ဝန်ချတောင်စေတီနှင့် သဘာဝပတ်ဝန်းကျင်

weiweiMay 17, 20123min32722

ပြည်ကိုရောက်တုန်း အချိန်ရသလောက် ဘုရားဝင်ဖူးဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ခဏခဏရောက်ဖြစ်နေတဲ့ဘုရားတွေကို ထပ်ခါထပ်ခါသွားဖို့ ဆန္ဒမရှိပေမယ့် ဒီတစ်ခါတော့ ဓါတ်ပုံရိုက်ချင်စိတ်ကြောင့် နေပူထဲမှာ အားကြိုးမာန်တက် ဘုရားလဲဖူးရင်း ဓါတ်ပုံလဲရိုက်ရင်း ….

ဝန်ချတောင် ဆုတောင်းပြည့် စေတီတော်

ပြည်ရွှေဆံတော်ဘုရားကို မကြာခဏရောက်ဖူးပေမယ့် ဝန်ချတောင်ဘက်ကို တစ်ခါမှမရောက်ဖူးခဲ့ပါဘူး … ဒီတစ်ခေါက် မိတ်ဆွေတစ်ယောက်က ပြည်ရောက်ရင် ဝန်ချတောင်ဘက်ကို သွားဖြစ်အောင်သွားလိုက်ပါဆိုတာနဲ့ လမ်းမေးပြီး သွားဖြစ်ခဲ့တယ်။ ရွှေဆံတော်ဘုရားအနောက်ကနေ တောင်ပတ်လမ်းအတိုင်း ကားမောင်းသွားလိုက်ရင် ၅ မိနစ်လောက်ပဲ ကြာပါတယ်။ ဧရာဝတီမြစ်ကို တောင်ပေါ်ကနေ အနီးကပ်မြင်ရတဲ့ရှုခင်းနဲ့ တောင်ပတ်လမ်းကလေးက အရမ်းသာယာတယ်။ ဝန်ချတောင်သို့ဆိုတဲ့လမ်းညွှန်အတိုင်းမောင်းသွားတဲ့အခါ ပထမဆုံး စေတီအဟောင်းတစ်ဆူနဲ့ ဟောင်းနွမ်းနေတဲ့ဘုန်းတော်ကြီးကျောင်းတစ်ခုကို ကျော်ဖြတ်ပြီးနောက် ဝန်ချတောင်စေတီတော်ကို ရောက်ရှိပါတယ်။ မုခ်ဦးဝမှာ တရုတ်စတိုင်နဲ့မို့ တမူထူးခြားနေပါတယ်။ ဘုရားသမိုင်းကို ပေါပကလူကြီးတစ်ဦးက ရှင်းပြခဲ့ပေမယ့် ဓါတ်ပုံရိုက်ဖို့အာရုံများနေတဲ့အတွက် သေချာမမှတ်မိခဲ့ပါဘူး။ အပြစ်အားလုံးကို ဝန်ချတောင်းပန်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ပဲ အကြမ်းဖျဉ်းမှတ်မိခဲ့ပါတယ်။ စေတီပတ်ဝန်းကျင်ရှုခင်းက အလွန်သာယာတာမို့လို့ ပြည်ကိုရောက်ခဲ့ရင် ဝန်ချတောင်ဘက်ကို သွားကြပါအုန်းလို့ သတင်းပေးရင်း ဓါတ်ပုံတစ်မျို့ တင်ပေးလိုက်ပါတယ် …

