တီချာဩအတွက် ကင်ပွန်းချဉ်ရွက်ဟင်း

koyin sithuMay 11, 20121min23714

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ မိန်းမ ကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ထိုမိန်းမကြီးမှာ ၎င်း၏လင်ယောကျာ်းရှိစဉ်က အခြေနှင့်အနေနှင့် အကျအန နေထိုင်ခဲ့သော်လည်း ၎င်း၏ယောကျာ်းဆုံးပြီ တစ်နှစ်အတွင်း၌ပင် စီးပွားဥစ္စာများ ပျက်စီးသွားရ ရှာလေ၏။ ထိုမိန်းမကြီးသည် အသက်အားဖြင့် ကျွန်ုပ်ထက် နှစ်နှစ်ခန့်ငယ်သည်။ သူ၏အမည်မှာ ဒေါ်ဩဟူ၍ဖြစ်၏။ သူသည်ငယ်စဉ်က ကျွန်ုပ်နှင့် ကျောင်းနေဖက်လည်း ဖြစ်ခဲ့ဖူး၏။ ၎င်းဒေါ်ဩသည် မည်သည့်အရာကိုမျှ နှစ်နှစ်ကာကာ ယုံကြည်သည်ဟူ၍ မရှိပေ။ လူတော်တော်များများ ယုံလေ့ရှိသော နတ်များ၊ ဘိုးတော်များကို သူမယုံပေ။ ထို့အတူ ငယ်စဉ်အခါက ကလေးဘာဝ သရဲအကြောင်း ပြောလျှင်လည်း မည်သည့်အခါမျှ နားထောင်လေ့မရှိပေ။ ထိုအရာများကိုလည်း မယုံပေ။ ထိုအရာများကို ယုံကြည်လေ့ရှိသော ကျွန်ုပ်နှင့် မတွေ့ သည်မှာ နှစ်အတန် ကြာပြီဖြစ်၏။ ယခု ကျွန်ုပ်ထံသို့ အလည်ရောက်လာခဲ့လေ၏။

ထို့ကြောင့် ကျွန်ုပ်က . . “ အလို . . ဘယ်သူများလဲ အောက်မေ့တယ်၊ တီချာဩကိုး . . ကျွန်တော်လည်း ခုနှစ်ဆယ်နား ကပ်နေပါပြီ ဘာများ သင်ကြား ပေးမလို့လဲ”ဟု ခပ်ငေါ့ငေါလေး နှုတ်ဆက်လိုက်ရာ . “ ဒီလို လုပ်ရအောင်ပါ၊ ဆရာကြီး သမားကြီး ဂိုက်မဖမ်းစမ်းပါနဲ့၊ ဟိုး အရင်ကလိုပဲ နင်နဲ့ ငါနဲ့ ပြောခွင့်ရှိတယ် ဆိုရင်တော့ ဆက်ပြီး စကားပြောတာပေါ့၊ ဒီလိုမဟုတ်ဘဲနဲ့ ရှင့်ကို ကျွန်မက ဆရာကြီးတို့၊ အဘတို့ ခေါ်ရမယ်ဆိုရင် ပြန်တာကောင်း မယ်ထင်တယ်” ဟု သူ၏အလိုကို ကြေညာလေ၏။ “ရပါတယ် လေဒီဩရယ် ခေါ်ချင်သလို ခေါ်ပါ။ အရင်အတိုင်း ပြောချင်သလို ပြောပါ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်း ဒေါ်ဩက . . “ အဲဒါ တော်တော်ကောင်းတဲ့ အချက်ပဲ၊ နင်ဟာ အရင်က အတိုင်းပါပဲ ဘယ်တော့မဆို နှိမ့်နှိမ့်ချချရှိပါတယ်၊ ဘဲရီးဂွတ်ဒ်” ဟု ပြောလေတော့၏။

