ရှမ်းခေါက်ဆွဲ easy cook

weiweiMay 16, 20121min33133

ရှမ်းခေါက်ဆွဲကို မနက်စာအနေနဲ့ စားလေ့ရှိပါတယ်။ ညကထဲကအဆင်သင့်ပြင်ထားမယ်ဆိုရင် မနက်စာကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် လုပ်စားလို့ အဆင်ပြေတာမို့ အလွယ်လုပ်နည်းလေး ပြောပြပေးချင်ပါတယ်။

(၄) ယောက်စာအတွက်

ဆန်ခေါက်ဆွဲ (၁) ထုတ်

ကြက်သားရင်ပုံသား ၂ဝ ကျပ်သားခန့်

ခရမ်းချဉ်သီး ၂ဝ ကျပ်သားခန့်

ကြက်သွန်နီ အနေတော် (၃) လုံး

ကြက်သွန်ဖြူ အမွှာကြီး (၄) မွှာ

ဆီ တစ်ဆယ်သားခန့်

ငရုတ်သီးအစိမ်းမှုန့် လိုသလောက်

ရှမ်းမဆလာ(သို့) တရုတ်မဆလာ အနဲငယ်

ပဲငံပြာရည်အကြည်

ပဲငါးပိ

ကြက်သွန်မိတ်

မုန်ညင်းချဉ်

ဆား/သကြား

မြေပဲ/နှမ်း/ကြက်သွန်ဖြူကြော်

ချက်ပြုတ်ပုံအဆင့်ဆင့်

မနက်စောစောစားမယ်ဆိုရင် ဆန်ခေါက်ဆွဲကို ညကထဲကြိုပြီးရေစိမ်ထားရပါမယ်။ ကြက်သားကိုပြုတ်ပြီး အသားတုံးလေးတွေကို သေးသေးလေးတွေလှီးရမယ်။ လှီးပြီးသားအသားကို ဆား၊ သကြားနဲ့ ရှမ်းမဆလာနယ်ပြီး ဆီနဲနဲနဲ့ ခပ်ခြောက်ခြောက်ဖြစ်အောင်ကြော်ရပါမယ်။ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနဲ့ အနီကို ငရုတ်သီးအစိမ်းမှုန့်နဲ့ဆီသတ်ပြီး ခရမ်းချဉ်သီးထည့်ကာ ခရမ်းချဉ်သီးအားလုံးကြေသည်အထိ စိတ်ရှည်ရှည်ချက်ရပါမယ်။ ခရမ်းချဉ်သီးကြေတဲ့အခါ ကြက်သားကြော်ထားတာကိုထည့်ပြီး ဆီပြန်အောင်တည်ရပါမယ်။ ဆားနဲ့ ပဲငံပြာရည်ကို အပေါ့အငံအဆင်ပြေသလိုကြည့်ထည့်ရပါမယ်။

မြေပဲ၊ နှမ်းနဲ့ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး ပန်းကန်တစ်ခုထဲထည့်ထားရပါမယ်။

ကြက်သွန်မိတ်ကို ပါးပါးလှီးထားမယ်။

ပဲငါးပိကို အရည်ခပ်ပျစ်ပျစ်ဖြစ်အောင် ဖျော်ထားမယ်။

ဆန်ခေါက်ဆွဲကို အညွှန်းမှာပါတဲ့အတိုင်းပြုတ်ပြီးရင် ပန်းကန်ထဲထည့်ပြီး ကြက်သား၊ မြေပဲထောင်း၊ ကြက်သွန်မိတ်၊ ပဲငါးပိအရည်၊ ပဲငံပြာရည်၊ မုန်ညင်းချဉ် ထည့်နယ်ပြီး စားလို့ရပါပြီ။

ဟင်းရည်အတွက် ကြက်ပြုတ်ရည်ထဲကို ရှမ်းမဆလာနဲနဲ၊ ဆား၊ သကြားနဲ့ ကြက်သွန်မိတ်ထည့်ပြီး သောက်နိုင်ပါပြီ။

ရှမ်းခေါက်ဆွဲအတွက် အဆင်သင့်ပြင်ထားပုံ
သုံးဆောင်နိုင်ပါပြီ ..

