
ခါချဉ်တို့၏ ပင်မ ဌာနချုပ်ကို သွား၍ ထိလေသဖြင့် သကောင့်သား ခါချဉ်တို့မှာ လွန်စွာဒေါသဖြစ်လေရာ အရပ်ရှစ်မျက်နှာသို့ ရန်သူအား သုတ်သင်ရန်အလို့ငှာ တပ်ဖြန့်လိုက်ကြလေရာ….တစ်ဘက် ခြုံစပ်မှ ….

“အမလေး တိုက်တယ်ဗျ……တိုက်တယ်ဗျ…..”
ဟူသော အလန့်တကြား အသံတစ်ခုကို ကြားလိုက်ရချေ၏။
စစ်သား ပီပီ ချက်ဆို နားခွက်က မီးတောက်သော သူရဂဇော်သည် ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ ခြုံအစပ်သို့ ကျွမ်းထိုးရင်းလှိမ့်ချလိုက်ကာ…ခါးမှ လက်ပစ်ဗုံးအတွဲလိုက်ကို ဖြုတ်ပြီး …ရိပ်ကနဲမြင်လိုက်ရသော ဘရိတ်ဒန့် ဆွဲနေသည့် ရက်အင်ဒီးယန်းကို ထုထည့်လိုက်လေသည်။

“၀ုန်း ….ဘုံး….”
“ဟတ်ချိုး ..ဟတ်ချိုး….”
“ဟား…ဟား……ဟား…..မှင်ဇာဂီ မင်းသေဘီနော်…”
ပတ်ဝန်းကျင် တစ်ခုလုံး မီးခိုးများပြေသွားသောအခါ….အောင်နိုင်သူ တစ်ရပ်၏ဟန်ဖြင့် ခါးထောက်ကာမိန့်မိန့်ကြီး ပြုံးနေသော သူရဂဇော်ကို ကြည့်ပြီး တိုက်ပွဲကျလေသူ မှင်ဇာဂီမှာ မည်သို့မျှ မတတ်နိုင်တော့ချေ..။ ရန်သူကို ခြုံခိုစောင့်နေစဉ် သတောင်းစား ခါချဉ်များက ဘယ်က ဘယ်လိုရောက်လာသည် မသိ ၀ိုင်းအုံကိုက်ခဲသောကြောင့် သတိလက်လွတ်ဖြစ်သွားရာမှ ရန်သူလက်တွင်းသို့ သက်ဆင်းခဲ့ရသည့် သူ့ကြမ္မာကို ကျိန်ဆဲလိုက်မိသည်။ ဒါပေမဲ့ သူကား အခဲမကျေသေး.။

“ဟေ့ကောင်….သူရဂဇော်….မင်းလက်ပစ်ဗုံးမှာမီးသွေးဒွေ ဂဲဒွေ ပါဒယ်….လူဂို ထိတာ နာတယ်ကွ…နောက်တစ်ထှာ…အက်ဒါနဲ့ ပျစ်ရင် နာမတေဘူးနော်..ဒါဘဲ ပြောထားတယ်..ပြာချို ပြာချည်းပဲ အိပ်နဲ့ ထုပ်ပီး ပျစ်ပေါ့တွ….”
ဟု အထွန့်တက်လိုက်သေးသည်။

အောင်နိုင်သူ သူရဂဇော်မှာကား ရန်သူတစ်ယောက်ကို ပိုင်ပိုင်နိုင်နိုင်သုတ်သင်လိုက်နိုင်သဖြင့် သူ၏ တပ်ဖွဲ့နှင့် ပူးပေါင်းပြီး နောက်ထပ်ရန်သူများကို သုတ်သင်ရန် ထွက်ခွာလာခဲ့ရာ….တစ်နေရာအရောက်တွင်….
“ဒိုင်း…”
“ဒိုင်း…”
ဟူသော သေနတ်သံနှစ်ချက်ကို ကြားလိုက်ရသဖြင့် အလျှင်အမြန်ဝပ်ချလိုက်ကာ နားစွင့်နေလိုက်သည်။