စေတီတော် အနီးကပ် ဖူးမြင်ရပုံ

ဘုရားရင်ပြင်က ခပ်ကျဉ်းကျဉ်းပါပဲ … ဘုရားတန်ဆောင်းတွေက တောင်စောင်းပေါ်မှာဆောက်ထားသလိုမျိုးဖြစ်နေပြီး ဘေးနားမှာ လျှိုတွေရှိတာမို့ တောရိပ်အပြည့်အဝခံစားရပါတယ်။ ခြေထောက်ပူတာကို သီးခံပြီး အမြန်ပြေးခဲ့ကြတယ်။ စေတီအောက်ခြေနားမှာ တန်ဆောင်းအကြီးတစ်ခုရှိနေပြီး အဲဒီကနေ ဂေါပကလူကြီးတစ်ယောက်က အထဲကိုဝင်ပြီး ဘုရားဖူးဖို့ လှမ်းခေါ်ပါတယ်။ ကသစ်နက် လက်ရှင် ဘုရားတဲ့။ ကျွန်မတို့လဲ ဝင်ဖူးခဲ့ကြတယ်။ ကျွန်မစိတ်ထဲထင်နေတာက လက်ရှင်ဆိုတော့ လက်ကလှုပ်နေတာလားလို့ပေါ့ .. တကယ်တော့ လက်ကို အရှင်တပ်ထားတာမို့ ဖြုတ်လို့ရတာကိုပြောတာပါ။ မင်းတုန်းမင်းလက်ထက်က တည်ခဲ့တာလို့သိရပါတယ်။ မင်းတုန်းမင်းကြီးက ဆုတောင်းတဲ့အခါ ဘုရားလက်ကိုကိုင်ပြီး ဆုတောင်းပါတယ်တဲ့။ ဆုတောင်းပြည့်တယ်လို့ဆိုပါတယ်။ အမျိုးသမီးတွေ ဘုရားတင်ထားတဲ့ပလ္လင်နားအထိ တက်ဖူးဖို့အဆင်မပြေတာကြောင့် လက်ကိုဖြုတ်ပြီး ကလပ်ပေါ်တင်ပေးပါတယ်။ လက်ကိုထိကိုင်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်ပါတယ်တဲ့ …

လက်ရှင်ဘုရားမှ လက်တစ်ဖက်

အဲဒီတန်ဆောင်းနားမှာပဲ စေတီလေးတစ်ဆူထပ်တွေ့လို့ ဓါတ်ပုံရိုက်ယူခဲ့တယ် ..

အမြင်ရိုးရိုးလေးနဲ့စေတီလေးတစ်ဆူ

လာလမ်းအတိုင်းလမ်းပြန်လျှောက်လိုက်ရင် ဘုန်းကြီးကျောင်းလို့ယူဆရတဲ့ ကျောင်းအဟောင်း ၂ ခု တွေ့ခဲ့ပါတယ်။

လေပြင်းပြင်းတိုက်ရင် ပြိုသွားနိုင်တယ်
မြင်ရတာ စိတ်မချမ်းသာစရာ
မယ်သီလရှင်တစ်ပါးလဲ တွေ့ခဲ့တယ်
ခြင်္သေ့ပုံက ထူးခြားတယ် ... အမဖြစ်မယ်ထင်တယ်နော် .. ရင်ဘတ်မှာပန်းကြီးနဲ့
စေတီလေးမြင်ရတာ လွမ်းစရာကောင်းသလိုပဲ ..
တော်တော်အေးချမ်းတဲ့နေရာလေး
ဧရာဝတီမြစ်ကို လှမ်းမြင်နေရတယ် ..
ကားပေါ်ကလှမ်းရိုက်လိုက်တဲ့ မြင်ကွင်း ... (စိန်ပန်းပင်တွေနဲ့ အလွန်လှတယ် ...)

ရွာထဲက ဓါတ်ပုံဆရာတွေ အလွန်ကြိုက်မယ့် နေရာတစ်ခုဖြစ်ပါကြောင်း သတင်းကောင်းပါးရင်း …

22 comments

  • weiwei

    May 17, 2012 at 2:06 pm

    ကိုဘလှိုင် …
    ဝန်ချတောင်နဲ့ပတ်သက်လို့ ထူးခြားတဲ့သမိုင်းကြောင်းများရှိခဲ့ရင် ရေးပေးပါလို့ တောင်းဆိုချင်ပါတယ် …

  • ဆူး

    May 17, 2012 at 2:08 pm

    အချိန်မရွေးပြိုကျနိုင်တာပဲ.. နေဖို့ လုံးဝ မသင့်တဲ့ နေရာလို့ မြင်မိတာပဲ..

    ပြည် ဝင် ပြည် ထွက် ဆိုတဲ့ ဓါတ် ကိစ္စတွေ တော်တော် ကြားဖူးတယ်။
    ပြည်မှာ နာမည်ကြီးတွေ အရမ်းပေါတယ်နော်။
    ပြည်မှာ အမျိုးတရောက် ရှိတော့ သူ့တို့ဆီ သွားလည်ရင်း ရောက်ဖူးတာတွေ ရှိတယ်။
    မှတ်မှတ်ရရ ပြည်က ဟိုတယ် တခုမှာ တညလုံး မအိပ်ရအောင် သရဲ အခြောက်ခံရဖူးတယ်။

  • Khaing Khaing

    May 17, 2012 at 2:15 pm

    မဝေရေ …….. စိတ်ဝင်စားစရာနေရာလေးတစ်ခုပါပဲ …… ပြည်ဘုရားဖူးသွားရင်တောင် ဒီလိုနေရာကို ရောက်ဖို့ခဲယဉ်းပါတယ် ….. မြတ်စွာဘုရားရဲ့လက်တော်ကိုကိုင်ဆုတောင်းရတဲ့ အကြောင်းလေးက စိတ်ဝင်စားစရာကောင်းလှပါတယ် …….. ကျေးဇူးပါမဝေ ……..

