ကျွန်ုပ် လေးစားတဲ့သူ တွေ အများကြီး ရှိပါတယ် ..
ဗိုလ်ချုပ်အောင်ဆန်း တို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးသန့်တို့ နိုင်ငံတကာမှာဆိုရင်လည်း Abraham Lincoln, George Warshiton, Albert Einstein တို့ ပြီးတော့ ယခု Facebook တည်ထောင် တဲ့ Mark Zuckerberg တို့ Bill Gate တို့ စသဖြင့်ပေါ့လေ .. သူတို့ဟာ အလွန့်အလွန်ဘဲ အစွမ်းထက်ကြတယ် .. သူတို့ ရဲ့ အရည်အချင်းတွေ ကို ကမ္ဘာကို ပြကြတယ် .. အသိအမှတ်လည်း ပြုကြတယ် .. အဓိကကတော့ ခေါင်းဆောင်အရည်အချင်းပေါ့ .. စကားပြော ဟောနိုင်တဲ့ အရည်အချင်းပေါ့ .. ကျွန်တော် တွေးမိတယ် .. ဘုရား ဆိုတဲ့ သူမှာလည်း အဲ့လို အရည်အချင်းတော့ မပါမဖြစ်ပါရမယ်လို့ .. (ခေါင်းဆောင် အရည်အချင်း)
မွတ်ဆလင်ဘာသာ
ခရာစ်ယာန်ဘာသာ
ဗုဒ္ဓဘာသာ
ဟိန္ဒူဘာသာ
ဆိုတဲ့ဘာသာတိုင်း မှာလည်း ဟိုး .. နတ်၊ ဘုရား၊ သမ္မာန်တော် ကနေ ယနေ့ခေါတ်ဘာသာရေး ဦးဆောင် သူ တွေအထိ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းတွေ ပြည့်နှက်နေခဲ့ပါတယ် … (ကိုယ့်ဘာသာဝင် မဟုတ်ရင် လက်မခံတဲ့ ဆိုးကျိုးတော့ ရှိတာပေါ့ )
လူသားတွေကို မျှော်လင့်ချက်တွေ ပေးတယ်၊ တစ်ခုခု နစ်နာဆုံးရှုံးသွားခဲ့ရင်လည်း စိတ်ဓာတ်မကျဖို့ အားပေးတိုက်တွန်းတယ်၊ ပြီးတော့ အရေးအကြီးဆုံး ..စိတ် အာဟာရဖြစ်တဲ့ .. ပျော်ရွှင်ချမ်းမြေ့မှု တွေ ချစ်ခင်ကြင်နာမှုတွေ ပေးနိုင်ကြတယ် ..
ဘုရား ဆိုတာ တချို့ က ဖန်ဆင်းရှင် လို့ လည်း ဆိုကြပြန်တယ် . ဗုဒ္ဓ မှာ တော့ မရှိဘူးပေါ့လေ ..
ထားပါတော့ တခြားသော ဘုရားများ ရဲ့ ၀ိသေသ လက္ခဏာထဲမှာ ကျွန်တော်တို့ကို ဖန်ဆင်းတယ် ဆိုတာ လက္ခဏာ တစ်ခုပါပဲ..
ဘုရားဟာ ကျွန်ုပ်တို့ လိုချင်တာ ကိုတောင်းရင် ပြည့်အောင်ဖြည့်ပေးတယ်လို့လည်း ဆိုကြတယ် .. (တချို့ ကတော့ ငြင်းမှာပါ .. )
ဘုရားဟာ အနှိုင်းမဲ့ မေတ္တာရှင် ဖြစ်တယ် ကိုယ့်ကို အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ခင်တယ် ဆိုတာလည်း ငြင်းမရပါဘူး .. ဒါလည်း ၀ိသေသလက္ခဏာ တစ်ခုပါ ..
ကဲ ဒါဆို ကျွန်တော်တို့ အတွက် ဘုရားတစ်ဆူ ကို ရှာဖွေဖို့ လုံလောက်နေပါပြီ ..
ဗုဒ္ဓဘာသာ ကိုဦးစွာလေ့လာရအောင်ပါ ..
သူဟာ ဖန်ဆင်းရှင်တော့ မဟုတ်ပါဘူး .. ဒါပေမယ့် သူဟာ နိဗ္ဗာန်ရဲ့ အနှစ်သာရကို ပြောပြနိုင်သူဖြစ်ခဲ့တယ် . သူဟာ နိဗ္ဗာန် ကို ရှင်လျက်နဲ့ အရောက် သွားနိုင်တဲ့နည်းလမ်းကို မျှဝေပေးခဲ့တယ် .. သူသာ မရှိခဲ့ရင် ကျွန်တော်တို့ ဟာ စိတ်ဆိုတဲ့ အရာ ဟာ ဘယ်လောက်ကြီးမြတ်လည်း ဆိုတာ သိခဲ့မှာ မဟုတ်ပါဘူး .. သူသာမရှိခဲ့ရင် နိဗ္ဗာန် သွားရာ လမ်းကြောင်း ဟာ ခြုံတွေ ထူထပ်နေဦးမှာပါ ..
