ကျွန်တော်တို့ ဂေဇက်ရွာကြီးကို မကြာမကြာရောက်လာတတ်တဲ့..ဦးမိုးတိမ်. ဆိုတဲ့ အထန်းဈေးသည်ကြီးအကြောင်းကို ပြောချင်ပါတယ်။ အသက်အား ဖြင့် ၆၀-ကျော် ၇၀၀န်းကျင်ရှိနေပြီး တောင့်တောင့်တင်းတင်း သန်သန်မာမာ ရှိတဲ့ အထန်းဈေးသည်ကြီး ဦးမိုးတိမ်ဟာ ရွာမှာရှိတဲ့ဒန်အိုးဒန်ခွက်အဟောင်း တွေကို ပိဿာချိန်နဲ့ပြန်ဝယ်ယူပြီး…ဒန်အိုးဒန်ခွက် အသစ်တွေကိုလဲ ရောင်း ပါတယ်။ အဟောင်းနဲ့အသစ်လဲ အလဲအထပ်လုပ်ပါတယ်။ ဦးမိုးတိမ်ရဲ့ ဇာတိက တောမက..မြို့မကျ နယ်မြို့လေးတစ်မြို့ကလို့သိရပါတယ်။
ဦးမိုးတိမ်က ၀ါသနာနဲ့ ကျန်းမာရေးအတွက် ဗဟုသုတအတွက် ယခုလို အထမ်းသမားဈေးသည်ဘ၀ကို လုပ်နေပြီး…စားဝတ်နေရေး အတွက် မဖြစ် မနေလုပ်နေရတာတော့ မဟုတ်ဘူးလို့သိရပါတယ်။ သူနဲ့ သူ့မိ သားစု တွေရဲ့ ဘ၀ရပ်တည်မှုက ချောင်လည်ပြည့်စုံတယ်လို့လဲ သိရပါတယ်။ ဦးမိုးတိမ်ကိုယ်တိုင်ကလဲ ငါက ဒီအလုပ်မလုပ်ရရင် မနေတတ်တော့ဘူးကွ။ အထမ်းလေးနဲ့လျှောက်သွားနေတော့ ကျန်းမာရေးလဲ ကောင်း။ကိုယ်နဲ့ သိ တဲ့ရွာက မိတ်ဆွေတွေဆီကိုလဲ အလည်ရောက်ရ။ နယ်စုံကဘုရားပွဲကျောင်း ပွဲ စတဲ့ ပွဲတွေကိုလဲ ရောက်ရ။ ဗဟုသုတတွေလဲ အများကြီးရ။ ကိုယ့်ဝင်ငွေ လေးနဲ့ကိုမို့ စိတ်လဲချမ်းသာတယ်။ ဒန်အိုးဒန်ခွက်လိုနေသူတွေ အတွက် တော့ ငါဟာ ဈေးသည်ပေါ့ ။ အဟောင်းတွေပိုနေသူတွေအတွက်ကျတော့ ငါဟာ စည်ပင် သာ ယာပေါ့….ဟား…ဟား…ဟား..ဆိုပြီး နှစ်နှစ်ခြိုက်ခြိုက် ရယ်မော ပြောဆိုတတ်ပါတယ်။
ဂေဇက်ရွာသူရွာသားတွေကလဲ ဦးမိုးတိမ်ကို မသိသူမရှိသလို…ဦးမိုးတိမ်က လဲ ဂေဇက်ရွာက လူတွေကို အိမ်ထဲကုတ်နေတဲ့ ရွာခံလူကြီးတွေထက် ပို သိနိုင်ပါတယ်။ ဦးမိုးတိမ်ဟာ ဂေဇက်ရွာကိုရောက်ပြီ ဆိုရင်… သူကြီးအိမ်ကို သွား အကြောင်းပြု။…. ပြီးလျှင် ဘုန်းတော်ကြီး ကျောင်းကိုသွားဦးတိုက်ပါ တယ်။ ပြီးလျှင် ဘုန်းကြီးကျောင်းက ဇရပ်မှာ နေရာယူပြီး ရွာထဲလည်ချင် လည်။ ဆရာတော်နဲ့ စကားပြောချင်ပြော..