ကဲ..  ကဲ..  ထားပါတော့…

ဒီရုပ်ကြီးနဲ့ ရောက်လာမှတော့  အကျိုးအကြောင်းလေး  ချော့မော့မေးမှ  ဖြစ်မယ်……..

“ အမ်း……။  မင်းဘာဖြစ်လာတာလဲ…? ”

“ ဒါမျိုးတွေ  များနေပြီ…ကွ! ”

“ အော်……… ”

“ ဘာ..အော်….  လဲ.. ”

“ မဟုတ်ပါဘူး။ မင်းကိုစကားထောက်တာပါ။ ငါ့ကိုရန်မလုပ်နဲ့။ ပြောစရာရှိတာ ဆက်ပြော…. ”

“ လူတွေကို ဒီလိုပဲ ကြုံးသွင်းပြီး ရိုက်စရာလား…ကွ ”

“ ………. ”

“ အခုတော့ သူတို့ဆင်သမျှလိုက်လုပ်ရင်း ကွဲပြဲကုန်ပြီ… ”

“ ………. ”

“ ဘာမှမစဉ်းမစားပဲ လုပ်ထည့်လိုက်ရင်  တစ်ဆုံးတစ်ဆ၊ ခံရတဲ့သူတွေကျတော့ ခံနိုင်တဲ့သူရှိတယ်၊ မခံနိုင်တဲ့သူရှိတယ်…၊ အဲဒါ နဲနဲလေးမှ ထည့်မတွက်ဘူး… ”

“ မဟုတ်ပါဘူး။ မင်း ဘာဖြစ်လာရတာလဲ ”

“ ကားပါမစ်လေ… ”

“ ကြားတယ်လေ၊ နိုင်ငံခြားငွေစာရင်းရှိသူတိုင်းပေးတော့မယ်ဆိုတာ…၊ မင်းပဲ တနေ့က ဖုံးဆက်ပြောထားတာပဲ..။ အဲဒါ ဘာဖြစ်ပြန်ပြီလဲ.. ”

“ အဲဒါ  ဟုတ်နေလို့ပေါ့ကွ…. ”

“ ဟေ….။ ဟုတ်မှာပေါ့..။ အစိုးရကပြောပါတယ်ဆိုမှ..။ အစိုးရလုပ်ပြီး လိမ်ပြောမလားကွ…. ”

“ ဟ…။ ဟုတ်လို့ဖြစ်မလားကွ…။ အခုလက်ရှိ ကားဝယ်ထားတဲ့ ပါမစ်ဝယ်ထားရောင်းထားတဲ့သူတွေကိုလဲ ကြည့်ဦးမှပေါ့…။ ”

“ နေပါဦး ရဲဘော်ဟောင်းရဲ့..။ ပါမစ်ဝယ်တယ် ကားဝယ်တယ်ဆိုတာ ကိုယ့်သဘောနဲ့ကိုယ်ဝယ်တာလေ။ ဘယ်သူက ဒုတ်မိုးပြီး အတင်းဝယ်ခိုင်းလို့လဲ။ အဓမ္မအလုပ်စေခိုင်းတာတို့ဘာတို့ပဲကြားဖူးပါတယ်ကွာ..။ အဓမ္မပါမစ်ဝယ်ခိုင်းတယ်လို့ မကြားဖူးပါဘူး…။ ”

“ ဒီမှာ… ပါလေရာရဲ့…။ မင်း  ကြွက်ထောင်ဖူးသလား…။ ”

“ အောင်မာ… ငါ့လိုသူတော်ကောင်းကိုများ ကြွက်ထောင်ဖူးသလား လို့မေးရသလား..။ ဟက်ပီဆေးလေးဘာလေး ချဖူးသလားဆို ဟုတ်တုတ်တုတ်..။ ”

“ ဟေ့ကောင် …။ အပိုမပြောနဲ့…။ ထောင်ဖူးသလား မထောင်ဖူးလားပဲဖြေ… ”

“ အဲဒါကတော့…    ဟိုဒင်း…    ငယ်ငယ်တုန်းက…. ”

“ ထောင်ဖူးတယ် မဟုတ်လား…။ ”

“ မင်း.. ကွာ..။  အတင်းကြီးမမေးပါနဲ့..။ သိရဲ့သားနဲ့…  ”

