ကြယ်ငါး ကောက်ပစ်ပေးသူတွေ များလာပါစေ

etoneMay 15, 20121min35449

ဗိုက်ကလေး(စိန်ပေါက်ပေါက်) ရဲ့ ကျနော်ရယ်၊ ပိုလီယိုရယ်၊ အမှိုက်ပုံစောင့် ခွေးတစ်အုပ်ရယ်ပို့စ်လေးကို ဖတ်မိပြီး … စိတ်မကောင်းလည်းဖြစ်မိသလို  စိတ်ဓါတ်ဆိုတာ ငွေကြေးကြွယ်ဝမှုနဲ့ မဆိုင်တာလည်း သိခွင့်ရခဲ့တယ် ။  မမြင်ရတဲ့ ကံကြမ္မာနဲ့ ဘဝပေးကုသိုလ်ကံကို အပြစ်မတင်ပဲ …  ကျရာနေရာမှာ အံဝင်အောင် အဆင်ပြေသလို နေကြရရှာတဲ့ စိတ်ခွန်အားထက်မြတ်သူတွေကို …. သဘောကျမိတယ် ။ အနေနိမ့်ကျပေမယ့် …. မလျော့သော ဇွဲ ၊ လုံလတွေကိုရင်းလို့ သမ္မာအာဇီဝကျကျ ရှာစားနေသူတစ်ယောက်နဲ့ ဆုံခဲ့တာလေး ပြန်ပြောပြချင်မိတယ် ။ သူတို့လိုပဲ စိတ်ခွန်အားထက်မြက်မှုတွေ ၊ ဘဝကို လွယ်လွယ်အရှုံးမပေးတဲ့ စိတ်ဓါတ်တွေ … ကျွန်မမှာလည်း ရှိချင် ၊ ပိုင်ဆိုင်ချင်ခဲ့တယ် ။

%%%%%%%%%%%%%%%%%%%%%%%%

ရန်ကုန်မြို့ရဲ့ မြို့လည်ခေါင်မှာ အသက်ဆယ်နှစ်ခန့် ကလေးတစ်ယောက် ပို့စ်စကဒ်ရောင်းနေတယ် …. သူ့ကို မြင်ဖန်များလို့ မှတ်မိနေခဲ့တာပါ ။ တစ်ခါတစ်လေ ထရိတ်ဒါးဟိုတယ်ဘေးဘက်က ဗိုလ်ချုပ်လမ်းပေါ်က ပလက်ဖောင်းမှာ ၊ တစ်ခါတစ်လေ စကော့ဈေးထဲမှာ ၊ တစ်ခါတစ်လေတော့လည်း စန်ထရယ်ဟိုတယ်နားတစ်ဝိုက်မှာ လွယ်အိတ်လေးလွယ်ပြီး ၊ မြန်မာ့အနုပညာ ၊ ဓလေ့စရိုက်တွေ လွှမ်းမိုးတဲ့ ပို့စ်စကဒ်အတွဲကြီးကို ကိုင်လို့ …. သွက်လက်ချက်ချာတဲ့ အသွင်ပြင်နဲ့သူ့မျက်နှာက ၊ မြင်လိုက်ရသူကိုတောင် တက်ကြွတဲ့စိတ်အသွင်ဖြစ်စေပါတယ် ။ ကျွန်မရဲ့ ဧည့်သည်က ထရိတ်ဒါးမှာ တည်းလို့ စကော့ဈေးသွားမယ်ဆိုလျှင်ဗိုလ်ချုပ်လမ်းပေါ်ကနေ ခြေလျှင်ပဲလျှောက်သွားဖြစ်တယ် ။ ပို့စ်စကတ်ရောင်းတဲ့ကောင်လေးက ကျွန်မရဲ့ ဧည့်သည်ကို သူ့ဆီက ဝယ်မလားရယ်လို့ ဌာန်ကရိုဏ်း ကျကျ လေသံနဲ့ ကမ်းလှမ်းတော့ … အံ့အားသင့်သွားမိတယ် ။ ကျောင်းတောင် နေနိုင်လားမသိတဲ့ကလေးက ဘယ်မှာများ … ဘာသင်တန်းတွေ တက်ထားပါလိမ့်ပေါ့နော် ။ လူကုန်ထံ အသိုင်းဝိုင်းကလို ILBC,NELC,YIEC စတာတွေလည်း တတ်နိုင်မယ်မထင်ဘူးလေ …. ။ ဒီခေတ်မှာ ဘွဲ့ရပြီး ရာထူးကြီးကြီးနဲ့ ရုံးပိုင်းမှာ လုပ်ကိုင်နေသူတစ်ချို့၊ ထမင်းစားရေသောက်လောက်တောင် ဖြောင့်အောင်မပြောနိုင်ကြတာလည်းရှိတယ် ။ စာဖတ်တာလောက်တော့ လုပ်တတ်မယ် ၊ ရုတ်တရက် conversation လုပ်တဲ့အခါ ဘာပြန်ပြောလို့ ပြောရမှန်း မသိတာတွေ တွေ့ခဲ့ဖူးပါတယ် … ။ ဒါကတော့ လေ့လာမှုအားနဲ့ အသုံးချမှုတွေနဲ့ များ ဆိုင်မလားပဲ ။ ဒီကလေးကတော့ ဘယ်မှာမှ သင်တန်းတက်ထားပုံမပေါ်ဘူး … ။ ဒါပေမယ့် ကောင်းကောင်းကြီး ပြောတတ်ဆိုတတ် ၊ ဈေးခေါ်တတ်ပါတယ် ။ ပထမ တစ်ကြိမ်တွေ့ဆုံတုန်းက …. အရွယ်ငယ်ပေမယ့် ကာစတန်မာကို ကောင်းကောင်းချဉ်းကပ်တတ်တဲ့ကလေးကို တွေ့တော့ ဖျားချင်ချင်ဖြစ်သွားမိတယ် …. ။ အရွယ်နဲ့ မလိုက်အောင်ကို တတ်သိနားလည်လွန်းနေသလိုပါပဲ ။ သူ့လက်ထဲက ပို့စ်ကဒ်လေးတွေကို ဧည့်သည်က မဝယ်ဖြစ်ဘူး နောက်မှ ဝယ်မယ်လို့ပြောတော့လည်း ပေကပ်မနေပဲ …. နောက်မှတွေ့တာပေါ့လို့ ပြောပြီး တခြားလူတွေဆီ လိုက်ရောင်းပါတယ် …. ။ သူ့ဈေးလေးတွေကလည်း … နိုင်ငံခြားသားအနေနဲ့တင်မဟုတ်ပဲ မြန်မာတစ်ယောက်အနေနဲ့ဝယ်မယ်ဆိုလျှင်တောင် သင့်လျှော်တဲ့ ဈေးနှုန်းပါ .. ဈေးနှုန်းမျှတတယ်လို့ ပြောလို့ရပါတယ် ။

သူများနိုင်ငံတွေတော့မသိဘူး … ဒီနိုင်ငံမှာ နိုင်ငံခြားသားဆိုလျှင် ပိုက်ဆံသုံးနိုင်သူ ၊ တတ်နိုင်သူ ၊ ဖြုန်းနိုင်သူအဖြစ် .. (ဟုတ်ဟုတ်မဟုတ်ဟုတ်) စွတ်အထင်ကြီးတော့တာပါပဲ ။ လမ်းဘေးဈေးသည်ကစလို့ ၊ တက္ကစီမောင်းသူအဆုံး နိုင်ငံခြားသားဆိုလျှင် အချဉ်ပါဆိုပြီး ဈေးပိုတောင်းတတ်ကြတယ် ။နိုင်ငံခြားသားတွေ ဈေးနှုန်းသင့်မသင့် မချိန်ဆနိုင်ပါဘူးဆိုတဲ့အတွေးတွေနဲ့  တန်ရာတန်ကြေးထက် ပိုပြီး အမြတ်ထုတ်ရောင်းချတာတွေ တွေ့ရတယ် … ။ လောဘစိတ်နဲ့ လျစ်လျူရှု သတိမထားမိတာကတော့ နိုင်ငံခြားသားတိုင်း … ဈေးမဝယ်တတ် ၊ ဈေးနှုန်းမသိကြတာ မဟုတ်ပါဘူး … မြန်မာနိုင်ငံနဲ့ကူးချည်ပြန်ချည်လုပ်နေသူတွေ ၊ အနေကြာလာတဲ့ လူတွေဆို … ဘယ်ဟာ ဘယ်လောက်တန်တယ် ၊ ဘယ်ခရီးဘယ်လောက်နှုန်းပဲ ပေးရမယ်လို့ … သိနေကြပါပြီ ။ ဒီကလေးကတော့ နိုင်ငံခြားသားကိုရော ၊ လိုကယ်ကာစတန်မာတွေအတွက်ရော တတန်းစားတည်း ဈေးသတ်မှတ်ရောင်းပါတယ် ။ နိုင်ငံခြားသားမို့ အချဉ်ပါဆိုပြီး … တစ်နပ်စား ဈေးမြင့်ရောင်းချင်တဲ့ သိမ်ဖျင်းတဲ့အချောင်စိတ်မျိုးမရှိလို့ … သဘောကျခဲ့မိပါတယ် ။

နောက်ပိုင်း စကော့ဈေးဘက်သွားတဲ့ လမ်းမှာ ပြုံးရွင်တတ်ကြွစွာဈေးရောင်းနေတဲ့သူ့ကို သတိထားမိခဲ့ပါတယ် ။ ကျွန်မရဲ့ ဧည့်သည်ကလည်း ပို့စ်စကတ်တွေ အမှန်တကယ် အသုံးမလိုပါပဲ ၊ တစ်ဖက်တလမ်းက ကူညီချင်တဲ့စိတ်နဲ့ဝယ်တာပါဆိုပြီး အခေါက်တိုင်း ဒီကောင်လေးဆီကပဲ ဝယ်ပါတယ် ။ မျက်မှန်းတမ်းမိ ၊ ဝယ်နေကြဖြစ်လာတဲ့အခါ ဒီကလေးရဲ့ ဘဝအခြေနေကို စပ်စုမိပါတယ် ။ မိဘနှစ်ယောက်စလုံး ရှိပါလျှက် ကျောင်းအားချိန်မှာ ကိုယ်ထူကိုယ်ထ ကိုယ့်ဝမ်းစာကိုယ် ရှာစားနေရတာပါတဲ့လေ …. ။ အဖေဖြစ်သူက … ရန်ကုန်မြို့တွင်း ညနေခြောက်နာရီကျော်မှာ ဆိုက်ကား ဆွဲပါတယ် ၊ မိခင်ဖြစ်သူကတော့ ကုန်စိမ်းလိုမျိုး ရာသီပေါ်သီးနှံတို့လိုမျိုးစကော့ဈေးတဝိုက်နဲ့  FMI နားမှာရောင်းပါသတဲ့ … ။ ကျောင်းနေသော်လည်း … ညနေပိုင်းနဲ့ ကျောင်းပိတ်ရက်တွေမှာ ကျောင်းစရိတ်အတွက်ပို့စ်စကတ်ရောင်းပါတယ်တဲ့ … ။ ငါးတန်းတက်နေတာဖြစ်ပြီး … အင်္ဂလိပ်စာ လေ့လာမှုအတွက်ကတော့ လမ်းဘေးက စာအုပ်တစ်အုပ်ဝယ်ဖတ်ပါတယ်တဲ့လေ … ။ ဒီလောက်အရွယ်လေးမှာတောင် ကိုယ့်ဒူးကိုယ်ချွန်စိတ်တွေ ၊ အပျင်းမထူတဲ့ ကြိုးစားချင်စိတ်တွေရှိနေလျှင် … အသက်ကြီးပြီးအချိန်မစီးတဲ့ ကျွန်မမှာ ပိုလို့တောင်  တိုးတက်လိုစိတ် ၊ ကြိုးစားလိုစိတ်တွေရှိသင့်တာပေါ့လေ . …။ ကျွန်မဧည့်သည်က ပို့စ်ကတ်ရောင်းတဲ့ကောင်လေးကို … စာနာသနားမိပြီး … မုန့်ဖိုးတွေပေး ၊ မုန့်တွေကျွေးခြင်းအမှုကို ရန်ကုန်မှာ ရောက်နေစဉ်အတွင်းလုပ်ပါတော့တယ် ။ ဟိုတယ်ထဲထိခေါ်ပြီး မုန့်ကျွေးပေမယ့် …. သူကိုယ်တိုင်က အများအမြင်မှာ မသင့်တော်ပါဘူးဆိုပြီး အပြင်ဘက်ကနေသာ စောင့်နေတတ်ပါတယ် ။ သူ့ကို မုန့်တွေဝယ်ပေးလိုက်လျှင်လည်း တစ်ယောက်တည်း မစားပဲ … ဘဝတူ လမ်းဘေးက ဈေးသည်ကလေးတွေနဲ့လည်း ဝေစား မျှစားတတ်သေးတယ် ။ မြို့လည်ခေါင်က ခွေးလေခွေးလွင့်လေးတွေကိုလည်း .. ဖဲ့ကျွေးတတ်သေးတယ် ။ တစ်ခါတစ်လေ မစားပဲ အမေ့ဖို့ဆိုပြီး သိမ်းထားတတ်တာမျိုးလည်း ..မြင်ခဲ့ဖူးတယ်လေ … ။

