ပစ်စာ…

kotun winlattMay 9, 20124min985

“ဟေ့…. မောင်တာ… ရွာတောင်ပိုင်းက ပြည်သူ့စစ်ခေါင်းဆောင် လှိုင်တင့်ကို သွားခေါ်စမ်းကွာ…

အရေးကြီးလို့ အမြန်ဆုံးလာလို့ ပြောလိုက်ကြားလား ..သေသေချာချာပြောနော်… အိမ်မှာ

မရှိလည်း ရွာထဲမှာရှာပြီးခေါ်ခဲ့ကွာ…” သူကြီးဖြစ်သူရဲ့ စကားအဆုံးမှာ ရွာဆော်

မောင်တာ “ဟုတ်ကဲ့ပါ…သူကြီး…ဟုတ်ခင်ဗျ..ဟုတ်…” ဟုခေါင်းတဆတ်ဆတ်ငြိမ့်ကာ

ရွာတောင်ပိုင်းဘက်သို့ အပြေးအလွှားထွက်သွား၏။ သူကြီးမှာ အိန္ဒြေမရစွာ

အိမ်ရှေ့ကမြေတလင်းရှိကွပ်ပျစ် အနီးတွင် တောင်လျှောက်မြောက်လျှောက် လမ်းလျှောက်

နေ၏။ သူ့လက်ထဲတွင်လည်း ဝါညစ်ညစ်အရောင် စက္ကူစတစ်ခုကို တွေ့ရသည်။

သူကြီး ဦးပါ အုပ်ချုပ်ရသော ဒီရွာလေးမှာ နယ်စပ်ရွာလေးတစ်ခုပင် ဒီရွာလေးမှာ

အိမ်ခြေနှစ်ရာကျော်ရှိပြီး လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားကြသူများဖြစ်သည်။

ယခင်ကတော့ အေးဆေးတည်ငြိမ်ခဲ့ပေမယ့်…ယခုတော့ တိုင်းရင်းသားလက်နက်ကိုင်

လူမျိုးစုတို့၏ ဘေးရန်ကို စိုးရိမ်ကြောင့်ကြနေရ၏။ သို့အတွက် ရွာလေး၏ မြောက်ဘက်

နယ်စပ်တစ်နေရာတွင် စစ်တပ်တစ်ခု တပ်စွဲထားလေသည်။ နယ်စပ်ဆိုသော်လည်း

အခြားနိုင်ငံတစ်ခုနှင့် ဆက်စပ်နေသော နယ်စပ်ရွာမဟုတ်ချေ။ ပြည်နယ်နှင့်တိုင်းတစ်ခုတို့၏

နယ်စပ်ရွာလေးပင်။ သူကြီးဦးပါဟုခေါ်ဆိုသော်လည်း အမှန်က သူကြီးခေတ်မဟုတ်

တော့ပေ။ သို့သော်ရွာလူထုကတော့ သူ့ကို သူကြီးဟုခေါ်ဝေါ်သမုတ်နေကြဆဲ…။

ဒါကလည်း အကြောင်းရှိပေသည် အဘိုးရော အဖေပါ ဒီရွာလေး၏ သူကြီးများဖြစ်ခဲ့သည်

မဟုတ်လား…. ခုတော့ ဦးပါသည်လည်း အဘိုး အဖေတို့နည်းတူ ရွာလေး၏ ခေါင်းဆောင်

ဆိုတော့ သူတို့တွေက သူကြီးဟုပင်ခေါ်ဆိုကြသည်။ ရွာလေး၏ မြောက်ဘက်တွင် စစ်တပ်

ရှိနေသကဲ့သို့ ရွာလယ်တွင် ရဲစခန်းတစ်ခုရှိ၏။ ရွာလေးကတော့ အရင်ငြိမ်းချမ်းသာယာ

လှပပြီး စိတ်ထားရိုးသားဖြူစင်သူတွေမို့ လာဘူးကြသူတိုင်း နောက်တစ်ခါ မလာရ မနေနိုင်

ဆိုသလိုဖြစ်ကြသော်လည်း ယခုအချိန်တွင်မူ လာရမှာပင်စိုးရွံ့နေကြပေလိမ့်မည်။

တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်နှင့် အစိုးရတပ်ကြားတွင်ပစ်ခတ်မှုများ ပေါ်တာဆွဲမှုများ

စုဆောင်းရေးဆွဲမှုများ ဗုံးများပေါက်ကွဲမှုများကြောင့် ရွာခံလူတို့ပင် ကျီးလန့်စာစားဘဝကဲ့သို့

