ဗုဒ္ဓဝါဒီရှုမြင်တဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ။

Kyi LwinMay 14, 20122min892

ဗုဒ္ဓဝါဒီရှုမြင်တဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ
ဘိက္ခုဓမ္မပိယ (ယူအက်စ်အေ)
မေ ၁၂၊ ၂၀၁၂

လွန်ခဲ့တဲ့သုံးပတ်ခန့်က “ဗုဒ္ဓဝါဒီနှင့် ဒီမိုကရေစီနိုင်ငံတော်’’ အမည်နဲ့ ဆောင်ပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ နှစ် ပေါင်းရှစ်ဆယ်နီးပါး လျှောက်လှမ်းနေပြီးဖြစ်ပါလျှက် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ မရောက်ရှိနိုင်သေးတဲ့ ထိုင်းနိုင်ငံရဲ့ဒီမိုကရေစီအကြောင်း တစေ့တစောင်းနဲ့၊ ဗုဒ္ဓဝါဒီတယောက်ရဲ့အမြင်နဲ့ ဒီမိုကရေစီစံနစ်အပေါ်မှာ သုံးသပ်တင်ပြထားခြင်းပါ။

ဒီမိုကရေစီဆိုတဲ့လမ်းစဉ်နဲ့ မြန်မာပြည်သူ၊ ပြည်သားတွေ နှစ်ပေါင်းငါးဆယ်ကျော် အလှမ်းကွာဝေးခဲ့ကြရတဲ့အတွက်ကြောင့် ဒီမိုကရေစီ စံနစ်ရဲ့ အနှစ်သာရကို ခံစားသိရှိသူတွေ အတော်ကိုနည်းသွားပြီလို့ ဆိုရမှာပါ။ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီစံနစ် ပျောက်ဆုံးသွားတဲ့နှစ်ပေါင်းက ငါးဆယ်ကျော်ဆိုတော့ အတော်ကြီးကိုကြာသွားပြီလို့လဲ ဆိုရမှာပါ။ ၁၉၆၂ ခုနှစ်မှ နောက်ပိုင်းကာလများမှာလည်း ဒီမိုကရေစီဆိုတဲ့စကားကို ရောင်လို့တောင် အိပ်မက်မမက်ရဲခဲ့တဲ့ ခေတ်ကာလများဆိုတော့ ဒီမိုကရေစီအကြောင်းကိုပြောခဲ့မိရင် ရောသမမွှေခံရမှာကို ကြောက်လို့ထင် ပါရဲ့ ဒီမိုကရေစီဆိုရင် ဝေးဝေးက ရှောင်နေခဲ့ကြတာပါ။ ဒီအခြေအနေမျိုးတွေကို ကျော်ဖြစ်လာခဲ့ကြရတဲ့မြန်မာပြည်သူ၊ ပြည်သားတို့ရဲ့ဘဝကို စာနာပေးနိုင်ဖို့ပါ။

ကြောက်ရွံ့ခြင်းဆိုတာသိလို့ ကြောက်သူများရှိသလို၊ မသိလို့ကြောက်နေသူများလည်းရှိနေခြင်းပါ။ စနစ်တစ်ခုရဲ့အောက်မှာ အကြောက် တရားနဲ့ နေရတဲ့အခါမျိုးမှာ အခြားစံနစ်တစ်ခုကို ပြောရမှာ၊ ဆွေးနွေးရမှာကို ကြောက်တယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမဲ့ ယခုအခါမှာ နိုင်ငံတော်က ဒီမိုကရေစီစံနစ်ကို ကျင့်သုံးနေပြီဖြစ်ပါလျှက် နိုင်ငံတွင်းမှာနေတဲ့ ပြည်သူ၊ ပြည်သားတွေရဲ့ အကြောက်တရားမျိုးကတော့ ဆန်းနေသလိုပဲ။ တကယ်တော့ အကြောက်တရားလွန်ကဲနေသူများဟာ ဒီမိုကရေစီစံနစ်ရဲ့ကျင့်ထုံးတွေကို မသိကြလို့၊ မလေ့လာကြလို့ ကြောက်နေကြခြင်းမျိုးပါ။ ဒီမိုကရေစီစံနစ်အရ နိုင်ငံတော်ကချမှတ်ထားတဲ့ဥပဒေများ၊ ပြည်သူ၊ ပြည်သားတွေ လိုက်နာကျင့်သုံးရမဲ့ ဥပဒေ များကို ပြည်သူတွေ သိထားကြမယ်ဆိုရင် (လို့မဟုတ်) သိနားလည်အောင်ပြုလုပ်ထားကြမယ်ဆိုရင် ကျော်လွန်လာခဲ့တဲ့ နေရက်အချိန်တွေ အတွက် ပြန်လည်နှမြောမိကြမှာပါ။ ထို့ကြောင့် ဒီမိုကရေစီစံနစ်ရဲ့ လေးနက်တဲ့အနှစ်သာရများကို ပြည်သူ၊ ပြည်သားတွေ စောစီးစွာသိရှိ နိုင်ဖို့ပါ။

ပြည်သူတွေ ဒီမိုကရေစီနဲ့စပ်တဲ့အသိတရားတွေ ဘယ်လောက်များနည်းပါးနေကြသလဲဆိုရင် ဒီမိုကရေစီရဲ့အနှစ်သာရကို မသိရှာကြလေ တော့ ဒီမိုကရေစီရရင် ထင်ရာလုပ်လို့ရပြီလို့အထင်ရောက်နေသူတွေက ဒုနဲ့ဒေး။ ဒီမိုကရေစီရဲ့အနှစ်သာရကို ဘာမှမသိဘဲ ပြောသွားတဲ့ သူရဲ့စကားကို တကယ့်ဒီမိုကရေစီ ကျင့်ထုံးကြီးထင်ပြီး ထင်ရာစိုင်းချင်သူတွေအတွက် ရင်လေးမိပါရဲ့။ မကြာခင်ကပြီးဆုံးသွားတဲ့ မြန်မာရိုး ရာသင်္ကြန်ပွဲမှာ ပြည်သူ၊ ပြည်သားအများစုရဲ့ ဝတ်စားဆင်ယဉ်မှုတွေက ပြည်သူတွေရဲ့စိတ်ဓာတ်အချို့ကို တစ်စိတ်တစ်ပိုင်း ထင်ဟပြ်ပနေ ခြင်းပါ။ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေက မြန်မာရိုးရာဝတ်စားဆင်ယင်မှုတွေကို စိန်ခေါ်လာပြီဆိုတော့လဲ စိတ်ပူတတ်သူများအတွက် စိတ်ပူစရာပါ။ မလုံတလုံ၊ မပေါ်တပေါ် ခေတ်ပေါ်ဝတ်စားဆင်ယင်မှုတွေဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို အစွန်းအ ထင်း ထင်စေနိုင်ရုံမက ဖျက်ဆီးပစ်တဲ့အထိရောက်သွားနိုင်တယ်ဆိုတာ ပြည်သူ၊ ပြည်သားအများစု သိထားနိုင်ဖို့ပါ။