“ ကဲ. . လုပ်စမ်းပါဦး လေဒီဩရဲ့၊ ကျုပ်က မနက်စာကျွေးရမယ်ဆိုတော့ ဘာတွေနဲ့များ စားချင်ပါသလဲ” ဟု ပြောလိုက်လျှင် ၎င်းက . . “နင်ရေးတဲ့ဟင်းတွေ ငါ ဖတ်ရပါတယ်ဟယ်၊ ထောပတ်တွေ၊ အုန်းနို့တွေ အမြဲပါ တယ်၊ အဲဒါတွေသာ စားရရင် အမြန်ဆုံး သွေးတိုးပြီး သေချင်သေ၊ ဒါမှမဟုတ်ရင် နှလုံးသွေးကြောပိတ်ပြီး သေ လိမ့်မယ်၊ အဲဒီတော့ ငါးနုသန်းကလေးကို အရည်နဲ့ချက်ဟယ်၊ ကင်ပွန်းချဉ်ရွက် ချဉ်ရည်လေးလည် ချက်၊ တို့စရာကတော့ဟယ် ငါးပိရည်ကောင်းကောင်းနဲ့ ကြက်သွန်ဖြူတို့မယ်” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် စီမံရလေတော့၏။ ကျွန်ုပ်အနေနှင့် ထမင်းဟင်းများ စီမံနေစဉ်အတွင်း ၎င်းဒေါ်ဩသည် ကျွန်ုပ်၏ခြံတွင်းသို့ လှည့်ပတ်ကြည့်ရှုလေ၏။ နှံ့အောင်ကြည့်ရှုပြီးနောက် ကျွန်ုပ်ထံသို့ ပြန်လာပြီးလျှင် . . “ ခြံထဲမှာလည်း အရုပ်တွေက များလှချည်လား၊ ဒါဟာ ဘာမှမဟုတ်ဘူး၊ နင့်အနေနဲ့ လူတွေကို အယုံသွင်းနေတာ၊ ဘိုးတော်ပုံတွေ မယ်တော်ပုံတွေတော့ ထားပါတော့၊ နင့်ဝတ္ထုထဲက ဇာလိုက်ပုံတွေလည်း ထုထားတယ်၊ ဒါတွေကို တို့က ဘယ်လို သဘောထားရမှာလဲ၊ နင့်ပုံလည်း ထုထားတယ်၊ ဘာသဘောလဲ” ဟု မေးလေတော့၏။

“ ဒီလို လေဒီဩရဲ့ ဒါတွေက လေဒီဩတို့ ယုံဖို့လုပ်တာ မဟုတ်ဘူး၊ ကျုပ်ဟာကျုပ် သဘောကျပြီး၊ ကျုပ်ဟာ ကျုပ်ယုံလို့ ထုထားတာ၊ ပြီးတော့ဗျာ . . . အလွန်ခေါင်တဲ့ တောကြီးထဲက ကျုပ်ပိုင်တဲ့ ခြံထဲမှာ ကျုပ်ထုချင်တဲ့ အရုပ်ထုမှာပေါ့၊ လေဒီဩရုပ်ကို ထုရမလား“ ဟု ကျွန်ုပ်ကပြောလိုက်ရာ ၎င်းက. . “ အမယ်လေး မလုပ်ပါနဲ့တော်၊ ကျုပ်ရုပ်တော့ မထုပါနဲ့ ဟိုဘက်က မနုစာရီမယ်တော်တို့ ဘာတို့နဲ့ ရောသွားပါဦးမယ်” ဟု ပြောလိုက်လေ၏။

ထို့နောက်တွင်ကား ကျွန်ုပ်သည် ဒေါ်ဩအား နံနက်စာ တည်ခင်းကျွေးမွေးလေ၏။ ဒေါ်ဩလည်း မြိန်ရှက်စွာ စား၏။ ထမင်းစားရင်းနှင့်လည်း စား၍ကောင်းကြောင်း ချီးကျူးလေ၏။ ထို့သို့ ချီးကျူးရုံမျှမက. . “ဒါမျိုးလေး တွေ လူတွေကို လူတွေကို ချက်ကျွေးစမ်းပါ၊ နင့်ဥစ္စာက အန္တရာယ်များမယ့် အစားအစာတွေကိုပဲ ချက်ကျွေးနေ တာ၊ အုန်းနို့တို့ ဘာတို့ဆိုတာ သွေးတိုးရှိတဲ့လူဆိုရင် တစ်ခါတည်း ပြီးသွားနိုင်တယ်ဟဲ့၊ အစားတစ်လုပ်နဲ့ ဇီဝိန် ပြုန်အောင်မလုပ်စမ်းပါနဲ့၊ လူဆိုတာ အသက်ရှင်တုန်း လူလို့ခေါ်တာဟဲ့၊ သေသွားရင် မသာလို့ခေါ်တယ် မဟုတ်လား၊ အဲဒီတော့ အသက်ရှင်ဖို့အရေးကြီးတယ်” ဟု ပြောလေ၏။