“ဟေ့တောင် ဒံတိုက်ဇိုး မင်းတေဘီ…”
“ဟင် တူတူပျစ်တာလေတွာ.ငမျောက်ကမ်း မင်းလည်း တေဘီလေ….”
“ ဟာ.ဟေ့တောင် မင်းက ပျစ်ချတိုနဲ့ ပျစ်တာလေ…နာက ချစ်မမ လောင်ချာနဲ့ ပျစ်တာလေ…မင်းတေတာပေါ့ကွ”
“ ဒါချို နာတေပဲထား မင်း လည်း ဒဏ်ရာတော့ နည်းနည်း ရတွာ…..နာပျစ်တာလည်း မင်းဂိုထိတာပဲ”
“အာ..နာ့ကို မထိဘူးတွ…ဒီမှာ အင်းကျီယက်ဖျားဂိုပဲ ထိတယ်…ဒီမှာတွေ့ရားအပေါက်ကြီး..”
“ ဟေ့တောင် မင်းမညစ်နဲ့…..အက်ဒီအပေါက်က အရင်တစ်ထှာ တိုက်ပွဲ ကတည်းက ပေါက်နေတဲ့ အပေါက် နာမှတ်မိတယ် မင်းဂိုထိဒယ်ကွာ ဒါဗဲ.”
“အေး ဒါချိုလည်း ပီးရော့တွာ…ဒီမှာ နာ့ရှံပင်ဂို ထိတယ်တွာ ဒီမှာ နာ ဂဒုံးကြီးဖစ်တွားပီ တွေ့ရား…”
“ဟင်…..”…..
…………
သူရို့ ၏ အပြန်အလှန် ပြောစကားကို ကြားရသော အားဖြင့် ဒို့ ဘက်မှ ငမျောက်ကမ်းတစ်ယောက် ရန်သူကို အသွယ်သွယ်သော စကားပရိယာယ်ဖြင့် ချေမှုန်းလိုက်နိုင်ပြန်ပြီဖြစ်ကြောင်း သူရဂဇော်သိလိုက်သဖြင့် မျက်နှာမှာပြုံးဖြီးဖြီးကြီးဖြစ်လာကာ ကြက်သားတုံးကြီးကို ပြေးမြင်လာသည်။ ရန်သူ့ဘက်က နှစ်ယောက်ကျသွားပြီ။ သူရို့ဘက်မှ လေးယောက်လုံးကျန်သေးသည်။ သူရဂဇော်သည် စိတ်လက်ပေါ့ပါးစွာဖြင့် တပ်ဖွဲ့နှင့်ပူးပေါင်းရန်အတွက်….ရွှီကနဲ လက်ခေါက်တစ်ချက်မှုတ်လိုက်ရာ…ခြုံထဲမှ ညောင်ဝဒုတ်နှင့် ငမျောက်ကမ်းတို့ ထွက်လာကြပြီးနောက်…လက်ဝါးချင်း ရိုက်လိုက်ကြသည်။ ဗိုလ်ကြီး ညောင်ဝဒုတ်က ကျန်ရှိနေသေးသော ရန်သူကို ဆက်လက် နှီမ်နှင်းရန်အတွက်…ဆက်လက်ချီတက်ရန် ညွန်ကြားနေစဉ်မှာပင် ……
…….
“ဟေ့တောင်ဒွေ လက်မြောက်လိုက်…..မင်းဒို့ မိန်းမဒွေ မုချိုးမ မဖစ်စေချင်ရင်…မင်းဒို့လက်ဒွေဂို လေထဲမှာ မြောက်ထား ယို့..ယို့..”
တစ်ဘက် တစ်ချက်မှ ရက်အင်ဒီးယန်း နှစ်ယောက်ထွက်လာပြီး သေနတ်ဖြင့် ထိုး ချိန် လိုက်သဖြင့် ညောင်ဝဒုတ်တို့ သုံးယောက်သား မျက်နှာ ကွက်ကနဲ ပျက်သွားလေတော့၏။ မည်သို့မျှ မတတ်နိုင်ချေတော့။ လက်မြောက်လိုက်ရတော့၏။
“ဟား ဟား…ဟား…..ဒီတစ်ခါ တိုက်ပွဲက ပိုင်ဒကွာ…..ယံသူ တုံးယောက်တောင် အယှင် လက်ရ ဖမ်းမိလိုက်တယ်….”

