ဂျွမ်းပစ်လိုက်သောလေ နှင့် အတူသစ်ရွက်ခြောက်အချို့ လွင့်ပါသွားသည်။
ကောင်းကင်ယံတွင် ငှက်အချို့ပျံသန်း နေကြသည်။ သူ၏ဘေးဘီဝဲယာတွင်၊ လူအချို့က အလွန်အမင်းစိတ်ဝင်စားဟန်ဖြစ် သူ့ကိုထွေထွေကြီးကြည့်နေကြသည်။ ခပ်လှမ်းလှမ်းတွင် ဝတ်ရုံနက်ဝတ်ဆင် ထားသော၊လူနှင့် ခပ်ဆင်ဆင် တူသည့်သတ္တဝါတစ်ကောင် ကတစ်ခုခုကို သိသည့်ဟန်ဖြင့် ရပ်စောင့်နေသည်။ သိပ်မကြာခင် ဆရာဝန်ကသူ၏ မျက်လုံးအစုံကို လက်ဖြင့် သပ်ချလိုက်ပြီး ခေါင်းကိုတစ်ချက်ဝှေ့ယမ်းပြသည်။

သူနှင့်ဆွေမကင်း၊ မျိုးမကင်းများက ရုပ်ရှင်ထဲမှသရုပ်ဆောင် များ၏ငိုဟန်နှင့် ခပ်ဆင်ဆင်တူသော သဏ္ဍာန်များဖြင့် အော်ကြီးဟစ်ကျယ် ငိုကြွေးကြသည်။ သက်ကြီးရွယ်အိုအချို့ ကတရားရဟန်ဖြင့် ခေါင်းလေးညှိမ့်လိုက်၊ ခါလိုက်လုပ်ကြသည်။ သူနှင့်ဝတ်ရုံနက်သတ္တဝါတို့ ကဘေးနားတွင် ယှဉ်တွဲရပ်နေကြသည်။ သူ၏ မျက်လုံးအိမ်ထဲ တွင် လောကကြီး၏ အကြီးမားဆုံးလျှို့ဝှက်ချက် ကိုသိလိုက်ရသော အသိတရားက လွှမ်းမိုးနေသည်။
သေခြင်းတရားသည် လောကကြီး၏ အထွတ်အထိပ် လျှို့ဝှက်ချက်မဟုတ်ပါလား ?

သူ၏မိခင်ဟုယူဆရသော မိန်းမဝဝတစ်ဦးက သက်ပြင်းရှည်တစ်ချက်နှင့်အတူမျက်ရည်
တစ်ပေါက်ကြသည်။ ပြီးနောက် ဝေခွဲမရသောအကြည့် တစ်ချက်နှင့်နှုတ်ဆက်သည်။ ခွဲခွာခြင်း ဟူသော အတုမရှိသည့် အကြည့်မျိုးဖြစ်နိုင်သည်။

…………………

ယောက်ျားကြီးလေးယောက် သစ်သားပုံးရှည် တစ်ခုကိုထမ်းလာကြသည်။ သူတို့၏ အနောက်တွင် အဖွားကြီးများနှင့်၊ အဒေါ်ကြီးအချို့ ကိုတွေ့ရသည်။ ကောင်ကင်ယံက ညို့မှိုင်း အုံဆိုင်းနေသည်။ လေပြည်အချို့က လူရှုပ်ရှုပ်အကြား တစ်ချက်တစ်ချက်၊ ပြေးလွှားဝင်ရောက် လာသည်။

သချိုံင်းအရှင်သခင် သုဘရာဇာကြီးနှင့် အတူနှင့်အတူယောက်ျားသား သုံးလေးဦး ကမြေကျင်းတစ်ခုကို တူးဖော်နေသည်။ တူးဖော်လိုက်သော မြေသားထဲတွင် တီကောင်အချို့ လှုပ်လှုပ်ရွရွ ဖြင့်ပါဝင်လာသည်။ ကျေနပ်လောက်သော အနက်အရောက်တွင်ကျင်းတူး ခြင်းကိုရပ်ဆိုင်းလိုက်ကြသည်။ တူးဖော်ထားသော မြေကျင်းထဲတွင် သစ်သားပုံးရှည်ကို ညင်ညင်သာသာ နေရာချသည်။ ပြီးနောက်မြေဖို့ခြင်း ဟူသောဖြစ်စဉ်ကို ဆောင်ရွက်ကြသည်။
ပြန်ဖို့သောမြေကြီှးနှင့် အတူမျက်ရည်စ အချို့နှင့် ကောင်ကင်ယံမှ တစ်ချက်တစ်ချက် ပြုတ်ကျ လာသောမိုးရေစက် အချို့ပါရောပါသွားသည်။

…………………

အိမ်ရှေ့ဘုရားခန်း တွင် မိန်းမတစ်ယောက် နှင့်ယောက်ျားတစ်ယောက် ရေစက်ခွက်ကို ကိုယ်စီကိုင် ထားကြသည်။ ၎င်းတို့၏ရှေ့တွင်ဘုန်းကြီးငါးပါးက မျက်လွှာ ကိုယ်ဆီ ချကာ တစ်ခုခုကို အာရုံစူးစိုက်ပြီး ရွတ်ဆို နေကြသည်။

ရွတ်ဖတ်မှုအဆုံး တွင်ထွက်ပေါ်လာ သော “ အမျှ၊ အမျှ၊ အမျှ ” ဟူသောအသံတွင် ရှိုက်သံအချို့ ယီးလေးခိုနေသည်။ ထိုအသံ ကအခန်းတစ်လျှောက် ပျံနှံ့လိုက်ပါသွားသည်။ သူ၏နာမ်ရုပ်ကို ထိုအမျှဝေသံက ဇီဝိန်ချွေသွားသည်။ အပြင်မှာမိုးတွေ အတော်ရွာနေသည်။

…………………

အခြားမတူညီသော အခန်းထောင့် စားပွဲပေါ်တွင် သူ၏ဖတ်လက်စ စာအုပ်တစ်အုပ် ကိုမှောက်လျှက်တင်ထားသည်။ ထိုစားပွဲပေါ် မှသူ၏လက်ပက်နာရီ ကတိတိကျကျ မဟုတ်သော်လည်း မစောလွန်း၊ နောက်မကျလွန်းသော အချိန်ကိုပြမြဲပြ နေသည်။ နေသည်လည်း ဝင်မြဲတိုင်းဝင်၍ ထွက်မြဲတိုင်းထွက်ဆဲ၊ သင်္ချီုင်းမြေနှင့် သားဖွားခန်းတို့ ကလည်း စည်ကားမြဲစည်ကားဆဲ၊ ကမ္ဘာကြီးကလည်း လည်ပတ်ဆဲ။

“မောင်ပိုလည်းအရင်အတိုင်း၊ ကျားကြီးလည်းအရင်အတိုင်း၊ လောကကြီးလည်းအရင်အတိုင်း”

… ငှက်ငယ် …

About ငှက်ကလေး

has written 18 post in this Website..

ကျွန်တော်သည် ကျွန်တော်မျှသာ၊ ကျွန်တော့်အကြောင်း ကျွန်တော်ပင်မသိ။ ကျွန်တော်၏ ဘလော့မှာ www.blogpieces.blog.com ဖြစ်သည်။