ဘဝပေးကုသိုလ်ကံအရသာ အနေနိမ့်ကျ ၊ အစားချို့တဲ့ရှာပေမယ့် လက်ရှိဘဝကို စိတ်ပျက်၊ အားငယ်မနေပဲ တောက်ပတဲ့မျက်ဝန်းတွေ ၊ အလုပ်လုပ်မှ ပိုက်ဆံရမယ်ဆိုတဲ့ ယုံကြည်ချက်တွေ ၊ သင်ကြားလျှင် တတ်မြောက်နိုင်တယ်ဆိုတဲ့ ခံယူချက်တွေနဲ့ ရုန်းကန်နေရတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝက ခက်ခဲ ကြမ်းတမ်းပေးမယ့် … ဘုရားပေးတဲ့ အသိဉာဏ်ကြောင့် အနာဂတ်အတွက်ကြိုးစားဖို့ အားအင်တွေရှိနေခဲ့တယ် ။ ရေပေါ်ဆီလူတန်းစားရဲ့ သားသမီးများလို လိုတာမရ ၊ ဘဝင်မကျတာနဲ့ … စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဘဝပျက်လောက်အောင်ခံစားပြီး … အချိန်တွေမဖြုန်းနိုင်ပေမယ့် သူ့ဘဝလေး အခြေကျဖို့ ကြိုးစားရရှာတယ် … ။ ကြိုးစားတိုင်းတော့ ဖြစ်ထွန်းတာမျိုးမဟုတ်ပေမယ့် … ကြိုးစားသူရဲ့ ဇွဲနဲ့ .. အချိန်အတိုင်းတာတစ်ခုရောက်လျှင်တော့ … အကျိုးရလဒ်ဖြစ်ထွန်းလာမှာ မလွဲပါဘူး .. ။

အခုဆို BG ပရဟိတ္တအဖွဲ့ဟာ NLD ပါတီရဲ့ လမ်းညွှန်မှုအောက်ကနေ အမှိုက်ကောက်ကလေးများအတွက် အသိပညာ ၊ အတတ်ပညာသင်တန်းတွေ ဖွင့်ပေးပြီး ၊ ကလေးတွေရဲ့ အနာဂတ် ၊ အလုပ်လက်မဲ့မဖြစ်ဖို့ တတပ်တအားပါဝင်နေတာ အရမ်းကို အားကျဖို့ကောင်းတယ် ။ မိမိတို ့ရဲ့ အချိန်တွေ ၊ ငွေကြေးတွေကို အရင်းပြုပြီး သွေးမတော်သားမစပ်သော်လည်း ၊ တကယ်ကို လေ့လာသင်ယူချင်သူ ၊ ကောင်းရောင်းကောင်းဝယ် အတတ်ပညာတစ်ခုခုနဲ့ ရှာဖွေစားသောက်ချင်သူကလေးတွေကို … သင်တန်းတွေပေးပြီး ကူညီစွမ်းဆောင်ပေးနေတာ ၊ မြင်ရရုံနဲ ့တင် ကြည်နူးမိပါတယ် .. ဒါကြောင့် ကြယ်ငါးကောက်ပစ်မယ့်လူတွေ များလာပါစေလို့ပဲ …. ဆုတောင်းနေမိပါတော့တယ် … ။

49 comments

  • Thel Nu Aye

    May 15, 2012 at 6:00 pm

    စိတ်ဝင်စားစရာပါပဲ။ ကလေးတွေထဲမှာထူးခြားတဲ့ကလေးလို့ထင်မိပါတယ်။ ဒီလိုကလေးတွေများလာနိုင်ဖို့ အသိဉာဏ်ပညာပေးမဲ့သူတွေများလာဖို့မျှော်လင့်ရမှာပါပဲ။ တုန်တုန်ပြောသလိုကြယ်ငါးကောက်ပစ်မဲ့ သူတွေပေါ့။ ကိုယ်တွေလဲတတ်နိုင်သလောက်တော့တနိုင်တပိုင်ကူညီရမှာပါပဲ။

    • zarlay

      May 16, 2012 at 2:47 pm

      သူလဲလူ ကိုယ်လဲလူ ၊ သူလဲမြန်မာ ကိုယ်လဲမြန်မာပါပဲ ကိုယ်ကတော့အရွယ်ရောက်ပြီး ဘွဲ့တစ်ခုရပြီး အလုပ်ဝင်နေပြီ၊ ညနေရုံးဆင်းလို့ဈေးဝင်ရင် လိုင်းကားနားမှာလာပြီး စာလေးခွေ ရောင်းနေရတဲ့ ၆ နှစ်အရွယ်ကလေးကိုကြည့်လိုက်တော့ ကျောင်းလဲမနေရဘူးနဲ့တူတယ် ဒီအရွယ်ကပိုက်ဆံရှိတဲ့ မိဘရဲ့သားသမီးဆိုရင် ချီပိုးပြီးကားနဲ့ ကျောင်းလိုက်ပို့နေတဲ့အချိန်မှာ ဒီကလေးကတော့ ဘဝပေး အခြေအနေမကောင်းလို့လားမသိပါဘူး စာလေးခွေအော်ရောင်းနေရတယ်လေ ကိုယ်မကြိုက်ပေမဲ့ ကလေးဆီက စာလေးခွေဝယ်ရင်းစဉ်းစားမိတယ် ကိုယ်တတ်နိုင်ရင် ဒီလိုကလေးတွေကို ပညာသင်ပေးချင်တယ်လေ လောလောဆယ်တော့ ကိုယ့်ဘဝကလဲ သာမန်ပဲဆိုတော့ ကြည့်ပြီးစိတ်မကောင်းဖြစ်ရုံကလွဲပြီး မတက်နိုင်ဘူးလေ

      • Thel Nu Aye

        May 16, 2012 at 10:08 pm

        ဟုတ်ပါတယ်။ မီးပွိုင့်မှာစံပါယ်ပန်းရောင်းနေတဲ့ကလေးတွေဆိုလဲ ၆ နှစ်၊ ရ နှစ် အရွယ်လေးတွေ ချည်းပဲ။ ရန်ကုန်နယ်စွန်ကကျောင်းတွေကိုကျောင်းအပ်ချိန်သွားကြည့်ရင်ပိုသိသာတယ်။ မနှစ်က ကလေးဒီနှစ်မအပ်နိုင်တော့လို့ဆိုပြီးလာပြောကြတာတွေကြားနေရတယ်။ တချို့အလှုရှင်တွေက လဲ ကိုယ်နိုင်ရာနိုင်ရာပေါ့။ ကျောင်းအပ်တာဝန်ယူတဲ့သူရှိသလို၊ တနှစ်လုံးတာဝန်ယူတဲ့သူတွေ လဲရှိပါတယ်။ ကိုယ်တတ်နိုင်သလောက်ပေါ့။ တယောက်၊ နှစ်ယောက်အဲလိုတာဝန်ယူကြပါတယ်။

  • တေးကလုံရေ
    ဒီလို ကလေးမျိုးက ရှိတော့ရှိတယ် ရှားပါတယ်။
    ရှားတာတွေပေါလာအောင်လုပ်ဘို့ က အားလုံးရဲ့တာဝန်ပါ.

  • windtalker

    May 15, 2012 at 8:44 pm

    ဘဝကကြမ်းလွန်းတော့ ၊ တကူးတက မသင်ရဘဲ ၊ နေတတ်ထိုင်တတ်သွားတဲ့ သဘာဝရဲ ့ရင်သွေးငယ်လေးတွေပေါ့ဗျာ ။

  • Khaing Khaing

    May 15, 2012 at 8:55 pm

    မမတုံ …….. မနက်ဖြန်ဖတ်မယ်နော် အခုတော့ နေရာဦးထားတာ …….

    • Khaing Khaing

      May 16, 2012 at 9:42 am

      ပြန်လာပြီးသေချာဖတ်ပြီးပါပြီ ……… ဝင်ရောက်ဆွေးနွေးချင်ပါတယ် ………. မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေကိုတင်အချဉ်ဖမ်းချင်တာမဟုတ်ပါဘူး မြန်မာအချင်းချင်းကိုတောင်အချဉ်ဖမ်း ချင်ပါတယ် ……. အခိုင်ကြုံဖူးတာ တက္ကဆီသမားတွေပါ အခိုင်ကဘယ်သွားသွား ကလေးနဲ့ဆိုတော့ တက္ကဆီငှားဖြစ်တယ်လေ ကလေးနဲ့တွဲလျှက်တွေ့ရင် ကူညီဖေးမဖို့နေနေသာသာ မဖြစ်မနေငှားရမှန်းသိတော့ ခရီးစရိတ်ကိုလိုတာထက်ပိုတောင်း ချင်တယ် …. အများဆုံးသွားဖြစ်တာရွှေတိဂုံဘုရားပါ အသွားဆို ၂၀၀ဝ ပေးရတယ် အပြန်ဆိုဘယ်တော့မှ ၂၀၀ဝ နဲ့မရခဲ့ပါဘူး ၂၅၀ဝ ကအနည်းဆုံးပေးရတယ် တစ်ခါတစ်လေ ၃၀၀ဝလောက်တောင်းတဲ့သူကရှိပါသေးတယ် …….. ၂၅၀ဝ နဲ့လိုက်ရတဲ့ တစ်ချို့လူတွေဆို ရန်ကင်းစင်တာနားတို့ ရွှေဂုံတိုင်တို့မှာ ကားပိတ်ရင် ငြူစူနေကြတာရှိပါသေးတယ် ….. မမတုံပြောတဲ့ ကလေးငယ်ရဲ့စိတ်ဓာတ်နဲ့များကွာပါတယ် …… လူတိုင်းက မှန်ကန်တဲ့အသက်မွေးဝမ်းကျောင်းမှုတွေကို လုပ်သွားနိုင်ရင် အရမ်းကောင်းသွားမှာပါ …….