“ အဲဒီတော့ ကြွက်ကို ဘယ်လိုထောင်သလဲ..။ ”

“ ဟိတ်ကောင်ရဲ့…။ ကြွက်ကို သူစားတတ်တဲ့အစာလေးပြပြီးထောင်ရတာပေါ့ ”

“ မင်း  ကလိန်ကျပြန်ပြီ..။ ဒီမှာပါလေရာ..။ ကြွက်က အကုန်စားတတ်တယ်။ ဗိုက်ဆာရင် စက္ကူကဒ်ပြားလဲစားတယ်။ သစ်မြစ်သစ်ခေါက်လဲစားတယ်။ အဲဒီတော့ ကြွက်ထောင်ရင် စက္ကူနဲ့ထောင်သလား…။ သစ်ခေါက်လေးခွာပြီး ထောင်သလား..။ ”

“ အာ…. စက္ကူနဲ့ သစ်ခေါက်နဲ့တော့ ဘယ်ထောင်မလဲကွာ..။ ထောင်မယ့်ထောင် သူကြိုက်တာကလေးနဲ့ ထောင်ရတာပေါ့…။ ”

“ နဲနဲတော့ နီးစပ်လာပြီ..။ ဒါပေမယ့်မဟုတ်သေးဘူး…။ ကြွက်တွေက အစာအဖြစ် ပဲအမျိုးမျိုးလို သစ်စေ့တွေ၊ ထမင်း ခေါက်ဆွဲလို ပျော့တဲ့အစာတွေကိုကြိုက်တယ်။ အဝစားနိုင်တယ်။ မင်းကြွက်ထောင်ရင် ပဲကြီးလှော်နဲ့ထောင်သလား….။ ထမင်းဆုပ်နဲ့ထောင်သလား… ”

“ မင်းစကားကပ်နေပြီ ရဲဘော်ဟောင်း…။ ကြွက်ထောင်မယ့်ထောင်မှတော့ ပဲကြီးလှော်နဲ့ထောင်မလားကွ…။ သူမငြင်းနို်င်လောက်တဲ့ မသိချင်ယောင်မဆောင်နိုင်လောက်တဲ့ ၊ ဝင်မစားပဲမနေနိုင်လောက်တဲ့ အစာမျိုးနဲ့ပဲ  ထောင်တော့မပေါ့…။ ဥပမာ ပုဇွန်ကြော်လေးတွေ၊ ထောပတ်ကွတ်ကီးလေးတွေ၊ ငါးခြောက်ရိုးမီးကင်လေးတွေနဲ့ထောင်ရတာပေါ့…. ”

“ ဟုတ်ပြီလေ…ပါလေရာရဲ့…။ အဲဒီတော့  မင်းအဲဒါတွေနဲ့ထောင်လို့ ကြွက်ဝင်စားတဲ့အခါ ထောင်ခြောက်မိတယ်ဆိုပါစို့..။ အဲဒါဟာ ကြွက်က သူ့သဘောနဲ့သူလာစားတာပါလို့ မင်းပြောချင်သေးလား…. ”

“ ………. ”

“ ကြွက်ရဲ့ လောဘကြီးမှု့သက်သက်ကြောင့်လို့ရော မင်းပြောချင်သေးလား…… ”

“ ………. ”

“ ကြွက်ကို ဘယ်သူမှ ဒုတ်မိုးပြီးအဓမ္မမစားခိုင်းပါဘူး…။ သူ့ပယောဂနဲ့သူ…. သူ့ကြမ္မာသူဖန်တီးတာ။ သူဘာသာ စားချင်လို့ဝင်စားတော့ ထောင်ခြောက်မိတာ သူ့အပြစ်ပဲလို့ မင်းဒီအသက်ဒီအရွယ်ကြီးနဲ့ ပြောဦးမလား…… ”

“ ဟုတ်ပါပြီကွာ….။ သိပ်မကြပ်ပါနဲ့…။ ကြွက်ထောင်ခြောက်မှာ ကြွက်မိတာ  လူကထောင်လို့မိတာလို့  ဝန်ခံပါတယ်။ မင်းအမျိုးတွေကို အပြစ်ပုံမချတော့ပါဘူူး…။

ဒါပေမယ့်… ကားပါမစ် ဖွင့်ပေးလိုက်တယ်ဆိုတာကတော့ လူတွေ ဒုက္ခရောက်အောင် တမင်ထောင်ခြောက်ဆင်လုပ်တာလို့ မစွပ်စွဲထိုက်ပါဘူး….”