33 comments

  • Crystalline

    May 16, 2012 at 7:59 pm

    မမဝေ
    ညီမကတော့ ရွာသူအသစ်စက်စက်လေးပါ။ Mandalay Gazette ကိုအားပေးနေတာကြာပြီးဖြစ်ပေမယ့် အခုမှ register လုပ်ဖြစ်တာပါ။ ဒီ site ကိုပထမဆုံးဝင်ကြည့်ဖြစ်ကတည်းက အစားကိုစိတ်ဝင်စားတဲ့သူ ဆိုတော့ ဟင်းချက်နည်းဆန်းလေးတွေ ကိုယ်မလုပ်တတ်တာလေးတွေတွေ့ရင် အမြဲ ကော်ပီလုပ်ထား ပြီး စိတ်ပါတဲ့အခါတိုင်းချက်စားဖြစ်တယ်။ ကျေးဇူးပဲမမ။ အခုတော့သင်တန်းတက်သွားတယ်။ နောက်မှလက်တွေ့စမ်းသပ်ကြည့်အုန်းမယ်။
    ရွာသူရွာသားအားလုံးကိုခင်ချင်တဲ့
    Crystalline

    • weiwei

      May 16, 2012 at 8:41 pm

      ပထမဆုံးကွန်မန့်အတွက် ဝမ်းသာဂုဏ်ယူပါတယ် ညီမရေ …
      နောင်လဲ အားပေးပါအုန်း …
      အမက အစားအသောက်အသစ်အဆန်းတွေကို အိမ်မှာလုပ်စားရတာ ဝါသနာပါတယ် … အခုတော့ တစ်ခုခုလုပ်စားဖြစ်တိုင်း မှတ်တမ်းတင်ထားပြီး ပြန်မျှဝေပေးရတာကိုပါ ဝါသနာပါနေပါတယ် … 😛

  • Khin Latt

    May 16, 2012 at 8:13 pm

    ဝေဝေ ရေ
    ကိုယ့်ဟာကိုယ် တစ်ခါမှ မလုပ်စားဖြစ်သေးဘူး။
    ဒီတစ်ခါ ကြိုးစားပြီး စမ်းကြည့်ဦးမယ်။
    နှမ်းနဲ့ မုန်ညင်းချဉ် တော့ပါချင်မှပါမယ်။
    တရုတ်ဆိုင် ကိုသွားရင်တော့ ရကောင်းပါရဲ့။
    တို့ဟူးပျော့လေး လဲ ထည့်စားကြည့်မယ်။
    ရန်ကုန်က ပဲမှုန့်တွေ နဲနဲ သယ်လာခဲ့တယ်။
    ကျေးဇူးပါဘဲ။ 🙂

  • may thu

    May 16, 2012 at 8:56 pm

    ပုံမြင်တာနဲ့ကိုသရေကျမိတယ်
    ကိုယ်တိုင်မလုပ်တတ်တော့ မစားရတော့ဘူးပေါ့
    လုပ်လည်းမလုပ်ချင်ဘူးလေ ဟီးဟီး………

    • zarlay

      May 17, 2012 at 1:49 pm

      ဗိုက်ဆာနေပါတယ်ဆို ဝင်ဖတ်ကြည့်မိတာတော့ မှားပြီနဲ့တူတယ် ကြည့်ပြီးစားချင်လာပြီ

  • weiwei

    May 16, 2012 at 9:02 pm

    ရှမ်းခေါက်ဆွဲကို ပထမဆုံးအကြိမ် လုပ်စားဖြစ်တာပါ …
    သေချာလုပ်ချင်လို့ ရှမ်းလူမျိုးကောင်မလေးတစ်ယောက်ကိုမေးပြီးမှ လုပ်လိုက်တာ …
    ပထမအကြိမ်ပေမယ့် တော်တော်လေးအဆင်ပြေသွားတယ် …