ဒီနေရာမှာ ဒီမိုကရေစီနိုင်ငံများအားလုံးက လေးစားလိုက်နာရတဲ့ “လူ့အခွင့်အရေး ကျေညာစာတမ်းကြီး’’ ကို အခွင့်သင့်လို့တင်ပြပါရစေ။ အဲဒီစာတမ်းထဲမှာ ဒီမိုကရေစီကို လေးစားလိုက်နာသူတိုင်း ကျင့်သုံးရမဲ့စည်းကမ်းပေါင်း အချက်သုံးဆယ်တိတိပါဝင်နေပြီး၊ ထိုစည်းကမ်း များကို ကုလသမဂ္ဂမှ ၁၉၄ဂ ခုနှစ်တွင် “လူ့အခွင့်ရေး ကြေညာစာတမ်းကြီး’’ တခုအနေနဲ့ထုတ်ပြန်ထားခဲ့တာပါ။ အဲဒီလူ့အခွင့်ရေး ကြေညာ စာတမ်းကြီးမှာပါတဲ့ ပထမဦးဆုံးလိုက်နာရမည့်စည်းကမ်းက “ဤကမ္ဘာတွင် လူဟူသမျှသည် မိသားစုအဖွဲ့ဝင် ညီအကိုမောင်နှမများ သ ဖွယ်ဖြစ်၏။ ထို့ကြောင့် သင်သည် လူချင်းဆက်ဆံရာ၌ ကြင်နာစွာဖော်ရွေစွာ ယဉ်ကျေးစွာ ပြုမူသင့်၏’’ လို့ ဖေါ်ပြထားခြင်းပါ။ ဟိရီ၊ ဩတ္တ ပ္ပတရားကိုတန်ဖိုးထားတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုး၌ မလုံမခြုံဝတ်စားဆင်ယဉ်မှုမျိုးကိုပြုခြင်းဟာ အများအပေါ်မှာ (သို့မဟုတ်) ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းပေါ်မှာ ယဉ်ကျေးစွာ ပြုမူရာ ရောက်၊ မရောက် စဉ်းစားနိုင်ကြဖို့ပါ။ အဖေနဲ့သမီး၊ အကိုနဲ့ညီမ တခရီးထဲမှာ အတူသွားလို့မ အမြင်လည်းမတော်၊ သင့်လည်းမသင့်တော်တဲ့အနေအထားမျိုးမှာ ရှိနေလို့ပါ။ အချင်းချင်း ယဉ်ကျေးစွာ ပြုမူသင့်၏ဆိုတဲ့အဓိပ္ပါယ်ဟာ သိပ်ကိုလေးနက်သိမ့်မွေ့လှတယ်။ “စုံပုဝါ ဘယ်ညာချပြီး၊ မှုန်နံသာ ချယ်ကာသတာကို အလှတရားပါ’’ လို့ မြန်မာအများစုရဲ့သဘောထားက ထင်ရှားရှိနေသေး တယ်ဆိုရင်၊ လုံလုံခြုံခြုံနဲ့ ဝတ်စားဆင်ယဉ်တဲ့ မြန်မာအမျိုးသမီးကောင်းတို့ရဲ့ ကျော့ရှင်းတဲ့အလှတရားကို မြန်မာပြည် သူ၊ ပြည်သားတို့က မြတ်နိုးစွာဖြင့် ဆက်လက်တန်ဖိုးထားဆဲဆိုရင်တော့ မြန်မာအမျိုးသမီးတို့ရဲ့ အလှကျက်သရေဆိုတာ ဒါမျိုးပါလို့ ကမာ္ဘ ကို စံထားပြောဆိုလို့ရမှာပါ။ ဒီလိုမှမဟုတ်ပဲ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထငကြီးပြီး၊ အတုယူမှားကြမယ်ဆိုရင်တော့ “ယှဉ်တုတိုင်း ရှက် စရာတွေချည်း’’ ဖြစ်နေမှာပါ။ “ယိုသူမရှက် မြင်သူရှက်’’ အဖြစ်မျိုးတွေချည်း ကြုံတွေ့နေကြရမှာပါ။ ကိုယ်ပိုင်အသိဉာဏ်နဲ့ စဉ်းစားဝေဖန် နိုင်ကြဖို့ပါ။

ထင်ရာစိုင်းချင်တဲ့ အမူအကျင့်တွေရှိနေသေးတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေ စာတွေပေတွေအများကြီးဖတ်ကြဖို့ပါ။ ဖြစ်နိုင်ရင် နိုင်ငံတော် မှလည်း ပညာပေးဟောပြောပွဲတွေ၊ စာပေဟောပြောပွဲတွေ၊ ရေဒီယို၊ ရုပ်သံလွှင့်အစီအစဉ်တွေနဲ့ ဒီမိုကရေစီအကြောင်း သိကောင်းစရာတွေ ကို မကြာမကြာပြုလုပ်ပေးနေရမှာပါ။ သတင်းမီဒီယာများနှင့် အနုပညာရှင်များကလည်း ပညာပေးဆွေးနွေးပွဲတွေ၊ ရုပ်သံလွှင့်ဇာတ်လမ်း တွေနဲ့ ဒီမိုကရေစီရဲ့အနှစ်သာရကိုပေါ်လွင်စေတဲ့ ရုပ်ရှင်ဇာတ်ကားများကို ထုတ်လွှင့်ပေးကြရမှာပါ။ ပြည်သူ၊ ပြည်သားတွေ ဒီမိုကရေစီစံနစ် ကို သဘောသက်ဝင်လာပြီး၊ ပြည်သူပြည်သားတွေကိုယ်တိုင် ပူးပေါင်းပါဝင်လာမှ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတောကြီးဆိုတာ တ ကယ်ဖြစ်လာမှာပါ။

မြန်မာပြည်မှာ ဆင်းရဲ ချမ်းသာ ကွာခြားလွန်းတဲ့လူတန်းစားပြဿနာရှိနေလေတော့ အလွှာမတူညီတဲ့လူတန်းစားတွေကို အသိတရားတွေ တူညီလာအောင် ဘယ်လိုလုပ်ဖြစ်နိုင်မလဲလို့ တဦးတယောက်က မေးခွန်းထုတ်မေးလာခဲ့ရင် အဖြေကို ဝိုင်းဝန်းစဉ်းစားပေးကြဖို့ပါ။