      • Khaing Khaing

        May 16, 2012 at 9:46 am

        ပြောစရာလေးကျန်သွားလို့ ဆက်မန့်လိုက်ပါမယ် ……. အမကတော့ မမတုံရဲ့စိတ်ဓာတ်ကိုကြိုက် တယ် မမတုံရောက်ရှိနေတဲ့ ဘယ်နေရာမှာမဆို ပတ်ဝန်းကျင်ကိုလေ့လာတယ် အကဲခတ်တယ် ဝေဖန်တယ် ထောက်ပြတယ် ဒါဟာကောင်းတဲ့အမှုအကျင့်ပါ မကောင်းတာကိုလည်းမြင်ရင် ထောက်ပြတတ်သလို ကောင်းတာကိုလည်း ဖော်ထုတ်ချီးကျူးတတ်တာတွေ အဲဒီလိုမမတုံရဲ့ စိတ်ဓာတ်လေးကိုသဘောကျမိတယ် ………

        • etone

          May 16, 2012 at 10:15 am

          မကောင်းတာကိုလည်းမြင်ရင် ထောက်ပြတတ်သလို ကောင်းတာကိုလည်း ဖော်ထုတ်ချီးကျူး တတ်တဲ့ ကျွန်မရဲ့စိတ်ဓါတ်ကို ကြိုက်တယ်ဆိုလို့ ကျေးဇူးပါ .. ဒါပေမယ့် … လူတိုင်းမှာ လိုအပ်ချက်ဆိုတာ ရှိတာမို ့ … မှန်မှန်မှားမှား ပါးစပ်က လွယ်လွယ်မထွက်တဲ့အကျင့်ကို မွေးမြူဖို့ ကြိုးစားနေပါတယ် မခိုင်ရေ … ။ ရောက်နေတဲ့ အသက်နဲ့ ရှိရင်းစွဲစိတ် မလိုက်ဖက်သေးဘူးထင်လို့ .. ကိုယ့်ကိုယ်ကို ရင့်ကျက်သူဖြစ်အောင် ဓိတ်ဓါတ်ကအစ ပြုပြင်ပျိုးထောင်နေပါတယ် ။ လွယ်လွယ်နဲ့ စိတ်တိုတတ်တဲ့ အကျင့်ကိုဖျောက်ပြီး အရာရာကို ရှေ့နောက်ချင့်ချိန်နိုင်တဲ့ လူအဖြစ်ရော ၊ နားလည်ခွင့်လွှတ်လက်ခံနိုင်သူအဖြစ်နဲ့ပါ မိသားစုတွင်းမှာရော ၊ လူမှု ပတ်ဝန်းကျင်မှာပါ .. လူပီသဖို့ ကြိုးစားနေဆဲပါပဲ … ။ 🙄

  • ပေစိ

    May 15, 2012 at 9:09 pm

    မအီးတုံး ကျနော်မအီးတုံးပို့စ်လေးကို အရမ်းသဘောကျတယ်ဗျာ တော်ရုံဆို ကျနော်က ဝင်ပဲဖတ်တယ် မမန့် ဖြစ်ပါဘူး အလွန့်အလွန်ကိုရေးချင်မှဝင်ရေးတာ မအီးတုံးရဲ့ပို့စ်ကိုဖတ်ရတော့ ကျနော် log in မဝင်ဘဲ မနေနိုင်အောင်ဖြစ်ခဲ့ရပါတယ် ကိုဗိုက်ကလေးနဲ့ မအီးတုံးတို့ရဲ့ပို့စ်ကိုဖတ်ပြီး ရင်ထဲမှာတစ်မျိုးကြီးခံစားရတယ် ကျနော်တို့ အဲဒီလိုကလေးမျိုးတွေကို များများကူညီသင့်တယ်လို့ထင်တယ် ပို့စ်အတွက်နဲ့ ကျနော့်ရဲ့ရင်ထဲကို တစ်ခုခုချန်ထားခဲ့နိုင်တဲ့ ကိုဗိုက်ကလေးနဲ့ မအီးတုံးတို့ကို ကျေးဇူးပါ (ကျ နော်ကိုယ်တိုင်လဲကျနော့်ရင်ထဲဘာကျန်ခဲ့မှန်းမသိဘူး)

  • TTNU

    May 15, 2012 at 9:19 pm

    အိတုန်လေးရေ…
    ကြယ်ငါးကောက်ပစ်မယ့်လူတွေ များလာပါစေလို့ပဲ ….
    ဆုတောင်းနေမိပါတော့တယ် … ။ ဆိုတဲ့ အတိုင်း
    ဆုတောင်းပြည့်ပါစေကွယ်။

    တီချာတို့ အများစု ရဲ ့ ဆန္ဒကလည်း ဒီလိုပါပဲ။
    အားလုံးကလည်းကောက်ပစ် ချင်စိတ်ရှိကြရမယ်။
    ကောက်ပစ်လိုက်လို့ နေရာမကျသွားရင်လည်း
    ဆက်ပစ်ဖို့ အားထည့်ထားဖို့ လိုပါတယ်။
    ကိုယ်တိုင်လည်းပစ်၊ သူများပစ်ရင်လည်း
    လက်ခုပ်တီးပေးချင်စိတ်ရှိကြရပါမယ်။

    ဒါမှ…ဒါမှ… နော။
    မေတ္တာဖြင့်
    တီချာနု

  • ဦးဦးပါလေရာ

    May 15, 2012 at 11:02 pm

    အိတုန်ရေ
    BG ပရဟိတအဖွဲ့အကြောင်းလေးလဲ သိသမျှပြောပြပေးပါလား…
    ဦးလေးလဲ တတ်နိုင်သလောက် ဝင် ပါ ချင်လို့လေ။
    ဒီလိုပဲ ကိုယ်လဲ တတ်နိုင်သလောက်လုပ်ရင်း သူများလုပ်တာလဲ အားပေးရင်း လူသားတာဝန်ကိုကျေချင်မိပါတယ်။

  • kai

    May 16, 2012 at 3:00 am

    ပြန်-ပြောင်း-ပြန်

    တနေ့တလံ ပုဂံဘယ်မရွေ့
    စာတွေ့ဖတ်ရင်းလမ်းပျောက်
    အရှေ့အနောက် မှောက်ခဲ့ပြန်
    ပုဂံပြည်က ဘယ်ဆီမရွေ့
    ပြောင်းပြန်လျှောက်မိ အပြစ်သာရှိ..
    ကြယ်ငါးကောက်ပစ် များပါစေဆို
    ဤသူပင်လယ်မနှစ် ကုန်းပေါ်ပစ်
    ပြန်ပြောင်း ပြောင်းပြန်တူသလိုလို
    “ပြုလုပ်ပေးလိုက်ပါသည်” ပျောက်စေ။ ။

    :mrgreen:

    • TTNU

      May 16, 2012 at 9:42 pm

      ကိုခိုင်ရေ…
      ဟုတ်တယ်၊ ဒီအတွေးလေး တီချာ မတွေးထားမိခဲ့ဘူး။
      “ကြယ်ငါးကောက်ပစ် များပါစေဆို ဤသူပင်လယ်မနှစ် ကုန်းပေါ်ပစ်”
      ဟုတ်တယ်။ဟုတ်တယ်။ ပစ်တယ်ဆိုတဲ့နေရာမှာ ကုန်းပေါ်ပြန်ပစ်နေလို့
      မဖြစ်ဘူးပေါ့။

      “ပုဂံပြည်က ဘယ်ဆီမရွေ့ ပြောင်းပြန်လျှောက်မိ အပြစ်သာရှိ”
      ဆိုတော့ မပစ်ခင် ပုဂံက ဘယ်မှမရွေ ့နိုင်သေးတဲ့ ကိုယ့်ကိုယ်ကို အရင်ကယ်၊
      ( ကိုခိုင် လိုမျိုး) 😛
      ပြီးမှ ကြယ်ငါးကောက်ပစ်။ ကုန်းပေါ် ပြန်မပစ်မိဖို့ အားထုတ်။
      စဉ်းစားကြည့်ရတာတော့ ဟုတ်တုတ်တုတ်ပါပဲ။

  • marblecommet

    May 16, 2012 at 3:06 am

    ကျနော်တို့လည်း ကြယ်ငါးပစ်ချင်ပါတယ်ဗျ
    အစုလိုက် အသင်းလိုက်မပစ်နိုင်သေးရင်တောင်
    လမ်းသွားရင်း တစ်နိုင်တပိုင်တော့ ပစ်တယ်ခင်ဗျ
    စိတ်နဲ့ ပစ်စရာတွေ့ရင် စိတ်နဲ့ပစ်တယ်…..
    လက်နဲ့ပစ်စရာတွေ့ရင် လက်နဲ့ပစ်တယ်ဗျ
    ခြေထောက်နဲ့ ပစ်စရာတွေ့ရင် ခြေထောက်နဲ့ပစ်တယ်ဗျ(လမ်းပေါ်က ခဲလုံးကို ဘေးကန်ထုတ်တာ အဟိ)
    ဗိုက်ကလေးလို ငွေ(တစ်ထောင် စ နှစ်ထောင်စ) နဲ့ ကြုံလို့ပစ်တဲ့အခါလည်းပစ်တယ်ဗျ…..
    ခင်တဲ့……
    ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်
    မောင်ကမ်း……

  • kyeemite

    May 16, 2012 at 5:46 am

    အံတီ အီးတုံးရေ..ပါတ်ဝင်းကျင်ကိုသတိထားမိပီး
    စေ့စေ့ငုငုတင်ပြထားတာ ချီးကျူးပါတယ်…
    ကျုပ်တို့လဲ ကြယ်ငါးလေးတွေ ရသလောက် ပစ်နိုင်အောင်ကြိုးစား
    ကြတာပေါ့ဗျာ..