“ ငါကလဲမစွပ်စွဲပါဘူး အစိုးရရှေ့နေရဲ့…။ ဒါပေမယ့် အကြီးအကဲလုပ်တဲ့သူတွေ တခုခုဆုံးဖြတ်တော့မယ်ဆိုရင် ရှေ့ရေးနောက်ရေးလေး ထည့်တွက်ပြီးလုပ်ရမယ်လေ..။ ”

“ အခုလဲ တွက်မှာပါ။ ကားဈေးတွေကျသွားတော့ နောက်ဝယ်မယ့်လူတွေက ပိုမကောင်းဘူးလား…။ ”

“ ဟုတ်လား…။ အေး….  လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ ငါလဲ   မင်းပြောတဲ့ (နောက်ဝယ်မယ့်လူတွေ) ထဲမှာပါတယ်။ အဲဒီတုန်းက ဘာလို့ ကားပါမစ်တွေ ဖွင့်မပေးသလဲ။

လွန်ခဲ့တဲ့ တနှစ်တုန်းကလဲ ငါဟာ မင်းပြောတဲ့ (နောက်ဝယ်မယ့်လူတွေ) ထဲမှာပါတယ်။ အဲဒီတုန်းကရော….

တကယ်တော့ လွန်ခဲ့တဲ့ ခြောက်လတုန်းကလဲ ငါဟာ မင်းပြောတဲ့ (နောက်ဝယ်မယ့်လူတွေ) ထဲမှာပါတုန်းပဲ..။ အဲဒီတုန်းကရော… ”

“ မင်းကွာ…။ သေမယ့်နေ့ စစ်ထဲလိုက်မိတာကို  ဒီလောက်ကြီးတွက်ကပ်မနေပါနဲ့…။ မင်းအနေနဲ့  ဘာမှ  ဖြစ်မသွားပါဘူး… ”

“ ဟ…။ သေမယ့်နေ့စစ်ထဲလိုက်မိတာက  ငါတယောက်ထဲမဟုတ်ဘူး..ကွ..။ အဲဒါပြောနေတာ။ အခုဟာက မကောင်းသူထိပ် ကောင်းသူထိပ်မဟုတ်ဘူး..။ အကုန်လုံးထိပ်ဖြစ်နေပြီ။ ပြီးတော့ ပါမစ်လေးစောင်ကို ငါ့အနေနဲ့ ဘာမှမဖြစ်ဘူးလို့တော့မပြောနဲ့… ”

“ လေးစောင်တောင်  !!! မင်းကွာ….  ဖြစ်ရလေ…. ဒီအရွယ်ကြီးကျကာမှ လောဘမီးတွေ ဟုန်းဟုန်းတောက်ပြီး….. ”

“ မင်း…အဘ….လောဘမီးတောက်ရမလား…။ ဒီမှာ (ကားသော့ထိုးပြ) ငါဒီကားလေးကို ဖေဖေါ်ဝါရီတုန်းက စီးဖို့လို့ မဖြစ်မနေသွင်းလိုက်တယ်။ အဲဒါ ဒီရောက်လာလို့ စီးလိုက်တော့ ဝိုင်းကြည့် ဝိုင်းမေးကြတာပေါ့..။ ဒီဇယ်လေးလဲဖြစ် ကားလေးကလဲကောင်းတော့ မရီရယ်၊ ပဲခူးက မျိုးဝင်းရယ်၊ ဦးမောင်စိန်ရယ်က လိုချင်လို့ မှာတယ်။ အဲဒါကြားတော့ ယောက္ခမကြီးကလဲ တစီးဝင်မှာတယ်..။ ဟိုမှာက ဈေးထဲခင်းရောင်းတာမဟုတ်ဘူး..။ ကိုယ်လိုချင်တာလေး စောင့်ပြီး လေလံဆွဲရတာ..။ ဒါကြောင့် ဘယ်လောက်ဝန်းကျင်ကျမယ်လို့ တွက်ချက်ပြပြီး ကိုယ့်ဟာကိုယ်လေလံဆွဲတာ။ ကားကသင်္ဘောတင်နေပြီ။  ပြီးတော့မှ သင်္ကြန်အပြီး ကပ်ဖို့ပါမစ်ဝယ်တော့ ၁၄၈ နဲ့နှစ်စောင် ၁၅ဝနဲ့တစောင် ၁၅၂ နဲ့တစောင်..”