ဒီနေရာမှာ မြတ်ဗုဒ္ဓအသုံးပြုတဲ့ နည်းစံနစ်လေးတစ်ခုကို သတိရမိလို့တင်ပြပါရစေ။ မြတ်ဗုဒ္ဓရဲ့သာသနာတော်အတွင်းကို ဝင်ရောက်လာသူ တွေဟာ အသိပညာ ဥစ္စာဓနအားဖြင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လယ်ဗယ်မတူညီသူတွေများပါတယ်။ သာမန်အားဖြင့်ဆိုရင်တော့ ဘယ် လိုပဲ လယ်ဗယ်ကိုညှိညှိ လယ်ဗယ်ညှိလို့ကိုမရနိုင်တဲ့အနေအထားမျိုးမှာပါ။ သာသနာတော်အတွင်း ရဟန်းပြုလာသူတွေထဲမှာ ရှင်ဘုရင်ဆို သူတွေလဲ ပါတယ်။ စစ်သူကြီးဆိုသူတွေလဲပါတယ်။ သူဋ္ဌေးသူကြွယ်တွေလဲပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ဆင်းရဲသားကအစ သူခိုးဓားပြ၊ လူဆိုးလူမိုက်တွေအထိ ပါဝင်နေတာ။ ဆုံးမထိုက်တဲ့သူများကို ဆုံးမတော်မူရာ၌ ကျွမ်းကျင်တော်မူလှတဲ့ မြတ်စွာဘုရားဟာ သာသနာတော်အတွင်း ဝင်ရောက်လာသူတွေအားလုံးကို လယ်ဗယ်ညီအောင် ပြုကျင့်နိုင်တဲ့စံနစ်တစ်ခုကို ချမှတ်တော်မူခဲ့တယ်။ စံနစ်က ရိုးတယ်။ ရှင်းတယ်။ ဒါပေမဲ့ အကျိုးသက်ရောက်မှုရှိတယ်။ အဲဒီအကျင့်ကို “သိက္ခာ သုံးပါးအကျင့်’’လို့ခေါ်တာ။ သီလ သမာဓိ ပညာကို သိ က္ခာသုံးပါးအကျင့်လို့ သိထားဖို့ပါ။

ဦးစွာပထမ မြတ်စွာဘုရားက သာသနာတော်အတွင်းဝင်ရောက်လာကြတဲ့ သူခိုးဓားပြဆိုသူတွေကိုရော၊ လူဆိုးလူမိုက်ဆိုသူတွေကိုရော၊ သူဋ္ဌေးသူကြွယ်ဆိုသူတွေကိုရော၊ စစ်သူကြီးဆိုသူတွေကိုရော၊ ရှင်ဘုရင်ဆိုသူတွေကိုရော၊ ဒီလူတွေအားလုံးကို အခြေခံလယ်ဗယ် ညီသွား အောင် သီလအကျင့်တရားနဲ့ကိုယ်နဲ့နှုတ်ကို ယဉ်ကျေးသွားအောင် ဦးစွာပထမ ဆုံးမတော်မူတယ်။ မကြာခင်မှာပဲ သူတို့အားလုံးရဲ့ ကိုယ် အမူအယာရော၊ နှုတ်အမူအယာများဟာ တဖြေးဖြေး ယဉ်ကျေးသိမ့်မွေ့လာပြီး (ယဉ်ကျေးပြီးသူများဆို ပိုမိုယဉ်ကျေးသိမ့်မွေ့လာပြီး) အ တိုင်းအတာတစ်ခုအထိ လယ်ဗယ်ညီလာတယ်။ ဒါပေမဲ့ သီလရဲ့အစွမ်းက ကိုယ်နှုတ်နှစ်ပါးကိုသာ ယဉ်ကျေးအောင်ပြုနိုင်ပြီး၊ စိတ်ကို ယဉ် ကျေးအောင်မပြုနိုင်သေးတာမို့ သမာဓိအေလေ့အကျင့်နဲ့ နောက်ထပ်တဆင့်တိုးမြှင့်ပြီး စိတ်ကိုပါယဉ်ကျေးလာအောင် ဘဝနာတရား တစ် ခုခုကိုကျင့်သုံးစေပြီး လယ်ဗယ်ညှိပေးပြန်တယ်။ တိုတိုပြောတော့ အဲဒီအချိန်မှာ ကိုယ်နှုတ်စိတ် သုံးပါးလုံး ယဉ်ကျေးလာကြတယ်။ ဒါပေမဲ့ အသိတရားမှာ လယ်ဗယ်မညီပြန်ရင်လဲ ငြိမ်းချမ်းတဲ့ သာသနာတော်တစ်ရပ်ကို တည်ထောင်နိုင်ဖို့ ခက်ခဲတဲ့အနေအထားမျိုးမှာ ရှိနေပြန် တော့ အသိဉာဏ်ပညာ လယ်ဗယ်များ အနီးစပ်ဆုံးတူညီမှုများ ရရှိနိုင်အောင် ဝိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာတို့ဖြင့် ဘဝရဲ့သစ္စာ၊ ဓမ္မရဲ့တန်ဖိုးများကို သိနားလည်စေခဲ့တယ်။ နောက်ဆုံးတော့ သိက္ခာသုံးပါးအကျင့်တရားများကို ကိုယ်တိုင်ပွားများကြခြင်းကြောင့် သာသနာ့ ဝန်ထမ်း ရဟန်းတော်များရဲ့ဘဝဟာ အသိဉာဏ်လယ်ဗယ်များ တူညီလာကြတယ်။ အခြေခံလယ်ဗယ်များတူညီလာကြတော့ ငြိမ်းချမ်းသာ ယာစွာနဲ့ဂန္ထဓုတ (စာပေသင်ကြား၊ ပို့ချခြင်း) အလုပ်၊ ဝိပဿနာဓုတ (ဝိပဿနာတရားအားထုတ်ခြင်း၊ ပွားများခြင်း) အလုပ်များကို ညီညီညွတ်ညွတ်နဲ့လုပ်နိုင်ခဲ့ကြတယ်။ မြတ်ဗုဒ္ဓက ဝေနေယျတို့အား ဒီနည်းကို အသုံးပြုပြီး အခြေခံလယ်ဗယ်များကို အနီးစပ်ဆုံးညီအောင် ညှိခဲ့ တာပါ။ စဉ်းစားနိုင်ဖို့ပါ။

ဒီမိုကရေစီရဲ့စံနစ်အောက်မှာ ပြည်သူပြည်သားတွေရဲ့ဘဝတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ဖို့အတွက် အသိတရားနဲ့အခြေခံလူနေမှုဘဝ လယ်ဗယ်ညီဖို့တော့ လိုမှာပါ။ အကယ်၍များ ဆင်းရဲလွန်းသူတွေက သိပ်များနေပြီး၊ ချမ်းသာလွန်းသူတွေက သိပ်နည်းလွန်းနေသေးရင် အခြေခံလယ်ဗယ်များ ညီဖို့မလွယ်ပါ။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးကအစ လူနေမှုဘဝ အဆင့်အတန်းများကို ညှိဖို့ဆိုတာ အနီးစပ်ဆုံး လယ်ဗယ်ညီတဲ့ အဆင့်တန်းတစ်ခု အထိ ရောက်လာနိုင်ပါမှ ဖြစ်နိုင်မယ်လို့ယုံကြည်ထားမိလို့ပါ။ ဦးစွာပထမ ပြည်သူပြည်သားတွေကို အသိတရားနဲ့ဒီမိုကရေစီစံနစ်ရဲ့အနှစ်သာရများကို သိရှိနားလည်လာနိုင်အောင် ပြုလုပ်ပေးကြရမှာပါ။ တချိန်တည်းမှာပဲ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေးနယ်ပယ်စသည်များ၌ ဝင်ငွေများများရှိသူများ၊ ရောင်းခွန်၊ ဝယ်ခွန် အမြတ်အစွန်းများများ ရနေသူများထံမှ အခွန်အခများကို တိုးမြှင့်ကောက်ယူပြီး၊ ဝင်ငွေနည်းသူများ၊ ရောင်းခွန်၊ ဝယ်ခွန် အမြတ်အစွန်း နည်းပါးသူများထံမှ အခွန်အခများကို လျှော့ပေါ့ကောက်ကြ ရမှာပါ။ အချိန်နဲ့တပြေးညီဆိုသလို ပြည်သူတွေရဲ့ဘဝ အသိတရားများ မြင့်မားတိုးတက်လာနိုင်စေရန် ပညာရေးစံနစ်များကို နိုင်ငံတကာစံ နှုန်းများနဲ့အညီ ဆောင်ရွက်ပေးကြရမှာပါ။