  • pooch

    May 16, 2012 at 8:34 am

    တုန်တုန်ရေ အဲ့ဒီ BG အဖွဲ့အကြောင်းလေး အသေးစိတ်လေး ရေးတင်ပါလားညီမရယ်။ လိပ်စာလေးတွေ လည်း သိရရင်ကောင်းမယ်။

    ညီမတွေ့ခဲ့တဲ့ ကလေးကတော့ ဘယ်နေရာ ဘယ်လိုဘဝမှာပဲ ကျင်လည်ရ ကျင်လည်ရ တနေ့မှာ ထိပ်ဆုံးရောက်နိုင်တဲ့ စိတ်ဓာတ်ရယ် ဗီဇကောင်းရယ်ပိုင်ဆိုင်ထားတဲ့ ကလေးတယောက်ပါ။

    • etone

      May 16, 2012 at 9:15 am

      ဦးမိုက် နဲ့ အစ်မပုချ်ရေ …

      သင်္ကြန်တွင်းနေ့ခင်းဘက် အိမ်မှာအောင်းပြီး ညဘက်အပြင်ထွက်လမ်းသလားတော့မှ …. လသာ NLD ရုံးရှေ့မှာ သူတို့အဖွဲ့ ဖျော်ဖြေနေတာလေး တွေ့ ခဲ့ပါတယ် … ။ လူတွေကြိတ်ကြိတ်တိုးကြားထဲ တိုးဝှေ့ပြီး ကားမှာ ကပ်ထားတဲ့ သူတို့ရဲ့ လုပ်ငန်းစဉ်တွေ ၊ ဆက်လုပ်ဖို့ ရည်ရွယ်ထားတာတွေကို ဖတ်ခဲ့ရတာရယ် … ဖျော်ဖြေချိန်ခဏနားစဉ်အတွင်း သူတို့အဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကို အကြမ်းမျဉ်းပြောပြပေးတာရယ်ကြောင့် …သူတို့အဖွဲ့စည်း လှုပ်ရှားမှုကို စိတ်ဝင်စား ၊ အားကျလာမိပါတယ် ။ လမ်းသွားရင်း အလှူငွေထည့်တဲ့လူတွေလည်း အများကြီးပဲ ..အားရဖို့ကောင်းတယ် … ။ ဒါထက်ပိုပြီးဘီဂျီအကြောင်း သေချာမသိပါဘူး ။ (ပန်ပန့်ကို ဖုန်းဆက်ပြီး … ဘီဂျီနဲ့ပတ်သတ်တာရေးဖို့ တွန်းဦးမယ် ) သွေးလှူဒါန်းတဲ့အဖွဲ့လို့ပဲ သိထားတာပါ ။ ဘီဂျီအဖွဲ့အကြောင်း ကြားဖူးနားဝရှိပေမယ့် … အရင်ကတော့ ကိုယ်တိုင်မကြုံဘူး မဆုံခဲ့ဘူးတော့… စိတ်ဝင်စားမှုနှုန်းသိပ်မမြင်ခဲ့ဘူး … ။

      အခုတော့ သွေးလှူဒါန်းမှုတွေတင်မကပါပဲ NLD ရဲ့လမ်းညွှန်မှုအောက်ကနေ လူမှုကွန်ရက်တစ်ခုအနေနဲ့ …. အမှိုက်ကောက်ကလေးများအတွက် ဗုဒ္ဓဘာသာ သင်တန်း ၊ နိုင်ငံခြားဘာသာစကားသင်တန်း ၊ စက်ချုပ်သင်တန်း ၊ ဆံပင်ညှပ်သင်တန်းတွေပါဖွင့်ပြီး သင်ကြားပေးနေတယ်လို့ သိရပါတယ် … ။ အရမ်းကို မွန်မြတ်တဲ့ ပရဟိတ္တလုပ်ငန်းမျိုးပါပဲ ။ 🙂

  • mocho

    May 16, 2012 at 8:51 am

    ညီမ အီတုံးရေ
    ဒီကလေး ကတော့ တချိန်ချိန် မှာ တိုးတတ်ကြီးပွားဦးမယ့် သူတယာက်လို့ မြင်မိပါတယ်။ မိဘတွေရဲ့ လမ်းညွှန်မှုလည်းကောင်းပုံ ရပါတယ်။
    အမတို့ နားမှာတော့ မိသားစုလိုက်ကို အမှိုက်ကောက်၊ ကြုံရင် အလစ်သုတ်တဲ့သူတစု ရှိပါတယ်။ မိဘ က ရိုင်းတော့ကလေးတွေကလည်းရိုင်းပါတယ်။ ပတ်ဝန်းကျင် က သနားလို့ ကူညီချင်တာတောင် သူတို့ စရိုက်က ကြမ်းလွန်းတော့ မဆက်ဆံချင် ကြပါဘူး။ တခါက အမတို့ခြံရှင်းတော့ ရှင်းနေကြ လူကို မခေါ်ပဲ သူတို့ကို သနားလို့ ခေါ်လုပ်ခိုင်းလိုက်တာ ကိုင်းမြက် တွေကို အပေါ်ယံလေးပဲ ရှပ် ခုတ်သွားတယ်။ အပြောင်ရှင်းပေးဖို့ ပြောတော့ အမခြံက ဒီတသက်ရှင်းတောင် ပြောင်မှာမဟုတ်ဘူး ဆိုပြီးပြန် ပြောတယ်။ အမလည်း ခါတိုင်း သေချာ ရှင်းပေးနေကြ လူကို ပေးသလောက် ပိုက်ဆံ ထုတ်ပေးတော့ အဲလောက်နဲ့ မရဘူးဆို ပြီး မိုက်တိမိုက် ကန်း ပုံစံ နဲ့ ပြောတော့ တာပဲ။ အိမ်နီးနားချင်းတွေပါ ဝိုင်းပြောတော့ မှ ပေကပ်ကပ် နဲ့ ယူသွားတယ်။တကယ်ဆို သူတို့လုပ်သွားတာ နဲ့ ယှဉ်ရင် အမပေးတာတောင် ပို များ နေတယ်လို့အားလုံးက ပြောကြတယ်။ အမလည်း အဲဒိတည်းက သူတို့နဲ့ ကင်းကင်းနေတော့ တယ်။
    ကြယ်ငါး ပစ်ချင်တာတောင် ဆူး ဆူးမှာ ကြောက်ရတဲ့ အဖြစ်ပါ။

    • etone

      May 16, 2012 at 9:25 am

      ဒါလည်း ဟုတ်တာပဲ အစ်မရေ …တစ်ချို့သော လူတွေကို ကိုယ်က ကူညီချင်လျှင်တောင် သူတို့က လက်ကြောတင်းအောင် မလုပ်ချင်ကြတော့ .. စေတနာပျက်ရတာမျိုးမြင်ခဲ့ကြားခဲ့ဖူးပါတယ် ။ အနေနိမ့်ကျတာ ၊ ချို့တဲ့တာတွေထက် .. သူတို့ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အယူလက်ခံမှုပေါ်မှာ မူတည်နေမလားပဲ … ။ တစ်ချို့တွေကလည်း …. မရှိလို့ ခိုးတယ်ဆိုတဲ့ ဆင်ခြေမျိုးပေးတတ်ကြတယ် .. ။ မရှိလို့ ရှိအောင်လုပ်တာ မှန်ပေမယ့် သမ္မာအာဇီဝ ကျမကျ ဆင်ခြင်ဖို့ကျတော့ … နောက်ဆက်တွဲခေါင်းမရှုပ်ချင်ကြဘူးထင်ပါရဲ့ …. ။

      လွန်ခဲ့တဲ့ ကိုးနှစ်၊ဆယ်နှစ်လောက်က … ကျွန်မတို့အဖွားရဲ့ ဒဂုံမြို့သစ်က ခြံထဲ အမှိုက်ကောက်ကလေးတွေ … အမှိုက်ဝင်ကောက်ချင်တယ်ဆိုပြီး .. လှမ်းထားတဲ့ ထမိန်ခိုးသွားခဲ့အဖြစ်ကြုံခဲ့ဖူးတယ် … ။ အဆင်ပြေပါစေတော့ဆိုတဲ့ စိတ်နဲ့ ကိုယ်လည်း အလုံးရင်းမလျော့ဘူးဆိုတဲ့ စိတ်ရှေ့တန်းတင်ပြီး … ဝင်ကောက်ချင်ကောက်လို့ လွယ်လွယ်ခွင့်ပြုမိခဲ့တယ်လေ … ။ ပြန်တွေးကြည့်မှ ခြံထဲမှာ … အမှိုက်ဆိုလို့ .. သစ်ရွက်ခြောက်ပဲ ရှိတာ…. ။ 😛 😛

  • weiwei

    May 16, 2012 at 10:37 am

    ကြယ်ငါးတစ်ကောင်လောက် ကောက်ပစ်ပေးချင်တဲ့စိတ်ဆန္ဒရှိသော်ငြားလည်း တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင် ကြယ်ငါးဖြစ်နေပြန်တော့လဲ ခက်သား ….

    ပြီးခဲ့တဲ့လက နယ်ကနေ အသိဘုန်းကြီးတစ်ပါး အိမ်ကိုလာလည်တော့ ဆွမ်းကပ်ရင်း စကားစမြည်ပြောရင်းကနေ အဲဒီဘုန်းကြီးက ဘကကျောင်းဖွင့်ထားပြီး မူလတန်းအထိ စာသင်ပေးနေတဲ့အကြောင်း ပြောပြတယ် … အဲဒီရွာမှာ စာကြိုးစားပြီး ပိုက်ဆံမတတ်နိုင်တဲ့ ကလေးမလေးတစ်ယောက် (၆ တန်းတက်ရမှာ) ကို ဖြစ်နိုင်ရင် ဒကာမကြီးအိမ်မှာခေါ်ထားပြီး ကျောင်းထားပေးနိုင်မလားလို့ မေးလာပါတယ် … မွေးစားတာမျိုးလဲမဟုတ်ဘူး … အိမ်မှာနေခွင့်ပေးပြီး ထမင်းကျွေး ကျောင်းစရိတ်ပေးရုံပါပဲ … ဒါပေမယ့် ကျွန်မ ဘယ်လိုစဉ်းစားစဉ်းစား အဲဒီကလေးတစ်ယောက်စာကိုတောင် မတတ်နိုင်တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိရင်း အတော်စိတ်ဓါတ်ကျသွားခဲ့ပါသေးတယ် …

    • etone

      May 16, 2012 at 11:02 am

      မဝေရေ … ကိုယ်ကောက်ပစ်ဖို့ “မ “မရအောင် လေးလွန်းတဲ့ ကြယ်ငါးလို့ပဲ သဘောထားရတော့မှာပေါ့လေ … ။ ကိုယ်လုပ်ပေးနိုင်တဲ့ အခြေနေနဲ့ လက်လှမ်းမမှီတော့လည်း … လုပ်ခွင့်မရတာလို့ပဲ သဘောထားလိုက်ပါ ။ ဒီအခြေနေက … လွယ်မယောင်ယောင်နဲ့ ခက်လို့ပါပဲ … ။ သူများကို အပြီး ပေးကမ်း လှူဒါန်းတာမျိုးမဟုတ်ပါပဲ … ကာလရှည်တာဝန်ယူလှူဒါန်းရမှာကြီးမို့ … တာဝန်ကြီးပါတယ် … ။ လူအတော်များများ ကောက်မပစ်နိုင်တဲ့ ကြယ်ငါးမျိုးမို့ …ကိုယ့်ကိုယ်ကို အပြစ်တင် ၊စိတ်ဓါတ်မကျပါနဲ့နော် …. ။ တတ်နိုင်သလောက် လှူဒါန်းကူညီနေတယ်ဆိုတာနဲ ့ပဲ စိတ်ဖြေလိုက်ပါ ။

      ဒီကလေးတစ်ယောက်ရဲ့ ကျောင်းစရိတ်နဲ့ ၊ ထမင်းစရိတ်ကို တတ်နိုင်တယ်ထားဦးတော့ … သူ့ရဲ့ လူမှုရေး ၊ ကျန်းမာရေးကစလို့ စာရိတ္တအပိုင်းထိပါ …. ကိုယ့်မှာ တာဝန်ပိလာပြီလေ … ။ ကိုယ်ချပေးတဲ့ လမ်းအတိုင်း လိုက်လုပ်နိုင်လျှင်ဟုတ်သေးတယ် … အဲ့လိုမှ မဟုတ်ပဲ..တမြီးပေါက်တစ်ယောက်ထွန်းလို ယောက်မမြင်းစီးထွက်တဲ့ ကလေးမျိုးဆို .. ကိုယ့်စေတနာနဲ့ကိုယ် ၊ စိတ်ဒုက္ခရောက်ရမှာပါ .. ခြောက်တန်းနှစ်တစ်နှစ်တော့ .. ကြိတ်မှိတ်ပြီး တာဝန်ယူလိုက်စေဦးတော့ .. နောက်နှစ်တွေအတွက်ကျတော့လည်း … တာဝန်ယူပြီး ပြန်ငြင်းရမှာ အားနာနေရပြန်ရောလေ … ။ ဒီတော့မဝေရယ် … လေးလွန်းတဲ့ ကြယ်ငါးမို့ … မကောက်နိုင်တာလို့စိတ်ဖြေပြီး … အများနဲ့စုကောက်နိုင်လျှင်စုကောက် ၊ မကောက်နိုင်လျှင် .. ခွန်အားကြီးသူတွေ ကောက်ကြပါစေလို့ပဲ … 🙄