  • windtalker

    May 16, 2012 at 9:02 pm

    ရှမ်းခေါက်ဆွဲ
    ကြမ်းပေါက်ထဲ
    မန်းမှောက်သရဲ
    လမ်းလျှောက်ဆဲ
    ငမ်းဂေါက်မြဲ။

  • ညလေး

    May 16, 2012 at 9:50 pm

    ရှမ်းမလေးတယောက်စားသွာပါတယ်မမဝေ ့ ့ ့ ့ ့ ့

  • pooch

    May 16, 2012 at 9:52 pm

    အိမ်မှာတော့ အဒေါ်က စိတ်ကူးပေါက်တိုင်းလုပ်စားဖြစ်လို့ လုပ်နည်းလေး လွယ်မှန်းတော့ သိတယ်။ ဒါပေမဲ့ သူများပြင်ပေးတာပဲ စားလိုက်တာပဲ ။ ကိုယ်တိုင်တော့ လုပ်မစားဖူးဘူး။ စားကောင်းမဲ့ပုံလေး ပြင်ထားတာက။

  • တညင်သား

    May 16, 2012 at 10:20 pm

    ရှမ်းခေါက်ဆွဲ ထက် တို့ဟူးနွေးကို ပိုကြိုက်တယ်…:)

  • ဦးဦးပါလေရာ

    May 17, 2012 at 12:43 am

    ဆိုင်မှာတော့ ရှမ်းခေါက်ဆွဲကို သူ့အတိုင်းနယ်ပြီး မုန်ညင်းချဉ်နဲ့ တွဲစားရပေမယ့်
    တကယ်တော့ မုန်ညင်းချဉ်ပါ တခါထဲရောနယ်ပြီးစားရင် ပိုစားကောင်းတယ်။
    ကျုပ်တော့ ပေါ့ပေါ့ပါးပါး အဆာပြေစားရင် ရှမ်းခေါက်ဆွဲ(ဆန်စီး)ပဲ အမြဲလိုလိုစားဖြစ်တယ်။

  • MaMa

    May 17, 2012 at 6:32 am

    နောက်တခါခေါ်ကျွေးရင် ဘရိတ်ဖတ်ပါ ပါမှ ရမယ်။ 😉

    • ဆူး

      May 17, 2012 at 9:21 am

      ညနေစာ စားပြီး တည အိပ်ပြီး မနက်စာ စားပြီးမှ ပြန်တော့မယ်။

      • weiwei

        May 17, 2012 at 11:04 am

        ဒါဆို နေ့လည်စာတစ်ခုတော့ လွတ်သေးတာပေါ့နော် … တော်ပါသေးရဲ့ … 😛

        • ဆူး

          May 17, 2012 at 1:55 pm

          အိမ်ကို နေမစောင်းခင် ပြန်ချင်လို့ပါ။ ရွာလမ်းက မှောင်တယ်လေ.. တော်ကြာ ရုံသွင်းပြစားရမဲ့ မီလျှံ ဘစ်ဇနပ် သရဲတွေ နဲ့ တွေ့မှာ စိုးလို့ပါ။