ဒီနေရမှာ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မာလာနိုင်စေရန် အကယ်ဒမစ် အက်ဒျူကေးရှင်း (Academic Education) မျိုးကိုချည်း ရည်ရွယ်ပြောလိုခြင်းမဟုတ်ပါ။ အခြေခံဖြစ်ပြီး အသိပညာများကိုတိုးပွးစေနိုင်တဲ့ ပြည့်သူတို့သိသင့်တဲ့ စီဗစ်အက်ဒျူ ကေးရှင်း (Civic Education) မျိုးတို့လို၊ အီကိုနိုမစ်ခ် အက်ဒျူကေးရှင်း (Economic Education) မျိုးတို့လို၊ မော်ရယ် အက်ဒျူကေးရှင်း (Moral Education) မျိုးတို့လို၊ ဟဲလ်သ် အက်ဒျူကေးရှင်း (Health Education) စတဲ့ အက်ဒျူကေးရှင်း စတဲ့ပညာရေးမျိုးတို့ကိုပါ တပါ တည်း တိုးမြှင့်ဆောင်ရွက်ပေးကြရမှာပါ။

အကယ်ဒမစ် အက်ဒျူကေးရှင်း (ကျောင်းသင်ခန်းစာပညာရေး) မျိုးဆိုတာ မြန်မာပြည်မှာမွေးဖွားတဲ့ ကျောင်သား၊ ကျောင်းသူတိုင်း အ ထက်တန်းပညာကို မသင်မနေရပညာရေးမျိုး၊ အခမဲ့ပညာရေးမျိုးဖြစ်လာသည်အထိ ဆောင်ရွက်ပေးနိုင်ကြဖို့ပါ။ စီဗစ်အက်ဒျူကေးရှင်း (ပြည်သူ့ပညာရေး) မျိုးဆိုတာ နိုင်ငံမှာကျင့်သုံးနေတဲ့ ဒီမိုကရေစီစံနစ်ရယ်၊ နိုင်ငံကိုအုပ်ချုပ်နေတဲ့ ဒီမိုကရေစီအစိုးရက ပြည်သူတွေအတွက် ဘာတွေလုပ်ပေးနိုင်တယ်၊ ဘာတွေလုပ်ပေးရမယ်ဆိုတာမျိုးတွေကို ပြည်သူတွေသိရှိဖို့ ပညာပေးရမဲ့ ပညာရေးမျိုးပါ။ ပြည်သူတွေဖက်ကလဲ တိုင်းပြည်အတွက် ဘာတွေလုပ်ပေးရမယ်၊ ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာတွေကို ပြည်သူတွေသိရှိလာအောင် ပြုလုပ်ပေးရတဲ့ ပညာရေး မျိုးပါ။ အီကိုနိုမစ်ခ် အက်ဒျူကေးရှင်း (စီးပွားရေးဆိုင်ရာပညာရေး) မျိုးဆိုတာ လယ်ယာစိုက်ပျိုးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းစတဲ့ အ ခြေခံစီးပွားရေးစံနစ်များကို ကိုယ့်ပြည်သူပြည်သားတွေ သိရှိလာအောင် တစ်နိုင် တစ်ပိုင် စီးပွားရေးကအစ ကြီးကျယ်တဲ့စည်းပွားရေးလုပ်ငန်း များကိုလုပ်ချင်လာအောင် ပညာပေးရတဲ့ပညာရေးမျိုးပါ။ မော်ရယ် အက်ဒျူကေးရှင်း (ကိုယ်ကျင့်သိက္ခာ၊ ပြည်သူ့နီတိဆိုင်ရာပညာရေး) မျိုးဆိုတာ ကိုယ့်ကျင့်သိက္ခာမြင့်မားမှ ပြည်သူတို့ဘဝတိုးတက်နိုင်ပုံနှင့် ပြည်သူတွေရဲ့ဘဝတွေတိုးတက်မှ တိုင်းပြည်တိုးတက် နိုင်ပုံစသည် များကို ပြည်သူတွေသိရှိလာအောင်ပညာပေးရတဲ့ ပညာရေးမျိုးပါ။ ဟဲလ်သ် အက်ဒျူကေးရှင်း (ကျန်းမားရေးဆိုင်ရာ ပညာရေး) မျိုးဆိုတာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိတရားများ ပြည်သူပြည်သားများရဲ့ သိရှိလာအောင်၊ ထိုု့နောက် ကျန်းမားရေးများ လိုက်စားတတ်လာအောင်၊ လိုက်စားချင်လာအောင် လှုံ့ဆော်ပေးရတဲ့ ပညာရေးမျိုးပါ။

ပြည်သူ၊ ပြည်သားတွေအများစုထင်ထားတာက ရွေးကောက်ပွဲမှာ တိုင်းပြည်အတွက်မဲထည့်ပြီးရင် ပြည့်သူတွေရဲ့တာဝန်တွေ ကျေပြွန်ပြီ ရယ်လို့ထင်နေကြတာ။ မြန်မာနိုင်ငံဟာ အခုမှ ဒီမိုကရေစီစံနစ်ကို ပြန်လည်ကျင့်သုံးရမှာဖြစ်လို့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတောကြီး ဖြစ်နိုင်ဖို့ ပြည်သူတွေလိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေသိအောင်ပညာပေးဖို့ အများကြီးလိုနေသေးတယ်ဆိုတာ ပြည် သူတွေ သဘောပေါက်နိုင်ကြဖို့ပါ။ ဒီမိုကရေစီစံနစ်ကိုကျင့်သုံးရာမှာ သူရဲကောင်းဝါဒမျိုးကို ကျင့်သုံး၍မရနိုင်သလို၊ ဟီရိုးဝါ့ရှစ်လို့ခေါ်တဲ့ သူရဲကောင်းကိုးကွယ်မှုဝါဒမျိုးကိုလည်း ကျင့်သုံး၍ရနိုင်မည်မဟုတ်ပါ။