      • weiwei

        May 16, 2012 at 11:17 am

        အခုတလော ပရဟိတလုပ်ငန်းတွေ အရမ်းခေတ်စားလာတာတွေ့ရတော့ ငွေအားပဲဖြစ်ဖြစ် လူအားပဲဖြစ်ဖြစ် ပါဝင်ချင်စိတ်တွေ တဖွားဖွားပေါ်လာပါတယ် … အတတ်နိုင်ဆုံးလျော့သုံးပြီး လှူနိုင်အောင်ကြိုးစားနေပါတယ် …
        လေးလွန်းတဲ့ကြယ်ငါးလေးတွေကို ကောက်ပစ်နိုင်တဲ့ အင်အားရှိတဲ့သူတစ်ယောက် ဖြစ်ချင်ပါသေးတယ် …

        • ဆူး

          May 17, 2012 at 9:26 am

          ဟုတ်တယ် အမ ရေ.. ကိုယ်မလုပ်နိုင်ရင် လုပ်နိုင်သူကို ထောက်ပံ့ပေးပြီး လည်ပတ်အောင် ကူညီပေးတာလည်း ကြယ်ငါး ကောက်ပစ်တာနဲ့ တူတာပဲလေ။
          များများရှာနိုင်အောင်သာ ကြိုးစားပြီး လိုတာ လိုက်လှူပေးပေါ့.. အချိန်အားလပ်တဲ့ အခါ ကိုယ်တိုင် ကွင်းဆင်း.. ဘယ်အရာမဆို နီးစပ်ရင် သူ့လမ်းကြောင်းနဲ့ သူ တည့်သွားမှာပါ။

    • သားငယ်

      May 21, 2012 at 8:54 pm

      အမရေ ကိုယ့်ဘက်က လုပ်ပေးနိုင်ဖို ့အခွင့် မသာသေးလို ့မလုပ်ပေးနိုင်တာ အပြစ် မဆိုသာပါဘူး။
      အပြစ်လို ့လည်း ပြောလို ့မရပါဘူး..လုပ်ပေးချင်စိတ်လေး ရှိနေတာ လေးကိုဘဲ လေးစား ရဦး
      မှာပါ။ လုပ်ပေးနိုင် ရဲ ့သားနဲ ့မလုပ်ပေး တာမျိုး သာ အပြစ် ပြောရမှာ ပါ..ဒါတောင်မှ ကိုယ်
      နဲ ့မသက် ဆိုင်တဲ ့ကိစ္စ မျိုး ဆိုရင် လက်ရှောင် နေတာ ပြသာနာ သိပ်မရှိသေးပါဘူး ..
      လျှပ်စစ် ဝန်ကြီး ဦးဇော်မင်းလို လူမျိုးဆိုရင် တော့ အပြစ်ပြောကို ပြောရတော့မှာပါ။
      ဘယ်နဲ ့ကိုယ့် ပြည်တွင်းမှာတောင် မလောက်ငှတဲ ့မီး သူများရောင်းစား ရတယ် လို ့
      အဲ့ဒါမျိုးကို မှ အပြစ်မပြော ရင် ဘယ်လိုမျိုးကို အပြစ်လို ့ပြောရမလဲ ဟင်..

  • ဗိုက်ကလေး

    May 16, 2012 at 11:05 am

    ငယ်ငယ်ရွယ်ရွယ်နဲ ့ ကိုယ့်ဒူးကိုယ်ချွန်တဲ့ စိတ်ရှိတဲ့ ခလေးမို ့ လေးစားချီးကျူးပါရဲ့
    သူ ့မိဘအတွက်လဲ တစ်ဘက်တစ်လမ်းက အထောက်အကူ ဖြစ်စေတာပေါ့..
    ပြောရရင် ကျနော်တို ့တောင် သူ ့လောက် မလိမ္မာဘူး….ဒီခလေးလို သိတတ်တဲ့ခလေးတွေ များများရှိပါစေဗျား..
    BG ပရဟိတ္တအဖွဲ ့ လဲ ဒီ့ထက်မက အနာဂတ်လှအောင် စွမ်းဆောင်နိုင်ပါစေဗျား..
    ကျေးဇူးတင်ပါတယ်

  • နွယ်ပင်

    May 16, 2012 at 1:40 pm

    etone ရေ
    ဒီအရွယ်လေးထဲက မိဘလုပ်စာကို ထိုင်မစားပဲ တက်နိုင်တဲ့ ဘက်က ဝိုင်းကူလို့
    ကိုယ့်ဒူးကိုယ်ချွန်တက်တဲ့ ဒီကလေးလေးရဲ့ စိတ်ဓာတ်က ချီးကျူးစရာပါပဲ …
    etone ရဲ့ပါတ်ဝင်းကျင်ကိုလေ့လာမူ အားကောင်းကောင်းနဲ့
    ရေးသားတင်ပြထားတာကိုလည်း ချီးကျူးမိပါတယ် …
    နွယ်ပင်တို့လည်း ကြယ်ငါးလေးတွေကို ရသလောက် ကောက်ပစ်နိုင်အောင်
    ကြိုးစားကြတာပေါ့နော် ….

    • etone

      May 16, 2012 at 2:00 pm

      အစ်မနွယ်ပင်ရေ .. ကြယ်ငါးကောက်တဲ့အခါ ..ဟို ဖက်တီးကတ်တို့ ၊ တိုက်တိုက်တို့ ၊ တူရတို့ .. မတ်မတ်တို့ကိုမခေါ်နဲ့ …. သိလား … ။ ငါးဟေ့လို့ အသံကြားတာနဲ့ .. ဘီယာနဲ့မြည်းဖို့ချည်းစောင့်နေကြတာ… စားလို့ရမှန်းမသိ .. မရမှန်းမသိနဲ့ … 😛 😛

  • Ma Ei

    May 16, 2012 at 3:33 pm

    အိတုန်ရေ…
    Traders , Central တဝှိုက်မှာကော်ဘူးရှူနေတဲ့
    ကလေးတွေကြားထဲမှာ ဒီကလေးကိုတွေ့ရတာ ဝမ်းသာစရာပါကွယ်…
    ကြယ်ငါးကောက်ပစ်မယ့်လူတွေ များလာပါစေလို့…
    ထပ်ပြီးဆုတောင်းလိုက်ပါတယ်…

  • etone

    May 16, 2012 at 4:27 pm

    အစ်မသဲနုအေးရေ .. ဒီလိုကလေးမျိုးဆိုတာက .. မိဘရဲ့ သွန်သင်မှုနဲ့မဆိုင်တော့ပဲ .. သူ့ရဲ့ မွေးရာပါစိတ်ခံလေးကိုက … လူကောင်းစိတ်ပါလာတာဖြစ်မယ် ။ လက်ရှိဘဝကို လက်ခံပြီး ၊ အနာဂတ်ဘဝကို ကိုယ်တိုင်ထုဆစ်ဖို့ ခံယူထားတဲ့ကလေးမျိုးထင်ပါရဲ့ … ။ ကိုယ်က ကလေးပဲဘာများလုပ်နိုင်မှာလဲလို့ တွေးပြီး …တောင်းစားတဲ့ကလေးတွေထက်စာလျှင် သူ့စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုက လက်ဖျားခါလောက်တယ် ။

    zarlayရေ … တကယ့်လိုအပ်ချက်နဲ့ ….ဖြည့်ဆည်းပေးနိုင်တာနဲ့ အချိုးမကျတဲ့အဖြစ်တွေ အများကြီးပါ။ ကူညီချင်ပေမယ့် အကြောင်းကြောင်းကြောင့် ကူညီနိုင်တဲ့အနေထားမရှိတဲ့အဖြစ်မျိုးပေါ့ ။ ဒါပေမယ့်လည်း … တတ်နိုင်သလောက်လေး ဖြည့်ဆည်းပေးနိုင်တာနဲ ့ပဲ …. ကျိုးပြုရာရောက်ပါပြီ ။ အခုလိုပေါ့ … စာကလေးခွေရောင်းတဲ့ကလေးကို ကျောင်းထားဖို့ ၊ စာသင်ဖို့မလုပ်ပေးနိုင်ပေမယ့် ..သူရောင်းတဲ့ စာကလေးခွေလေးဝယ်ပြီး ကူညီသလိုမျိုးလေ ။

    လေးပေါက်ရေ .. ဟုတ်ပါရဲ့ …. ရှိတော့ရှိတယ် ရှားတယ်နော် … ။ ဘဝပေးအသိကိုက သူ့ခမျာလေးနက်တယ်ထင်ပါရဲ့ … ။

    ကိုပေပြောသလိုပါပဲ … ဘဝထဲကနေ သင်ယူလာရတာမျိုးပေါ့လေ … ။ သူ့ရဲ့ နဂိုစိတ်ခံကြောင့်လည်း ပါပါတယ် .. တစ်ချို ့ဆို မွေးရာပါက … ကြမ်းတမ်းတဲ့ဘဝဖြစ်နေလျှင်တောင် … ခိုးစား ဝှက်စားဖို့ပဲ အကြံထွက်တတ်ကြတယ်လေ … ။

    ပေစိရေ …. အကူညီလိုသူတွေကို ကူညီပေးချင်တဲ့စိတ်အတွက် သာဓုပါတော် … ။ ကျွန်မလည်း အဲ့ဒီကလေးကိုမြင်လိုက်ရတုန်းက .. ရင်ထဲ တစ်ခုခု ကျန်ခဲ့သလို ခံစားရတယ် … ။ ခံစားချက်ကရောထွေးနေတော့.. သေချာဘာလဲဆိုတာမသိဘူး …ရှက်စိတ်တော့ရောနှောနေမယ် ထင်ပါရဲ့ … ဒီကလေးလောက်မှ ကိုယ့်ခံယူချက် မခိုင်မာ၊ ကိုယ့်လုံလ မကြံ့ခိုင် ၊ ကိုယ့်ဇွဲ မတည်မြဲတာဆိုတော့လေ … ။ 🙁

    တီချယ်ကြီးရေ … အလွန်အဖိုးတန်တဲ့ ကော့မန့်လေးပါပဲ ။ ကျွန်မကိုယ်တိုင်လည်း ကြယ်ငါးတွေကို ကောက်ပစ်ဖို့ပဲစဉ်းစားနေတာ .. ပစ်တိုင်းရေထဲကျမကျ ၊ သူတို့အသက်ရှင်နိုင်တဲ့အခြေနေ ဟုတ်မဟုတ်ဆိုတဲ့အချက်ကို ထည့်မတွေးမိခဲ့ဘူး ။ ဆက်ပစ်ဖို့ အားထည့်ထားရမယ်ဆိုတဲ့ အသိပေးခဲ့တဲ့အတွက်ရော … ကိုယ်တိုင်လည်းပစ် ၊ သူများပစ်လျှင်လည်း လက်ခုပ်တီးပေးချင်စိတ်ရှိဖို့အတွက်ရော … သတိပေးတဲ့ တီချယ်ကြီးကို ကျေးဇူးတင်ပါတယ်နော် ။