ရက်အင်ဒီးယန်း ဗိုလ်ကြီးမောင်ပေကား….၀မ်းသာအားရဖြင့် ဥဒါန်းကျူးလေရာ…..သေလူများဖြစ်သည့် …မှင်ဇာဂီနှင့် ဒံတိုက်ဇီုးတို့မှာလည်း သေလူဖြစ်သော်ငြား ခြုံပုတ်ထဲမှာ စပ်ဖြဲဖြဲနှင့် ထွက်လာကြလေသည်။ ထို့နောက် ကျီးအာဗြဲမက ရန်သူသုံးယောက်ကို သေနတ်ဖြင့် ထိုးချိန်ထားရင်း….

“ဘိုဂျီးမောင်ပေ ဒါချို နာဒို့နောက်ထပ် ကျန်နေတေးတဲ့ ယံတူ တစ်ယောက်ကို တုတ်တင်ပီးရင် ကျက်သား ချားရတော့မှာပေါ့နော်….”.
“ဒါပေါ့ ရဲဘော်ဒို့ရာ…..နာ အူးချောင်တဲ့ တိုက်ပွဲ ဘယ်နှစ်ခါ ချုံးဖူးယို့ယဲ…ညှင်း ညှင်း ညှင်း..”

ဗိုလ်ကြီးမောင်ပေ သည် အလွန်နှစ်ထောင်းအားရဟန်ဖြင့် ဗိုလ်ဝင်ခံနေစဉ်မှာပင်….ဝေဟင်ပင်ယံအထက်ဆီမှ……………

ဒက်.ဒက်.ဒက်.ဒက်.ဒက်.ဒက်.ဒက်..ဒက်.ဒက်..ဒက် .ဒက် .ဒက်
ဒက်. ဒက် ဒက်. ဒက်. ဒက်. ဒက်. ဒက်. ဒက် ဒက် ဒက်. ဒက်ဒက်
ဒက်. ဒက် ဒက်. ဒက်ဒက်ဒက်ဒက်ဒက်ဒက်ဒက်
စက်သေနတ် အပြွတ်လိုက်ဆွဲသံများ ထွက်ပေါ်လာလေရာ…..ရက်အင်ဒီးယန်းတပ်ဖွဲ့မှာ ခေါင်းငိုက်စိုက် ချသွားရလေတော့သည်။ …..
“ဟား …..ဟား…..ဟား……ဟား.
စက်တေနပ်နဲ့ အပြွတ်လိုက် ချွဲပလိုက်ဘီ မင်းဒို့အားယုံးတေဘီ…….”