“ ကောင်းပါပြီ လေဒီဩရယ်” ဟု ကျွန်ုပ်က ပြောလေ၏။ ထို့နောက် ကျွန်ုပ်နှင့် ဒေါ်ဩတို့သည် ရှေးဟောင်းနှောင်းဖြစ်များ ထိုင်၍ ပြောဖြစ်ကြလေ၏။ ထိုသို့ ပြောရင်း . . “ ကျောင်းနေကတည်းက ကြည့်လာတာ လေဒီဩက ဘာမျှမယုံဘူးနော်၊ ယုံကြည်မှု အတော်နည်း တယ်” ဟု ကျွန်ုပ်ကပြောလိုက်ရာ. . “ အဲဒီလိုလည်း ဇွတ်ကြီးမပြောပါနဲ့ဟယ်၊ ယုံစရာရှိတော့လည်း ငါကယုံပါတယ်၊ ဘလိုင်းကြီး ဟိုဟာမယုံ၊ ဒီဟာမယုံ ဆိုတာမျိုးတော့ မဟုတ်ပါဘူး” ဟု ဒေါ်ဩက ပြန်၍ပြောလေ၏။

“အဲ ဒီလိုဆိုမေးမယ်ဗျာ၊ ယုံတယ်ဆိုတာနဲ့ ပတ်သက်လို့ လေဒီဩဘဝမှာ ဘယ်လို အမှတ်သညာများ ရှိပါသလဲ” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကျွန်ုပ်၏ သူငယ်ချင်း ဒေါ်ဩသည် မျက်စိပေါက်များ ပိတ်သွားသည် အထိ ရယ်မောလေ၏။ ကျေနပ်အောင်ရယ်ပြီးနောက် . .

ဒီလိုဟဲ့ . . ငါ့အကြောင်း မပြောတော့ဘူး၊ တိဗက်က လောကီပညာရှင် အချွန်အမွန်ကြီး တစ်ဦးရှိခဲ့ဖူးတယ်၊ ဆရာကြီး ဂုရုကြီးပေါ့ဟယ်၊ သူ့နာမည်က မိလာရေပလို့ခေါ်တယ်၊ တိဗက်မှာ နာမည်ကြီးခဲ့တဲ့ ဂါလဝံတို့၊ ဓူလဝံတို့နဲ့ တစ်တန်းထဲလောက်ပါပဲ၊ အဲဒီလို ဆရာကြီးမဖြစ်ခင်မှာ သူဟာ ဆရာတစ်ယောက်ဆီမှာ တပည့်ခံရတယ်၊ သူ့ရဲ့ဆရာက အမှန်ကတော့ ဘာမှ တန်ခိုးသိဒိ္ဓမရှိဘူး၊ သူက ရှိတယ်ထင်ပြီး တ ပည့်ခံနေတဲ့ တပည့်တွေက အများကြီးပဲကွယ့်၊ သူက အဲဒီတပည့်တွေထဲမှာ ဆရာပေါ်မှာ အယုံကြည်ဆုံး တပည့်တစ်ယောက်ပေါ့ကွယ်၊ ဆရာ့ရဲ့ ဝေယျာဝစ္စလည်း အလုပ်ဆုံးတပည့်ပဲ၊