ဒီမိုကရေစီစံနစ်ကိုကျင့်သုံးတော့မယ်ဆိုရင် အခြေခံဖြစ်တဲ့ လူ့အခွင့်အရေးများကို လေးစားလိုက်နာတတ်ဖို့ပါ။ ဥပမာ၊ ရဟန်းရှင်လူတွေကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့ အသံချဲ့စက်ကြီးတွေကို နေ့မရှောင်၊ ညမရှောင် စိတ်ထင်တိုင်း ဖွင့်ခြင်းမျိုးတွေ၊ အမှိုက်တွေကို တွေ့ ကရာပြစ်၊ ကွမ်းတွေးကို တွေ့ကရာထွေး၊ ဆေးလိပ်တို၊ ပလပ်စတစ်၊ ဖျော်ရည်ဗူးခွံတွေကို တွေ့ကရာပစ်ချ၊ စည်းကမ်းရှိစေချင်တဲ့လူက တွေ့လို့ (မြင်လို့) အကျိုးသင့် အကြောင်းသင့်ဝင်ပြောပြရင် “မင်းကဘာကောင်မို့လဲ’’ ဆိုတဲ့ ရန်လိုတဲ့အကြည့်နဲ့ တုန့်ပြန်မှုမျိုးတွေကို ဆက် လက်မပြုလုပ်သင့်တော့ဘူးဆိုတာတွေကို ပြည်သူတွေသိထားနိုင်ဖို့ပါ။

ဒီမိုကရေစီစံနစ်ဆိုတာ ကယ်တင်ရှင်ဝါဒမဟုတ်သလို၊ စည်းမဲ့ကမ်းမဲ့ဝါဒမျိုးလဲမဟုတ်ပါ။ တကယ်တော့ ပြည်သူတွေရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံတော်အစိုးရမှ ချမှတ်လာတဲ့ မူဝါဒရေးရာများကို ပြည်သူ၊ ပြည်သားတွေက အတူပူးပေါင်းပြီး လိုက်နာဆောင်ရွက်ဖို့၊ အကောင် အထည် မဖေါ်နိုင်သေးတဲ့မူဝါဒရေးရာများကို ပြည်သူတွေက အခွင့်အခါသင့်တိုင်း အကြံပြုပြောဆိုကြဖို့ (စွမ်းနိုင်ရင် စာစောင်များ၊ မဂ္ဂဇင်း များမှတဆင့် အကြံပြုစာများရေးသားခြင်း စသည်များကို ပြုလုပ်ကြဖို့ပါ)။ ထိုထက်ပို၍စွမ်းနိုင်ရင် နိုင်ငံတော်မှ ပြည်သူများအတွက် ဆွေး နွေးပွဲများ၊ ကွန်ဖရင့်စ်များ၊ ဆီမီနာများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးဖို့ပါ။ ပြုလုပ်ပေးလာတဲ့အခါမျိုးမှာလဲ ပြည်သူများက ပါဝင်ဆွေး နွေးနိုင်ဖို့ပါ။ ထိုအတွက် သုတေသနစာတမ်းများ ကြိုတင်ပြုစုထားခြင်း၊ ဘာသာရပ်ဆိုင်ရာ စာအုပ်၊ စာပေများကို ကြိုတင်ဖတ်ရှုထားခြင်း မျိုးတွေကို ပြုလုပ်ထားကြရမှာပါ။ ထိုလို့ပြုလုပ်ထားခြင်းဖြင့် ထိုအသိတရားများကိုအခြေခံလျက် တိုင်းပြည်အတွက် အကြံပြုပြောကြားခြင်း များကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ကြဖို့ပါ။

ထိုလို့ပြုလုပ်နိုင်ဖို့အတွက် ပြည်သူတွေ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ဒီမိုကရေစီအရည်အသွေးတွေ ပြည့်ဝလာအောင် စာအုပ်စာပေများကို များများဖတ်ရှကြဖို့ပါ။ ဒီမိုကရေစီကျင့်ထုံးဆိုင်ရာ အသိဉာဏ်များရှိလာပြီး ကိုယ့်အခွင့်အရေးများကို ကိုယ်တိုင်သိထားနိုင်ကြဖို့ပါ။ ဥပမာ – ဒီမိုကရေစီစံနစ်ကို ပီပြင်စွာကျင့်သုံးနိုင်ပြီးဖြစ်တဲ့ အမေရိကန်နိုင်ငံတို့လို နိုင်ငံမျိုးတွေမှာ ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို ဖထွေးလုပ်သူက နှိပ်စက်ညှင်းပမ်းမှုမျိုးကိုပြုလုပ်ခဲ့ရင် ထိုကလေးငယ်က ရဲဌာနလို့တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်းကို ပြုလုပ် နိုင်ခြင်းမျိုးပါ။ ထိုကလေးငယ်ဟာ သူ့အခွင့်အရေးကို သူကိုယ်တိုင် တရားဥပဒေနဲ့အညီ ကာကွယ်နိုင်ခြင်းမျိုးပါ။ မယားကို လင်ဖြစ်သူက ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့ရင် အားနွဲ့တဲ့မိန်းမသားများက ရဲကိုတိုင်ကြားပြီး တရားဥပဒေဖြင့် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ခြင်းမျိုးပါ။ မြန်မာပြည်ရဲ့ဒီမိုကရေစီကျင့်ထုံးမှာ ဒီလိုအခြေအနေမျိုးလို့ရောက်ရှိနိုင်ဖို့ ဘယ်လောက်ကြာအောင်စောင့်ဆိုင်းကြရဦးမည်ဆိုတာကိုတော့ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ သိနိုင်ဦးမည်မဟုတ်ပါ။

ထို့ကြောင့် စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီးစံနစ်ကိုတည်ဆောက်နိုင်ဖို့ ပြည်သူ၊ ပြည်သားတွေ စိတ်ရှည်ရှည်ထားပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ သွေးစည်းနိုင်ကြဖို့ပါ။ ကိုယ်တိုင်ပါဝင်နိုင်ကြဖို့ပါ။ ပြည်သူပြည်သားများရဲ့စိတ်ထဲမှာ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အသိ မရှင်း၊ မလင်းဖြစ်နေတဲ့အချက်တစ်ခုက ရွေးကောက်ပွဲကို ယှဉ်ပြိုင်ရွေးကောက်ခံကြစဉ်အခါက ကိုယ့်ပါတီအောင်နိုင်ရေးအတွက် မလွှဲသာ၊ မရှောင်သာ၍ မဲဆွယ်လုပ်ငန်းများကို ပြုလုပ်ခဲ့ကြရသော်လည်း ရွေးကောက်ပွဲကြီးပြီးသွားတဲ့အခါမှာတော့ ပါတီစိတ်များကို ခဝါချပြီး၊ ဒီမို ကရေစီနိုင်ငံတော်ရဲ့ အလံတော်အောက်မှာ နိုင်ငံနဲ့လူမျိုးအတွက် ပြည်ထောင်စုစိတ်ဓာတ်များကို မွေးမြူနိုင်ဖို့ဆိုတဲ့အချက်ပါ။