  • zarlay

    May 17, 2012 at 2:53 pm

    ပြည်ကိုမရောက်ဘူးတော့ ပြည်ကဘုရားတွေကို မဖုူးရသေးဘူးလေ ဓါတ်ပုံတင်ပေးထားတာကျေးဇူးတင်ပါတယ်

  • shwe kyi

    May 17, 2012 at 3:20 pm

    မဝေကျေးဇူးပါ။

  • Ma Ei

    May 17, 2012 at 3:47 pm

    ပျားရည်ဆမ်းခရီး ပြည်ကိုသွားခဲ့တာ အမှတ်တရ ပါ…
    ဆယ်ထပ်ကြီးဘုရားဓါတ်ပုံတွေ့တော့သွားချင်နေတာ…
    ဘယ်သွားကြမလဲဆိုတော့ အဲ့ဒီကိုလို့ ပြောလိုက်တာ…
    အထူးဆန်းဘဲနော်…

  • pooch

    May 17, 2012 at 5:29 pm

    မရောက်ဖူးသေးဘူး ။ ဒါနဲ့ မဝေ ဘုရားလက်တော်ကို ဖြုတ်ထားတော့ ဘုရားကိုယ်တော်မှာ လက်တဖက်လိုနေမှာပေါ့ ။ အဲ့လိုလား မဝေ ။

    • weiwei

      May 18, 2012 at 8:11 am

      ဘုရားမှာ လက်ကိုအရှင်တပ်ထားတာ … ဘုရားဖူးဧည့်သည်ထဲမှာမှ အမျိုးသမီးတွေပါမှ လက်ကိုကိုင်ပြီး ဆုတောင်းနိုင်အောင် ဖြုတ်ပေးခြင်းဖြစ်ပါတယ် …

    • weiwei

      May 18, 2012 at 8:12 am

      ဝန်ချတောင်ပေါ်မှာပါ … မင်းကြီးတောင် မဟုတ်ဘူး …

  • ကြောင်ကြီး

    May 18, 2012 at 11:28 am

    သဂျီး ဝန်ချတောင်စေတီကိုသွားပြီး ဘာသာသာသနာအပေါ် ပြစ်မှားခဲ့သမျှ မိုက်ပြစ်တွေအတွက် ကျနော်မျိုးဂျီး တေတင့်ဘာဒယ်လို့ ဆယ်ကြိမ်ဆယ်ခါ ဂြိုလ်နေ့နံဒေါင့်တိုင်းမှာ အော်ပြီး ထိခြင်းငါးဖြာနဲ့ တောင်းဘန်သင့်ဒယ်..။