    ဦးဦးပါလေရာရေ … အရင်ကဘီဂျီအကြောင်းကို အသေးစိတ်တော့မသိပါဘူး … သူတို့နဲ့ ခဏဆုံခိုက် သူတို့အဖွဲ့ရဲ့ လုပ်ငန်းစဉ် အကြမ်းဖျဉ်းနဲ့ ၊ ရှေ့ဆက်လှုပ်ရှားမယ့် အစီစဉ်တွေကို ဖတ်ကြည့်ရင်း .. ချီးကျူးအတုယူမိပြီးမှ … သူတို့အဖွဲ့ကို စိတ်ဝင်စားမှု ပြင်းပြလာတာပါ … ။ ကိုယ်တိုင်သွားကြည့်ဦးမယ်လို့လည်း စိတ်ကူးထားတယ် … ။ အရင်ကသွေးလှူဒါန်းဖို့ နှိုးဆော်စာတွေ ရပေမယ့် ကိုယ်တိုင်က သွေးပေါင်အမြဲကျနေတတ်တဲ့လူဆိုတော့ သွေးလှူဖို့ မဖြစ်နိုင်လို့ … သူတို့အဖွဲ့အကြောင်း မလေ့လာမိခဲ့ဘူး …. အခုလို အမှိုက်ကောက်ကလေးတွေအတွက် အတတ်ပညာနဲ့ ဗဟုသုတတွေသင်ပေးပြီး သူတို့ဘဝလေးတွေကို မြင့်တင်မယ်ဆိုတော့မှ … စိတ်ဝင်စားမိခဲ့တာ … ။ ဖေ့စ်ဘွခ်မှာတော့ ရှိကောင်းပါရဲ့ … တက်ရှာကြည့်ဦးမယ် … ။ 🙄

    သဂျီးပြောတာလည်း ဟုတ်ပါရဲ့ …ပြောင်းပြန်သာပစ်မိလျှင် ဒွတ်ခ .. ဟိဟိ … :mrgreen: အဲ့တော့လည်း စေတနာအမှားမို့ မှားတာရှိလျှင်ဝန္ဒာမိပါချင့်ပေါ့ .. ဟိဟိ 😛

    ကိုကမ်းကြီးရေ … ဘယ်လိုပဲပစ်ပစ် ပစ်မယ်ဆိုတဲ့ စိတ်ကူးရှိတာနဲ ့တင် မဆိုးဘူးပဲ … အကောင်ထည်ဖော်ဖို့ကတော့ ကိုယ့်ဘက်ဂျက်နဲ့ … ကိုယ့်စေတနာ သဒါ္ဒတရားပေါ်မူတည်တာပေါ့လေ … ။

    ဗိုက်ကလေးရေ … ကိုယ်တွေတောင် သူ့လောက် မလိမ္မာ ၊ မသိတတ်တာတော့ အမှန်ပါပဲ … ။ အရွယ်နဲ့ မလိုက်အောင်ကို ခံယူချက်ရှိတဲ့ကလေး … အလုပ်ကြိုးစားတဲ့ကလေး … သင်ယူတတ်မြောက်နိုင်တဲ့ကလေး .. အခုလိုဘဝမျိုးမှာနေရတာ … ဘာကြောင့်ဆိုတာ မရေရာတော့လည်း… မမြင်ရတဲ့ ကံကြမ္မာဆိုတာကိုပဲ အပြစ်ပုံချလိုက်ပါတော့တယ် … ။

    အန်တီအိရေ … အဲ့ဒီလို အဖြစ်တွေလည်း ရှိတယ်လား …ကော်ဗူးရှုနေတဲ့ ဘဝတွေကြား …မျောမပါသွားတာ … ကံကောင်းတာပါပဲ … ။

  • ညလေး

    May 16, 2012 at 4:43 pm

    အရမ်းကောင်းတဲ့ပိုစ့်လေးပါ ့ ့ ့ မမအိတုံ ့ ့ ့ ့ ့ ့ ့

  • Khin Latt

    May 17, 2012 at 5:18 am

    တုံကလေး
    ဒီလို Post လေးအတွက် ဂုဏ်ယူစွာ ဖတ်သွားပါတယ်။
    စဉ်းစားမိတာတွေ အများကြီး။
    ဒီနေ့တော့ အချိန်နဲ သွားသမို့ ပြန်လာပါမယ် နော်။
    ချစ်တဲ့
    အရီးလတ်

  • ကြောင်ကြီး

    May 17, 2012 at 7:55 am

    ကြယ်ငါး
    ကျားငယ်
    စပါးဝယ်
    တပါးနယ်မှာ
    မနားသယ်စို့..။

  • Rose Minn

    May 17, 2012 at 10:21 am

    ငယ်ငယ် ကတည်းက ဒီလို ကလေး မျိုးကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့လျှင် ကြီးလာရင် ကြီးမြတ်တဲ့ သူမဖြစ်နိုင်ဘူး ဆိုတာ မဆိုသာတော့ပါဘူး။ ကိုယ့်နိုင်ငံမှာ အဲလိုကြယ်ငါးလေးတွေ များလာမှ နိုင်ငံချမ်းသာပြီး စည်းကမ်းရှိတဲ့ နိုင်ငံဖြစ်လာတော့မှာပါ။ မဝေးသော နေတွေ ရှိလာတော့မှာပါ…..မြင်နေရပါပြီ တုံရေ။

    • etone

      May 17, 2012 at 10:58 am

      ဟုတ်တယ်မရို့စ်ရေ … မျှော်လင့်နေတဲ့ တနေ့နေ့တော့ ရောက်လာဦးမှာပါ … ။ လူ့ဘောင်လူ့လောကကို တတ်နိုင်တဲ့ဘက်က ၊ တတ်နိုင်သလောက်လေး… ကူညီကြရအောင်လားနော် ။ 🙂

  • laypai

    May 17, 2012 at 4:18 pm

    ဂေ ဇက် မန်ဘာ တိုင်း ခု လို ပရဟိတ စိတ်ဓါတ် တွေ ပွားများ လာပြီးရင်၊
    ဂေ ဇက် မန်ဘာ ဝင် မိသား စု တိုင်း…………………..၊
    တဆင့် ထက် တဆင့် ဂေ ဇက် မန်ဘာ ဝင် များ နဲ့ ဆက်စပ်သူတိုင်း……..၊
    တဆင့် ထက် တဆင့် တလော က လုံး………၊
    အားလုံးအားလုံး မအိတုံ ဖြစ်စေချင် သလို သဂျီး ထောက်ပြ ပေး သလို ကြယ်ငါးတွေကို ရေရှိရာ ပင်လယ် ဘက် ကို ကောက် ပစ် ပေးသူ များ များများ လာပါစေ လို့ ဆု တောင်းရင်း။

  • MTY

    May 17, 2012 at 7:44 pm

    အများမိုးခါးရေသောက်နေကြတဲ့…ဘဝတွေထဲက
    ရှာမှရှားတဲ့ကလေးမျီုးထဲက..ကလေးတစ်ယောက်ဘဲပေါ့။

  • အလင်းဆက်

    May 17, 2012 at 8:32 pm

    မမအိတုံရေ..
    ဆိုလိုချင်တဲ ့အချက်ကလေးဆီ.ရောက်အောင်..ဆွဲဆောင် မှုရှိရှိ.ရေးသားသွားပုံလေးကိုလည်း
    သဘောကျ မိပါတယ် ။
    အချက်အလက်ကျကျ..ရေးနိုင်တာ ချီးကျုူးစရာပါ..နော် ။

    ဒီ အကြောင်းအရာလေး ဖတ်ပြီး..မမအိ..နဲ ့ ထပ်တူ ခံစားရပါတယ်။

  • Khin Latt

    May 17, 2012 at 10:37 pm

    တုံတုံရေ

    ဒီ Post ကိုဖတ်ပြီး ရှုဒေါင့်မျိုးစုံ က လှည့်ပြီး တွေးခဲ့မိပါတယ်။
    ဒေါင့်တစ်ဘက်က ကြည့်ရင် “က”
    တစ်ဖက်ဒေါင့်ဖက်ကြတော့ “ယ”
    ဆိုတာမျိုး လဲ တွေ့တယ်။
    ဘာဘဲဖြစ်ဖြစ် ခြုံကြည့်လိုက်ရင်တော့ အဲဒီကလေးရဲ့ အလိုက်သိတတ်မှု၊ ကြိုးစားလိုမှု နဲ့ တာဝန်သိမှုလေး တွေကို မြင်နိုင်ပါတယ်။
    ဒီလို ကလေးမျိုး လေးတွေ ဟာစနစ်တကျ ပျိုးထောင်တတ်ရင် တိုင်းပြည်အတွက် အားထားစရာ သားကောင်းတစ်ယောက် ဖြစ်လာမှာပါ။
    ဖြစ်လာပါစေလို့လဲ ဆုတောင်းပါတယ်။

    တကယ်တော့ ၁ဝနှစ် ဆိုတဲ့အရွယ်လေးဟာ လမ်းမပေါ်လျှောက်ပြီး ဈေးရောင်းဖို့ ငယ်လွန်းသေးတယ်။
    တစ်ခြားလမ်းဘေး ဈေးသည် ၅နှစ်၊ ၆နှစ် ကလေးတွေ နဲ့ ယှဉ်ရင်တော့ ပိုပြီး လုပ်နိုင်ပြီ လို့ တွေးလို့ရပါတယ်။
    ဒါပေမဲ့ ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာ ဒါမျိုးကို မလုပ်ခိုင်းဖို့ ဥပဒေတောင် ပြဌာန်းပါတယ်။
    ယူကေ မှာ ၁၄နှစ် က စပြီး အလုပ်လုပ် လို့ ရတယ်ပြောပေမဲ့ အတော်လေး ပေါ့ပါးတဲ့၊ မပင်ပန်းတဲ့ ဟာမျိုးဖြစ်ရပါတယ်။
    မြန်မာပြည် ရဲ့ ကားလမ်းတွေပေါ်မှာ ဈေးရောင်းနေတဲ့ ကလေး တွေဟာ အသေအချာ တွေးကြည့်ရင် တကဲ့ ကို အန္တရာယ်ကြီးပါတယ်။
    ကလေးမပြောနဲ့။ လူကြီး တွေတောင် မလုပ်သင့်ပါဘူး။