ဒီမိုကရေစီစံနစ်မှာ အတိုက်အခံပါတီဆိုတာ ရှိစမြဲပါ။ ထိုအတိုက်အခံပါတီရှိမှ နိုင်ငံတော်တိုးတက်တာပါ။ ဘာ့ကြောင့်လဲဆိုရင် လက်ရှိအစိုး ရက လာဘ်ပေး လာဘ်ယူ စတဲ့မကောင်းတာတွေပြုလုပ်နေခဲ့ရင် ကန့်ကွက်ဖို့ပါ။ တကယ်တော့ ပါတီအတွင်းမှလည်း တိုင်းပြည်ကိုနစ်နာ စေမဲ့ကိစ္စမျိုးတွေဖြစ်နေခဲ့ရင် ကန့်ကွက်ကြဖို့ပါ။ တိုင်းပြည်အတွက် မှန်ကန်တဲ့လုပ်ဆောင်မှုမျိုးတွေကို လုပ်နေတယ်ဆိုရင်တော့ ပါတီတွင်း ပဲဖြစ်ဖြစ်၊ အတိုက်အခံပဲဖြစ်ဖြစ် အားလုံးက ဝိုင်းထောက်ခံပေးကြရမှာပါ။ လက်ရှိအစိုးရက ကောင်းတာပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ် အမြင်ကပ်ကပ်နဲ့အမြဲတမ်း ဆန့်ကျင်ဘက်မျိုးချည်း ပြုနေမယ်ဆိုရင်တော့ “ဘုပြောဘေးထိုင် အတိုက်အခံမျိုး’’ လို့ဆိုရမှာပါ။

မြတ်ဗုဒ္ဓရဲ့ တရားတော်များမှာတော့ မှားတာကိုထောက်ပြပြောဆိုရာမှာ အကျိုးလိုလားတဲ့စိတ်နဲ့ ထောက်ပြပြောဆိုသူများကို ကလျာမိတ္တ (မိတ်ဆွေကောင်း) လို့ သတ်မှတ်ပြောဆိုထားခြင်းပါ။ နောက်ပြီး ဘုရားဟောတရားတော်များမှာ အများဆန္ဒနဲ့ပြုလုပ်ရတဲ့ကိစ္စမျိုးတွေမှာ ကျင့်ထုံးနှစ်ရပ်ကို ထည့်သွင်းဟောကြားထားခဲ့တာဟာလဲ စိတ်ဝင်စားစရာပါ။

နံပတ် (၁) ကျင့်ထုံးက သဘောတူရင် ဆိတ်ဆိတ်နေရတဲ့ ကျင့်ထုံးမျိုးပါ။ ကိစ္စကြီးငယ်၊ ပြဿနာကြီးငယ် သံဃာ့အလယ်မှာ ပေါ်ပေါက်လာ တဲ့အခါမျိုးမှာ ထိုပြဿနာကို ငြိမ်းအေးစေနိုင်ရေးအတွက် သံဃာတော်များကို သိမ်လို့ခေါ်တဲ့ သံဃာများရဲ့အစည်းအဝေးခန်းမထဲကို ဖိတ် ကြားပြီး၊ သံဃာ့အလယ်မှာ ဖြစ်ပေါ်နေတဲ့ပြဿနာကို တင်ပြရတဲ့ကျင့်ထုံးမျိုးပါ။ သံဃသမ္မုတိရတဲ့သံဃာတော်က သံဃာတော်များကို သုံး ကြိမ်တိုင်တိုင် လျှောက်ထားပြောကြားရပြီး၊ ထိုပြဿနာအတွက် ဒီလိုဒီလို သံဃာတော်များက ဆောင်ရွက်ကြပါမယ် အရှင်မြတ်တို့ဘုရား။ အရှင်ဘုရားများ သဘောတူရင် ဆိတ်ဆိတ်နေတော်မူကြပါ။ သဘောမတူရင် ကန့်ကွက်တော်မူကြပါလို့ လျှောက်ထားတဲ့ ဝိနည်းကျင့်ထုံးပါ။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစံနစ်မှာ ဘုရားကျင့်ထုံးတွေကို ကျင့်သုံးမယ်ဆိုရင် အကျိုးများပြီး၊ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံတောကြီး ဖြစ်လာမှာ သေချာသလောက်ပါ။ ဝိုင်းဝန်းစဉ်းစားနိုင်ဖို့ပါ။

နံပတ် (၂) ကျင့်ထုံးက သံဃာအဖွဲ့ဝင်များအားလုံး အပြန်အလှန်ဖိတ်ကြားရတဲ့ကျင့်ထုံးမျိုးပါ။ တစ်နှစ်တစ်ခါ သီတင်းကျွတ်လပြည့်နေ့မှာ သံဃာအချင်းချင်း သီမာလို့ခေါ်တဲ့ သံဃအစည်းအဝေးခန်းမကြီးထဲမှာ အပြန်အလှန် မထေရ်ကြီးက အရင်စပြီး (သံဃာငယ်များအထိ) သံ ဃာကို ပဝါရဏာ (ဖိတ်ကြားခြင်း) ပြုတဲ့ဝိနည်းကျင့်ထုံးပါ။ ဝိနည်း မဟာဝဂ္ဂပါဠိတော်မှာ – “သံဃံ အာဝုသော (ဘန္တေ) ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ ဝဒန္တမံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ။ ဒုတိယမ္ပိ အာဝုသော … အနုကမ္ပံ ဥပါဒါ ယ။ တတိယမ္ပိ အာဝုသော … အနုကမ္ပံ ဥပါဒါယ” * ပါဠိတော်ရဲ့ မြန်မာပြန်က “ငါရှင်တို့ (အရှင်ဘုရားတို့) သံဃာကို ဖိတ်ကြားပါ၏။ မြင်၍ ဖြစ်စေ ကြား၍ဖြစ်စေ ယုံမှား၍ဖြစ်စေ အရှင်တို့သည် တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆို (ဆုံးမ) ကြပါ၊ (အပြစ် ကို) မြင်သည်ရှိသော် (အပြစ်ရှိခဲ့သော်) (တပည့်တော်) ကုစားပါအံ့။ (နှစ်ကြိမ်မြောက်…သုံးကြိမ်မြောက် …ဖိတ်မံရခြင်းပါ)။

ဘုရားရှင်ရဲ့ဝိနည်းတော်မှာ မိမိက ကြီးသူရယ်လို့ (ရာထူးကြီးသူ၊ အာဏာအရှိန်အဝါကြီးသူရယ်လို့) ချွင်းချက်ထားပြီး ကျင့်သုံးရခြင်းမျိုး မဟုတ်ပဲ၊ သံဃာပရိသတ်အလယ်မှာ ကြီးကြီးငယ်ငယ် အရွယ်အားလုံး အပြစ်ရှိရင်ရှိသလို အပြစ်ကိုထောက်ပြကြဖို့ ဖိတ်မံရခြင်းပါ။ အတု ယူလောက်စရာပါ။ ဒီမိုကရေစီစံနစ်ကိုကျင့်သုံးလိုတဲ့အစိုးရများ၊ ပြည်သူများ သတိမူစရာလည်းကောင်း၊ လိုက်နာကျင့်သုံးဖို့လည်းကောင်းတဲ့ ကျင့်ထုံးတစ်ခုလို့ဆိုရမှာပါ။

