ကျနော်တောသားစိတ်ပြေလက်ပျောက် ခရီးသွားလိုက်တာ တစ်လကြာသွားသဗျာ…

ဘယ်တွေရောက်ခဲ့ပါသလဲဆိုတာ သိချင်ကြမလားပဲ…..

ပြောပြချင်တယ်ဗျာ…. ရောက်ခဲ့တဲ့နေရာလေးတွေအကြောင်း တွေ့ခဲ့ရတဲ့သူငယ်ချင်းတွေ

အကြောင်း အစုံပေါ့… ဒါပေမယ့်လည်း ကျနော်ဖတ်ကောင်းအောင်ရေးနိုင်ပါ့မလားလို့လည်း

တွေးနေမိတယ်…. ဘာပဲဖြစ်ဖြစ် အမှတ်တရခရီးစဉ်အကြောင်း သူငယ်ချင်းတွေအကြောင်း

ရေးပါရပါစေ…။

ကျနော်ရွာကနေ မန္တလေးရွှေမြို့တော်ကြီးဆီ မီးရထားကြီးစီးပြီးသွားခဲ့တာပေါ့ဗျာ…။

မီးရထားစီးရတဲ့ဒုက္ခဆိုပြီး စာတစ်ပုဒ်လောက်ကောင်းကောင်းရေးလို့ရပေမယ့် …

မရေးတော့ပါဘူး…။ထားလိုက်ကြပါစို့ ….

ဒီလိုနဲ့ ကျနော်မန္တလေးရွှေမြို့တော်ကြီးဆီရောက်လာခဲ့တယ်ပေါ့….

အရိုးရေးပြီးဆင်ပေါက်ဆိုတဲ့ သီချင်းထဲက ရွှေခြေကျင်းနဲ့မန္တလေးသီချင်းလေးကို

ညာဉ်းလိုက်မိသေးရဲ့ ….တကယ်ကျတော့ ရွှေခြေကျင်းနဲ့ မန္တလေးမဟုတ်ဘူးပဲဗျ…

စကတ်တိုတို ဘောင်းဘီတိုတိုနဲ့ မန္တလေးပါ….

ရောက်ရောက်ခြင်းနေ့မှာပဲ ရွှေမန္တလေးသား လေးပေါက်ဆီဖုန်းဆက်လိုက်တော့ တိုက်တိုက်

ဆိုင်ဆိုင် လေးပေါက်နဲ့အတူ ကိုစိန်သော့ ကိုဖရဲပြီးတော့ လေးပေါက်တူမလေးတို့ မန္တလေး

နဲ့ တော်တော်လေးလှမ်းတဲ့ ရဲရွာသွားတဲ့ လမ်းက ဒီးဒုတ်ရေတံခွန်ဆီကို ဓာတ်ပုံရိုက်ထွက်ကြမယ်

ပြောသဗျ… ကျနော်ကိုလည်း အချိန်ရရင် လိုက်ခဲ့ပေါ့လို့ ခေါ်တဲ့အတွက် ကျနော်လည်း

လိုက်သွားခဲ့သပေါ့… ကျနော့်ကိုလာကြိုသူကတော့ ကိုဖရဲပါ…ကိုဖရဲဆိုလို့ ခင်ဗျားတို့တွေ

သူ့ကို နီနီရဲရဲကြီးလို့ မထင်ပါနဲ့နော်..သူက ဖြူဖြူဖွေးဖွေးကြီးပါ။(မှတ်ချက်။အသားအရေ)

အသက်ကလည်း နှစ်ဆယ်ကျော်လောက်ပဲရှိပါလိမ့်ဦးမယ်။ ကျနော့်နဲ့ သူ ဆိုင်ကယ်နဲ့

လေးပေါက်တို့ရှိရာဆီထွက်လာခဲ့တာပေါ့…။လေးပေါက်ကို ကျနော်အသက်ဒီလောက်ကြီး

မယ်လို့ မထင်ထားမိပါဘူး။အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူးဆိုတဲ့စကားကိုတော့

လေးပေါက်နဲ့တွေ့မှပဲ မှန်ကန်နေကြောင်း သိရသဗျာ…။လူငယ်တွေလောက်မက

ဖျတ်လတ်သွက်လက်နေပုံများ ကျနော်တောင် ငေးနေရတယ်…..။ လေးပေါက်တို့

စောင့်နေတဲ့နေရာ ရောက်တော့ လေးပေါက်မိတ်ဆက်ပေးလို့ ကိုစိန်သော့နဲ့

တွေ့ရပါတယ်..ကိုစိန်သော့ဆိုတဲ့ လူကိုလည်း အထင်းမသေးနဲ့ဗျ….

လူကပိန်ပိန် ဘာကြောင့်ပိန်သလဲဆိုတာရော မသိချင်ကြဘူးလားဗျာ…(ဟဲ..ဟဲ..)