    ပြသနာက ဒီလို ကလေးတွေ ကို ဈေးမရောင်းရလို့ ပိတ်သင့်သလား။
    လက်ရှိ မြန်မာပြည်ရဲ့ စီးပွါးရေးအခြေအနေမှာ ဖခင်တစ်ယောက် ရဲ့ အလုပ်လုပ်တာနဲ့ ထမင်းမဝ လို့ မိခင်ပါ ဝင်အလုပ်လုပ် ရမှာပါ။
    နှစ်ယောက်လုပ်စာ နဲ့တောင် အခြေခံဘဝ မရပ်တည်နိုင်ကြောင်းကို ဒီလို ကလေးတွေ ဈေးရောင်းရတာက ပြပါတယ်။
    ကလေး ဆိုတာ ကလေးဘာဝ လွတ်လပ်စွာ ပျော်ရွှင်စွာ ကစား နေရမဲ့ အချိန်မှာ ဒီလို ဝမ်းရေးအတွက် လမ်းပေါ်မှာ နေပူမိုးရွာ နေရတာ ကတော့ မဖြစ်သင့်ပါဘူး။
    ဒီတော့ မိဘမှာ တာဝန်ရှိပါတယ်။
    ဒါပေမဲ့ ဒီမိဘ တွေ ကလဲ ပျင်းပြီးထိုင်နေပုံမရပါဘူး။ တစ်နေ့လုံး လုပ်နေရမဲ့ပုံပါဘဲ။
    ရူပဗေဒ မှာ သီအိုရီတစ်ခု ရှိတယ်။
    “အရာတစ်ခု ကို ရွေ့ဖို့ ဘယ်လောက် တွန်းတွန်း၊ ဘယ်လောက်ဘဲ အားထည့်ထည့် ရွေ့လျားမှု မရှိရင် အဲဒါကို အလုပ်လို့ မခေါ်ဘူး” တဲ့။
    ဒီတော့ ဒီကလေး မိသားစု အပါအဝင် မြန်မာပြည်ရဲ့ မိသားစု အများစုဟာ အလုပ်လုပ် နေကြပါတယ်။ လုပ်သလောက် အကျိုးမရဘူး ဖြစ်နေတာ အသေအချာပါဘဲ။

    ဒီတော့ အရင်းစစ်ကြည့်ရအောင်။
    တစ်နေ့လောက်က သတင်းထဲမှာ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက လူတွေ ကို စီးပွါးရေး ပိုကောင်းလာဖို့ “ညီးညူတာတွေ ရပ်ပြီး ပိုပြီး ကြိုးစားပါ” တဲ့။
    ပြီးတော့ပြောသေးတယ်။ အလုပ်လက်မဲ့ များနေတဲ့ အကြောင်း။ ” လူတွေဟာ ဆင်ခြေတွေ ပေးနေမဲ့အစား အလုပ်တွေကို တီထွင်လုပ်သင့်တယ်၊ ရောင်းကုန်တွေ ပိုရောင်းသင့်တယ်။ ပြည်တွင်းမှာ မရရင် လေယာဉ်ပေါ်တက်၊ အပြင်နိုင်ငံတွေမှာ သွားရောင်း၊ အပြင်နိုင်ငံ တွေမှာ ကျောင်းတက်၊ စာသင်ကြ” ဆိုပြီးပြောပါသတဲ့။
    စိတ်ဝင်စားစရာပါဘဲ။ သူက လက်ယာစွန်းပါတီ သမားကိုး။
    ကိုယ့်တိုးတက်ရေးက ကိုယ်နဲ့ဘဲဆိုင်တယ်။ အစိုးရကို အပူမကပ် ကြနဲ့ လို့ ပြောလိုသလားဘဲ။
    လက်ဝဲသမားတွေကတော့ ပြည်သူကို အစိုးရက အပံ့အပိုး ပေးရမယ် ဆိုတဲ့ဝါဒီ တွေပေါ့။

    ဘာဘဲဖြစ်ဖြစ် သူပြောတာကတော့ အလွယ်လေးပါ။
    ကြိုးစားရင်ဖြစ်မယ်ပေါ့။
    ဒီလိုနိုင်ငံမျိုးတွေကတော့ ဘာဘဲလုပ်လုပ် သူ့စည်း သူမျဉ်း သူဥပဒေ နဲ့မို့ ဘာဘဲ ပြောပြော ပြည်သူတွေ ကို ငတ်နေအောင်၊ ကလေးတွေ စာမသင်နိုင်အောင် တော့ မထားပါဘူး။ အစိုးရဖက်ကလဲ ဖြစ်နိုင်သ၍တော့ အပံ့အပိုးရှိရတာပါဘဲ။
    မဟုတ်ရင် သူတို့ ပါတီ သက်ဆိုးရှည်မှာမဟုတ်ဘူး။
    ဒါဟာ ဒီမိုကရေစီ နိုင်ငံ က ပြည်သူ တွေရဲ့
    “သူတို့ကြိုက်တဲ့၊ သူတို့ ကို ဦးဆောင်နိုင်မဲ့ အစိုးရ” ကို ရွေးချယ်ခွင့်ဘဲ။

    မြန်မာနိုင်ငံမှာတော့ဖြင့် ကိုယ်ကကြိုးစားချင်ပါတယ် ဆိုရင်တောင် အခွင့်မရ။
    ပံ့ပိုးဖို့ မပြောနဲ့။ လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေကိုတောင် ပိတ်ထားခံနေရတာပါ။
    ကိုယ့်ကိုအုပ်ချုပ်နေတာ အသုံးမကျသူတွေ၊ ဦးနှောက်မရှိသူတွေ၊ တိုးတက်အောင်ဘယ်လိုလုတ်ရမယ် ဆိုတာ နကန်း မသိသူတွေ ကို ဖြုတ်ပြီး အမှန်တော်တဲ့ သူတွေကို အုပ်ချုပ်စေဖို့ အတွက် ရွေးချယ်ခွင့် မရှိတဲ့ နိုင်ငံပါ။

    ကမ်းခြေမှာ ပြည့် နေတဲ့ ကြယ်ငါး တွေ နေရာတောင် မဆန့်ပါဘူး။
    အဲဒီပြည့်ကြပ် နေတဲ့ အထဲက အသက်ရှုမရတော့တဲ့ ကြယ်ငါးတွေကို တစ်ခြား ကြယ်ငါးတွေက ကောက်ပစ် နေရတာပါ။
    သိတ်အဝေးကြီး ပစ်နိုင် ကြမှာ မဟုတ်ပါဘူး။
    သူကြီးပြောသလို အပစ်မတော်ရင် ဘက်မှားပစ်နိုင်ပါသေးတယ်။
    ဒီတော့ မှန်ကန်တဲ့နေရာကို ရောက်အောင်ပြနိုင်မဲ့၊ ရောက်အောင်ပစ်နိုင်မဲ့ အားသန်တဲ့ မျက်လုံးအစုံ နဲ့ လက်အစုံ တွေလိုပါတယ်။

    မောင်ဂီက ပြောတယ်။
    အရီးလတ် ဆိုရင် “ကျားမေမေ” တွေလိုတယ်လို့ ပြောနိုင်သတဲ့။
    သူ့စကားကို ဘဲ နင်းလိုက်ချင်ပါတယ်။
    ဟုတ်ပါတယ်။
    ကျွန်မတို့ပြည်သူပြည်သား တွေကို သားသမီးလို တွေးရင် အဲဒီ သားသမီး တွေ တိုးတက်ဖို့ အတွက် အခွင့်အလမ်းတွေ ကိုခင်း ပြပါ။
    ကျွန်မတို့ ကို အဲဒီလမ်းပေါ် မရောက်ရောက်အောင် အတင်းတွန်းနိုင်ပါတယ်။
    အဲဒီလို တိုးတက်ဖို့ အတွက် အစီအစဉ်တွေ ဆွဲပြီး မရအရ တွန်းတိုက် ပေးမဲ့ “ကျားမေမေ” လို အုပ်ချုပ်သူ အစိုးရ ကို ကျွန်မတို့ လိုပါတယ်။
    တစ်ခုတော့ ရှိတယ် “ကျားမေမေ” ကိုယ်တိုင်ကလဲ တော်နေဖို့တော့လိုပါမယ်။
    အဲဒီလိုတော်တဲ့ “ကျားမေမေ” ခိုင်းလို့ကတော့ ကျွန်မတို့ ရေကုန်ရေခန်း လိုက်လုပ်ချင် ပါတယ်။ ဒါမှ ပင်လယ်ထဲမှာ အသားကုန် ကူးလို့ရမှာလေ။

    တကယ်လို့ အဲလို ကျားမေမေ က အတင်းတွန်းခဲ့ရင် လက်တွေ့မှာ နောက်ဆုတ်ပြေးမဲ့ သားသမီးတွေ ရှိလာမှာလဲ မြင်ကြည့်လို့ ရနိုင်ပါသေးတယ်။
    အဲလို ကျန်ခဲ့မဲ့ ကြယ်ငါးလေးတွေ ကို လဲ ထပ်ကယ်ဖို့ စဉ်းစားကြသေးတာပေါ့။
    အရင်ဆုံး “ကျားမေမေ” ရေ။ လာပါ။ 😉

    ဆိုင်/မဆိုင် တော့ မသိပါ။ ပြောချင်တာတွေ ပြောလိုက်ရလို့ အစပျိုးပေးခဲ့တဲ့ စာလေးတွေ အတွက် ကျေးဇူးပါ တုံကလေး ရေ။ 🙂

    • Khin Latt

      May 18, 2012 at 3:22 am

      စကားကို ထပ်ပြီး အတင်းဝင်စပ်ရရင်
      ဒီမှာ ဆိုရိုးရှိတယ်။
      အင်္ဂလန်ဘော်လုံးအသင်း ရှုံးရင် လက်ယာဝါဒီတွေက “ဘော်လုံး သမားတွေ အသုံးမကျလို့တဲ့”။
      လက်ဝဲဝါဒီ များကတော့ “မန်နေဂျာ အသုံးမကျလို့တဲ့”။
      မြန်မာပြည်မှာ ဘယ်သူ့ကို ဘယ်လို အပြစ်ပုံသင့်သလဲ စဉ်းစားကြည့်ဆဲ။
      “ဘေးက အော်နေတဲ့ ပရိတ်သတ်ကြီး များကြောင့်” လို့ မထင်မိဘူးလား။ 😛

      • သားငယ်

        May 21, 2012 at 8:57 pm

        ပရိတ်သတ် အားပေးတာ နည်းလို ့နေမှာပါဗျာ ဟိဟိ…

  • surmi

    May 18, 2012 at 12:31 am

    ဗိုက်တစ်လုံးရှိတာ အတော်ဆိုးတာဘဲ …တစ်နေ.တစ်နေ.ဒီဝမ်းရေးဘဲလုပ်နေရတာ….
    ဖတ်တော.ဖတ်ထားပေမဲ. မန်.ဖို.အချိန်နဲသွားလို. ….ဝမ်းစာအရေးလုပ်နေရတာလေ ။
    ဒီလို ဒီလို ….အထက်မှာအားလုံးကစုံနေအောင်ပြောပြီးသွားပြီဆိုတော. ….ဟုတ်သော်ရှိ မဟုတ်သော်ရှိ
    ကိုယ်.အတွေ.ကြုံလေးဘဲပြောတော.မယ် ….ဒီလိုဗျ ။
    အောင်မြင်တဲ.သူတွေမှာ တစ်ခုခုတော. ကောင်းမွန်တဲ.အလေ.အကျင်.လေးတစ်ခုရှိတတ်သဗျ ။ ငွေချမ်းသာ
    မှအောင်မြင်တာမဟုတ်ဖူးနော် ….နေရာတစ်ခုမှာအောင်မြင်တယ် ဆိုရင် ဘဲ အောင်မြင်တယ်လို.ယူဆ
    ပါတယ် …. တွေ.ဘူးတဲ.လူတော်တော်များများလဲ ဒီလိုဘဲဆိုတော. …..ကဲ ဗေဒင်ဟောလိုက်မယ် ..။
    ဒီလိုစိတ်ထားမျိုးနဲ. ၊ဒီလိုအကျင်.စရိုက်ကောင်းတဲ.ကောင်လေးဟာ နောင်(၁၀)နှစ်မှာ တစ်ခုခုတော.
    အောင်မြင်ရမယ်ဗျာ …..မသေသေးရင်ကြည်.လိုက်ချင်သေး …………။