အဲဒီမှာ အထူးသတိမူသင့်တဲ့အချက်တခုက အပြစ်ပြုထားတာကို မြင်ခဲ့သော်၊ ကြားခဲ့သော်၊ ယုံမှာသံသယများ ရှိနေခဲ့သော် အစဉ်သနား ခြင်းကိုအကြောင်းပြု၍ (ဆိုလိုတာက မေတ္တာစိတ်၊ ကရုဏာစိတ်များဖြင့်) အပြစ်ကို ထောက်ပြကြပါတဲ့။ အပြစ်ကိုကုစားပါမယ် အရှင်ဘုရား တို့တဲ့။ အချင်းချင်းကြားမှာ အမျက်ဒေါသတွေ၊ အာဃာတတရားတွေ ကင်းနေရှင်းနေတာကို သတိပြုမိကြမှာပါ။ မနာလိုစိတ်၊ ဝန်တိုစိတ်၊ နာကျည်းစိတ်၊ ချေမှုန်းစိတ်၊ နှိပ်ကွပ်လိုတဲ့စိတ်မျိုးနဲ့မဟုတ်ပဲ အပြစ်ကိုထောက်ပြတော်မူကြပါလို့ ဖိတ်မံခြင်းပါ။ သင်ပုန်းခြေဝါဒမျိုးကို ကျင့် သုံးနိုင်ဖို့ ဘုရားရှင်ရဲ့ဝိနည်းကျင့်ထုံးဟာ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် စံထားလောက်တဲ့ ကျင့်ထုံးဥပဒေတစ်ခုပါ။ လေးလေးနက် နက် စဉ်းစားနိုင်ကြဖို့ပါ။

ယိုယွင်းသွားတဲ့စံနစ်တစ်ခုကို စံနစ်တစ်ခုနဲ့အစားထိုးပြီး ပြုပြင်ပြောင်းလဲရတယ်ဆိုတာ လွယ်ကူလှတဲ့အရာတော့မဟုတ်ပါ။ စံနစ်ကောင်းမွန် ဖို့အတွက် (လို့မဟုတ်) ကောင်းမွန်တဲ့စံနစ်တစ်ခုကို ကျင့်သုံးနိုင်ဖို့အတွက် အစိုးရမှာ တာဝန်ရှိသလို၊ ပြည်သူတွေမှာလည်း တာဝန်မကင်းပါ။ စံနစ်တစ်ခုအတွက် တိကျတဲ့မူတစ်ခုကို မချနိုင် သေးတဲ့အခါ (လို့မဟုတ်) ဥပဒေဖြင့် အတည်ပြုပြဋ္ဌာန်းပေးနိုင်ခြင်းမျိုး မရှိသေးတဲ့အခါမျိုးမှာ ပြည်သူ၊ ပြည်သားတွေ စိတ်ရှည်ရှည် ထားနိုင်ဖို့ပါ။ ဥပဒေပြု၍ အတည်ပြု ပြဋ္ဌာန်းပေးပြီးပြီဆိုရင်တော့ ပြည်သူ၊ ပြည်သားများ အသိတရားဖြင့် လိုက်နာနိုင်ကြဖို့ပါ။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစံနစ်ကြီး အောင်မြင်နိုင်ဖို့ဆိုတာ ပြည်သူ၊ ပြည်သားတွေအပေါ်မှာ များစွာမူတည်နေလို့ပါ။ စစ်မှန်တဲ့ဒီမိုကရေစီစံနစ်ကို ကျင့်သုံးနိုင်ပြီဆိုရင် ပြည်သူတွေကိုသာ ပြည်သူတွေလို့ပြောလို့မရနိုင်တော့ပါ။ အုပ်ချုပ်သူ အစိုးရအဖွဲ့ဝင်များ သည်လည်း ပြည်သူထဲကပြည်သူတွေပဲဆိုတာ သိထားကြဖို့ပါ။

ပြည်သူထဲက ပြည်သူတွေအုပ်ချုပ်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်မှာ ပြည်သူများရဲ့အကျိုးကို အုပ်ချုပ်သူအစိုးရက စံနစ်တကျ ဆောင်ရွက် နိုင်ဖို့ ပြည်သူတွေ စည်းကမ်းရှိကြဖို့ပါ။ ဒီမိုကရေစီစံနစ်မှာ “တန်းတူအခွင့်အရေးသည် လူတိုင်းအတွက်ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းတန်းတူ အခွင့်အရေးကို မရနိုင်ဘူး’’ ဆိုတဲ့စကားကို လူတိုင်းသိထားနိုင်ဖို့ပါ။ ဆိုလိုတာက ကိုယ်တိုင်က ဘာမှမလုပ်ပဲနေခဲရင် ကိုယ်အတွက် ဘာ မှမရနိုင်ဘူးဆိုတာ သိစေချင်တဲ့သဘောပါ။ ပြောသင့်တာကိုမပြောဘဲ ဆိတ်ဆိတ်နေနေခဲ့ကြမယ်ဆိုရင် သို့မဟုတ် သူတို့ဘာလုပ်လုပ် ပြည်သူနဲ့မဆိုင်ဘူးလို့ လျစ်လျူရှုနေကြမယ်ဆိုရင် Citizen’s silence threatens Democracy** (ပြည်သူတွေနှုတ်ဆိတ်နေခြင်းဟာ ဒီမို ကရေစီကို ခြိမ်းခြောက်နေခြင်းတမျိုးပါ) ဆိုတဲ့ အဆိုအမိန့်လေးကို အမြဲအမှတ်ရနေကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

မှတ်စု –
* ဝိနယပိဋက မဟာဝဂ္ဂပါဠိ – စာမျက်နှာ ၂၂၃
** မဟာဝဂ္ဂပါဠိတော် မြန်မာပြန် – စာမျက်နှာ ၂၂၂

Posted by Aung Htet at 9:05 AM 0 comments  
မန္တလေးဂေဇက်မှ သူကြီး့နဲ့ တကွ ရွာသားအပေါင်း ဖတ်ပြီးသားဖြစ်ရင်လည်း ခွင့်လွှတ်
တော်မူကြပေတော့။ ဖတ်စေချင်လို့ ကူးပေးလိုက်ရကြောင်းပါ။
မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲံ ကြည်လွင်။