သူက စကားပြောအလွန်ကောင်းတာကိုးဗျ..အဲ့တော့ လေကုန်များပြီး ပိန်နေတာ

ပါ…။ကျနော်ရောက်တော့ မထွက်ဖြစ်ကြသေးပဲ..လေးပေါက်က ဖုန်းဆက်နေပါတယ်…

ဖုန်းကလည်း လေးပေါက်ဆီ ခဏခဏ၀င်နေပါတယ်…ကျနော်တို့ ထွက်ကြမယ်ပြင်တော့

အရပ်ရှည်ရှည် အသားဖြူဖြူ လူတစ်ယောက်ရောက်လာပြီး လေးပေါက်နဲ့ ကိုစိန်သော့တို့က

နှုတ်ဆက်ကြပါတယ်ခင်ဗျ..ကျနော် အဲ့လူကြီးကို မြင်ဘူးနေတယ်..ဘယ်နေရာမှာမြင်ဘူး

မှန်းတော့ သေချာမသိဘူးးးကျနော်ဒီလူကိုသိတယ်ပေါ့..တွေးနေမိတယ်…

ခဏလောက်ကြာမှ ကျနော်မှတ်မိသွားတယ်…သြော်..ဆရာကျော်ရင်မြင့်ဖြစ်နေတာကိုးဗျ..

ကျနော်မသေချာမှာစိုး “ဆရာကျော်ရင်မြင့် မဟုတ်လားဗျ..”လို့မေးတော့ လေးပေါက်နဲ့

ကိုစိန်သော့တို့က “ဟုတ်ပါတယ်…သိလို့လားလို့..”မေးတာပေါ့..ကျနော်လည်း“ဟုတ်ကဲ့..

စာပေဟောပြောပွဲတွေမှာ ကြည့်ဘူးမြင်ဘူးတာ”လို့ပြန်ဖြေရတယ်…

ဟုတ်တယ်လေ…ဆရာပြောတဲ့ စာပေဟောပြောပွဲတွေထဲက သူကြီးပုံပြင်တွေကို

ကျနော်အရမ်းသဘောကျတာကိုးး…

ဆရာကလေးပေါက်ရဲ့ ဓာတ်ပုံတွေကောင်းကြောင်းချီးကျူးသဗျ..ပြီးတော့ ကိုပေါက်က

ကင်မရာအသေးလေးနဲ့ ရိုက်တာနော်..လို့လည်းမေးသေးတယ်…

ဆရာရဲ့ ရုံးခန်းထဲဝင်ပြီး စကားခဏပြောကြတာပေါ့..ပြီးမှ ဆရာက အားလုံးကို

လဘက်ရည်ဆိုင်ခေါ်သွားပြီး လဘက်ရည်သောက်ကြပါတယ်…

လဘက်ရည်ဆိုင်ကို ကျနော်မသိတဲ့ လူနှစ်ယောက်လည်းပါလာပါသေးတယ်..