  • etone

    May 18, 2012 at 11:15 am

    အရီးလတ်ရေ …အဖိုးတန်တဲ့ ကော့မန့် အရှည်ကြီးရေးပြီး ဝင်ဆွေးနွေးတဲ့အတွက်ရော ၊ ရှုထောင့်ပေါင်းစုံကပါ ရေးပြလို့လည်း … အများကြီးကျေးဇူးတင်မိပါတယ် ။ ခေတ်ကြောင့်မဟုတ်ဘူး .. စနစ်ကြောင့်ဆိုတာလည်း …သဂျီး မြင်သာလောက်ပါပြီ .. ဒီစနစ်နဲ့ မျောနေသရွေ့တော့ .. ခေတ်တွေ အလီလီပြောင်းလဲ … ဒီလို ဘဝတွေ .. လမ်းပေါ်မှာ ရှိနေကြဦးမှာပါပဲ … 🙁

    ကိုဆာမိရေ .. ဗိုက်တလုံးရှိတာ အတော်ဆိုးတာပဲလို့ သုံးနှုန်းထားတာလေး ဖတ်ပြီး သဘောကျလို့ပြုံးမိပါတယ် ။ လူမှာ ဆင်းရဲတာ ချမ်းသာတာ … အချိန်တိုင်းတာတစ်ခုအတွင်း ကံတရား၊ ကြိုးစားမှုနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုပေါ် မူတည်တာမို့ … မဆုတ်မနစ်ဇွဲရှိသူဆိုလျှင် .. သူ ့ရဲ ့ပန်းတိုင်းဟာ အောင်မြင်မှု ဖြစ်မှာ မလွဲမသွေပါပဲ … ။ အောင်မြင်မှုရလာတဲ့နောက်ပိုင်း … ပြေလည်မှု ၊ ချမ်းသာမှုတွေပါ … တဖြည်းဖြည်း ကပ်ပါလာလိမ့်လို့.. ယုံကြည်မိပါတယ် ။ 😀

  • Crystalline

    May 18, 2012 at 6:33 pm

    ma etone အားပေးသွားတယ်နော်။ အဲဒီလိုကလေးမျိုးကတော့ သူ့ဘဝအတွက်အခိုက်အတန့်က ရုန်းကန်နေရပေမယ့် သူ့စိတ်ဓါတ်ကြောင့် တစ်နေ့နေ့မှာ တော့ တစ်နည်းနည်းအဆင်ပြေတိုးတက်မှာပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 18, 2012 at 7:22 pm

    မကြေနပ်တော့လည်း သဂျီးမင်းကိုဝိုင်းဘေကြပေါ့ဗျာ
    သူဘဲပြောတာ မတူအောင်ပြောရမယ်ဆိုလို့ ဘာ 😀
    ကြယ်ငါးတွေဝိုင်းကောက်ကြတာတော့ဟုတ်တာပေါ့
    ဒီလိုဘဲ ဒီလိုဘဲ
    ဒီလိုနဲ့ဘဲ
    ခင်ဗျားတို့ဗမာတွေ ဘာမှ ကိုယ့်အားကိုယ်မကိုးဘဲ
    သူများအားကိုးခြင်တဲ့စိတ်တွေသိပ်ဝင်လာတတ်ကြတာ
    မယုံရင်ကြည့်
    ဒီမိုကရေစီအဖွဲ့ဆိုရင် လူတွေက သိပ်အားကိုးတယ် မသိရင်သူတို့ကို ဥုံဖွလုပ်ပြီး
    ချမ်းသာအောင်လုပ်ပေးမရောင် ဘာယောင်ရောင်
    နောက်ဆုံးအဲ့သည်အဖွဲ့တွေကဘဲ လူတွေစီကပြန်တောင်း ( အလှူခံ ) ပြီး
    မရှိဆင်းရဲသားတွေကို လှူတယ်ဘာညာပေါ့
    ဒီကြားထဲ
    စာရင်းဇယားတွေကို ထုတ်ပြန်ကြေငြာပေးဘို့ အကြံပေးတဲ့လူကို ဝိုင်းသမကြပြန်ရော
    ဘာရယ်မဟုတ်ပါဘူး သဂျီးမင်းအလိုတော်ကြ နည်းနည်းပါးပါး ဘာ
    ပြေးပြီ ……………….ကလိန် ကလိန်
    စိတ်ပလိန်တိန် မုန့်ကျိုးလိင်

  • Sonny

    May 18, 2012 at 10:04 pm

    မအိတုန်ရေ…မင်္ဂလာပါ
    မဖတ်ဖြစ်တာကြာပါပြီ..ပထမဆုံးပြန်ဖတ်ဖြစ်တာပါ..
    ငါရော starfish လေးတွေကောက်ပြီး ကယ်ဖြစ်ရဲ့လားလို့တွေးဖြစ်ပါတယ်။ ❓
    ငါရော ဘယ်လောက် ဒီလောကကြီး ကို ဘယ်လောက်အသုံးဝင် ပြီလဲလို့တွေးဖြစ်ပါတယ်။
    အင်း ဒီနေ့တော့ မင်းသီဟ လက်ဖက်ရည် ဆိုင်နားက ကိုယ်မကောင်းသူတစ်ယောက်ကို
    ကျပ် တစ်ထောင် ပေးဖြစ်လိုက်ပါတယ်။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

  • padonmar

    May 22, 2012 at 2:53 am

    တုံတုံ ရေးပြတဲ့ ကလေးလေးကို ချီးကျူးပါတယ်။
    မြင်တတ်တဲ့ တုံတုံကိုလည်းလေးစားပါတယ်။
    ကြယ်ငါးလေးတွေ ပစ်ဖို့ဆိုတာ အဖွဲ့လိုက်ဆိုရင် ပိုအဆင်ပြေပါတယ်။
    ကိုယ်တစ်ယောက်ထဲ ထောက်ပံ့ပေးကမ်းတာက သူ့ဖက်ကမမှန်တာ ရှိလာနိုင်သလို ကိုယ့်ဖက်က သဒ္ဓါလျော့လာတာလည်း ဖြစ်နိုင်ပါတယ်။ဒါတွေတွေးလို့ ဝေဝေ ရှေ့မဆက်ရဲတာပေါ့။
    ဒါကြောင့် စည်းကမ်းချမှတ်တာဝန်ယူပေးမယ့် အဖွဲ့အစည်းတွေ များများပေါ်လာစေချင်ပါတယ်။

  • weiwei

    May 22, 2012 at 10:22 am

    ပို့စ်နဲ့မဆိုင်ပေမယ့် ဒီမှာပဲ ဝင်ရေးလိုက်အုန်းမယ် ..
    မနေ့က မေတ္တာဝါဒီ မိဘမဲ့ကျောင်းကို အလှူတစ်ခုနဲ့သွားဖြစ်ရင်း ဘုန်းကြီးကျောင်းရှေ့မှာ ကလေးလာစွန့်ထားတာကို သိခဲ့ရပါတယ် .. ကလေးလေးက ယောက်ျားလေး ၆ ရက် သားပဲ ရှိပါသေးတယ် … ဆရာတော့်ဆီမှာ အခုဆို မိဘမဲ့ကလေးပေါင်း ၅၀ဝ လောက်ရှိနေပြီတဲ့ … မွေးခါစ ကလေးလေးကို လာစွန့်သွားတာကတော့ အခုတစ်ခါက ပထမဆုံးပါပဲ … ရပ်ကွက်ထဲမှာ နို့ထွက်နိုင်တဲ့မိခင်တွေဆီမှာ အလှည့်ကျနို့တိုက်ရင်း မွေးနေရပါတယ်တဲ့ …

    အဲဒီလိုအကြောင်းအရာတွေမှာ ဘယ်သူ့ကို အပြစ်တင်ရမလဲ … ?????

    • etone

      May 22, 2012 at 10:54 am

      အင်း …. မဝေရေ… ကိစ္စများမြောင် လူတို့ဘောင် ဆိုတာမျိုးများလားပဲ … ။
      ဒီလို မွေးပြီးလာပစ်တဲ့ ကိစ္စကတော့ .. ဘယ်သူ့ကို အပြစ်တင်ရမလဲ မသိတော့ဘူး … ။ ပြောရလျှင် ..ကျန်းမာရေး ဗဟုသုတနဲ့ သားဆက်ခြားတဲ့ ကိစ္စဘက်ကို လှည့်ရတော့မယ် …. ။ အဲ့ဒါမျိုးတွေ အားနည်းခဲ့လို့ ကိုယ်ဝန်လွယ်လွယ်ရတယ် … ။ ဒါပေမယ့်လည်း …. မမွေးပဲ ဖျက်ပစ်လိုက်တဲ့ … မိန်းမထက်တော့ … ရဲရဲဝံ့ဝံ့ကိုယ်ဝန်လွယ်မွေးပြီး .. လာပစ်တဲ့ … မိန်းမက နှာတစ်ဖျားသာနေမလားပဲနော် …. ။

      မေတ္တာဝါဒီဆရာတော်ကြီးရဲ့ အကြောင်းကို ကြားဖူးတာ ၊ မြင်ဖူးတာတော့ ကြာပါပြီ … အရင်ကဆို ဆရာတော်ကြီးကိုယ်တိုင် ရပ်ကွက်ထဲ ဆွမ်းဆန်စိမ်း လှည့်ခံတယ် … တစ်လကို တစ်ရက်ပဲ ထင်တယ် … ။ အဲ့ဒီအချိန်တုန်းကတော့ မိဘမဲ့ က လေးတွေ သိပ်မများသေးဘူး … ။ ဆရာတော်ကြီးက .. မိဘမဲ့ကလေးအချို့ကိုလည်း သင်္ကန်းစည်းပေးတယ် ။ တစ်ချို့ အရမ်းငယ်သေးတဲ့ကလေးတွေဆို … ဖိုးသူတော်လေးတွေ လုပ်ပေးတယ် … ။ တစ်ချို့ ကိုရင်လေးတွေရဲ့ သပိတ်လေးတွေက .. အပဲ့လေးတွေ ။ သင်္ကန်းလေးတွေကအနွမ်းလေးတွေနဲ့ မြင်ရတာ … စိတ်မကောင်းဘူး ။ ခေါင်းလေးတွေမှာလည်း … အနာလေးတွေပေါက်သူကပေါက် .. နှပ်ချေးတွဲလောင်းနဲ့ … သပိတ် မနိုင်မနင်းသယ်ရတဲ့ ကိုရင်လေးတွေလည်း ပါတာပေါ့လေ … ။ ရပ်ကွက်ထဲ ကြွတဲ့အ ချိန်ဆိုလျှင်တော့ … ဆွမ်းဆန်စိမ်းလောင်းဖြစ်ပါတယ် ။ သကြားလုံးလေးတွေ ၊ ကော်ဖီထုတ်လေးတွေ အပါးစေ့ရလျှင် .. ပျော်လို့ … ။
      အခုတော့ ကြွသေးလား မကြွတော့ဘူးလား မသိဘူး …. ကိုယ်တိုင်ကအိမ်မှာရှိနေချိန် နည်းပါးသွားပြီလေ … ။ 🙄

Leave a Reply