2 comments

  • ဇောက် ထိုး

    May 14, 2012 at 5:53 pm

    ကောင်းလိုက်တဲ့စာစုဗျာ။ ဒီမိုကရေစီအကျဆုံးဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံ……ဒီမိုကရေစီမှာသိပ်နောက်ကျနေခဲ့တာသိပ်စဉ်းစားဖို့ကောင်းတာပဲ။တကယ်တော့ဗုဒ္ဓရဲ့လမ်းညွှန်းချက်တွေကသိပ်ပြီးဒီမိုကရေစီဖြစ်တာပဲ။ အဲဒီဗုဒ္ဓရဲ့တရားတွေထွန်းကားပါတယ်ဆိုတဲ့နိုင်ငံဒီမိုကရေစီမှာ နောက်ကျံတာသိပ်ခံစားရတယ်။
    ဒီနေ့နိုင်ငံကို ဒီမိုကရေစီဆီ ဦးတည်နေပါပြီဆိုပြီ ဒီမိုကရေစီနိုင်ငံသစ်ဆီ လှမ်းနေတဲ့အချိန်မှာ လူတွေသာဒီမိုကရေစီကို ရကြဦးမှာဆိုတာလဲ သိပ်စဉ်း စားဖို့ကောင်းတာပဲ။ စာပေလွပ်လပ်ခွင့်ကို ဒီနေ့ ဘာတွေချန် ထားရသလဲ…
    ဒီမိုကရေစီဆိုတာမည်သူမှားမှား…မှားရင်တင်ပြရမယ်။ကန့်ကွက်ရမယ်။
    တောင်းဆိုရမယ်။ ဒါပေမယ့် ဒေါသတွေ အာဃာတတွေနဲ့မဟုတ်ရဘူး။ ဒါပေမယ့် ဒီနေ့ဗုဒ္ဓဘာသာဝင်တွေ ခန္တီကို နာလည်နေကြတာက ဘာဖြစ် ဖြစ် သီးခံလိုက်လို့ သိနေတော့ အဲဒီအသိဟာ ဒီမိုကရေစီဆီ ဘယ်လိုရောက်မလဲ။ ဒီမိုကရေစီဆိုတာ ငုံ့ခံနေတာလား။ မှားမှားမှန်မှန် သီးခံနေရမှာလား….အော်..ဒီမိုကရေစီပြောပြော…လူ့အဆင့်အတန်းကွာ တယ်ဆိုဆို..ဒါတွေဟာအတိတ်ကံတွေပါဆိုပြီး ခံယူလိုက်ကြရင် ဒီမိုကရေ စီဆီ နီးနိုင်ပါ့မလား။ ကျုပ်စဉ်းစားမိတာလေး ပြောတာပါဗျာ။
    ဒီမိုကရေစီဆိုတာ….တစ်ဦးအပြစ်ရှိရင်..တစ်ဦးကထောက်ပြရမယ်။ ဒါပေမယ့် အနုကမ္ပံ ဥပါဒါယ….သနားသောအားဖြင့်တဲ့…
    အဲဒီမှာ အထက်ကစာကိုပဲ ကော်ပီကူးလိုက်တော့မယ် ကဲပြန်ဖတ်ပါဦး .အဲဒီမှာ အထူးသတိမူသင့်တဲ့အချက်တခုက အပြစ်ပြုထားတာကို မြင်ခဲ့သော်၊ ကြားခဲ့သော်၊ ယုံမှာသံသယများ ရှိနေခဲ့သော် အစဉ်သနား ခြင်းကိုအကြောင်းပြု၍ (ဆိုလိုတာက မေတ္တာစိတ်၊ ကရုဏာစိတ်များဖြင့်) အပြစ်ကို ထောက်ပြကြပါတဲ့။ အပြစ်ကိုကုစားပါမယ် အရှင်ဘုရား တို့တဲ့။ အချင်းချင်းကြားမှာ အမျက်ဒေါသတွေ၊ အာဃာတတရားတွေ ကင်းနေရှင်းနေတာကို သတိပြုမိကြမှာပါ။ မနာလိုစိတ်၊ ဝန်တိုစိတ်၊ နာကျည်းစိတ်၊ ချေမှုန်းစိတ်၊ နှိပ်ကွပ်လိုတဲ့စိတ်မျိုးနဲ့မဟုတ်ပဲ အပြစ်ကိုထောက်ပြတော်မူကြပါလို့ ဖိတ်မံခြင်းပါ။

  • Kyi Lwin

    May 15, 2012 at 11:32 am

    မင်္ဂလာပါ ကိုဇောက်ထိုးရေ
    ဖတ်ပြီး ခုလို ပြန်ရေးပေးတာလေး ကျေးဇူးတင်သကွယ်။ တု့ိလူလေးများက ဖတ်ပြီး ကိုယ့်စိတ်ထဲ ဘာကျန်ခဲ့တယ်ဆိုတောလောက်တောင် ပြန်ရေးဖို့ ပျင်းတော်မူကြလေသလား။ ရေးဖို့ကိုစိတ်မဝင်စားကြလေသလား။ အင်း။ လူ့လောက ကြီးကို ကောင်းမွန်တဲ့အတွေ့းတွေ အကျိုးရှိတဲ့အလုပ်တွေ ဖြစ်လာစေချင်ရင်တော့ အတွေးအမြင်တွေကို ဖလှယ်ကြဖို့ အလုပ်က အကျိုးသက်ရောက်မှုအရှိဆုံးလို့ပြောချင်တယ်။
    သည်းခံခြင်းတရားအပေါ် မြင်တဲ့အမြင်တွေလည်း ကျယ်ကျယ်ပြန့်ပြန့်သိစေချင်တယ်။
    လောကုတ္တရာတရား ကျင့်တဲ့အခါ ပင်ပန်းဆင်းရဲတဲ့ ကိုယ်ခန္ဒာနဲ့ မနော စိတ် တို့ ချုပ်တည်းထားရတဲ့ ဆင်းရဲတဲ့ အခြေအနေကို သည်းခံနိုင်မှ နိဗာန်ရောက်ကြောင်းတရားကို ရနိုင်မယ်။ဆင်းရဲကြောင်းအမှန်ကိုရှာတဲ့အခါ လုံ့လ ဝီရိယ မလျှော့ကြလေနဲ့ ပင်ပန်းဆင်းရဲတဲ့ ဒုက္ခကို သည်းခံကြလို့ တရားတော်က ဆိုလိုရင်း အဓိပါယ်ပါ။ ဒါကို လူအများစုက သည်းခံရင် နိဗာန်ရောက်တယ်ချည်းပြောနေတတ်ကြတယ်။ လောကီ လူ့လောက မှာ တော့ အရာတိုင်းကိုသည်းခံပေးဖို့မလိုဘူး။ မေတ္တာစိတ်အရင်းခံရှိရမယ်။ သို့သော် မတရားမှုမှန်သမျှတော့ ငုံ့ခံ ငြိမ်ခံနေရမယ်လို့မဆိုလိုပါ။
    ဒီလို စာမျိုးလေးတွေကို အများပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိစေချင်လို့ တို့များတော့ ဂျီမေးလ်မှာတောင် ရှယ် ပြီးသွားပြီ ကိုရင်ဇောက်ထိုးလည်း မိတ်ဆွေတွေဆီ ရှယ် ချင်တဲ့စိတ်များမရှိဘူးလား။ မန္တလေး ဂေဇက်က သူကြီးရော ရွာထဲမှာ မောင်းကြေးနင်းခတ်ပြီး တစ်အိမ် တစ်ယောက်ကျ လာဖတ်ကြစေလို့ အမိန့်တော်စေရင် ကောင်းမှာပဲ။ ( ဒီနေရာမှာ သူကြီးရဲ့အာဏာကို အစွမ်းကုန်အသုံးပြုပစ်လိုက်ပါ။ တို့ ရဲ့ မနောဖြူအူစင်း သမတကြီး က ဒုဗိုလ်ချုပ်ရူးကြီးကို ပေးတဲ့အမိန့်ထက်တော့ သာမှာပဲ။)

Leave a Reply