ပေါ့ပေါ့ပါးပါးပါပဲ။ ညရောက်ပြီဆိုရင်တော့ ရွာလယ်က မန်ကျည်းပင်ကြီးအောက် အရောက် လာပြီး လူငယ် လူလတ်တွေနဲ့ စကားပြောလေ့ရှိပါတယ်။ ရွာက လူတွေက ဘကြီးမိုးလို့ခေါ်သူတွေရှိသလို ဦးကြီးမိုးလို့ လဲ ခေါ်သူတွေရှိပါတယ်။ ရွာမှာ အလှူပွဲ ကျောင်းပွဲ မင်္ဂလာဆောင်စတဲ့ကိစ္စတွေ မှာ ဦးမိုးတိမ်ရောက် ရောက် လာတတ်ပြီး ၀ိုင်းဝန်းကူညီညာလုပ်တတ်ပါ တယ်။ ဦးမိုးတိမ်လာရင်…ရွာက ကလေးများအတွက် ချော့ကလက် ချိုချဉ်းစတဲ့ ကလေးသရေစာများ ပါပါလာတတ်ပါတယ်။ လူကြီးများ အတွက်… ဆရာ တော် အတွက် ဆိုပြီးတော့ ပါလေ့ပါထ နည်းပါတယ်။ ဦးမိုးတိမ်ကြီးဟာ ဗဟုသုတ အလွန်ပြည့်စုံပြီး သဘောထားလဲ ပြည့်ဝတဲ့လူကြီး တစ်ယောက် အဖြစ် ဂေဇက်ရွာသားများကလက်ခံထားပါတယ်။
ဂေဇက်ရွာကို ဦးမိုးတိမ်ရောက်လာတဲ့ ညတွေမှာ ရွာလယ်မန်ကျည်းပင် အောက်ပိုပြီး လူစည်ကားတတ်ပါတယ်။ မသိတာကို မေးကြမြန်းကြ…. ဦးမိုးတိမ် ကြီးကလဲ မေးသူမရှိရင် သူရောက်ခဲ့တဲ့အရပ်တွေက အတွေ့ အကြုံတွေကို ပြောပြလေ့ရှိပါတယ်။ရွာက လူငယ်များကလဲ တလေး တစားနဲ့ နားထောင်ကြပါတယ်။တခါမှာတော့ လူငယ်တဦးက ဘကြီးမိုးကို ခုလိုမေးခဲ့ပါတယ်။
ဘကြီးမိုး..ကျွန်တော်တို့ရွာမြောက်ပိုင်းက ဒေါ်ကံယုံဆိုတဲ့ အမျိုးသမီးကြီးမှာ မျက်စိတစ်ဖက်နဲ့ ချေထောက်တစ်ဖက်မပါတဲ့ ကလေးလေးမွေးလာတယ်။ ကလေးလေး သနား စရာ ဗျာ အဲလိုဖြစ်တာ ဘာကြောင့်လဲ ဘကြီးမိုး….
အင်း…ဘာသာရေးရှုဒေါင့်ကပြောရင် ကိုယ်ယုံကြည်ရာ ကိုယ်ပြောကြမှာပဲ။ ဘုရားသခင်အလိုတော်ကြတို့…..အတိတ်ကံတို့….အဲလိုတွေပြောကြမှာပဲ။ သိပ္ပံအရပြောကြရင်တော့ ဒီကလေးစပြီးသန္ဓေတည်ရာ မိခင်ဝမ်းတွင်းက သားအိမ်မှာ အဆင်မပြေမှုတစ်ခုလို့ပဲ ပြောကြလိမ့်မယ်။ လက်ခံမှု ဆိုတာ က တော့ နားထောင်သူရဲ့ အသိအပေါ်မှာပဲ မူတည်လိမ့်မယ်။ ဘကြီးမိုးဖြင့် ဒီလိုပဲ ပြောတတ်မယ်။
….အဲလိုဆို ဘကြီးမိုးက ကံ ကို မယုံကြည်ဘူးလား။