ဒါဆိုခရာစ်ယာန် ကရော ?
သူဘာလုပ်ပေးနိုင်ခဲ့သလဲ ? သူဟာလူ့ဘ၀ကိုလာပြီး သူ့ကို ကိုးကွယ်သူတွေ အတွက် အပြစ်တွေ ကိုယ်စားခံပေး ခဲ့တယ် လို့ဆိုတယ် .. သူ့ကြောင့် သာမန်လူ့ဘ၀ ဟာ နေပျော်တဲ့ဘ၀ ဖြစ်လာတယ် .. သူဟာ ချစ်ခြင်းတရားတွေ ကမ္ဘာတစ်ခွင်ပျံ့နှံ့ စေနေခဲ့တယ် .. လူသန်းပေါင်းများစွာရဲ့ ဘ၀ထဲမှာ သူ ရှင်သန်နေထိုင် နေနိုင်တာကိုက သူ့ရဲ့ တန်ခိုးစွမ်းအား တစ်ခုပါ ..
မွတ်ဆလင် ဘာသာ.. ဘာတွေများ ပြုခဲ့သလဲ ?
သူကတော့ လူသားတွေ ကို စည်းလုံးညီညွှတ် အောင် ပြုလုပ်ပေးခဲ့သူ ဖြစ်တယ် .. အဓိက ကတော့ အာရပ်ကမ္ဘာ ပေါ့လေ .. သူ့ကြောင့် သိမ်ငယ် နေတဲ့လူ့ အဖွဲ့ အစည်းက ရဲရင့်မှုတွေ နဲ့ ၀ပြောစည်ပင်လာခဲ့တယ် သူ့ စည်းကမ်းချက်တွေကလည်း လူသားချင်းချင်း ဆက်ဆံရေးတွေ၊ ကိုယ့်ကိုကိုယ် ကာကွယ် ရေးတွေ၊ လူမှုရေးတွေ၊ ပြီးတော့ လူသားတစ်ယောက် ကျန်းမာရေးအတွက် အထောက်အကူဖြစ်အောင် ပြုလုပ်ပေးခဲ့တယ် ..
ဟိန္ဒူ ဘာသာ ရေး အကြောင်းတော့ နည်းနည်းပါးပါးတောင် မသိခဲ့ဖူးတော့ .. ကျွန်တော် မပြောတတ်ပါဘူး .. ဒါပေမယ့် သေချာတာကတော့ ဟိန္ဒူဘာသာ ကိုကိုးကွယ်လို့ အကျိုးမယုတ်ဘူး ဆိုတာ တော့ သေချာပါတယ် ..
ဒါဖြင့် ဒီလို ဘာသာတွေ အများကြီးထဲမှာ ဘုရား အစစ် ကို ဘယ်လို သိနိုင်မှာလဲ?
ခရာစ်ယာန်ဘုရားဟာ ဘုရား အစစ်လား လား ? မွတ်ဆလင်ဘုရားလား ? ဗုဒ္ဓဘုရားလား? ဒါမှမဟုတ် ဟိန္ဒူဘုရားလား .. ?
မိတ်ဆွေတို့ရော ဘယ်လိုထင်ပါသလဲ ?
ကျွန်တော် ကတော့ မဝေးလှသော အတိတ်မှာ ဘုရား အစစ်ကို တွေ့ နိုင် ခဲ့ပါတယ် .
ကျွန်တော် ယခုပြောပြမယ့် ဘုရားကတော့ အပေါ်က ဘုရား များလို တန်ခိုးလည်းမရှိပါဘူး ၊ ထက်ထက်မြတ်မြတ်လည်း မဟုတ်ပါဘူး . ဒါပေမယ့် ကျွန်တော့် အတွက်က တော့ သူက လွဲ ရင် တခြား လက်ညှိုး ထိုးစရာလုံး ၀ မမြင်မိသေးပါဘူး ။
ကျွန်တော် ပစ္စည်း တစ်ခုလိုချင်ခဲ့မယ်ဆိုရင် .. သူဟာ ဘာအဖိုးအခမျှ မတောင်းဘဲ ပေးခဲ့လိမ့်မယ် သူ့ရှေ့ မှာတောင်းတဲ့ဆု တိုင်း မပြည့်ပေမယ့် အများစုတော့ ပြည့်ခဲ့ပါတယ် .
ကျွန်တော် အရမ်းသိမ်ငယ်ခဲ့တဲ့အချိန် တွေဆိုရင် သူဟာ တုနှိုင်းမရတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်တော့်ကို အားတွေ ရှိနေစေခဲ့တယ် ကျွန်တော့်ကို ပျော်ရွှင်မှုတွေ ပေးခဲ့တယ်
ကျွန်တော့်ရဲ့ ဂျစ်ကန်ကန် အပြုအမူတွေ အတွက် သူဟာ ခွင့်လွှတ်ခဲ့တယ် ၊ ပြီးတော့ ပြုပြင်ပေးခဲ့တယ် ..