  • မောင်ဘလိူင်

    May 18, 2012 at 11:34 am

    အင်း..သမိုင်းကြောင်းကတော့ ကျွန်တော်လည်း အဲဒီကလူတွေ ပြောသလောက်ပဲ သိတာပါ..
    အန်တီဝေ တို့သွားတော့ အဲဒီက ကလေးတွေက ပြောမပြဘူးလား…မင်းကြီးတောင် ဆိုတာ
    ကတော့ ခြုံပြီးခေါ်တာပါ။ ဟိုတုန်းက အင်္ဂလိပ်မင်းကြီးတွေ နေကြလို့ ဖြစ်မယ် ထင်တာပါပဲ။
    ့ပြည်မြို့က အရှေ့နဲ့အနောက် ရှည်တဲ့ မြို့။ တောင်ကြောကလည်း ပြည်မြို့ တောင်ဘက်မှာ
    အရှေ့ကနေ အနောက်ကို ဝိုက်ပြီး ပတ်ထားသလို ဖြစ်နေတာပါပဲ။တောင် နံမည်လေးတွေ
    တော့ သီးခြား ရှိမှာပေါ့။ အဲဒီမယ် ဝန်ချတောင်တို့၊ ယုန်ဖြူတောင်တို့၊ကြက်ဖြူ တောင်တို့
    စသည်ပေါ့။ ရွှေဆံတော် ဘုရားကြီးကတော့ မဟာသုဒဿနတောင်ပေါ်မယ်ပေါ့။ပြည်မြို့ဟာ
    စေတီပုထိုး အလွန်များပြားလှတဲ့ ရှေးဟောင်းမြို့တစ်မြို့ ဖြစ်လို့ ဘုရားရာဇဝင်သမိုင်းတွေ
    ဟာလည်း အလွန်ထွေပြားလှတယ်။ဟိုတုန်းက ပြည်သားဖြစ်တဲ့ ဦးတင်မောင်(ဒဂုန်ရွှေမျှား)
    တို့တော့ ဘုရားသမိုင်းတွေ ပြုစုခဲ့ဘူးတယ်ဆိုလား။ သို့သော် ပျက်စီးနေတဲ့ ဘုရားစေတီ
    တွေ အပါအဝင် စာရင်းပြုစုထားတာတောင် စေတီပုထိုးပေါင်း ထောင်ချီနေတော့ တစ်ဆူ
    ချင်းစီရဲ့ သမိုင်းကြောင်းကို ဘယ်သူက ရွပ်ရွပ်ချွံချွံ ရှာဖွေမလဲ မပြောတတ်ဘူး။ လုံးထွေး
    ပြောကြတာ များပါတယ်။ဟယ်..အဲဒါ အာသောက မင်းကြီးရဲ့ ရှစ်သောင်းလေးထောင်
    သော စေတီတွေထဲက တစ်ဆူပေါ့ဟဲ့…၊တို့။ အမယ်..ဒါက ဒွတ္တဘောင် မင်းကြီး ကုသိုလ်
    တော်တို့… ဒီလို။ ဆိုတော့ စာအုပ်စာတန်းများတော့ အနည်းအကျဉ်း ရှိပါရဲ့။ ဥပမာ
    မြတ်မင်းလှိုင် ပြုစုတဲ့ မြန်မာပြည်ရှိ ရှေးဟောင်း ဘုရား စေတီပုထိုးများ (ဒုတိယတွဲ)မှာ
    ဝန်ချတောင် စေတီအကြောင်းပါပါတယ်။ သူ့စာအုပ်မယ်တော့ အနှစ်ချုပ်လောက်ပဲ
    ပါတာပါ။ သို့သော်လည်း ဒီထက်ပိုတဲ့ ပါးစပ်ရာဇဝင်နဲ့ ထိုးဇာတ်ကလေးများ သိချင်
    တယ်ဆိုရင်တော့ လူကြီးသူမများကို မေးမြန်းပြီး ရေးတင်ပေးမယ် စိတ်ကူးပါတယ်။
    အန်တီဝေ့ ဓာတ်ပုံထဲက ပန်းပွင့်နဲ့ ခြင်္သေ့ပုံပါတဲ့ ဘုရားကတော့ ပုထိုးကြီး ခေါ်တာ
    ပဲ။ နောက်တစ်ပုံက လွမ်းစရာ စေတီလေးကတော့ ဘုန်းတော်ကြီးတစ်ပါးရဲ့ အရိုးဂူ
    ကို စေတီတည်ထားတာပါ။(ကြာပြီဆိုတော့ သိပ်တော့ မသေချာဘူး ခင်ဗျ)

    • weiwei

      May 18, 2012 at 11:49 am

      ကျေးဇူးတင်ပါတယ် ကိုဘလှိုင် …
      ဝန်ချတောင်ဘက်ရောက်တော့ ဓါတ်ပုံရိုက်ချင်စိတ်များနေတာနဲ့ ဘာမှသေချာမမေးခဲ့မိဘူး …
      ရောက်ခဲတဲ့နေရာတစ်ခုဖြစ်တာမို့လို့ မှတ်တမ်းကျန်ခဲ့အောင် ပို့စ်တင်လိုက်ခြင်းဖြစ်ပါတယ် …

  • ကျနော်ဒီဝန်ချတောင်ကို မောင်ရင့်မာ (ကျောင်းကုန်း)ရဲ့ အက်ဆေးတစ်ပုဒ်ကို ဖတ်ပြီးကတည်းက စိတ်ဝင်စားခဲ့ပေမယ့် အခုချိန်ထိ မရောက်ဘူးသေး။
    မဝေပုံလေးတွေလဲ လိုင်းပြောင်းလာပြီ။
    အလှအပတင်မကဘဲ သဘာဝလေးတွေကိုပါမြင်ရလို့ပေါ့။
    ကျေးဇူးပါ မြင်ဘူးချင်တဲ့မြင်ကွင်းလေးကို မြင်ဘူးသွားလို့။