….အေး ဘကြီးမိုးက ဗုဒ္ဓဘာသာပဲ။ ဗုဒ္ဓ၀ါဒကိုက ကမ္မဿကတာ သမ္မာဒိဋ္ဌိ ၀ါဒပဲ။ ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ…ကံ နဲ့ ကံရဲ့အကျိုးကို သိမြင်တဲ့ဝါဒ လို့ဆိုတယ်။ သမ္မာဒိဋ္ဌိ…ကိုမြန်မာပြန်ရင် ယုံကြည်မှုလို့ မဆိုဘူး။ အမှန်သိ မြင်မှုလို့ ဆိုတယ်။ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ မတူညီမှုဟာလဲ ဒါပဲလို့မြင်တယ်။ ဟိန္ဒူက ကံနဲ့ကံရဲ့အကျိုးကိုယုံတယ်။ ဗုဒ္ဓဘာသာက ကံနဲ့ကံရဲ့အကျိုးကို သမ္မာဒိဋ္ဌိဆိုတဲ့အတိုင်း သိမြင်ရမှာလို့ ဘကြီးမိုးတော့ ယူဆထားတယ်ကွဲ့။ သမ္မာဆိုတာက အမှန်အကန်လို့ဆိုတယ်။ ဒိဋ္ဌိဆိုတာက မြင်တာ။
ဒို့ဗုဒ္ဓဘာသာတွေက ပြောကြတယ်။ လှံထမ်းလာတာကိုသာ မြင်ရတယ်။ ကံထမ်းလာတာကို မမြင်ရဘူးတဲ့။ ဒီစကားဟာ ဗုဒ္ဓဘာသာရဲ့ စကားမဖြစ် သင့်ဘူး။ ကံကိုမှ မသိမမြင်ရင်… ကံကြောင့်ဖြစ်တဲ့အကျိုးကို ဘယ်လိုလုပ် သိမြင်လို့ရတော့မှာလဲ။ ကံနဲ့ ကံရဲ့ အကျိုးကိုမှ မမြင်တော့ဘူးဆိုရင် ကမ္မဿကတာသမ္မာဒိဋ္ဌိ ဆိုတာ ဘယ်လို ဖြစ်ရတော့မှာလဲ..ဒါက ဘကြီး မိုးရဲ့ ဝေဘန်သုံးသပ်ချက်ကိုပြောတာနော်။
“ဟုတ်ကဲ့ဘကြီးမိုး….
ဘကြီးမိုးတို့ ဘုရားက ယုံကြည်မှုကို လုံးဝအားမပေးဘူးလို့လဲ ဘကြီးမိုး ထင်တယ်။ မယုံကြဖို့ကိုပဲ သေသေချာချာ ကာလာမရွာသားတွေကို ပြောခဲ့ တယ်။ တဆင့်ကြားတွေ…မိရိုးဖလာတွေ..ကောလာဟလတွေ….စာအုပ်ထဲ ပါတာတွေ….ကြံဆချက်တွေ…ဆရာသမားပြောတာတွေ.. မယုံဖို့ကို သေ သေချာချာကိုပြောခဲ့တယ်။ တထစ်ချအမှန်လုပ်မရတဲ့အချက်တွေကိုထုတ်ပြ တဲ့အထဲမှာလဲ သဒ္ဓါ…ယုံကြည်မှုပါတယ်။ ဆိုလိုတာက သဒ္ဓါယုံကြည်မှုဟာ တထစ်ချအမှန်လုပ်မရဘူးဆိုပြီးလဲပြောခဲ့တယ်။
ကံ..ကိုမြင်မှ..ကံရဲ့အကျိုးကိုမြင်ရမှာ။ ယုံကြည်မှုနဲ့ သိမြင်မှုဟာ ဘာမှစပ် မရတဲ့ စကားတွေနော်။ အရှေ့နဲ့အနောက်။ တောင်နဲ့မြောက်ပဲ။ ယုံကြည်မှု ဟာသိမြင်မှုကို အနှောက်အယှက်ပေးတယ်လို့တောင် ဘကြီးမိုးခံယူတယ်။