ကျွန်တော်က သူ့အပေါ် ဘရုတ်ကျလည်း သူဟာ အမြဲပဲ ခွင့်လွှတ်နေခဲ့တယ် ..
ဒါပေမယ့် ကျွန်တော့် အပေါ် မကောင်း တဲ့သူတွေကိုတော့ သူ လုံးဝခွင့်မလွှတ်ပဲ ပြင်းပြင်းထန်ထန် အရေးယူခဲ့ပါတယ်
ကျွန်တော်သိတဲ့ဘုရားဟာ သူ့ကိုကိုးကွယ်စရာမလိုပါဘူး။ သူ့ကိုယ်သူဘုရားလို့လည်း မသတ်မှတ်ထားပါဘူး ..
ဒါပေမယ့် သူကဘဲ ကျွန်တော့်ကို ဒီ လူ့ဘောင်လောကထဲ အရောက်ပို့ဆောင်ပေးခဲ့တယ်
ကျွန်တော့်ကြောင့် သူ ဒုက္ခ ပင်လယ်ဝေခဲ့ဖူးတယ် ဒါပေမယ့် သူဟာ ဒါတွေအတွက် ကျွန်တော့်ကို လုံးဝ အပြစ်မတင်ခဲ့ပါဘူး ..
သူကဘဲ ကျွန်တော့်ကို မေတ္တာဆိုတဲ့ အရာတွေ သင်ပေးခဲ့တယ်
သူကဘဲ ကျွန်တော့်ကို ကောင်းမွန် တဲ့ နတ်ဘုံထက် များစွာသာလွန်တဲ့ ဘ၀မှာ ကြီးပြင်းစေခဲ့တယ် ..
သူဟာ အလွန်ပဲ ကြီးမြတ်လှပါတယ် .. ဒါပေမယ့် သူ့ဟာ ဘယ်သောအခါမှ မထုတ်ပြောခဲ့ဘူး.
သူဟာ မဆုံးနိုင်သော ပေးဆပ်ခြင်းတွေ နဲ့ ကျွန်တော့်ကို ပေးဆပ်နေ နိုင်သူ ဖြစ်ပါတယ် ..
သူဟာ ကျွန်တော် တွေ့ဖူးတဲ့ တစ်ဦးတည်းသော ဘုရာ ဖြစ်တယ် . ဒါပေမယ့် သူ့ကို ကိုးကွယ်ဖို့ မတောင်းဆိုခဲ့ဖူးပါဘူး ..
ကျွန်တော့်ကို လူသားတွေ အားလုံး မုန်း ပါစေဦး .. သူကတော့ ကျွန်တော့်ကို “ငါ့ရင်ခွင်ထဲ ခဏလောက် နားပါဦး သား” လို့ ပဲပြောပြီး ပွေ့ဖက်ထားမှာ ဖြစ်ပါတယ် .. ဘယ်သောအခါမှ ပစ်ပယ်ထားမှာ မဟုတ်သလို ကျွန်တော် လိုချင်တာတွေ အတွက် ကန့်ကွက်မှာ လည်းမဟုတ်ပါဘူး ။
ကျွန်တော့်ကို လောကမှာ ဘယ်သူမှ မချစ်နိုင်တဲ့ အဆုံးအစွန်းသော မပြီးဆုံး နိုင်သော ချစ်ခြင်းတွေ နဲ့ ချစ်နေမယ့်သူ ဖြစ်ပါတယ် ..
ကျွန်တော် ပြောပြတဲ့ သူ .. (သို့) တစ်ဦးတည်းသော ဘုရား ဆိုတာ ” အမေ ” ဖြစ်ပါတယ် ..
ကျွန်တော့်အတွက်တော့လောကမှာ သူကလွဲ လို့ လက်ညှိုးထိုးစရာ ဘုရား ရှိမှာ မဟုတ်ပါဘူး .. နောင်လည်း ရှိနိုင်မယ်လို့ မထင်ပါဘူး ..
ကျွန်တော် ဒီကနေပြီး အမေ့ကို လက်အုပ်ချီ ကန်တော့ပါရစေ …
ကျွန်တော့်အတွက်. အမေ
အမေ့ ရဲ့ သားတော် ကျွန်တော် ..
PS. ကျွန်တော် အမေ့ကို ဘုရားလို့ မခေါ်ဝံ့ပါဘူး ကျွန်တော့်အတွက် အမေဆိုတဲ့ဂုဏ် လေးဟာ ဘုရားဆိုတဲ့ ဂုဏ်ကြီးထက် သိန်းသန်းပေါင်းမက အဓိပ္ပာယ်တွေ ပြည့်နှက် နေလို့ ပါဘဲ
(မည်သူမဆို သဘောထားကွဲလွဲနိုင်ခွင့်ရှိပါတယ် )

About Passing By

simon one has written 8 post in this Website..

ခရီးသွား နေသည်။