အဲဒီတော့ ကျန်တဲ့တပည့်တွေက သူ့အပေါ်မှာ မျက်စိနောက်လာတယ်၊ အဲဒီတော့ ကျန်တဲ့တပည့်တွေက မိလာရေပကို ချောက်တွန်းကြတာပေါကွယ်၊ တစ်နေ့မှာတပည့်အုပ်စုဟာ တောင်စောင်းတစ်ခုကို ဖြတ်ပြီးခရီးသွားကြတယ်၊ အဲဒီအုပ်စုထဲမှာ မိလာရေပလည်း ပါတယ်ကွယ့်၊ တောင်ချောက်တစ်ခုလည်း ရောက်ရော တပည့်တစ်ယောက်က မိလာရေပကို “ ဟေ့. . . မိလာရေပ၊ မင်းဟာ ဆရာပေါ်မှာ သိပ်ပြီးယုံကြည်တဲ့သူပဲ၊ ဘာပြုလို့ အပင်ပန်းခံပြီးတောင်ကြောအတိုင်း လျှောက်နေမှာလဲ၊ ဆရာ့ကိုတ ပြီး ခုန်ချလိုက်ပေါ့၊ တို့ဆရာဟာ တန်ခိုးသိဒိ္ဓနဲ့ပြည့်ဝတဲ့ဆရာဆိုတာ မင်း ယုံတယ် မို့လား၊ ခုန်ချလိုက်လေကွာ” လို့ ပြောတယ်၊

အဲဒီအခါမှာ မိလာရေပက စဉ်းစားမနေတော့ဘဲ “ ဆရာသခင် ကယ် ပါ” လို့ တ ပြီး ချောက်ထဲကို ခုန်ချလိုက်တယ်၊ အမြင့်ကြီးနော်၊ အဲဒီမှာ ကျန်တဲ့တပည့်တွေက မိလာရေပအရူး တော့ အရိုးတခြား အသားတခြားဖြစ်သွားပါပြီ၊ ဆင်းကြည့်ဦးမှဆိုပြီး ချောက်ထဲကိုဆင်းကြည့်ကြတယ်၊ အဲဒီလို ဆင်းကြည့်တော့ မိလာရေပဟာ ဘာမှမဖြစ်ဘူး၊ တင်ပလ္လင်ခွေထိုင်နေတယ်၊ ကျန်တဲ့တပည့်တွေကို သူကတွေ့တော့ ပျော်ပျော်ရွှင်ရွှင်တောင် လှမ်းနှုတ်ဆက်လိုက်သေးတယ်။ “ ကျုပ်တို့ဆရာဟာ တကယ့်ကို အစွမ်းသိဒိ္ဓနဲ့ ပြည့်စုံတဲ့ဆရာ” လို့တောင် သူက ပြောလိုက်သေးတယ်၊

အဲဒီလိုနဲ့ပဲ နေလာလိုက်တာ တစ်နေ့မှာအိမ်တစ်လုံးကို မီးလောင်းတယ်၊ အဲဒီမှာ မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက်ဟာ ပိတ်မိနေတယ်၊ ဘယ်သူမှဝင်ပြီး မကယ်ရဲဘူး၊ ကယ်ရင်လည်း သေမှာပါပဲ၊ အဲဒီမှာ တပည့်တစ်ယောက်က “မိလာရေပရေ . . ဆရာကိုတပြီး မီးထဲဝင်ပြီး ဟိုသားအမိကို ကယ်ပါတော့” လို့ပြောတယ်၊ မိလာရေပကလည်း မဆိုင်းမကွတဲ “ဆရာကယ်ပါ” လို့ပြောပြီး မီးထဲ ပြေးဝင်သွားတယ်၊ သားအမိနှစ်ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်၊ သူဟာ ဘာမှမဖြစ်ဘူး၊ မီးပွားလေး တစ်ပွားတောင် သူ့ကိုယ်ပေါ်ကို မကျခဲ့ဘူး၊