  • ကြောင်ကြီး

    May 17, 2012 at 7:36 am

    ရှမ်းခေါက်ဆွဲ
    လှမ်းခြောက်သရဲ
    မန်းပေါက်ကဲ
    ပန်းပိတောက်တွဲ..။

  • Shan Gyi

    May 17, 2012 at 8:16 am

    ရန်ကုန်စရောက်တုန်းက ကြုံရတဲ့အခက်အခဲလေးတစ်ခုပြောပြချင်တယ်ဗျာ
    ကျွန်တော်တို့ ရှမ်းပြည်မှာက ခေါက်ဆွဲဆိုင်မှာ ရှမ်းခေါက်ဆွဲလို့မှာလိုက်ရင်
    ရန်ကုန်အခေါ် ဆန်စီးပေါ့ဗျာ အရည်နဲ့ လာချပေးတာ အဲဒါ အော်တိုနားလည်ပြီးသားပေါ့
    ရန်ကုန်ရောက်တော့ ရှမ်းခေါက်ဆွဲတစ်ပွဲလို့မှာလိုက်တာ လာချတော့
    ရေစိမ်ခေါက်ဆွဲအသုတ်ဗျ ဟဘယ်နှယ့်၊ အေးပေါ့လေ နည်းနည်းတော့ကွာမှာပေါ့လို့
    ဒါနဲ့ ကျွန်တော်က အခါးရည်မှာလိုက်တယ်ဗျ ဆိုင်က ကောင်လေးက ကျွန်တော့်ကို
    ဂျိုကြည့်ကြည့်ပြီး အခါးရည်ဒီမှာ မရဘူးဗျ လို့ဘောက်ဆတ်ဆတ်ပြောတယ်ဗျ
    ကျွန်တော်လည်း ဘေးဝိုင်းကိုကြည့်ပြီးမှ သူများဝိုင်းမှာ အခါးရည်ချထားတာမြင်တော့
    ဒေါသထွက်တာပေါ့ ဘာကွ မင်းက သူများဝိုင်းတော့ချပြီး ငါ့ကျမရဘူး ဘာလည်းကွလို့ပြောတော့
    အတူပါတဲ့ မိတ်ဆွေက ဟာဟေ့လူ ရှမ်းကြီး ခင်ဗျား အသာနေစမ်းပါ ဆိုပြီး ဆိုင်စားပွဲထိုးကောင်လေးဖက်လှည့်
    ငါ့ညီ ရေနွေးကြမ်းလေးလုပ်ပါ ဒီက အကိုက ရန်ကုန်အထာမသိလို့ပါတဲ့…. ကဲမှတ်ကရော ရွာသူ ရွားသားတို့ရေ
    ရန်ကုန်ရောက်ရင် ခေါက်ဆွဲမှာမယ်ဆို ရေစိမ်လား ဆန်စီးလား သေချာ ခွဲမှာရတယ်ဗျ၊ အဲပြီးတော့ ရေနွေးကြမ်းလို့မှာပါ
    ကျွန်တော့်လို အခါးရည်မှာမိရင် စောစောစီးစီး ဂျိုးနဲ့လာတွေ့နေတယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်ခံရမယ်ဗျို ့
    ရုပ်ကလည်း အဲ့ရုပ်ပေါက်နေလို့နေမှာပေါ့ဗျာ ….. 😛
    မှတ်ထား ကြောင်ဝတုတ်နဲ့ နွေးသီး

  • ဆူး

    May 17, 2012 at 9:23 am

    တိုက်ဆိုင်စွာ ဒီမနက်ပဲ ရှမ်းခေါက်ဆွဲ စားဖြစ်တယ်.. စားထားတာလေး စမြုံ့ပြန်ရင်း အမ ရဲ့ အရသာကို မှန်းပြီး ဖတ်လိုက်တယ်။

  • Ma Ei

    May 17, 2012 at 9:52 am

    ရှမ်းခေါက်ဆွဲ၊ငါးထမင်း၊တို့ဟူးကြော်
    ရှမ်းစာတွေထဲ အကြိုက်ဆုံးဘဲ…
    ဝေဝေ ရဲ့ လက်ရာလေးတွေ့တော့ စားချင်လာပြီ…

  • mocho

    May 17, 2012 at 10:07 am

    ညကပဲ ရှမ်းခေါက်ဆွဲ စားလာမိလို့တော်သေးတယ် မမဝေရေ။
    ရွာထဲ ဝင်ပြီးတိုင်း မျက်လုံး နဲ့ စားပြီးရင် ပါးစပ်ကပါ စားချင်လာတဲ့ ဒုက္ခက မသေးဘူး။
    လေးပေါက်ရဲ့ ရှမ်းပြည် ပုံတွေ ကြည့် ပြီးတည်း က ရှမ်းစာ ရောဂါတတ်နေတာ၊ ညကတော့ ပင်နီစူလာ ဘက် ရောက်လို့ ရှမ်းဆိုင်မှာ ရှမ်းခေါက်ဆွဲရယ်၊ တို့ ဖူးနွေးရယ်၊ ငါးထမင်း သုတ်ရယ်၊ ဝက်သားချဉ်ရယ်၊ ဝက်ခေါက်ကြော် ရယ် တီးလာ တာ။ ခုတော့ ခံနိုင်ရည် ရှိ နေတယ် ။