ဖြစ်နေကြ၏။ ဒီအခြေအနေ ဒီအချိန်အခါမှာမှ သူကြီးဖြစ်သူဦးပါလက်ထဲသို့ စာတစ်စောင်

ရောက်ရှိလာပေသည်….။ အဘယ်သို့သောစာ ဦးပါလက်ထဲသို့ ရောက်လာပါသနည်း။

မည်သည့်နည်းဖြင့်ရောက်လာသနည်း။ မနက်စောစော ဦးပါ အိပ်ရာမှအထ သူကိုယ်

လက်သန့်စင်ပြီးထိုင်နေကျ စားပွဲပေါ်မှာ အခန့်သားနေရာယူပြီးရောက်နေခဲ့တာပါ။

စာထဲမှာရေးထားတာက “မနက်ဖြန်ညနေ ၆နာရီအချိန် လူတစ်ယောက် အထုပ်

နှစ်ထုပ်ဖြင့် ရွာကိုဖြတ်မည် အထုပ်တစ်ထုပ်ထဲမှာ ငှက်ပျောသီးများပါပြီး အထုပ်

တစ်ထုပ်ထဲမှာ နာနတ်သီးပါမည်…။ သတိထားစောင့်ကြည့်ပါ”ဟူ၍ပင်……။

ဒီစာကြောင့် သူကြီးဦးပါယောက်ယက်ခတ်နေသည် တွေးနေရသည်..စဉ်းစားနေရသည်။

ဦးပါ အတွေးထဲနစ်မျောနေတုန်း …ပြည်သူ့စစ်ခေါင်းဆောင် လှိုင်တင့်ရောက်လာသည်..။

သူကြီးစာကိုပြပြီး မည်သို့လုပ်ရမည်နည်းဟု နှစ်ယောက်သားခေါင်းချင်းဆိုင်ဆွေးနွေး

ကြ၏..။အဖြေကရှာမရချေ…။နောက်ဆုံးနှစ်ယောက်သား စာကိုစခန်းသို့ယူသွားပြီး

စခန်းမှူးနှင့်တိုင်ပင်မိကြလေတော့သည်။ သုံးယောက်ပေါင်းလိုက်တော့

စာပါအဓိပ္ပါယ်ကို ရေးရေးဖော်ထုတ်မိကြချေပြီ။ ငှက်ပျောသီးဆိုတာ သေနတ်ကျည်တွေ

ဖြစ်ရမည်။ နာနတ်သီးဆိုတာက ဗုံးတွေဖြစ်ရမည်..။ဒါရန်သူကို လက်နက်ပေးပို့ထောက်ပံ့

မည့် ဆတ်သားဖြစ်ရမည်သို့မဟုတ်ရွာကိုတိုက်ခိုက်မည့်သူဖြစ်ရမည်ဟူ၍ပင်…သို့အတွက်

ရန်သူဆက်သားကိုဖမ်းရမည်…။

ဒါမှသူကြီးနှင့်စခန်းမှူး နာမည်ကောင်းရပေမည်…။

ထိုသို့ သူကြီးနှင့် စခန်းမှူးတိုင်ပင်ပြီးကြသည့်နောက် နောက်တစ်ရက်ညနေ

ခြောက်နာရီတွင် ရွာကိုကျော်ဖြတ်မည့် ရန်သူ့ဆက်သားကိုဖမ်းဆီးကြရန် အစီအစဉ်

ဆွဲကြလေတော့သည်။ စခန်းမှူး၊ သူကြီးဦးပါ၊ပြည်သူ့စစ်ခေါင်းဆောင်လှိုင်တင့် ပြီးတော့

ရဲတပ်သားသုံးယောက် စုပေါင်းအင်းအားခြောက်ယောက်ဖြင့် ရန်သူကိုဖမ်းရန် ရွာတောင်ဘက်ရှိ

 ရွာအဝင်ဝလမ်းမကြီးဘေးတွင် ချုံခိုစောင့်ကြည့်နေကြလေသည်။

ရွာထဲမှ ရွာသူရွာသားများ အထိတ်တလန့် မဖြစ်စေလို့သည့်အတွက် စခန်းမှူးရော

ရဲတပ်သားများပါ အရပ်ဝတ်အရပ်စားများဖြင့် လိုက်ပါလာကြသည်။

ညနေငါးနာရီခန့်ကပင် သူကြီးတို့အဖွဲ့ ထိုနေရာသို့ရောက်ရှိနေကြပေသည်။ ရွာ၏

အခြေအနေကြောင့် ညနေပိုင်းသို့ရောက်လာလျှင် ရွာသားများ အိမ်တွင်းမှအိမ်ပြင်သို့

မထွက်ကြတော့ချေ…။သို့အတွက် ရွာလမ်းမတစ်လျှောက် လူသူကင်းရှင်းနေလေ၏။

ခြောက်နာရီထိုးလုထိုးခင် အချိန်တွင် ရွာအဝင်ဝသို့ ပုဆိုးတိုတိုဝတ်ထားပြီး ဖျင်တိုက်ပုံ