သူတို့တွေလည်း စာရေးဆရာတွေပဲထင်ပါရဲ့.. (လေးပေါက်နဲ့ ကိုစိန်သော့ရေ

အဲ့လူတွေ နာမည်သိရင်ပြောပြဦးနော်..) စာရေးဆရာတိုက်တဲ့ လဘက်ရည်ကို

ကျနော့်ဘ၀မှာ ပထမဆုံးသောက်ဘူးလိုက်တာဖြစ်သလို စာရေးဆရာဆိုတဲ့လူမျိုးကို

အပြင်မှာ ပထမဆုံးတွေ့ဘူးလိုက်တာပါ….အဲ့ဒီအတွက် ကျေးဇူးတင်မိပါတယ်…

ဒီလိုနဲ့ပေါ့ မန္တလေးပြင်ဦးလွင်သွားတဲ့ လမ်းမကြီးဆီကို ဆိုင်ကယ်သုံးစီး လူငါးယောက်

ထွက်ခွာလာကြသပေါ့…။ ဖရဲရဲ့ ဆိုင်ကယ်က ဂျာလင်းစူပါကပ်လေးပါ…။

သူကလည်း ဆိုင်ကယ်ကို လီဗာအသားကုန်တင်တော့ နောက်က ထိုင်လိုက်ရတဲ့

ကျနော် မျက်လုံးနှစ်လုံးပိတ်ထားရတဲ့အပြင် နောက်ခုံက ဆိုင်ကယ်အရှိန်ကြောင့်

ခါနေတာမို့ နောက်ကနေလိုက်စီးရတဲ့သူ ဖင်တုန်တာပေါ့ဗျာ..။(ဖင်တုန်တယ်ဆိုတာ…

ကြောက်လို့မဟုတ်ရပါ…တကယ်ကို တုန်တာပါ…တုန်ရုံမကပါဘူး…ကျင်လာသလိုကို

ခံစားရတာပါ…)မယုံကြည်သူများ မန္တလေးရောက်ခဲ့သည်ရှိသော် ဖရဲ၏နောက်မှ ဆိုင်ကယ်

လိုက်စီးကြည့်ကြပါ…။သူကလည်းကျနော့်ကိုပြောရှာပါတယ်…သူအရှိန်လျော့မောင်းနေတာ

ပါဆိုပဲဗျာ….သူ့အရှိန်တာမလျော့ရင် ကျနော်ဖင်တော့ ကျဉ်စက်နဲ့အတို့ခံရတာထက်ဆိုး

မလားပဲ….။ လမ်းမကြီးကဖယ်ခွာပြီး ရဲရွာသို့ဆိုတဲ့ လမ်းပေါ်ရောက်တော့…

အလိုက်သိတဲ့ ကိုစိန်သော့က ဆိုင်ကယ်ရပ်ပြီး သူ့ဆိုင်ကယ်နောက်ကစီးဖို့ခေါ်ပါတယ်…

ကျနော်လည်း ဖရဲနောက်ကနေ ကိုစိန်သော့ဆိုင်ကယ်နောက်ရောက်ရတာပေါ့…

ကိုစိန်သော့က ဓာတ်ပုံတွေ အပီအပြင်ရိုက်ဖို့ ကင်မရာကို ကျောပိုးအိတ်နဲ့ကို လွယ်ယူလာ

တာဗျို့ .. (ဂီဂီ စကားနဲ့ဆို စိုင်ပစ်ဖို့ပေါ့..) အဲ့ကျောပိုးအိတ်ကို ကျနော်ကလွယ်ပီး နောက်

ကလိုက်ပေါ့..နေကပူတယ်ဗျာ…ကျနော်တို့ ရွာနဲ့မန္တလေးအပူချိန်က တော်တော်ကွာတယ်…

ကျနော်၊ဖရဲနဲ့ ကိုစိန်သော့တို့ လမ်းခွဲလေးမှာ လေးပေါက်နဲ့ သူ့တူမကိုခဏစောင့်ရပါတယ်…

လေးပေါက်တို့ရောက်လာမှ ဆက်ပြီးသွားလိုက်တာ ဒုဋ္ဌ၀တီမြစ်ဆိပ်သွားတဲ့လမ်းခွဲလေးကို

ဆင်းလိုက်ကြပါတယ်…လေးပေါက်အကြံက မြစ်ဆိပ်က စားသောက်ဆိုင်ကောင်းကောင်းမှာ

ကောင်းကောင်းစားကြမယ်ပေါ့..လမ်းမှာကတည်းက ဖရဲက ဗိုက်ဆာနေပြီဗျ..ဘယ်နေရာမှာများ

စားကြမလဲမသိဘူး ပြောနေပါတယ်…တကယ်မြစ်ဆိပ်ရောက်တော့…

ဘာဆိုင်မှမရှိပါဘူးးးး..အဲ့မှာကိုစိန်သော့က ဖရဲရေ ဘီယာကြိုက်သလောက်မှာ ကျသလောက်ရှင်းမယ်

လို့ နောက်နေသေးတယ်…ဒုဋ္ဌ၀တီမြစ်ရေကကြည်လိုက်တာဗျာ..ရေအောက်ကကျောက်စရစ်ခဲ

လေးတွေကို အတိုင်းသားမြင်နေရတာ…လေးပေါက်၊ ကိုစိန်သော့နဲ့ ဖရဲတို့ ဓာတ်ပုံတွေ

အပီဆွဲကြတော့တာပေါ့…ကမ်းမှာကပ်ထားတဲ့စက်လှေလေးကလည်းရှိနေသေးတော့..

ဖရဲတို့က စက်လှေဆရာဂိုက်ဖမ်းပြီး ဓာတ်ပုံရိုက်ခိုင်းလို့ ရိုက်ပေးလိုက်ကြသေးရဲ့….

ကျနော်တို့ ကမ်းဘေးမှာဓာတ်ပုံရိုက်ကောင်းနေကြတုန်း စက်လှေသမားလေးက

ရောက်လာပါတယ်….သူကတစ်ဘက်ကမ်းကို ကူးမှာမို့လိုက်ခဲ့ဖို့ခေါ်ပါတယ်…

ဒါပေမယ့် သူကမ်းကခွာဖို့ စက်ကိုနိုးတော့ စက်ကဖွတ်ချက်..ဖွတ်ချက်နဲ့ နိုးမရဘူး…

လေးပေါက်ကရီပြီး “ငါသိတယ်…အဲ့တာကြောင့် မလိုက်တာလို့..”စက်လှေဆရာကို

လှမ်းပြောနေးလိုက်သေး…စက်ကနိုးလို့ရသွားပြီး စက်လှေဆရာတစ်ဘက်ကမ်းကို

ထွက်သွားပါတယ်….

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။