အဲဒီမှာ မိလာရေပက ကျန်တဲ့တပည့်တွေကို “တို့ဆရာကြီးက တကယ်စွမ်း တာပါ” လို့ ပြောတယ်၊ အဲဒီလိုနဲ့ နေလာလိုက်တာ တပည့်အပေါင်းဟာ မြစ်ကြီးတစ်ခုကို ဖြတ်ကူးဖို့ အကြောင်းပေါ်လာတယ်၊ အဲဒီ့အထဲမှာ တပည့်တွေတင် မဟုတ်ဘူး၊ ဆရာကိုယ်တိုင် ပါနေတယ်၊ အဲဒီမှာ တပည့်တစ်ယောက်က မိလာရေပနားကို ကပ်ပြီးတော့ တိုးတိုးလေးပြောလိုက်တယ်၊ “လှေက သိပ်ကျပ်နေပြီကွာ၊ မင်းအနေနဲ့ မစီးပါနဲ့ တစ်ယောက်စာ ချောင်သွားရင်လည်း မနည်းဘူးပေါ့ကွာ၊ ဆရာ့ကိုတပြီး ရေပေါ် လမ်းလျှောက်သွားကွာ” လို့ ပြောတယ်၊ အဲဒီမှာ မိလာရေပက “ကောင်းပြီ၊ အဲဒီလိုပဲ လုပ်ရမှာပေါ့” လို့ ပြောပြီး ဆရာကိုတပြီး ရေပေါ်ကို လမ်းလျှောက်သွားတယ်၊ လှေပေါ်က လူတွေလည်း တအံ့တဩ ကြည့်နေကြတယ်၊ အဲဒီအထဲမှာ ဆရာကိုယ်တိုင်လည်းပါတယ်၊

အဲဒီအခါမှာ ဆရာလုပ်တဲ့လူက စိတ်ကြီးဝင်တော့တာပဲ၊ ဒီလောက် ရူးပေါပေါနိုင်လှတဲ့ မိလာရေပလိုကောင်တောင် ငါ့ကိုတပြီး ရေပေါ် လမ်းလျှောက်နိုင်ရင် ငါကိုယ်တိုင်က ဘာပြုလို့ ရေပေါ်လမ်းမလျှောက် နိုင်ရမှာလဲလို့ အတွေးပေါက်တာပဲ၊ အဲဒီလို အတွေးပေါက်တာနဲ့ တစ်ပြိုင်တည်း ဆရာဟာ ရေပေါ်လမ်းလျှောက်မယ် ဆိုပြီး လှေပေါ်ကနေ မြစ်ထဲကို ဆင်းတယ်ဟေ့၊ တစ်ခါတည်း စုန်းစုန်းမြုပ်သွားတော့တာပဲ၊ ပေါ်ကိုမလာတော့ဘူး၊

တိဗက်လောကီပညာ သမိုင်းမှာလည်း အဲဒီဆရာအကြောင်း ပြောသံမကြားတော့ပါဘူး၊ တကယ်ပြော နေကြတာ ကတော ဆရာကြီးမိလာရေပအ ကြောင်းပဲ၊ အဲဒီဆရာကြီး မိလာရေပကလည်း ဘာကိုပဲ ထူးထူးဆန်းဆန်းလုပ်လုပ် သူ့လောက်အစွမ်းသိဒိ္ဓမရှိလို့ ရေနစ်ပြီး မြစ်အောက်ကျသွားတဲ့ သူ့ဆရာကိုတ တပြီးလုပ်တော့တာပဲ၊ တစ်သက်လုံးဆိုပါတော့ကွယ်၊ မင်းမေးတဲ့ ယုံကြည်မှု ဆိုတာနဲ့ပတ်သက် လို့ ယုံကြည်မှုဆိုတာ ဒါပါပဲ၊ မင်းဘာသာ မင်းနားလည်ချင်သလို နားလည်နိုင်ခွင့်ရှိပါတယ်၊ ထမင်းကျွေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ပြန်ဦးမယ်ဟေ့. . ” ဟု ဆိုကာ ကျွန်ုပ်၏ စူထွက်နေသော ဝမ်းဗိုက်ကြီးကို လိမ်ဆွဲ၍ ထွက်သွားလေတော့ သတည်း။