အကြမ်းကို ကြယ်သီးမတပ်ပဲ ရင်ဘတ်ဟောင်းလောင်း တဘက်နွမ်းနွမ်းဖြင့် ခေါင်းပေါင်း

ထားသော အရပ်မတိုမရှည်လူတစ်ယောက်သည် အထုပ်နှစ်ထုပ်ကို ထမ်းပိုးတစ်ချောင်းဖြင့်

ထမ်းကာ ခပ်သုတ်သုတ်လာနေသည်ကိုမြင်ကြရတော့သည်။ သူကြီးမှ ဘေးတွင်ရှိနေသော

လူစုကို မျက်ရိပ်ပြပြီး အသင့်အနေအထားနေကြရန် အချက်ပေးလိုက်သည်။

အထုပ်ထမ်းလာသောလူမှာ ဘေးဘီကို သတိထားမိဟန်မတူပဲ မပြေးရုံတမယ်လျှောက်လာ

နေပေသည်။ သူကြီးတို့ ပုန်းအောင်းနေသောချုံနားသို့ အရောက် သူကြီးထံမှ အောင်မြင်

ခန့်ငြားသော အသံတစ်ခုထွက်လာ၏။ “ဟေ့ကောင်…ရပ်လိုက်စမ်း…ပြီးရင်…မင်းပါလာတဲ့

အထုပ်နှစ်ထုပ် အောက်ကိုချလိုက်” ဟူသောအသံပင်……

ခရီးသည် အထုပ်ထမ်းလာသူမှာ အသံကြောင့် တုန်လှုပ်သွားသယောင်ရှိပြီး ….