သာဓက ပြရရင်တော့ ဗိမ္ဗိသာရ မင်းကြီး သူ့သားက ချေဖ၀ါးဓားနဲ့ခွဲပြီး သတ်ခဲ့တယ်။ အဲဒါကို လူတွေက ဟိုအရင်ဘ၀က ဘုရားပေါ်ဖိနပ်စီး လို့ ခံရတာလို့လဲ ယုံကြတယ်။ ယုံလိုက်တော့ ဘာမှ မစဉ်းစားကြတော့ဘူး။ ဘကြီးမိုးကတော့ သူတော်ကောင်းဘုရင်ကြီး.သားကိုသိပ်ချစ်တဲ့ ဘုရင်ကြီး ဘုရားနဲ့သိပ်ရင်နှီးတဲ့ဘုရင်ကြီးဘာကြောင့်ခုလိုဖြစ်တာလဲလို့ စဉ်းစားတယ်။ အတင်းရမ်းပြီး မယုံဘူး။ ဗိမ္ဗိသာရမင်းကြီးမိဘ၀တ္တရားပျက်ကွက်တာတွေ့ရ တယ်။ ဒေ၀ဒတ်နဲ့ပေါင်းတာကို မတားမြစ်ခဲ့ဘူး။ ဘုရားထံခဏခဏ သူ သွားပေမယ့် သူ့သားကိုခေါ်သွားတယ်လို့ မတွေ့ဖူးဘူး။ ဒါတွေဟာ မကောင်း တာကို တားမြစ်…ကောင်းတာညွှန်ပြရမယ်ဆိုတဲ့ မိဘ၀တ္တရား ပျက်ကွက် တာပဲ။
တကယ်လို့သာ ဗိမ္ဗိသာရ သူ့သားကို ဒေ၀ဒတ်နဲ့မပေါင်းဖို့တားမြစ်ခဲ့မယ်။ ဘုရားထံ အသွားခိုင်းခဲ့မယ်ဆိုရင် ဒီလိုဖြစ်ချင်မှဖြစ်မယ်လို့သုံးသပ်တယ်။
ဒါဟာ မယုံတဲ့အတွက် တွေ့မြင်လာတဲ့ အကြေင်းတရားပဲ။ယုံကြည်မှုနဲ့ တည်ဆောက်တဲ့အယူအဆတွေ ဘာသာရေးတွေဟာ မယုံစရာတွေ တွေ့ လာရင် ပျက်တော့တာပဲ။ ပြောင်းလဲတော့တာပဲ။ သိမြင်မှုနဲ့ တည်ဆောက် ထားတဲ့ အရာကြတော့ ဘယ်လိုမှ မပျက်စီး…မပြောင်းလဲ တော့ဘူးကွဲ့။
ဒို့..ဗုဒ္ဓဘာသာတွေက ဘာဖြစ်ဖြစ် ကံကြောင့်.ကံကြောင့်..လို့လုပ်ကြ တယ်။ ပြီးတော့ ကံထားရာနေ..ကံစေရာသွား..ဆိုပြီးလဲပြောကြတယ်။လူက ကံစီမံတဲ့အတိုင်းနေရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့်ကံကိုကောဘယ် သူက စီမံတာလဲ…ဒါစဉ်းစားရမယ်။
အဲဒီမှာ ကံ..ကိုလူကလုပ်တာလို့ လူဆီမှာပြန်လာပြန်ရော့ကွ။ အဲလိုဆို
လူဟာ ကံထားသလို..ကံစီမံသလိုနေရတယ်။ ကံကို လူကလုပ်တာဆိုပြန် တော့ စဉ်းစားကြည့်ကြစမ်း။ အဲဒီကျတော့ လူကို လူက စီမံသလိုပဲပြန်ဖြစ် မသွား ပြန်ဘူးလား။ ဒါကြောင့် တချို့သူတွေက ပြောကြပြန်တယ်။
…….ဒို့က ကံစီမံတာကို ခံနေတာမဟုတ်ဘူး။ ကံကို စီမံနေသူဖြစ်တယ် ဆိုပြီး လုပ်ကြ ပြန်တယ်ကွဲ့။
နောက် ပြောကြပြန်တယ်ကွဲ့။ ကံ…ဆိုတာ အလုပ်ကိုပြောတာတဲ့။ ဒီတော့ ဘကြီးမိုးစဉ်းစားတယ်…လုပ်တိုင်းကံဖြစ်သလား။ ဒီနေရာမှာ ဘကြီးမိုးစဉ်း စားမိတာက..ဘုရား ရဟန္တာတွေလဲ လူ တွေပါ။ ဘုရားရဟန္တာတွေကြတော့ ဘာလုပ်လုပ် ကံ…မဖြစ်ပြန်ဘူးကွဲ့။ ဘုရား ရဟန္တာတွေ အလှူလုပ်လုပ်…. သီလလုပ်လုပ်…ဘာလုပ် လုပ် ကံမဖြစ်ဘူးလို့ ဆိုတယ်ကွဲ့။ ကံ…မဖြစ်တော့တဲ့ အတွက်လဲ နောက်ထပ် ဘ၀ မရတော့ဘူးလို့ ဆိုတယ်။ ဘုရား ရဟန္တာတွေမှာ ဘာလုပ်လုပ် ဘာကြောင့် ကံ..