သဗ္ဗေ သတ္တာ ကမ္မဿကာ
မင်းသိင်္ခ

14 comments

  • ကိုရင်စည်သူ

    May 11, 2012 at 9:40 pm

    အရူးကြီးကိုပီတာက ထမင်းလာစား ပုံပြင်ပြောပြတဲ့ ပုံစံမျိုးမဟုတ်ပဲ တီချယ်ဩက
    ထမင်းစား ပုံပြင်လာပြောပြတဲ့ ပုံစံမျိုးနဲ့ အဘရေးထားတာတွေ့လို့ ပြန်လည်
    တင်ပြပေးထားပါတယ်ခင်ဗျ… တခါတလေတော့ လူဆိုတာ ကိုယ်ယုံကြည်တာ
    လျှောက်လှမ်းတဲ့အခါ မှားတယ်ထင်ပေမဲ့လည်း အမှန်ဖြစ်နေတတ်သလို မှန်တယ်ထင်တာတွေ
    ဟာလည်း အမှားတွေဖြစ်လာတတ်ပါတယ်။
    ဒါနဲ့ စကားမစပ် ဟိုတလောတုန်းက ကျနော် ရေးတဲ့ မော်ဒန်ပို့စ်လေးမှာ ချစ်ခင်လေးစားရတဲ့
    မိတ်ဆွေများရဲ့ အထင်မှားခြင်းကို တက်တက်စင်အောင် ခံခဲ့ရပါတယ်…။ ကိုရင်စည့်ရဲ့
    အရေးမတတ်တော့ ဆဲသလိုဖြစ်ဆိုသလို လူ့သဘာဝကို ရေးပြီး ချပြချင်တဲ့ ပုံစံကတမျိုး နားလည်သွားကြတာက ပုံစံတမျိုးဖြစ်သွားမိပါတယ်။ အင်မတန် စိတ်မကောင်းဖြစ်မိပြီး
    ကိုယ့်ကိုယ်လည်း အပြစ်များစွာတင်နေမိပါတယ်။ Image ပိုင်းထိခိုက်သွားတဲ့ ချစ်ခင်ရတဲ့ ကိုယ့်အကိုကြီး ကိုလည်း တောင်းပန်တဲ့ စကားထက် ပိုတဲ့စကား ဘာပြောရမယ်တောင် မသိခဲ့ပါဘူးဗျာ။
    ရွာထဲမှာ ကိုယ့်ယုံကြည်ချက်နဲ့တောင် စာရေးဖို့ တော်တော်ခက်သွားပါတယ်။
    အင်တာနက်လည်း ပုံမှန်မသုံးနိုင်တာကြောင့် ထိုပို့စ်မှ အမှားများအတွက် ယခုပင်တခါတည်းပဲ
    လွန်တာရှိရင် ဝန်ဋာမိဟုသာ တောင်းပန်အပ်ပါသည်။

  • windtalker

    May 11, 2012 at 9:42 pm

    ဆရာမိလာစည်သူရေ ၊ ကျုပ်မောင်ငပေ မှာ အာလကေတွေအရမ်းအရမ်းလိုအပ်နေတယ်ဗျာ ။ ကဲ.. စာဖတ်ပြီးတော့ တမ်းတလိုက်ပြီနော…။ အမြန်ဆုံးသာ ဖြည့်ဆည်းပေးပေတော့ဘဲ ။ ဟီဟိ

  • ဗိုက်ကလေး

    May 12, 2012 at 4:41 pm

    ကိုရင် မိလာစည်သူရေ
    အဲတာ စိတ်စွမ်းအင်ကြောင့်လားဗျ..
    တားကို ရှင်းပြပါဦး..

    • windtalker

      May 12, 2012 at 6:24 pm

      ဆိတ်ရိုးကုလားပဲ
      ဆိတ်သားမဆလာနိုင်နိုင်နဲ ့ကုန်းဘောင်ကြီးကြော်
      ဆိတ်ရဲ ့ဥ ဖိုက်တင်းဘော
      အဲ့သုံးမျိုးနဲ ့ ၊ ဒီဂရီမှန် ၃ရက်နှပ် အရက်ဖြူ တစ်ခွက်လောက်သာ ကစ်လိုက်ရရင်တော့
      ဗိုက်လေး တစ်ယောက် ဆိတ်စွမ်းအားတွေ ရသွားမှာ အမှန်ဘဲ ။

      • ဗိုက်ကလေး

        May 12, 2012 at 6:35 pm

        ပဲ.ဟက်..ဟက်..ဟက်..