ဘာမှပြန်ပြောခြင်းမရှိပဲ ..သူ့ပခုံးပေါ်မှ အထုပ်ကို မြေပေါ်သို့ ဘုတ်ခနဲ မြည်အောင်

ပစ်ချပြီး ပါးစပ်မှလည်း အသံဩကြီးဖြင့် “ ဒမြဗျို့…ဒမြဗျို့….ကယ်ကြပါဦး….ဒီမှာ

ဒမြတိုက်နေလို့ပါဗျို့ ..” ဟုအော်လည်းအော် ပြေးလည်းပြေးတော့သည်…။

သူကြီးနှင့်အဖွဲ့မှာလည်း ထိုသူနောက်မှ ထပ်ကြပ်မကွာလိုက်ကြလေတော့သည်။

ဒမြဟူသောအသံကြောင့် ရွာထဲမှ လူများမှာ အိမ်တံခါးများကို အလျင်အမြန်ပိတ်လိုက်

ကြ၏။ အထုပ်ထမ်းလာသူမှာ ရွာတောင်ဘက်မှ လမ်းမအတိုင်း ရွာမြောက်ဘက်သို့

ပြေးလေသည်..။ သူကြီးနှင့်အဖွဲ့မှာလည်း နောက်မှ ထပ်ကြပ်မကွာလိုက်လာကြ၏။

စခန်းမှူးမှာ ခြောက်လုံးပြူးကိုင်လျှက်၊ သူကြီးကတော့ သူ၏လက်စွဲတော် နှစ်လုံးပြူး

သေနတ်ကြီးကိုကိုင်လျှက် ပြည်သူ့စစ်ခေါင်းဆောင်မှာ ငှက်ကြီးတောင်ဓားကြီးကိုင်လျှက်၊

ရဲတပ်သားများမှာလည်းသေနတ်ကိုယ်စီကိုင်ကာ

ပြေးလိုက်ကြလေတော့သည်..။ အထုပ်ထမ်းလာသူမှာ ပြေးတာကိုလည်း မရပ်

ပါးစပ်မှ “ဒမြ..ဒမြ..ဒမြဗျို့..”ဟူသော အော်သံကိုလည်း မရပ်ပဲ ရွာမြောက်ဘက်

စစ်တပ်ရှိရာသို့ အတင်းပြေးနေတော့သည်…။ ပြေးရင်း…ပြေးးးရင်းးးပြေးးးရင်းးးဖြင့်

ရွာမြောက်ဘက် စစ်တပ်ရှိရာသို့ ရောက်လေသောအခါ……

“ဟေ့လူတွေ..ရပ်စမ်း…” ဟူသော အသံနှင့်အတူ သေနတ်မောင်းထိုးသံများကို ကြား

လိုက်ရသည်..။ တစ်ဆက်တည်းမှာပင် “မင်းတို့ လက်နက်တွေချပြီး …လက်မြောက်

ထားလိုက် ..ပြောတဲ့အတိုင်းလုပ်နော်..မလုပ်ရင်တကယ်ပစ်မှာ..” ဟူသော အမိန့်

ပေးသံကို ကြားလိုက်ရသည်…။ အမိန့်ပေးသံနှင့်အတူ အထုပ်ထမ်းလာသူကိုရော

သူကြီးတို့ အဖွဲ့ကိုပါ ဝိုင်းရံထားလိုက်သည်။ အခြားသူတွေဟုတ်ရိုးလား

စစ်သားတွေပင်…။ သူကြီးမှ “ကျုပ်တို့..ကျုပ်တို့..ဒီရွာက သူကြီးအဖွဲ့ပါ….ဒီလူ..

ဒီလူက စခန်းမှူးပါ…သတင်းရထားလို့ ကျုပ်တို့ ..ကျုပ်တို့ … ရန်သူကို ဖမ်းတာပါ..

အဲ့တာ ရန်သူက ကျုပ်တို့ကို ဒမြလို့ အော်ပြီးပြေးလို့ လိုက်ဖမ်းတာပါ…”ဟု

အထစ်ထစ် အငေါ့ငေါ့ ရှင်းပြနေ၏။ တပ်ရင်းမှူး ဖြစ်ဟန်တူသူက “ခင်းဗျားတို့ကို

ရှင်းပြခိုင်းနေတာမဟုတ်ဘူး..ပါလာတဲ့ လက်နက်တွေချပြီး ..လက်မြောက်ခိုင်းနေတာ..

စခန်းမှူးဆိုလည်း ဘာလို့ ယူနီဖောင်းမဝတ်ထားတာလဲ..ပြောနေကြာတယ်ဗျာ…

လက်နက်တွေချမလားးး မချဘူးလားးးးး ပြောတာကို မနာခံရင် ကျုပ်တို့ အဆိုးမဆိုနဲ့နော်”

ဟုပြောပြန်၏။ စခန်းမှူးကြီးကလည်း“ဟုတ်ပါတယ်…တပ်ရင်းမှူးကြီးရယ်..ကျုပ်ကစခန်းမှူးပါ

သတင်းရလို့ ရန်သူကိုစောင့်ဖမ်းကြတာပါ”ဟု ထပ်မံရှင်းပြနေ၏။

“မလိုချင်ဘူး ..ခင်ဗျားတို့ဟာ ခင်ဗျားတို့ဘာကြီးဖြစ်နေနေ လက်နက်အရင်ချပါ” ဟုခပ်ပြတ်ပြတ်

ပြော၏။ သူကြီးလက်မှ နှစ်လုံးပြူးသေနတ်မြေပေါ်သို့ ချရလေပြီ..။စခန်းမှူးနှင့် ရဲတပ်သားများ