မဖြစ်တော့တာလဲ ဆို ရင် …ဘုရား ရဟန္တာတွေမှာ ကိလေသာမရှိကြတော့လိုပဲကွဲ့။ ဒီလိုဆိုတော့ …ကံ..ဆိုတာ ကိလေသာနဲ့လုပ်မှကံဖြစ်တာ။ ကိလေသာနဲ့လုပ်တာမဟုတ် ဘူးဆိုရင်…ကံမဖြစ်ဘူးလို့ ဘကြီး မိုး တော့ယူဆတယ်ကွဲ့။ကံ..ဆိုတာ လူကလုပ် တာမဟုတ်ဘူး။ ကိလေသာ နဲ့လုပ်မှ ကံ ဖြစ်တာ။ ဘုရားရဟန္တာ တွေ..ကိလေသာမရှိကြတော့ ဘာလုပ်လုပ် ကံ မဖြစ်ကြတော့ဘူး။
နောက် သံသာရ ၀ဋ္ဋ ဒုက္ခတော…ဆိုတဲ့ သံသရာလည်မှုဆိုတဲ့ ဒုက္ခကိုပြတဲ့ နေရာမှာ…၀ဋ်သုံးပါးလည်ပတ်ပုံ…၀ဋ်လည်ပုံတွေကို မိုးကုတ်ဆရာတော် ဘုရားကြီးပြတာတွေ ဘကြီးမိုးနာဖူးတာက…ကိလေသာဝဋ်ကြောင့် ကမ္မ၀ဋ် ဖြစ်တယ်။ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်ဖြစ်တယ်..အဲဒီဝဋ်သုံးပါးဟာ အကြား မရှိ လည်နေတာတဲ့။ ဒီ ၀ဋ်သုံးပါးလည်ပုံအရကြည့်ပြန်တော့လဲ ကံ.. ဆိုတာ ကိလေသာကြောင့်ဖြစ်တာလို့ပေါ်ပြန်တယ်ကွဲ့။
အဲဒီ..ကံ..နဲ့….ကံကိုဖြစ်စေတဲ့အကြောင်းတရားကို မမြင်ကြတော့ကိုယ်ပြော ချင်ရာတွေ ပြောကြတော့တာပဲ။ ငါတို့ခုလိုမွဲတာ ကံကြောင့်။ ခုလိုခံရတာ ကံကြောင့်။ သူတို့ ချမ်းသာတာလဲ ကံကြောင့်လို့ပြောကြတယ်။ ဒါတွေကို အားမရကြတဲ့သူတွေက ပြောကြပြန်တယ်။ ကျုပ်တို့ဗုဒ္ဓဘာသာတွေကလဲ ဘာဖြစ်ဖြစ်ကံချည်းလုပ်နေကြတော့ ဘယ်လိုလုပ်တိုးတက်တော့မှာလဲတဲ့။ ကိုယ်ခုလိုခံနေရတာ ကံ..ကြောင့်လို့လုပ်တယ်။ သူတို့ ခုလိုချမ်းသာပြီး ဗိုလ်လုပ်နေရတာလဲ ကံကြောင့်လို့လုပ်တယ်။ ဒီတော့ သူတို့မတရားလို့.. ငါတို့ ညံ့နေလို့ဆိုတာတွေမစဉ်းစားကြတော့ဘူး။ ထွက်ပေါက်တွေမရှာကြ တော့ဘူး။ဒါကြောင့် ဒီလိုတွေဖြစ်နေကြတာဆိုပြီး သတင်းတွေမှာ အဲဒီလို ခဏခဏပြောသံတွေထွက်လာတယ်ကွဲ့။ အဲဒီလို ပီပီပြင်ပြင် ကံ….ကို မမြင် ကြတော့ ..ကံ..ကိုယုံပြီး ဆူးပုံမနင်းနဲ့တို့ လူလဲလုံးလ နတ်လဲမတို့ ဆိုတာ တွေ ရှာကြရပြန်တယ်။ဟီးဟီး….