“ အဲဒါ မင်းဝယ်တာမှမဟုတ်ပဲ.. မင်းဘာလို့ ရှုံးရမလဲ… ”

“ ဘယ်ဟုတ်မလဲ…။ ကားသွင်းပြီး ကားအပ်တဲ့အထိ ဘယ်လောက်ကုန်မယ်မှ အတိအကျမပြောနိုင်တာ..။ ဖြစ်နိုင်တဲ့ ကုန်ကျစားရိတ်လေးတွက်၊ ကိုယ့်စားရိတ်လေးပေါင်းပြီး သူတို့ကိုတော့ ဈေးအသေပြောရတာပေါ့။ ဈေးပြောပြီး ဓါတ်ပုံပြ  ကြိုမှာတဲ့သဘောပဲ။ အခု ဈေးတွေဒီလိုဖြစ်တော့ သူတို့ကို ဘယ်လိုသွားရောင်းမလဲ..။ ”

“ အဲဒါကတော့ မင်းက အမြတ်ယူဘို့လုပ်တာလေ..။ ပရဟိတလုပ်တာမှမဟုတ်တာ..။ မြတ်ရင်လဲ စားမယ့်ဟာကို ရှုံးတော့လဲ ခံပေါ့… ”

“ အာ… ဒီကောင်တော့ ခက်သေးတာပဲ…။ ကားတွေက ရှိုးရွမ်းမှာ ဈေးကပ်ရောင်းတဲ့ဟာ။ သူတို့တောင်တစီးမှ အစိတ်သုံးဆယ်ဖြစ်ဖြစ်မည် တင်ထားတာ။ ငါက ကိုယ့်လူတွေကို ဝယ်ပေးတဲ့သဘောလုပ်တာ … ဘယ်လိုလုပ်သူတို့မြတ်သလိုမြတ်မှာလဲ..။ မူရင်းကုန်ကျစားရိတ်ထက် မလိုလဲလိုလဲ ငါးသိန်းဆယ်သိန်းလောက် ခွာပြီးရောင်းထားတာ၊ ရှုံးမယ့်အခါကျတော့ ကားလက်ထဲရောက်လာချိန် ဘယ်ဈေးပေါက်လို့ ဘယ်လောက်ရှုံးမယ်တောင် မပြောနိုင်တော့ဘူး…။ ”

“ မင်းအခုစီးတဲ့ကားလဲ လပိုင်းလေးရှိသေးတာ ။ ရှုံးပြီပေါ့… ”

“ ငါစီးတာကတော့ ရှုံးတယ်၊မြတ်တယ် မတွက်ပါဘူး..။ ကိုယ်ကြိုက်လို့ကိုယ်စီးတာပဲ..။ ဒါပေမယ့်လို့ မရှိရှိတာလေး ချွတ်ရင်းပြီး တက္ကစီဝယ်မောင်းတဲ့သူတွေကျတော့ ဘယ်လောက်တောင်နစ်နာလိုက်သလဲ..။ တစ်လမှ ငါးသိန်းခြောက်သိန်းတောင် ရပါ့မလားမသိဘူး… ကားက ငါးဆယ်လောက် ရှုံးတော့မယ်…။”

“ အေး…ကွာ…. မင်းပြောတော့လဲ  ဟုတ်ပါတယ်…။ ဒါပေမယ့်  အခုကားဈေးတွေကိုက  ဖြစ်သင့်တဲ့မူမှန်ဈေးတွေမှမဟုတ်တာ။ တနေ့တော့ ဒီလိုပဲ သင့်တော်တဲ့ဈေး ဖြစ်ရမှာပဲမဟုတ်လား…။ ”