  • ဟိုက် တကယ်ကို ဦးဗိုက်တစ်ယောက်ဖြစ်သွားပါလေရောလား
    ကိုပေရေ။မိလာစည်သူ အစွမ်းထင်ပေါ့နော်။
    အကိုရေ. နောက်တာနော်။စိတ်မဆိုးကြေး။

  • htet way

    May 12, 2012 at 8:26 pm

    ဟေ့ဆရာ မတွေ့တာကြာပေါ့
    သင်္ဘောတက်နေပြီလား
    အိမ်ထောင်ကျနေပြီလား ဒါမှ မဟုတ် စိတ်ညှို့ ပညာ ကျင့်နေပြီလား သမထလား
    လား……………………………………….လား
    သတိရတယ်ဗျာ။

  • komingalar

    May 12, 2012 at 9:44 pm

    ငယ်ဘဝကိုသတိရလိုက်တာဗျာ
    ကျေးဇူးပါနော်

  • marblecommet

    May 13, 2012 at 7:25 pm

    ငါးပိရည်ချိုကောင်းကောင်း
    ကင်းပွန်ချဉ်ဟင်းချိုရယ်…
    သရက်သီးတို့စရာအခုအချိန်မှာ
    ကျုပ်အရမ်းစားချင်နေတယ်
    ထမင်းဆိုင်လစ်ပြီဗျာ.

    • ဗိုက်ကလေး

      May 13, 2012 at 7:31 pm

      သရက်သီးဆို ဆိုင်သီး မွှေးမွှေးလေးဗျ..
      ငါးပိရည်က ငါးအဖတ်လေးတွေ နွှင်ပြီးထည့်၊ငြုပ်သီးစိမ်းကြက်သွန်ဖြူ၊ နီ ထောင်းထည့်၊
      သီးစုံပဲကုလားဟင်း..ချဉ်ပေါင်ဟင်း…တစ်ခုခုနဲ ့
      ငါးကြော်ကြွပ်ကြွပ်လေးနဲ ့ ထမင်းပူပူလေး.အဟေး..အဟေး..ရှလွတ်..ရှလွတ်..

  • ကျနော်လဲကြွေးပါအုံး အူးဗိုက်ရ။ဒါပေမယ့် ကိုရင်စည်သူရေ အဘမင်းသိင်္ခမရှိတော့နောက်ပိုင်း
    အဲ့ ခြံကြီးထဲ ဘယ်သူတွေ ဘာတွေ ဆက်လုပ်နေကြပါလိမ့်

    • ဗိုက်ကလေး

      May 13, 2012 at 7:46 pm

      အူးလေးကိုင်စရာကလဲ..
      အူးလေးမိန်းမကို ချက်ခိုင်းပေါ့ဗျ..

      ခြံကြီးထဲ အဘမရှိတော့ပေမဲ့
      တပည့်တပန်းတွေ ပေါမှ ပေါပဲဆိုတော့ကား..
      တစ်ယောက် ပညာတစ်မျိုးစီနဲ ့ ဆက်လှုပ်ရှားနေမယ်ထင်တာပဲခင်ည

  • marblecommet

    May 13, 2012 at 10:12 pm

    အိုက်ဒီ ငါးပိရည်ထဲ ခရမ်းချဉ်သီး မီးကင်လေးပါ ထပ်ထည့် သိပ်မွှေးဗျာ……

  • ဦးဦးပါလေရာ

    May 13, 2012 at 11:51 pm

    ဒီထဲက ကော်မန့်တွေဖတ်ပြီး နဲနဲတောင် အံ့အားသင့်သွားတယ်။
    မှန်တာပြောရရင် ကျုပ်နဲ့ရင်းနှီးတဲ့ လူတွေထဲမှာ အမျိုးသားဖြစ်ပြီး ငပိရည်ကျိုကြိုက်တာ သိပ်မတွေ့ဘူးသလိုပဲ။ ကျုပ်သူငယ်ချင်းတွေထဲမှာဖြင့် ငပိရည်ကျိုကြိုက်တာ ကျုပ်တယောက်ပဲရှိတယ်။

    ဒီစာထဲက ဆရာကြီးရဲ့ အတွေးအခေါ်ကတော့ လေးနက်ပါတယ်
    နှစ်သက်စရာကောင်းပါတယ်…
    ယုံကြည်မှု့ကို ယုံသူအတွက် –
    ယုံကြည်မှု့ဆိုတာ အကျိုးရှိ အသုံးကျပါတယ်…။

Leave a Reply