ဇလ ဗေဒဋ္ဌာနက ဦးထွန်းလွင်ကြီးကလဲပြောတယ်။ ဘာတဲ့….အဲ. လွဲမှားတဲ့ ယုံကြည်ချက် ၁၀ခုကိုထုတ်ပြတဲ့နေရာမှာ..ဒို့ ခုလိုရေကြီးတာတွေမြေပြိုတာ တွေခံရတာ အတိတ်ကံကြောင့်လို့ ယုံကြည်တာလဲ လွဲမှားတဲ့ ယုံ ကြည်မှုတဲ့ ဒို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံမို့ ဒါမျိုးတွေမဖြစ်ပါဘူးဆိုတဲ့ ယုံကြည်ချက်ကလဲ လွဲမှားတဲ့ ယုံကြည်ချက်ဆိုပြီး ပြောတယ်ကွဲ့။
နောက် ဘကြီးမိုးကြားလိုက်ရတယ်။ မောင်ဘုန်းဓာတုဆိုတဲ့စာရေးဆရာက စကိုင်းသံဃာတွေကြားထဲမှာ ပြောသွားတာ။ကောင်းတာလုပ်လို့ကောင်း ကျိုး တွေရတယ်။ မကောင်းတာတွေလုပ်ရင် မကောင်းကျိုးတွေရတယ် ဆို တာ မဟုတ်ဘူး။ ကောင်းတာလုပ်ရင် ကောင်းသူဖြစ်တယ်။ မကောင်းတာ လုပ်ရင် မကောင်းသူဖြစ်တယ်။ ကံ နဲ့ ကံရဲ့အကျိုးဟာ တစ်စပ်ထဲ ရှိရတယ် ဆိုပြီးပြောသွားတယ်ကွဲ့။ အဲဒီသံဃာတော်တွေကိုပဲ လျှောက်သေးတယ်ကွဲ့ အရှင်ဘုရားတို့ ကြီးပွားကြောင်း သမ္ပဒါတရား လေးပါးမှာ အတိတ်ကံပါရင် ချမ်းသာရမယ်လို့ဘုရားမဟောပါဘုရားဆိုပြီးလျှောက်ထားသွားတယ်ကွဲ့။
ကဲလူလေးတို့ အမှုံ့ကြိတ်စက်ဖြစ်ဖြစ်….ကျန်ကြိတ်စက်ဖြစ်ဖြစ် သူတို့ ကြိတ်နိုင်တာထက် ပိုများသွားရင် မကြိတ်နိုင်တော့ဘဲ ရပ်သွားတတ်ပြီး ပြန်ထုတ်ရတတ်တယ်ကွဲ့။ ဒီတော့ ဒီနေ့ ဘကြီးမိုးတို့ရဲ့ ကံ..အကြောင်း လေး ကိုတော့လဲ ဒီလောက်နဲ့ရပ်ကြရအောင်နော်။ ဒါလေးကို ပဲ လူလေးတို့ အသိမှာ ကြေလည်တဲ့အထိ ကျိတ်ချေပြီးစဉ်းစားလိုက်ကြဦးနော်။ တချိန်ချိန်မှာတော့ လူလေးတို့ ပိုမြင်လာတဲ့အထိ လူလုပ်ရပ်နဲ့ကံကို ဘကြီးပြောပြဦးမယ်။ ကဲ ဆရာတော်ကျောင်းဝိုင်းတံခါးပိတ်သွားရင် မကောင်းဘူးကွဲ့။ ဘကြီးမိုးသွားဦးမယ်နော်။
ဟုတ်ဘကြီးမိုး ကျွန်တော်တို့ လိုက်ပို့မယ်လေ ။ ဘကြီးမိုး။
ဘကြီးမိုးကြီးကျန်းမာပါစေဗျာ..ကျွန်တော်ဗိုက်ကလေးကတော့ အမြဲဆု တောင်း နေတယ်နော် ဘကြီးမိုး…..အေ့….ဦးပေ လာဗျာ…ဘကြီးမိုးက ဘာမှမဖြစ်ဘူး။ လိုက်ပို့မှာဆို ကျွန်တော်ကိုသာ လိုက်ပို့ပါ။ အားနည်းသူကို ကူမပါဆိုတာ ဦးပေ မသင်ဖူးဘူးလား။ဟင်။ဟဲဟဲဟဲဟဲ…ဒီအချိန်မှာ ဘကြီးမိုးက လိုက်ပို့ဖို့မလိုဘူး….ဗိုက်ကလေးကသာ လိုက်ပို့ဖို့လိုတယ်ဆို တာ ဦးပေ…..သိသင့်ပါတယ်ဗျာ။

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..