လည်းထိုနည်းတူစွာပင်…လက်နက်များကိုမြေပေါ်သို့ချ…။လက်များကိုခေါင်းပေါ်တင်ကာ

နေနေကြရလေပြီ..။ခေါင်းမာနေသူက ပြည်သူ့စစ်ခေါင်းဆောင် လှိုင်တင့်…

သူ့လက်မှ ငှက်ကြီးတောင်ဓါးကို ကိုင်စွဲမြဲ ကိုင်ဆွဲထားသည်။ တပ်ရင်းမှူးမှ

“ဟိုလူ ခင်ဗျားလက်ထဲက ဓါးကို အောက်ချလိုက်ပါ..” ဟုပြော၏။

သို့သော် လှိုင်တင့်မှာ တုပ်တုပ်မျှမလှုပ်ချေ။ ကြာရင် အခြေအနေတွေ ရှုပ်ထွေးလာ

နိုင်ပေသည်။ ထို့ကြောင့် သူကြီးဦးပါမှ“ ငါတူ လှိုင်တင့်ရယ် ဦးတောင်းပန်ပါတယ်ကွယ်

ငါ့တူလက်နက်ချလိုက်ပါကွယ်နော်…ဦးတောင်းပန်းပါတယ်….”ဟု ငိုသံပါကြီးနှင့်ပြောမှ

လက်ထဲမှဓါးကို မြေပေါ်သို့ ပစ်ချလိုက်၏။ ပြီးနောက်သူကြီးမှ အဖြစ်အပျက်အလုံးစုံကို

ရှင်းပြသော်လည်း တပ်ရင်းမှူးကြီးက မယုံကြည်နိုင်သေးသဖြင့် သူကြီးအပါဝင်

စခန်းမှူးကြီးပါမကျန် အထုပ်ထမ်းလာသူပစ်ချခဲ့သော နေရာသို့ သွားရောက်ကာ

စစ်ဆေးကြည့်ရှု့ကြလေသည်…။ထိုနေရာသို့ ရောက်အောင်သူကြီး အပါအဝင်

စခန်းမှူး ရဲတပ်သား ပြည်သူ့စစ်ခေါင်းဆောင်လှိုင်တင့်တို့ လက်ကလေးတွေကို

ခေါင်းပေါ်တင်ပြီး ရှေ့မှငိုက်စိုက် ငိုက်စိုက်ဖြင့် သွားကြရလေသည်..။

တော်ပေသေးသည် ညမိုးချုပ်နေပြီမို့ တစ်ရွာလုံးငြိမ်သက်နေကြချေပြီ…။

အခင်းစတင်ရာနေရာသို့ ရောက်လျှင် အထုပ်နှစ်ထုပ်မှာ စည်းနှောင်ထားသော

ဝါးနှီးကြိုးများပြေလျှော့နေပြီမို့ အိပ်အတွင်းမှ ငှက်ပျောသီးများနှင့် နာနတ်သီးများမှာ

ထွက်ကျနေလေတော့သည်။ သူကြီးနှင့် စခန်းမှူးအပါအဝင် အားလုံးမှာ အံ့ဩမှင်တက်စွာ

“ဟာ” ဟုသာ အသံထွက်နိုင်ကြပေတော့သည်..။

အထုပ်ထမ်းလာသူမှာ အောင်နိုင်သူအပြုံးဖြင့် ညအမှောင်ထဲဝယ် တစ်ယောက်တည်း

ကြိတ်ပြုံးနေလေတော့သည်..။

အကယ်၍များ ဒီအစီအစဉ်ကို ဘယ်သူစီစဉ်ခဲ့သည်ဆိုတာ သိလျှင် သူကြီးနှင့် စခန်းမှူး

သူ့အပေါ် ဘယ်လိုအပြစ်ဒဏ်များချမှတ်လိမ့်မလဲဟူသောအတွေးနှင့် လူတွေအပေါ်မှာ

အာဏာပြနေတတ်သော သူကြီး စခန်းမှူးများ လက်မြောက်ကာ ရွာမြောက်ဘက်မှ

ရွာတောင်ဘက်သို့ လမ်းလျှောက်လိုက်ရသည်ကို ရွာသားတွေသိကြရင် ဘယ်လိုပြော

ကြမလဲဟူသော အတွေးတွေနှင့်ပေါ့….။

5 comments

  • windtalker

    May 9, 2012 at 11:40 pm

    ကျုပ်တို့ ဂေဇက် ရွာသဂျီး နဲ့ နာမည် ၁လုံးဘဲ ရှိပုံချင်း တူသဗျား ဟီဟိ

  • kotun winlatt

    May 9, 2012 at 11:49 pm

    အမယ်ငီးးးးကျုပ်တို့ ဂေဇက်ရွာသဂျီးးကိုတော့
    ရေးရဲပေါင်ဗျာ…
    ခုသဂျီးးးက သပ်သပ်ပါနော်…ရောသမပြီးးးမမွေလိုက်ပါနဲ့
    ကိုမွေ အဲ့…အဲလေ..ကိုပေ..ရ…
    အာ..ဟိ….။

  • kyeemite

    May 10, 2012 at 1:08 pm

    ဝတ္ထုလေးက ဖတ်လို့ကောင်းပါ့ဗျာ..
    ဇတ်သိမ်းလေးလဲလှပါ၏။

  • kotun winlatt

    May 10, 2012 at 5:11 pm

    ဟုတ်ကဲ့ပါ..ကိုကြီးမိုက်ရေ..
    လာဖတ်ပေးတာ ကျေးဇူးတင်ကြောင်းပါ ခင်ဗျာ…
    ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်…။

  • ကိုထွန်းဝင်းလတ်ရေ. ဘယ်သူ ့လက်ချက်တုန်းဗျ။
    ဓမြလို ့အော်ပြေးတဲ့ လူ ဉာဏ်ဆင်တာနေမှာလို ့ထင်
    တယ်ဗျ

Leave a Reply