  • ဗိုက်ကလေး

    May 17, 2012 at 10:34 am

    အတော်ပဲဗျာ
    ထီပေါက်လို ့စားသောက်ဆိုင်ဖွင့်ဖြစ်ရင် ချန်ဂင် မလိုတော့ဘူး
    ကိုယ့်ဘာသာ ချက်ရောင်းလို ့ရဘီ
    တင့်ခရု..ဂလု

    • weiwei

      May 17, 2012 at 11:03 am

      အစားအသောက်တွေချက်လိုက် အလုပ်ထဲက တပည့်တွေခေါ်ကျွေးလိုက်နဲ့ ဘတ်ဂျက်လဲ တော်တော်ထိခိုက်နေပြီ … 😛
      လုပ်ကျွေးသမျှထဲမှာ ဟော့ပေါ့နဲ့ ရှမ်းခေါက်ဆွဲက နံမည်ရတယ် …
      အလုပ်ထွက်ပြီး ဟော့ပေါ့ဆိုင်ပဲ ဖွင့်လိုက်ချင်ပါတော့တယ် … 🙂

      • ဆူး

        May 18, 2012 at 4:30 pm

        အဟမ်း.. ဟော့ပေါ့ ချားရသေးဘူးနော်..

  • ညလေး

    May 17, 2012 at 11:07 am

    အဟွတ်အဟွတ်…..မမဝေဟော့ပေါ့တဲ.လား…….
    ဘယ်နေ့ချက်မှာလဲနော်……..“ညလေး”ကိုလဲခေါ်ဦးနော်

  • etone

    May 17, 2012 at 11:09 am

    စားချင်စရာကြီး မဝေရယ် …. ကိုယ့်ဘာသာကိုယ်လုပ်စားတာ … ဆိုင်မှာ စားတာထက် ပိုသင့်တော်သလို ၊ ပိုလည်းတန်တယ် ။ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဟင်းချက်ဆီ အသုံးပြုမှုတွေ ၊ သန့်စင်တဲ့ ပန်းကန်ခွက်ရောက်သုံးစွဲမှုတွေ အပြင် သန့်ရှင်းတဲ့ အစားသောက်အဖြစ်ပြုလုပ်နိုင်တာမို့ …. စိတ်ချမ်းသာစွာ လုပ်စားနိုင်တယ် … ။ လုပ်နည်းလေး မှတ်သွားပြီး … နောက်တပတ်ကျော်ကျလျှင် လုပ်စားမယ် … ဒီတစ်ပတ်ကတော့… အန်တီအိရဲ့ အားလူးချောင်းပုစွန်နည်းစမ်းကြည့်ဦးမယ် ..အဟီး … ။ 😀

  • kai

    May 17, 2012 at 3:00 pm

    ဒီလိုမြန်မာအစားအစာတွေက.. ကမ္ဘာတန်းပေါက်အောင် လုပ်လို့ရနိုင်တယ်ထင်တာပဲ..
    ကြည့်ပါလား..
    အပေါ်ဓါတ်ပုံထဲ. “ရှမ်းခေါက်ဆွဲအတွက် အဆင်သင့်ပြင်ထားပုံ”… မှာစားသောက်ဖွယ်ရာအတွက်.. ပြင်ဆင်ဖို့ချထားတာ..