“ ဟေ…. သင့်တော်တဲ့ဈေးဖြစ်ရမယ့်နေ့က အခုမဟုတ်သေးဘူးလေ။ အဲလိုသင့်တော်ချင်ရင် အစကတည်းက သင်္ဘောသားပါမစ် ဘာလို့ပေးသေးလဲ။ အခု သင်္ဘောသားပါမစ်ဝယ်မိထားတဲ့သူတွေဆိုရင်  တပြားမှတောင်မတန်တော့ဘူး၊ လုံးလုံးဆုံးပြီ။ ပိုဆိုးတာက သင်္ဘောသားပါမစ်နဲ့ကားတွေက အစကတည်းက ရောင်းကွက်ဝင်တာမဟုတ်လို့ ရောင်းစားဘို့သွင်းကြတာမဟုတ်ဘူး။ စီးဘို့သွင်းကြတာ..။

အဲလိုသင့်တော်ချင်ရင် အစကတည်းက ယာဉ်ဟောင်းပါမစ်ဈေးတက်တာ ဘာလို့ကြည့်နေလဲ..။ ကိုယ့်လူတွေဝယ်ထားတာ ရောင်းလို့ကုန်တဲ့အထိ ကြည့်နေတာလား…”

“ ဒေါသတကြီးနဲ့ အိုးစွပ်ခွက်စွပ်မပြောပါနဲ့ကွာ….။ အင်ပို့ဆိုတာက  နိုင်ငံခြားငွေ အဝင်အထွက်လေး ချိန်လုပ်ရတာမဟုတ်လား… ”

“ အဲ…. အဲဒီမှာပေါ်ပြီ။ အဲဒီတော့ နိုင်ငံခြားငွေ ဈေးကျတဲ့အချိန်မှာ တက်အောင် ထိုးကျွေးတယ်ပေါ့….။ နစ်နာမှု့တွေ၊ ဘဝတွေ၊ မျက်ရည်တွေကိုပေါ့…”

“ ဟော… ပြောရင်းဆိုရင်း  စွပ်စွဲပြန်ပြီ… ”

“ စွပ်စွဲစရာဖြစ်လာရင်တော့ ငါမစွပ်စွဲလဲ တခြားလူတွေစွပ်စွဲမှာပဲ…. ။

တခြားနယ်ပယ်ကိုထားလို့  ကား မှာကိုက ကိုယ်ဖြစ်ချင်တဲ့ ရလာဒ်တွေအတွက် ဘယ်သူ့မျက်နှာမှမကြည့်ပဲ လုပ်ချင်ရာလုပ်ခဲ့ပေါင်းများပြီ….။

ပထမ ကားပါမစ်တွေ ပိတ်ပစ်ပြီး ကားဈေးတွေ မတရားတက်လာတာကို ဒီအတိုင်းကြည့်နေတယ်..။

ပြီးတော့ ဝစ်သောက်တွေ ဝင်နေတာသိသိကြီးနဲ့ လွှတ်ထားပြီး ဗြောင်စီးလာအောင်စောင့်တယ်..။

ပြီးတော့ ဝစ်သောက်တွေလိုက်ဖမ်းပြီး အခွန်ကောက်ဒါဏ်ရိုက်ပြန်လွှတ် လုပ်ရမယ့်အစား ကောက်သိမ်းပစ်တယ်။ ကားအကောင်းကြီးတွေဟာ ပစ္စည်းတွေဖြုတ်၊ လဲလို့ရတာ အစုတ်နဲ့အလဲခံရပြီး ကားပျက်ကြီးတွေ ဖြစ်ကုန်တယ်။

အဲဒါကို လေလံပြန်တင်ပြီး ဝစ်သောက်အကောင်းနဲ့ ချက်စီနံပါတ်ဖြတ်ဆက်တာကို သိသိကြီးနဲ့ ခွင့်ပြုပြန်တယ်။

ခွင့်ပြုလို့ ဝစ်သောက်တွေ အလုံးအရင်းဝင်လာတော့ ပြန်ဖမ်းပြီး ၈၅% အခွန်ကောက်ပြီး နံပါတ်ပေးပြန်တယ်။

နံပါတ်ပေးလို့ ဝစ်သောက်တွေဝင်ပြန်တော့ တော်တော်များလာတဲ့အချိန်မှာ ၈၅%ကို ခပ်တည်တည်နဲ့ ကောက်ရပ်ပစ်တယ်။