    • weiwei

      May 18, 2012 at 2:51 pm

      ရောက်တဲ့နေရာတိုင်းမှာ ထူးခြားမယ်ထင်တာလေးတွေကို ဓါတ်ပုံရိုက်ဖြစ်တယ် … တစ်ခုခုမြင်တိုင်း ဒါကတော့ ကိုပေါက်ဆိုကြိုက်မှာ .. ဒါမျိုးက ဂီဂီ့အကြိုက် .. ဒါဆို လုလင်ကြိုက်လိမ့်မယ် .. စသဖြင့် ရွာသူားဓါတ်ပုံဆရာတွေအကြိုက်ကိုတောင် သိနေပါပြီ …
      ခြင်္သေ့မြင်တော့ ကိုဘလက်ကိုလဲ သတိရသေးတယ် … ခြင်္သေ့မျက်နှာက စပ်ဖြဲဖြဲနဲ့ ရင်ဘတ်မှာလဲ ပန်းတစ်ပွင့်နဲ့မို့ ကျွန်မတစ်ယောက်ထဲကြည့်ပြီး ရီမိသေးတယ် …
      ကိုပေါက်က ဟောင်းနွမ်းဆွေးမြေ့တာတွေကြိုက်တတ်လို့ ဘုန်းကြီးကျောင်းအဟောင်းကိုလဲ ရိုက်ဖြစ်သွားတယ် …
      ဓါတ်ပုံတွေက ရိုက်ဖြစ်တာတော့အများကြီးပဲ .. ဒါပေမယ့် တင်ရခက်တာကြောင့် အမှတ်တရဖြစ်ရုံလောက်ပဲ တင်နိုင်ပါတော့တယ် …

  • လင်းဝေ

    May 18, 2012 at 3:39 pm

    မှော်ဇာဘက် သရေခေတ္တရာမြို့ဟောင်း ဘက်ကိုကော မသွားခဲ့ဘူးလား။
    ပြည်ကတော့ မနေဖူးပေမယ့် (၂၀၀၉ တုန်းကတော့ တစ်ပတ်လောက်သွားနေခဲ့သေးတယ်) ကိုယ့်မြို့လိုပဲ။
    ခဏ ခဏ လည်း အကြောင်းအမျိုးမျိုးနဲ့ရောက်ဖြစ်တယ်။ နှစ်ထပ်သဘောင်္မြို့ ကလေးလို့ ကိုချောနွယ်တို့ ကိုဆွေတို့ တင်စားခဲ့တဲ့မြို့ပေါ့ဗျာ။ ပြည်က နေပျော်တဲ့မြို့။သာယာတဲ့မြို့။

  • သိပ်ဟုတ်တာပေါ့ မဝေ ကျနော်က အစားထိုးမရနိုင်တော့တဲ့ အဟောင်းအမြင်းတွေကို အမှတ်တရ
    အနေနဲ့မှတ်တမ်းတင်ဘို့ နှစ်သက်ပါ၏။

  • Khin Latt

    May 18, 2012 at 8:45 pm

    ပြည်အလွမ်းပြေ ပုံလေးတွေ အတွက် ကျေးဇူးပါ။
    အရင်ကတော့ ခိုင်ချင်ခိုင်ခဲ့မယ်။
    အခုမှာတော့ပြိုလဲတော့မဲ့ ဇရပ်လေး ကို မြင်ရတာ စိတ်မကောင်းဘူး။
    ပြောင်းစရာ နေရာလဲ မရှိဘူးထင်ရဲ့။ 🙁

  • ကိုလတ်ရေ
    တစ်ခါ်တစ်လေ လူ့စိတ်က ဆန်းကြယ်ပါတယ်။
    အသစ်ကို ရနိုင်ပေမယ့် အဟောင်းလေးကို ခွဲရမှာစိုးတဲ့စိတ်ပေါ့။
    ဒါကြောင့်လဲ ပြိုလဲခါနီးကျောင်းလေးကို မခွာနိုင်ဖြစ်နေတာနေမှာ။

  • Mလုလင်

    May 19, 2012 at 11:20 am

    ပြည် ဘက် သွားစရာရှိတယ်ဗျ .. အဲ့ဒီ့ နေရာကို မရောက်ရောက်အောင် သွားခဲ့ပါမယ် တီတီ ဝေဝေ ရေ …။
    အမြင်ရိုးရိုးလေးနဲ့ စေတီ တစ်ဆူ ကိုကြိုက်မိတယ် ဗျာ ….

Leave a Reply