ကုက္ကိုလ်ပင်ခွကြားမှ ကျောက်တိုင်မ ၏ ကြွေးကြော်သံကား ဘ၀ဂ်သို့ပင် ညံချေလေဘီ…။

xxxxxxxx

မြင်ကွင်း(၄)။ ။
ဇာတ်သိမ်း………

ရွာဇရပ်ပေါ်တွင်…ညောင်ဝဒုတ်၊ ကျောက်တိုင်မ၊ ငမျောက်ကမ်းနှင့် သူရဂဇော်တို့သည် ကြက်ပေါင်ကို အားရပါးရကိုက်ဝါးနေကြလေသည်။
ဇရပ်ဘေးနားက လှေကားထစ်တွင် ရစ်တ၀ဲဝဲလုပ်နေကြသူများမှာကား..မောင်ပေ၊ ဒံတိုက်ဇီုး၊ မှင်ဇာဂီနှင့် ကျီးအာဗြဲ ဟုခေါ်သော စစ်ရှုံးသူများပေတကား…။
ညောင်ဝဒုတ်သည် သူ၏ ဧရာမပါးစပ်ကြီးဖြင့် ကြက်ပေါင်တစ်ခြမ်းအား ဗြန်းကနဲ ဆွဲပြီးကိုက်ဝါးလိုက်ရာ..မောင်ပေ့ လည်ချောင်းတွင် ဂလုကနဲဖြစ်သွား၏။ ကျောက်တိုင်မသည်.ကြက် ရင်အုံ တစ်ဖဲ့ အား ဇိ ကနဲ ဆွဲကုပ်လိုက်ပြန်ရာ…ဒံတိုက်ဇိုး လျှာမှာ ဗြိကနဲ ခေါက်သွား၏။ သူရဂဇော်က ပေါင်သားတစ်ခြမ်းကိုဂျွပ်ကနဲ မြန်းလိုက်ပြန်ရာ…မှင်ဇာဂီ့ ဇလုပ် ဂုတ်ကနဲဖြစ်သွား၏။ ငမျောက်ကမ်းက အတောင်တစ်ဆုပ်ကို ခုတ်ကနဲ ချိုးလိုက်ပြန်ရာ.ကျီးအာဗြဲ အူထဲ ဖျင်းကနဲစပ်သွား၏။

ထိုစဉ် ကတုန်ကရင်ဖြင့် မတတ်နိုင်တော့သော မောင်ပေက ….
“ဟေ့တောင်ဒွေ ညောင်ဝဒုတ် နာတို့ဒီကျက်ကင်ကို ယွာတော်ရှင် နတ်နန်းက ထိုးဒုန်းက တူတူထိုးဂျဒါဘာတွာ…ယွာဒေါ်ချင်ဂျီးက နာတို့ကို တွားတိုင်ရင် မင်းတို့လည်း တူတူပဲ တဂျီး ချောက်ပေါက်ထဲထည့်ခံရမှာဘဲနော်…နာဒို့ဂိုလည်း နည်းနည်းကျွေးပါတွာ”

ဟု ရွှေပြည်အေး စကားကို ဆိုလေရာ….
ရွာသားပီပီ အကြင်နာတရားလက်ကိုင်ထားသော ဗိုလ်ကြီး ညောင်ဝဒုတ်သည် မောင်ပေကို စွေကနဲ တစ်ချက်ကြည့်လိုက်ကာ…ကြက်ရင်တစ်ခြမ်းအား ဗြန်းကနဲခွဲကာ ရက်အင်ဒီးယန်းတို့ထံသို့ပစ်ပေးလိုက်လေသတည်း………။

ဤတွင် ပြီး၏…။
(မှတ်ချက်။ ။ နတ်စင်မှ ရွာတော်ရှင်၏ကြက်ကြော်များ ပျောက်ဆုံးအမှုဖြစ်လာပါက ကျွန်ုပ်စာရေးသူနှင့် လုံးဝမသက်ဆိုင်ပါကြောင်း…..ကျွန်ုပ်၏ စိတ်နှလုံးမှာ မာရီယာနက်ချောက်နက်ထဲသို့ စုန်းစုန်းကျဆင်းနစ်မြုပ်နေပါသဖြင့် အငိုမျက်လုံးအပြုံးမျက်နှာဖြင့် မျက်နှာပြောင်တိုက်..ယောင်မိုက်လိုက်ရခြင်းဖြစ်ပေကြောင်း…….)
လွန်တာရှိက ၀န္ဒာမိဆြာတို့…..

About marblecommet

marblecommet marblecommet has written 57 post in this Website..

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....