    အဲဒါမျိုးကို. ဆိုင်ရဲ့.ကောင်တာမှာစီပြီးချထားပေးလိုက်ပြီး.. ကိုယ်တိုင်လိုသလိုထည့်ပြီး.. ကိုယ်တိုင်သုတ်စားရတဲ့.. ဆာဗစ်စ်မျိုးပေးတဲ့ဆိုင်မျိုး လုပ်သင့်တယ်… 😕

    • weiwei

      May 18, 2012 at 3:00 pm

      မြန်မာလူမျိုးတွေက ကိုယ်တိုင်လုပ်ရတာကို သိပ်မကြိုက်ကြဘူး ..
      အဆင်သင့်စားရတာကို တော်တော်လေးအကျင့်ပါနေကြပြီ …
      ခွံကျွေးတဲ့ ဆားဗစ်မျိုးတောင် လိုချင်ကြသလားမပြောတတ်ဘူး … 😛

      • ဆူး

        May 18, 2012 at 4:33 pm

        အသုတ် ကို ထည့်ချင်ရာ ထည့်ခိုင်းတဲ့ ဆိုင်မျိုး လုံးဝ သွားမဝယ်စားဘူး။
        အဘယ်ကြောင့်ဆိုသော်.. အသုတ်ဆို အမြဲတမ်း ငံသွားတတ်လို့..
        အဲလိုကို ကိုယ့်ဟာကို ယုံကြည်မှု အပြည့်ရှိတယ်။

        • ဆူး

          May 18, 2012 at 4:38 pm

          ဒါနဲ့ စကားမစပ်.. ဟိုတယ်တွေမှာ ဘူဖေးတို့ စားရတဲ့ နေရာတွေမှာ ကောင်တာလေးတွေနဲ့ ခေါက်ဆွဲ ကိုယ့်ဟာ ကိုယ်လုပ်ဆိုပြီး ခွက်ကလေးတွေ ပလုံစီအောင် ချပေးထားတာတွေ ရှိတယ်။
          အဲလိုနေရာမျိုးမှာတောင် ကူညီပေးတဲ့ လူ တယောက်စီ လောက် ထားပေးတတ်တယ်။

          လူမရှိပဲ စိတ်ကြိုက် ဆိုတဲ့ နေရာမျိုးလည်း တွေ့ဖူးတယ်။
          ကိုယ့်ဟာကိုယ် လုပ်ဆိုတဲ့ နေရာက နည်းတယ်။
          ခေါက်ဆွဲ မပြောနဲ့ ပေါင်မုန့်မီးကင် နေရာမှာတောင် တချို့နေရာတွေမှာ ကူညီတဲ့ သူတွေ ရှိတတ်တယ် 🙁 :s မြန်မာပြည်နဲ့ နီးလေး ပိုပြူးလေးပဲ.. ထားလိုက်ပါတော့..

          အဲဒီလိုဆိုတော့.. ကိုယ်တိုင် လုပ်တဲ့ စနစ်က သိပ်မထွန်းကား မအောင်မြင်သေးဘူးလို့ ပြောလို့ ရမယ်။

    • nature

      May 18, 2012 at 4:17 pm

      အသုတ်ဆိုတာ ကိုယ်တိုင်ထည့်သုတ်စားလို့ ဘယ်လိုလုပ်အချိုးတဲ့မှာလည်း သူကြီးရဲ့။ ခွံကြွေးတဲ့ဆားဗစ်ဆိုရင်တော့ တော်တော်ဈေးကြီးမယ်နော်။ 🙂

  • sugar sugar

    May 17, 2012 at 3:07 pm

    မဝေ ရေ အားပေးသွားပါတယ်နော်

  • snow white

    May 17, 2012 at 5:59 pm

    တကယ်စားချင်စရာလေးဘဲ အလုပ်မပြန်ရသေးဘူးဆိုတော့ပြန်ချိန်ရောက် မှ ဝယ်စားလိုက်တော့မယ် အလုပ်ကစောစောလာရလို့ နည်းတော့မှတ်သားထားပါတယ် လုပ်စားဖြစ်မယ်တော့မထင်ဘူး ဝယ်စားတာကမြန်တော့လေ အားတဲ့တနေ့လုပ်စားဖြစ်မယ်ထင်တယ်

  • phyo ngal

    May 31, 2012 at 10:15 am

    မနက်စာလေးဝင်စားလိုက်ပြီဗျို့…………….

Leave a Reply