သူူတို့ခွင့်ပြုလို့ နံပါတ်ယူဘို့ကားဝယ်မိတဲ့လူတွေ ရာဇဝတ်ကောင်တွေဖြစ်ကုန်တယ်..။

ပြီးတော့ အော်အလုံးလိုက်ကို ချက်စီလေး ပြန်ရိုက်ပြီး ဇုန်နာမည်နဲ့ရောင်းနေတာကို ခွဲတမ်းနဲ့ကို တရားဝင်ပေးပြန်တယ်။

ဒါနဲ့ဇုန်နာမည်ခံလုပ်ကြလို့ ကျယ်ပြန့်လာ လူတွေ သုံးလို့အဆင်ပြေလာတော့ ပုဇဉ်းခေါင်းခေတ်မှာ ယာဉ်စစ်က လက်မခံတော့လို့ ပစ်ကပ်လိုက်ထရပ်ကို ဒေါ်လာတသောင်းကျော် ဒါဏ်ရိုက်ခံကြရပြန်တယ်။

ပြီးတော့ ဇုန်ကန့်သတ်ချက် ၁၅ ချက်ကို ဖျက်ပြီး ပြည်ပက တစီးလုံးအော်ကို ဒီမှာဆင်ရောင်းဘို့ခွင့်ပြုပြန်တယ်။

အဲဒါနဲ့ရောပြီး စူပါကပ်စတန်အော်လုံးတွေကို ခပ်တည်တည်ဇုန်တံဆိပ်ကပ်ရောင်းတော့ ကားထုတ်တဲ့သူကို အရေးယူမယ့်အစား ဝယ်မိတဲ့သူကို အခွန်ဆောင်(ဒါဏ်ကြေးဆောင်)ခိုင်းတယ်။ ဒေါ်လာတသောင်းခွဲ၊ သိန်းတစ်ရာ၊ သိန်းငါးဆယ် – အမျိုးမျိုးဈေးပြောင်း ပြီးဆောင်ရတယ်။

အဲဒါပြီးတော့ ယာဉ်ဟောင်းဖျက်မယ်ဆိုတဲ့သတင်းကို သတင်းဦးသူတွေ အဝစားပြီးမှ တရားဝင်ထုတ်ပြန်တယ်။

အဲဒီယာဉ်ဟောင်း အစီအစဉ်တောင် မပြီးသေးဘူး အခု ထပ်လုပ်ပြန်ပြီ……

အခုတမျိုး၊ တော်ကြာတမျိုး၊ ခဏနေတော့တမျိုးနဲ့ အမျိုးမျိုးပြောင်းနေတာ…..

ဒီနိုင်ငံနေရတာ  အရူးမလင် လုပ်ရသလိုပဲ…..”

“ အင်း…အင်း…  ဟုတ်ပါပြီ…။ စကားလဲပြော  ရေနွေးလေးလဲသောက်ကွာ။  ပြီးတော့ မင်းစိတ်လေးလဲ ထိန်းပါ ရဲဘော်ဟောင်း…။ တကယ်တော့ မင်းပြောသလို အရူးမလင် လုပ်နေရတယ်ဆိုရင်လဲ တခြားရွေးစရာမှမရှိသေးတာကွာ။ စိတ်လျှော့ပါ…”

“ ရွေးစရာရှိတာပေါ့  ပါလေရာရယ်…။ ဒီတခါ  မင်းညံ့သွားပြီ..။ နောက်ရွေးကောက်ပွဲမှာ အရူးမလင် မလုပ်ချင်သူတွေက အရူးမတွေကို မြောင်းထဲပို့လိမ့်မယ်… ။ ကိုယ်စိုက်တာ  ကိုယ်ရိတ်သိမ်းပေါ့…. ဟာ…ဟ… ”

 

ဘာပဲပြောပြော.. သူ့စိတ်ထဲရှိတာတွေပြောလိုက်ရတော့ ပေါ့ပေါ့ပါးပါးဖြစ်သွားတဲ့ ရဲဘော်ဟောင်းကိုကြည့်ပြီး ကျုပ်လဲ စိတ်အေးသွားပါတယ်။

လောလောဆယ်တော့-

ဘဝတူ အရူးမလင်တွေ  ကိုယ်စိတ်နှစ်ဖြာ သက်သာရာရကြပါစေ….. လို့….

 

ဦးဦးပါလေရာ

 

 

 

About ဦးဦးပါေလရာ

parlayar 46 has written 74 post in this Website..

CJ # 3302011 2011/03/30 1:01:16 am